ရန်လိုကျွဲ - ငရဲပြည်နယ်စပ်ရောက် သတင်းထောက် (သရော်စာ)


ရန်လိုကျွဲ - ငရဲပြည်နယ်စပ်ရောက် သတင်းထောက် (သရော်စာ)
(မိုးမခ) ဖေဖော်ဝါရီ ၂၊ ၂၀၁၆
 
မိတ်ဆွေသတင်းသမားများ လတ်လျားလတ်လျား ခရီးသွားနေကြသည်မှာ မနာလိုစရာကောင်းလှသည်။ ခရီးကို ဖြောင့် ဖြောင့်မသွား။ ဘယ်မြို့မှာ ဘာစားနေတဲ့ပုံဆိုပြီး အင်တာနက်တွင် သူတို့ကြွားလုံးထုတ်သည်ကို မြင်ရတိုင်းမေတ္တာပွားရ သည်မှာလည်း မကြာခဏ။ သတင်းထောက်ရန်လိုကျွဲကမူ ဒုက္ခသီရိတိုင်းမ်ရုံးခန်းတွင် ရုံးထိုင်တာဝန်ကျနေသည်မှာ ကြာပြီ၊ တိုက်ကလည်း ဘယ်ကိုမျှမလွှတ်၊ ဤအတောအတွင်း တကူးတက ဖိတ်ခေါ်သူလည်းမရှိသည့်ဘဝကြောင့် ကိုယ့်ကိုယ်ကိုယ် သနားပြီး မှိုင်နေမိသည်။ သူတော်ကောင်းကို နတ်ကောင်းနတ်မြတ်တို့ စောင့်ရှောက်သည်ဟုဆိုရလေမလား ...လေ့လာရေး ခရီးစဉ်တစ်ခု သွားရမည့်အခွင့်အရေးသည် လှလှပပ မှိုင်တွေနေသောသတင်းထောက်ရှေ့သို့ ဆိုင်းမဆင့် ဗုံမဆင့် ပေါ်လာ လေသည်။

ကိုရီးယားမင်းသမီး ခင်သန္တာသက် တစ်နေ့တ၌ ရုံးတွင် အလုပ်များချင်ယောင်ဆောင်နေစဉ် အလန်းစားအမျိုးသမီး တစ် ယောက် ရုတ်တရက် ရောက်ချလာ၏။

"ရှင်က သတင်းထောက်ရန်လိုကျွဲ မဟုတ်လား"

"ဟုတ်ပါတယ်။ ဘာကိစ္စ ရှိလို့လဲ"

"လေ့လာရေးခရီးစဉ်တစ်ခု ခေါ်သွားချင်လို့ပါ။ ရှင် မငြင်းဘူးလို့ ယူဆပါတယ်။ ဒီခရီးစဉ်ကို ကျွန်မက အစအဆုံး စီစဉ်ပေး မှာပါ။ ကျွန်မ နာမည်က ခင်သန္တာသက်လို့ ခေါ်ပါတယ်"

သူ့အချိုးအစားက ပြည့်ပြည့်ဖြိုးဖြိုး။ ခင်သန္တာသက်ဟူသော အမည်နှင့်တော့မလိုက်ဖက်လှ။ နာမည်အကြောင်း နောက်မှ မေးခြင်းက ဉာဏ်ရှိရာကျပေမည်ဟုတွေးမိပြီး ခပ်သွက်သွက် နှုတ်ဆက်လိုက်မိသည်။

"တွေ့ရတာ ဝမ်းသာပါတယ်ဗျာ။ ရုံးတာဝန်တွေကနေဝေးရာကို ခဏသွားပြီး သတင်းလိုက်ချင်နေတာနဲ့ အတော်ပဲ၊ ဟဲဟဲဟဲ"

"ကျွန်မကလည်း တွေ့ရတာ ဝမ်းသာပါရဲ့ရှင်။ ကဲ... လာ... သွားကြစို့"

"နေဦးလေ… အထုပ်အပိုး ပြင်ပါရစေဦး"

"ဘာအထုပ်အပိုးမှ ပြင်မနေပါနဲ့ရှင်။ အခု သွားမှာက နေ့ချင်းပြန်ခရီးပါရှင်"

