ဗိုလ်ထက်မင်း - ပြောင်းလဲချိန်တန်ပြီဆိုရင် ပြောင်းလဲရေး မဟာဗျုဟာ နည်းဗျူဟာ အစီအစဉ် တိုက်တွန်းချက် - ၁၂

စစ်ဦးစီးတက္ကသိုလ်ကျောင်းစာကြည့်တိုက် ၊ နေပြည်တော်၊ ဖေဖော်ဝါရီ ၂၂


ဗိုလ်ထက်မင်း - ပြောင်းလဲချိန်တန်ပြီဆိုရင် ပြောင်းလဲရေး မဟာဗျုဟာ နည်းဗျူဟာ အစီအစဉ် တိုက်တွန်းချက် - ၁၂

(မိုးမခ) ဖေဖော်ဝါရီ ၂၃၊ ၂၀၁၆

၁၂၀။ ဒုတိယအကြိမ်လွှတ်တော်သစ်ဟာ အတိုက်အခံအများစုတက်လာလို့ တပ်မတော်က ကြိုတင်ပြင်ဆင်ထားဟန်တူပြီး တပ်ချုပ်က အမည်စာရင်းပေးလိုက်တဲ့ ဒုတိယအကြိမ် လွှတ်တော်သစ်အတွက် တပ်မတော်သား ကိုယ်စားလှယ်စာရင်းအရ အောက်ပါအတိုင်းဖြစ်ပါတယ်-

(က) ဗိုလ်ချုပ်တောက်ထွန်း ၊ ညွှန်ကြားရေးမှူး၊ တပ်အင်အားဖြည့်တင်းရေး၊ ပြည်သူ့လွှတ်တော်၊ O.T.C (10)

(ခ) ဗိုလ်ချုပ်သန်းထွဋ်သိန်း ၊ ဒုစရဖ ချုပ် ၊စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံး၊ ပြည်သူ့လွှတ်တော်၊ D.S.A (27)

(ဂ) ဗိုလ်ချုပ်သန်းစိုး ၊ တွဲဘက်စစ်ရေးချုပ်၊ အမျိုးသားလွှတ်တော်၊ D.S.A (23)

(ဃ) ဗိုလ်မှူးချုပ်တင်စိုး၊ ပြည်သူ့လွှတ်တော်။ ဗိုလ်မှူးချုပ်ကိုကိုဝင်း၊ အမျိုးသားလွှတ်တော်၊   O.T.C (10) O.T.C (6)

(င) ဗိုလ်မှူးချုပ် တင်စန်းနိုင်၊ ပြည်သူ့လွှတ်တော်။ ဗိုလ်မှူးချုပ် အောင်ဆန်းချစ် ၊ အမျိုးသားလွှတ်တော်။ D.S.A (26) O.T.C (10)

(စ) ဗိုလ်မှူးချုပ်မောင်မောင်၊ ပြည်သူ့လွှတ်တော်။ ဗိုလ်မှူးချုပ်ကျော်ကျော်စိုး ၊ အမျိုးသားလွှတ်တော်။   D.S.A (27) O.T.C (10)

(ဆ) ဗိုလ်မှူးချုပ်စိုးမြင့် ၊ ပြည်သူ့လွှတ်တော်။ ဗိုလ်မှူးချုပ်ခင်မောင်အေး၊ အမျိုးသားလွှတ်တော်။ O.T.C (6) O.T.S (70)

(ဇ) ဗိုလ်မှူးချုပ်ဝင်းဆွေ ၊ ပြည်သူ့လွှတ်တော်။ ဗိုလ်မှူးချုပ်သက်တင်အောင် ၊ အမျိုးသားလွှတ်တော်။ D.S.A (24) O.T.S (72)

(ဈ) ဗိုလ်မှူးချုပ်သန်းလွင်၊ ပြည်သူ့လွှတ်တော်။ ဗိုလ်မှူးချုပ်ကျော်ဆွေဦး ၊ အမျိုးသားလွှတ်တော်။   D.S.A (21) D.S.A (21)