မိန်းမလှလေးက ဆွဲဆောင်မှုကြီးကြီး၊ အသံလေးကလည်း စွဲမက်ဖွယ်ကောင်း။ သူ့ကိုအတိုက်အခံလုပ်ရမှာ အားနာသော် လည်း ရာသီဥတုအကြောင်းပြပြီး စောဒကတက်လိုက်မိသည်။

"အနွေးထည်လေးတော့ ယူသွားမှကောင်းမယ်ထင်တယ်။ ဆောင်းတွင်းဆိုတော့ ယူသွားတာမမှားပါဘူး"

"ဘာအနွေးထည်မှ မလိုပါဘူးရှင်။ အခု သွားမယ့်နေရာက မအေးပါဘူးရှင်။ အင်မတန်ပူပါလိမ့်မယ်"

"ဟုတ်ပါပြီလေ။ ဒါဆို ကျုပ်တို့က ဘယ်ကိုသွားမှာလဲ"

မေးမယ့်သာ မေးရသည်၊ သူလေးနဲ့ဆိုလျှင် ဘယ်ဖြစ်ဖြစ်သွားနိုင်သည်။ ငရဲပြည်အထိတောင် သွားနိုင်သည်ဟု လူပျိုလေး ရန်လိုကျွဲ  တွေးမိသည်။ ဘယ်ကိုသွားရမည် ဆိုသည်ကို  မကြာခင် သိရမည်ဟု သူလေးက ဆို၏။

● ပရလောကသူပေလော
ရုံးရှေ့သို့ ရောက်လျှင် ရပ်ထားသော မြင်းလှည်းတစ်စီး တွေ့ရ၏။မြင်းလှည်းမောင်းသူတော့ မရှိ။ မိန်းကလေးက ကိုယ်တိုင် မောင်းလာခြင်းဖြစ်သည်ဆို၏။ လမ်းစည်းကမ်းအရ မြို့တွင်းသို့ မြင်းလှည်း ဝင်ခွင့်မရှိပေ။ယာဉ်ထိန်းရဲတို့ဖမ်းဆီးခြင်းမခံရဘဲ မြို့လယ်ခေါင်သို့မြင်းလှည်းဝင်လာနိုင်ခြင်းမှာ အံ့သြဖွယ်ကောင်းလှသည်။ အံ့သြနေစဉ်မှာပင် ဥမ္မာဒန္တီလေးက လှည်းပေါ် တက်ရန် အမိန့်ပေးသဖြင့် အမိန့်နာခံလိုက်သည်။

လှည်းပေါ်ရောက်သည်နှင့် မြင်းလှည်းက တစ်နာရီ မိုင်ငါးထောင်ခန့်နှုန်းဖြင့် မောင်းနှင်ရာ ပြင်ပရှုခင်းများကို မမြင်ရတော့ပေ။
မြင်းလှည်းမောင်းသူမိန်းကလေးမှာ ပရလောကမှဖြစ်မည်လောဟု ရန်လိုကျွဲ တွေးမိသည်။

"ကျွန်မတို့ အခု ဘယ်ကိုသွားနေကြသလဲ သိလား"

"ဟင့်အင်း။ မသိဘူး"

"ငရဲပြည်ဘက်ကို သွားနေတာ"

"ဗျာ….ကျွန်တော့်ကို ငရဲပြည် အရှင်လတ်လတ်ပို့မလို့လား။ ကျွန်တော် မသေသေးဘူးလေ"

"သြော်…ငရဲပြည်ထဲ မသွားပါဘူးရှင်။ နယ်စပ်အထိပဲ သွားမှာပါ။ ငရဲပြည်ဆိုတာကလည်း သွားချင်တိုင်း သွားလို့ မရဘူး။ မဟုတ်တာ တစ်ခုခုတော့ အနည်းဆုံး လုပ်ထားမှ သွားခွင့်ရှိတာ။ ရှင်သွားချင်ရင် မဟုတ်တာတွေလုပ်ထား၊ အချိန်တန်ရင် ရောက်ရမှာပဲ။ အခု သွားမယ့်နေရာက ငရဲပြည်နယ်စပ်လေးတင်ပါ"

"ကျွန်တော့်တစ်ယောက်တည်းကိုမှ ရွေးပြီး ဘာကြောင့် ခေါ်လာရတာလဲ"