(ည) ဗိုလ်မှူးချုပ်သိန်းနိုင်(လေ)၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်။ D.S.A (21)

(၁) ဗိုလ်မှူးကြီး အောင်သီဟ၊ ပြည်သူ့လွှတ်တော်။ ဗိုလ်မှူးကြီး အောင်ခင်ဇော်၊ အမျိုးသားလွှတ်တော် O.TC (9) O.T.C (10)

(၂) ဗိုလ်မှူးကြီး အောင်မြင့်၊ ပြည်သူ့လွှတ်တော်။ ဗိုလ်မှူးကြီး လှဝင်းအောင်၊ အမျိုးသားလွှတ်တော်။ O.T.C (10) O.T.S (71)

(၃) ဗိုလ်မှူးကြီး မြင့်ဟန်၊ ပြည်သူ့လွှတ်တော်။ ဗိုလ်မှူးကြီး သန်းထိုက်၊ အမျိုးသားလွှတ်တော်။ O.T.C (11) O.T.S (71)

(၄) ဗိုလ်မှူးကြီး ခင်မောင်ထွန်း၊ ပြည်သူ့လွှတ်တော်။ ဗိုလ်မှူးကြီး မြင့်ဆွေ ၊ အမျိုးသားလွှတ်တော်။ O.T.C (12) O.T.C (14)

(၅) ဗိုလ်မှူးကြီး ထွန်းအုန်းသန်း။ ပြည်သူ့လွှတ်တော်။ O.T.C (13)

(၆) ဗိုလ်မှူးကြီး ထွန်းမြင့်ရွှေ ၊ ပြည်သူ့လွှတ်တော်။ D.S.A (31)

(၇) ဗိုလ်မှူးကြီး မင်းသန်း၊ ပြည်သူ့လွှတ်တော်။ D.A.S (33)

မှတ်ချက်။ ဗိုလ်ချုပ် (၃) ဦး၊ ဗိုလ်မှူးချုပ် (၁၃) ဦး၊ ဗိုလ်မှူးကြီး(၂၅) ဦး ရှိပါတယ်။ ကျန် ဗိုလ်မှူးကြီးများမှာ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ တာဝန်ချထားပါတယ်။

အထက်ပါ စာရင်း(ဃ မှ ည) ထိပါ အရာရှိကြီး(၁၆)ဦးဟာ တပ်မမှူး၊ လေတပ်စခန်း ဌာနချုပ်မှူး၊ ဒကစမှူး၊ ဒုတိုင်းမှူး စတဲ့ ရာထူးအသီးသီးရှိသူများဖြစ်ကြပြီး တခြားရာထူးနေရာမှာရှိကြတဲ့ တပါတ်စဉ်ထဲ သူတို့သူငယ်ချင်းတွေဆိုရင် ဒီထက်မြှင့်တဲံ့ ကစထမှူး၊ ဒုဗိုလ်ချုပ်ကြီးတွေတောင်ရှိကြတာမို့ တပ်ရဲ့ ဒုတိယမျိုးဆက်သစ် တန်းစီဇယားမှာ ရှိပါတယ်။ အထက်ပါ (၁၆)ဦးဟာ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ဆင်း နိုင်ငံတကာရေးရာ၊ စစ်ရေး၊ ဆိုရှယ်လူမှူရေး၊ ကျန်းမာရေး၊ သုတေသန၊ သိပ္ပံ၊ သီးခြားပညာရပ်ပိုင်းဆိုင်ရာ ခေါင်းစဉ်များနဲ့ကျမ်းပြုပြီးမှ M.A မဟာ(သိပ္ပံ၊ ဝိဇ္ဇာ) ဘွဲ့ရသူများဖြစ်ပြီး ဗိုလ်မှူးကြီးတွေကတော့ Grand Strategy သင်ပေးတဲံ့ စစ်ဦးစီးတက္ကသိုလ် ကျောင်းဆင်းဖြစ်ပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ စစ်ဦးစီးတက္ကသိုလ် နည်းပြမှူးချုပ်က ဖက်ဒရယ်ဆိုရင် ဗဟိုအားကောင်းတဲ့ ဖက်ဒရယ် အမျိုးအစားမျိုး ခေါင်းစဉ်တင်သွားတာတွေ့လိုက်ရလို့ ဘယ်ခေါင်းစဉ်လာလာ ဟာကွက်၊ ပျော့ကွက်ကို ထောက်ပြနိုင်ပြီး တန်းတူဆွေးနွေးလို့ရအောင် လေ့လာထားတဲ့  သမ္ဘာတွေကို ရှေ့တင်လာတာ တွေ့ရပါတယ်။

၁၂၁။ တစ်ဦးချင်း လက်လှမ်းမီသရွေ့ လွှတ်တော်ခေါင်းဆောင်များလို့ ယူဆရတဲ့ စီနီယာအလိုက် တင်ပြရရင် တပ်ချုပ်က ကြိုက်နှစ်သက်လို့ ပြည်သူ့လွှတ်တော် နှစ်ကြိမ်ပြန် အရွေးခံရတဲ့ ဗိုလ်ချုပ်တောက်ထွန်းဟာ ဗိုလ်လောင်းဘဝကတည်းကပင် Best Cadet (၃) ဦး ထဲမှာ ပါသလို တပ်မ (၄၄) တပ်မမှူးနဲ့စစ်ရုံးမှာ ဗိုလ်ချုပ် အစောဆုံးဖြစ်ပါတယ်။ ဥပဒေဆိုင်ရာငြင်းခုန်ဖို့ရှိရင်  အမျိုးသားလွှတ်တော် ခေါင်းဆောင် ၊ တွဲဘက်စစ်ရေးချုပ် ဗိုလ်ချုပ် သန်းစိုးက တာဝန်ယူကာ နယ်ဘက် ဒုတရားသူကြီးချုပ်နဲ့ ညီပြီး တရားရုံး၊ ဥပဒေပိုင်း၊ ကျင့်ထုံး၊ ဝေါဟာရ၊ ပုဒ်မပိုင်းဆိုင်ရာ ဖွင့်ဆိုချက်တွေကို ပိုင်နိုင်လိမ့်မယ်လို့ ယူဆပါတယ်။ ပြည်သူ့လွှတ်တော်မှာ ဒုတိယခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ် သန်းထွဋ်သိန်း (ဒုစရဖ ချုပ်)နဲ့ ဗိုလ်ချုပ်သန်းစိုးတို့ဟာ ဗိုလ်မှူးအောင်လင်းထွဋ်ရဲ့ ပြောဆိုချက်အရ တန်ပြန်ထောက်လှမ်းရေး သင်တန်းဆင်းတွေ ဖြစ်ကြောင်းသိရပါတယ်။ တပ်မတော်မှာ တဆင့်မြှင့်ရာထူး တပ်ခွဲမှူးသင်တန်းပြီးရင် အရာရှိများသည်းခြေကြိုက် တော်ရုံမရွေးတဲ့၊ အဆင့်မြှင့်သင်တန်းကတော့ တန်ပြန်ထောက်လှမ်းရေးသင်တန်းဘဲ ဖြစ်ပါတယ်။ ဒီသင်တန်းဟာ သတင်း စုဆောင်း စီမံခြင်း၊ သံတမန်ဆက်ဆံရေး၊ စိတ်ဓါတ်စစ်ဆင်ရေး၊ သူလျှို၊အဖျက်၊ အမှောက်၊ ပြည်သူ့စစ်မဟာဗျုဟာ၊ ပါတီဝင် ထောက်လှမ်းရေး၊ လုံခြုံရေး စတဲ့ မဟာဗျုဟာမြောက် ခက်ခဲတဲ့ဘာသာရပ်များ သင်ကြားပေးထားတဲ့ အပြင် လက်တွေ့နယ်ပယ်လေ့ကျင့်ခန်းအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန (တချို့သင်တန်းဆို နိုင်ငံခြားနဲ့ဆက်စပ်)၊ သတ္တုတွင်းဝန်ကြီးဌာနတွေ ကွင်းဆင်း လေ့ကျင့်ထားပြီး တန်ပြန်ထောက်လှမ်းရေး သင်တန်းဆင်းများကို မိခင်တပ်ပြန်ရောက်တာနဲ့ ထောက်လှမ်းရေးတပ်များက ပြန်ခေါ်သလို တိုင်းစစ်ဌာနချုပ်တွေမှာ စစ်ဦးစီးအရာရှိလိုမျိုး နေရာကောင်းများ ရကြပါတယ်။ ဆိုလိုရာမှာ လွှတ်တော်ထဲရောက်တာနဲ့ စစ်သားပုံထက် အမတ်များနဲ့ လိုက်လျောညီထွေ ဆက်ဆံနိုင်အောင်နဲ့ ပါတီတွေက ဖဲ့ထုတ် မစည်းရုံးနိုင်စေရန် အဲဒီအရာရှိကြီးတွေက ကျန်တဲ့ တပ်မတော်အရာရှိတွေကို ထိန်းကျောင်း စီစဉ်သွားမှာ ဖြစ်ပါတယ်။