"ကျွန်မရဲ့ ဘော့စ်က သူထိုင်တဲ့ကျောက်ဖျာ တင်းလာတော့ လူ့ပြည်ကို လှမ်းကြည့် စုံစမ်းရာကနေ ရှင့်ကို တွေ့ပြီး ရှင့်အတွက် ဒီခရီးစီစဉ်ခိုင်းလိုက်တာပါ"

"သြော်… ဒီလိုလား။ ဒါဆိုရင် မင်းက နတ်သမီးပေါ့"

"ဟုတ်ပါတယ်ရှင်၊ ကျွန်မက နတ်သမီးပါ"

"နတ်သမီးကလည်း နတ်ဝတ်နတ်စား မဝတ်ဘဲ ဘာကြောင့်များ ကိုရီးယားရုပ်ရှင်ထဲကမင်းသမီးလို ဖြစ်နေရတာလဲ"

"ဘော့စ်က ဒီလိုဝတ်ရမယ်ဆိုတော့လည်း သူ့အကြိုက် လိုက်ဝတ်ရတာပေါ့ရှင့်။ သူက ကိုရီးယားရုပ်ရှင်ဇာတ်လမ်းတွဲ အရမ်းကြည့်တာ။ ဒါနဲ့ပဲ ကျွန်မတို့ကိုလည်း သူကြိုက်တဲ့မင်းသမီးတွေနဲ့တူအောင် ဝတ်ခိုင်းတော့တာပဲ။ ဒါ ကျွန်မတို့ ယူနီ ဖောင်းလေ"

"နာမည်ကလည်း စိတ်ဝင်စားစရာပါလား၊ ခင်သန္တာသက် ဆိုတာ ဘာအဓိပ္ပာယ်လဲ"

"ခင်သန္တာသက် ဆိုတာ ဆင်ခန္ဓာဝက်လို့ အဓိပ္ပာယ်ရပါတယ်။ ခန္ဓာကိုယ်ကြီးကြီးမားမားဖြစ်ချင်လို့ ဒီနာမည် မှည့်ထားတာ လေ။ နတ်လောကမှာဝလို့လှလို့ ဆိုတာရှိသလို ပိန်လို့လှိန်လို့ဆိုတာလည်း ရှိတယ်။ ကျွန်မတို့ဆီမှာ အများက အလှကြိုက်၊ အဝကြိုက်ကြတယ်ရှင့်။ ဒါကြောင့် နာမည်ကို လှလှဝဝလေး မှည့်ထားတာ၊ ရှင်းပြီလား။ ကဲ ပြောရင်းဆိုရင်း…
ရောက်ပါပြီ… ငရဲပြည်နယ်စပ်ဆိုတာ ဒါပဲ"

● ငရဲကို နယ်စပ်မှလှမ်းကြည့်ပြီ
ငရဲပြည်နယ်စပ် ဆိုသည့်နေရာတွင် နိုင်ငံစုံမှ လူမျိုးစုံကိုတွေ့ရသည်။ ငရဲပြည်သို့မဝင်ရသေးခင်စပ်ကြား နယ်စပ်တွင် အချိန်အတန်ကြာသောင်တင်ကြသူများဖြစ်သည်ဆို၏။ နယ်စပ်ဒေသတွင် လူအများအပြားသောင်တင်နေရခြင်းအကြောင်းရင်း မှာ စကြာဝဠာအတွင်းမကောင်းမှုကျူးလွန်သူများပြားလှသဖြင့် ငရဲပြည်သို့ အလုံးအရင်းရောက်လာကြခြင်း၊ ငရဲပြည်မှ တာဝန်ရှိသူများက နေရာချထားရေးကိစ္စဆောင်ရွက်ရာတွင် လုပ်ငန်း မနိုင်မနင်း ဖြစ်နေခြင်း စသည့်အချက်များကြောင့် ဟူ သတည်း။  နယ်စပ်ဒေသသည် ၎င်းတို့အတွက် ယာယီလွတ်မြောက်နယ်မြေ ဖြစ်၏။ လူမျိုးစုံ၊ ဘာသာစုံကို တွေ့ရခြင်းနှင့်ပတ် သက်ပြီး မေးမြန်းကြည့်မိ၏။ နိုင်ငံတကာမှလူမျိုးပေါင်းစုံသည်ကိုးကွယ်သည့်ဘာသာ မတူကြသော်လည်း တူညီသည့်အချက်မှာမကောင်းမှုကျူးလွန်သူများ ဤနေရာတွင် ဂိတ်ဆုံးသည်ဆိုသောအချက်ပင်ဖြစ်ကြောင်း ချစ်စရာ့နတ်သမီးလေးက ချစ်စဖွယ် ရှင်းပြသည်။

"ဒါဆိုရင် ကျွန်တော်တို့ဆီကလူတွေလည်း ဒီကိုရောက်လာတာ ရှိမှာပဲ"

"သိပ်ရှိတာပေါ့ရှင်။ ရှင်တို့ဒုက္ခသီရိတင်မကဘူး၊ စကြာဝဠာတစ်ခုလုံးကသက်ရှိမှန်သမျှ ငရဲပြည်နဲ့တန်တယ်ဆိုရင် အချိန် လည်းကျရော ဟောဒီငရဲပြည်ကိုရောက်ရတာပေါ့။ ဘယ်သူတွေ ငရဲဘယ်လိုကျနေသလဲ သိချင်ရင် ရှာလို့ရပါတယ်ရှင်။ ဘာကို ရှာချင်သလဲပြောပါဦး"

"ကျွန်တော်တို့ဆီက ၄၆ ကျပ်တန်၊ ၉၆ ကျပ်တန် တီထွင်သူ ဒီမှာရှိမှာပဲ။ ဒီလူကြီး ဘာတွေဖြစ်နေလဲ ရှာလို့လွယ်မလား"

နတ်သမီးလေး ညာဘက်လက် တစ်ချက်ဝှေ့ယမ်းလိုက်ရာ ကျွန်တော်တို့၏ရှေ့မြင်ကွင်းသို့ ကွန်ပြူတာဖန်သားပြင်ကျယ်တစ်ခု ပေါ်လာသည်။ ထို့နောက် 'ဒုက္ခသီရိ၊ ၄၆၊ ၉၆' ဟူသော စကားလုံးများရိုက်နှိပ်ပြီး ရှာဖွေရာခဏတွင်းမှာပင် ငရဲခံနေရသူတစ် ဦး၏ လှုပ်ရှားမှုကို ဖန်သားပြင်တွင် တွေ့ရလေ၏။

"ဟာ…ဒီလူကြီးကြည့်ရတာ စစ်ကြောရေးခန်းထဲရောက်နေတဲ့ပုံပဲ"

"ဟုတ်တယ်ရှင့်။ ရှင် စိတ်ဝင်စားရင် သူ့အကြောင်း ဖတ်ကြည့်ကြမယ်လေ၊ ငရဲမှတ်တမ်းမှာ ဘာတွေရေးထားလဲ ဆိုတော့…  သူရောက်နေတဲ့ သီးသန့်နေရာလေးကိုရေနှောက်အိုင်လို့ နာမည်ပေးထားတယ်တဲ့။ အဲဒီနားမှာသူ့တပည့်တပန်းတချို့ လည်း ရှိတယ်တဲ့၊ နေရာလွတ်နေတာတွေကတော့ထပ်ရောက်လာမယ့် သူ့တပည့်တွေ၊  နောက်လိုက်တွေ သူ့နဲ့အတူငရဲကျ ကြ ဖို့အတွက်ဖြစ်မှာပါ။ အင်း… သူတို့ကို အတော်လေး ဂရုတစိုက်ရှိပုံပဲရှင့်။ ကဲ…. ဘယ်သူ့အကြောင်း သိချင်သေးလဲ"

ရန်လိုကျွဲ က နာမည်တစ်ခု ပြောလိုက်ရာ … ဖန်သားပြင်မြင်ကွင်းတွင် ရာနှင့်ချီသောလူစာရင်း ထွက်လာသည်။

"ရှင်ပြောတဲ့လူက နာမည်တူသိပ်များတာပဲ။ ဘယ်တစ်ယောက်ကို ကြည့်မလဲ"

"နာမည်တူမရှားတဲ့ပြဿနာက ငရဲပြည်အထိတောင် ရောက်လာပါပေါ့လား"