၁၂၂။ တပ်မတော်မှ ဒုသမ္မတ တင်နိုင်ဖို့ အလားအလာသုံးသပ်ရာမှာ ရွေးကောက်ခံရတဲ့ ပြည်ခိုင်ဖြိုးပါတီက အမတ်အရေအတွက် လွှတ်တော်မှာ နည်းတာမို့ ပါတီကို ရောက်ခါစ အမတ်ဖြစ်သွားတဲံ့ ဒုဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်ကြီးတွေကို ပေးလိုက်ရင် လွှတ်တော်မှာ မဲနည်းသွားနိုင်လို့ ပေးနိုင်ပါ့မလား၊ ပေးဖြစ်ရင်တောင် စီနီယာဗိုလ်ချုပ်ကြီး ဖြစ်တဲ့ ဦးလှဌေးဝင်းနဲ့ ဦးသူရသက်ဆွေထဲက တစ်ဦးဦး ဖြစ်နိုင်ကြောင်း၊ ပါတီက မဲထိန်းလိုရင် ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတဲ့  ဒုဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးခင်ဇော်ဦး၊ ဦးသက်နိုင်ဝင်း၊ ဦးလှမင်း၊ ဦးမြင့်စိုးတို့ထဲက တစ်ဦးဦး တပ်ချုပ်က ညှိနှိုင်းနိုင်ကြောင်း၊ ပါတီထဲကမတင်ချင်ရင် တပ်ချုပ်အနေနဲ့ ယခင်က ကာချုပ်(ရေ) ဦးဥဏ်ထွန်းကို ဒုသမ္မတတင်ခဲ့ပြီးလို့ အခုတခါ အလှည့်ကျ ကာချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်ကို ဒုသမ္မတ တင်နိုင်တယ်လို့ တပ်မတော်အရာရှိ (ငြိမ်း) နှစ်ဦးထံမှ သိရပါတယ်။