"ဒါဆိုရင်… ကဏ္ဍအလိုက်ခွဲကြည့်မယ်၊ ဟောဒါက လူသတ်သမားတွေပါရှင်၊ ဟောဒါက လူဆိုး၊ ဒါကတော့ သူခိုး၊ ဒီငါး ယောက်ကတော့ ဘတ်စ်ကားမောင်းတဲ့သူတွေပါရှင်"

"ဟိုက်…ဘတ်စ်ကားမောင်းတယ်ဆိုတာ  သမာအာဇီဝအလုပ်အကိုင်ကွ။ ဘာကြောင့် ငရဲပြည်ရောက်နေရတာလဲ။ သူတို့ အချက်အလက် ရှာစမ်းပါဦး"

နတ်သမီးလေးလည်း ထိုငါးယောက်အကြောင်း ရှာဖွေဖတ်ရှုပြီး ပြန်ပြောပြ၏။

ထိုငါးယောက်မှာ လူအများ လိုရာခရီးသွားနိုင်ရန် နေ့စဉ်နေ့တိုင်းကားမောင်းပို့ခြင်းကြောင့်  ကောင်းမှု လုပ်ကိုင်သူများစာရင်း ဝင်သော် လည်းခရီးသည်များ ကားအတွင်း လဲပြိုမည်ကို ဂရုမစိုက်ဘဲ ပရမ်းပတာ ထင်ရာစိုင်း မောင်းနှင်ခြင်း၊ ငါးမိနစ်အတွင်း ဘရိတ်အကြိမ်ငါးဆယ်အုပ်သဖြင့် ခရီးသည်တို့ ဒုက္ခများခြင်း၊ ကားလမ်းဖြတ်ကူးသူတွေ့လျှင် အရှိန်မလျှော့ဘဲ အရှိန်မြှင့်ခြင်း၊ မတတ်သာ၍ အရှိန်လျှော့ရသည့်အခါ လမ်းဖြတ်ကူးသူကို ဆဲဆိုခြင်း စသည့် ရမ်းကားမှုတို့ကြောင့် မကောင်းမှုလုပ်ကိုင်သူများစာရင်းတွင်လည်း ပါဝင်နေခြင်းဖြစ်သည်ဆို၏။ လူစိတ်ပျောက် ငရဲရောက်ဆိုသည်မှာ ဒါကိုပြောခြင်း ဖြစ်ပေမည်။

● ငရဲပြည်တွင် အမည်ပေါက်ခြင်း
နာမည်နောက်တစ်ခု ရှာလိုက်ရာ လူတစ်ယောက် ငရဲခံနေရသည့်ပုံ ပေါ်လာသည်။ သူ့ပုံ၏ အစိတ်အပိုင်း အတော်များများကို ဆင်ဆာဖြတ်ထား၏။

"ဟင်…သူက ဘယ်သူလဲ။ ငရဲပြည်မှာလည်း ဆင်ဆာဖြတ်တာပဲလား။ ပိတ်ပင်တားမြစ်တာဟာ မကောင်းမှုပဲ။ ငရဲပြည်က တာဝန်ရှိသူတွေ မကောင်းမှုကျူးလွန်ရင်ရောဘာဖြစ်တတ်သလဲ"

"ငရဲသားတွေ မကောင်းမှုကျူးလွန်လည်း ဘာမှမဖြစ်စေရဘူးလို့ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားပြီးသားပါ။ ဒီအဖြေက လုံ လောက်မယ်လို့ ကျွန်မ ယူဆပါတယ်"

"ဟုတ်ပါပြီလေ။ ဒါဆိုရင် ဆင်ဆာဖြတ်ရခြင်းအကြောင်းရင်းလည်း သိပါရစေဦး"

"ဆင်ဆာဖြတ်ပါတယ်ဆိုမှ မမြင်စေချင်လို့ဖြစ်မှာပေါ့ရှင်…. အင်း… ရေးထားတာကတော့ ဒီလူက လူ့ဘဝမှာ မုဒိမ်းမှု ကျူး လွန်တဲ့သူဆိုပဲ။သမ္မတဆိုတဲ့သူက သူ့ကိုလွတ်ငြိမ်းသက်သာခွင့်ပေးလို့ အပြင်ပြန်ရောက်လည်းမုဒိမ်းမှု ပြန်ကျူးလွန်လို့ ထောင်ထပ်ကျဖူးတယ်လို့ ဆိုတယ်။ အခု ငရဲပြည်မှာသူ မုဒိမ်းကျင့်ခံနေရပြီလေ။  သူ့မြင်ကွင်းကို ဆင်ဆာဖြတ်ထားတာ ဒါကြောင့်ပေါ့ရှင့်"

ရန်လိုကျွဲ လည်း နာမည်နောက်တစ်ခု ထပ်ပြောသဖြင့် ကိုရီးယားကြွေရုပ်လေး အလုပ်များသွားပြန်သည်။ ဖန်သားပြင်တွင် ထိုနာမည်ကို ရိုက်ထည့်ပြီး ရှာဖွေရေး လုပ်လေ၏။ ရလဒ် ချက်ချင်း ထွက်လာ၏။

"ရှင်ပြောတဲ့နာမည်နဲ့ဆင်တူတဲ့ ဟောဒီ ဆယ့်သုံးယောက်ကတော့ ထူးခြားတယ်လို့ ဆိုရမယ်။ သူတို့ကျူးလွန်ချက်အများကြီး ထဲမှာ မြေသိမ်း ယာသိမ်းမှု၊ အတိုက်အခံလုပ်သူတွေကို ထောင်ချမှု၊ သစ်တော အပြောင်ရှင်းမှု အင်း… အမှုတွေက များလှချည်လား။ ရှင်တို့ဆီကလူတွေကတော့ ဒိတ်ဒိတ်ကြဲတွေချည်းပဲ"

"သူတို့ ဘယ်လိုမျိုး ငရဲခံနေရသလဲ ကြည့်လို့ရသလား"

"လွယ်ပါတယ်၊ ဟောဒီနေရာလေးကို ဟောဒီလို ပွတ်လိုက်ရုံပဲ။ ဒါဆိုရင် သူတို့ကို လုံခြုံရေးကင်မရာနဲ့ မှတ်တမ်းတင် ထားတာတွေ မြင်ရမယ်။ ဟယ်… ဘာမှပေါ်မလာပါလား။ ငရဲပြည်မှာလည်း အင်တာနက်နှေးနေပုံရတယ်"

ရန်လိုကျွဲ  ကြည့်ချင်သူ ဆယ့်သုံးဦး၏ပုံများ ပေါ်မလာဘဲ စာတန်းတစ်ခုသာ ပေါ်လာ၏။ စာတန်းမှာ … "ဝမ်းနည်းပါတယ်ရှင်၊ မိတ်ဆွေရှာဖွေသော ပုဂ္ဂိုလ်များမှာ ငရဲပြည်သို့ မရောက်သေးသဖြင့် ခေတ္တစောင့်ဆိုင်းပြီးမှပြန်ရှာပါရှင်" ဟူ၍ ဖြစ်လေသည်။

"ဟင် … ဒါက ဘိုဖြစ်တာလဲ"

"ဘယ်လိုဖြစ်တာလဲလို့ ပီပီသသ ပြောစမ်းပါရှင်။ စကားကို Facebook သံဝဲဝဲနဲ့ပြောတာ သိပ်မကောင်းဘူးနော်။ ဒီအသံက သမီးရည်းစားတွေကြားထဲပဲပြောလို့ကောင်းတာ"

"အဲဒီလိုသဘောထားပြီး ပြောကြည့်တာပါ"

"ဟိုးထား…ဟိုးထား ကိုကိုကျွဲ ။ ကျွန်မတို့ နတ်သမီးတွေနဲ့တော့ မပတ်သက်တာပဲ ကောင်းမယ်ထင်တယ်။ နတ်သမီးဆိုတာ ရမ္မက်ကြီးတယ်ရှင့်။ ရှင်တို့လူသားတွေနဲ့ အဆင်ပြေမယ်မထင်ပါဘူးရှင်"

"ဟုတ်ပါပြီလေ။ ကျွန်တော်ကလည်း ရမလားလို့ စမ်းကြည့်တာပါ။ မိတ်ဆွေရှာဖွေသော ပုဂ္ဂိုလ်များမှာ ငရဲပြည်သို့ မရောက် သေးသဖြင့် ဆိုတာဘာသဘောလဲ"

"သြော်… သူတို့က လူ့ပြည်မှာ သောင်းကျန်းနေတုန်းပဲ။ မသေကြသေးဘူး။ သို့သော်လည်း သူတို့နာမည်ကတော့ ဒီရောက် နေပြီ။ ငရဲပြည်မှာ နာမည်ပေါက်နေပြီဆိုပါစို့ရှင်"

သစ်တောအပြောင်ရှင်းမှုကြောင့် ငရဲရောက်မည့်သူများနှင့်ပတ်သက်ပြီးအနည်းငယ်သိလိုကြောင်း ပြောလိုက်ရာ ကိုရီးယားစတိုင်နတ်သမီးလေးကအချက်အလက်တချို့ကို စိတ်ရှည်လက်ရှည် ရှာပေး၏။ ဒုက္ခသီရိ သစ်တော ဧရိယာအများအပြားကို အပြောင်ရှင်းရာတွင် ပါဝင်သော သစ်ကုန်သည်၊ သစ်ကားများလွတ်လပ်စွာ ဖြတ်သန်းခွင့်အတွက် ဆက်ကြေးယူသော စစ်ခေါင်းဆောင်များ၊သူပုန်ခေါင်းဆောင်များ ပါဝင်သည်ဟူ၏။

"လွှစက်ပိစိကွေးတွေက ဘာလုပ်ဖို့လဲ။ သစ်ခုတ်တယ်ဆိုတာက ဘာကြောင့် ငရဲကြီးရမှာလဲ"

"လွှစက်တွေက သူတို့ကို ဖြတ်ဖို့ပါရှင်။ သစ်ခုတ်တာ နည်းနည်းပါးပါးခုတ်ရင်အပြစ်မကြီးပေမဲ့ စီးပွားဖြစ်အပြောင်ရှင်းရင်တော့ ပိုအပြစ်ကြီးတာပေါ့ရှင်။သစ်ပင်တွေမှာလည်း အသက်ရှိတယ် ရှင့်။ တောင်တွေကို တောင်ကတုံးတွေဖြစ်အောင်အသွင် ပြောင်း လိုက်တော့ တောကောင်မျိုးစုံကအစ ရုက္ခစိုးကြီးငယ်အဆုံးအိုးမဲ့အိမ်မဲ့ဘဝ ရောက်ရတဲ့အတွက် ငရဲကြီးရခြင်းဖြစ်ပါတယ်သတင်းထောက်ကြီးရှင့်။ သူတို့ကို အပြစ်ပေးတဲ့အခါမှာတော့  လက်ကိုင်လွှစက်ပိစိကွေးလေးတွေ သုံးမယ်လို့ သိရပါတယ်ရှင့်"

"ပိစိကွေးလေးတွေသုံးမယ်ဆိုတော့ အထာထားတဲ့သဘောပေါ့နော်။ အဲဒီအမှုတွဲမှာပါတဲ့သူတွေက ငရဲပြည်ကို လှမ်းပြီး လာဘ်ထိုးထားပုံရတယ်"

"အထာလည်း မထားဘူး၊ လာဘ်ပေးလို့လဲ မရဘူး။ ငရဲသားတွေက စက်ရုပ်တွေရှင့်။ လွှစက် အသေးလေးတွေသုံးရခြင်းက လူ့ခန္ဓာကိုယ်ဟာ သစ်ပင်တွေလောက် မကြီးလို့ပေါ့လို့ပေါ့ရှင်။ ကဲ… အချိန်လည်း အတော်လင့်သွားပြီ။ နောက်ဆုံးအနေနဲ့ ဘာသိချင်၊ ဘယ်သူ့ကို ရှာချင်တယ်ဆိုတာ အမိန့်ရှိပါရှင်"

● နိဂုံး
ရန်လိုကျွဲ  ဒူးတုန်စပြုလာသည်။ မည်သည့်အရာကိုမျှ ရှာလိုစိတ် မရှိတော့ကြောင်း၊ ငရဲပြည်ကို အနီးကပ်မြင်လိုက်ရသဖြင့် လွန်စွာထိတ်လန့်ပြီး အသိတရား ရသွားပြီဖြစ်ကြောင်း၊ လူ့ပြည်သို့ မြန်မြန်ပြန်ပြီး ဘာသာရေးကိစ္စများ ဆောင်ရွက်လိုကြောင်း၊ ဘာသာရေးကိုင်းရှိုင်းသူတစ်ယောက်ဖြစ်ရန် ကြိုးစားလိုကြောင်း ပြောလိုက်လေသည်။ ရန်လိုကျွဲ  ဖြစ်ပျက်နေပုံနှင့် ပြောစ ကားကြောင့် နတ်သမီးက ခွက်ထိုးခွက်လှန် ရယ်လေ၏။

"အောင်မယ်လေး…ရယ်လိုက်ရတာ ဖတ်ဖတ်မောသွားတာပဲ ကိုကိုကျွဲ ရယ်။ ဘာသာရေးသမားလည်း ငရဲပြည်ရောက်တာ တွေ ရှိပါ့ရှင်။ ဘာသာရေးအကြောင်းပြပြီး သေနတ်ကိုင်၊ ဗုံးကိုင်တဲ့သူတွေ ငရဲပြည်ကို ဝင်လာမစဲ တသဲသဲ။ ပဋိပက္ခ ဖြစ်အောင် အမုန်းစကားပွားတဲ့ ဘာသာရေးသမားလည်း ငရဲပြည်ကို တန်းတန်းမတ်မတ် ရောက်လာတာပဲ။ နိုင်ငံပေါင်း စုံမှာရှိတဲ့ ပါးစပ်ကဘုရားဘုရား၊ လက်က ကားယားကားယားသမားတွေ ဒီလာပြီး စုဝေးရတာပေါ့"
"သြော်…ဒီလိုဖြစ်ရပ်တွေ ရှိသလား"

"ရှိတာပေါ့ရှင်။ ရှင့်ကို ပြရဦးမယ်။ ရော့… ဟောဒါ ဘယ်သူတွေလဲ သိလား"

နားကို လက်နှစ်ဘက်ဖြင့်ပိတ်ပြီး လူးလိမ့်နေသူအများအပြား ဖန်သားပြင်တွင် ပေါ်လာ၏။

"ဟင်…ဒါတွေက ဘူတွေ… အဲ… ဘယ်သူတွေလဲ"

"သူတို့လည်း နိုင်ငံပေါင်းစုံနေတာပဲ။ အသံချဲ့စက် မကြာခဏသုံးပြီး ပတ်ဝန်းကျင်ကို အသံနဲ့နှိပ်စက်သူတွေပေါ့။ သူတို့ကို အပြစ်ပေးဖို့တော့ ငရဲသား ငရဲသူတွေ အများကြီး မလိုဘူးရှင့်။ အချိန်တန်ရင် အသံချဲ့စက်ဖွင့်ပေးထားလိုက်ရုံပဲ"

"ဟင်… အသံချဲ့စက်သုံးရုံနဲ့ ငရဲကျတယ်ဆိုတာကတော့ မလွန်ဘူးလားကွာ"

"တော်တန်ရုံသုံးရင်တော့ သာသာယာယာရှိတာပေါ့ရှင်။ သို့သော်လည်း တော်ရုံတန်ရုံ မဟုတ်လို့ ဒီကို ရောက်လာတာ ဖြစ် မှာပေါ့ရှင်"

"တော်ပါတော့ကွယ်… အခုလို လိုက်ပြတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်သန္တာသက်ရယ်။ ငရဲဆိုတာ နေဖို့မပြောနဲ့၊ မြင်လို့ တောင် မကောင်းပါလား။ ကျွန်တော် ပြန်ပါရစေတော့"

နတ်သမီးနုနုရွရွ ခင်သန္တာသက်သည် လှလှပပ ရယ်မောရင်း တုန်လှုပ်နေသော သတင်းထောက် ရန်လိုကျွဲ ကို ရုံးတိုင်ရာ ရောက် ပြန်ပို့လိုက်လေသတည်း။     ။

(ဖော်ပြပါ သရော်စာနှင့် ပတ်သက်၍ ပြောဆိုလိုပါက hostilebuffalo@gmail.com သို့ ဆက်သွယ်နိုင်ပါသည်)