၁၂၃။ တဖန် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကိုဟာ  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တပါတ်စဉ်နဲ့ဆိုပေမဲ့ အသက် (၆၀) ကျော်သွားလို့၊ သူ့ကို ဆက်မထားတော့ဘဲ တပ်မတော်ထဲကဘဲ တာဝန်ပေးဖို့ ရှိနေတယ်လို့ စစ်ရုံးမှ အမည်မဖေါ်လိုသူ အရာရှိတစ်ဦးထံမှ သိရပါတယ်။ ဒါ့အပြင်ထူးခြားတာက ဖေဖေါ်ဝါရီလ လေးလပတ် အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပင်စင်မယူဘဲ ကကန ကောင်စီပြဌာန်းချက်တခုမှာ လိုအပ်ချက်အရ ဆက်လုပ်သွားမယ်လို့သတင်းထွက်လာပါတယ်။ သမ္မတစဉ်းစားနိုင်တာက ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ လက်ရှိတပ်ချုပ်ရဲ့ အတွေ့အကြုံ အရ ခင်မင်မှုနဲ့ အရှိန်ရနေပြီးဖြစ်ရာ လက်နက်ကိုင်တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ် ခရီးဆက်ဖို့ အရေးကြီး လိုအပ်နေတာကြောင့် နောက်လူဆိုရင် လိုက်မမှီနိုင်မှာ စိုးရိမ်ဟန်တူပါတယ်။ ဒါဆိုရင် ဦးသန်းရွှေ၊ ဦးမောင်အေးတို့လို အားကျနေပြီလား။ နောက်လူတွေက လက်ရှိလူတွေလောက် လုပ်နိုင်ပါ့မလားဆိုတဲ့ အကြောင်းပြချက်ဟာ ခေတ်မှီတပ်မတော်ဖြစ်ဖို့ နှောင့်နှေးစေပါတယ်။

စာရေးသူလည် ဒီ သုတေသနဆောင်းပါးမှာ အထက်ပါသတင်းတွေကို ထည့်မှ ပြည့်စုံမယ်လို့ ယူဆတဲ့အတွက် ပိုမိုသတင်း ခိုင်မာစေဖို့ စစ်ရုံးနဲ့နီးစပ်တဲ့ အရာရှိကြီးတစ်ဦးထံ ခက်ခဲစွာ ဆက်သွယ်ရပြီးမှ အောက်ပါအတိုင်း အတည်ပြုလိုက်ပါတယ်။

၁၂၄။ “ မင်္ဂလာပါ အကိုကြီး၊ ဟန်ဂေါ (စစ်သုံးဝေါဟာရ-သတင်း) တွေ ဗလပွ ထွက်နေလို့ ကျေးဇူးပြုပြီး ညီကို ကူညီပေးပါဦး။ ပထမ တပ်ချုပ်က (၅)နှစ် ဆက်လုပ်မယ်ဆိုပြီး သတင်းထွက်လာတယ်။ ဟုတ်လား၊”

“ ညီလေး၊ ကိုယ် စစ်ရေးချုပ်ရုံးမှာနေခဲ့တုံးက ဦးသန်ရွှေဟာ လိုအပ်ချက်အရ ကကနကောင်စီ၊ ဥပဒေဆိုပြီး တနှစ်တခါ သက်တမ်း တိုး တိုးသွားတယ်။ အထက်အကြီးအကဲ ခွင့်တောင်းရမည်လို့ ပါတယ်။ သိတဲ့ အတိုင်းဘဲ အဖိုးကြီးက သူ့တစ်ယောက်ထဲ ဆိုတော့ စာ ကိုဟိုဖက်စားပွဲက ဒီဘက်စားပွဲပေါ့”

“ ဟုတ်တယ်နော်အကိုကြီး။ ကျွန်တော်လည်း စစ်ရုံးမှာ ဂေါက်ပွဲဧည့်ခံရတုံးက ဗိုလ်ချုပ်မောင်လှကြီးက လူဖြောင့်ကြီးဆိုတော့ အင်း ... အသက်တွေကြီးလာပြီ၊ ပင်စင်လည်း မယူနိုင်ကြသေးဖူး ဆိုပြီး ပွစိပွစိ၊ သူလည်း မကြာပါဖူး၊ အသစ်စက်စက် လဝကဝန်ကြီး လွင့်သွားတယ်။ အဲဒီတော့ ဇာတ်လမ်း ဆက်ပါဦး။ လက်ရှိ ဆရာက မင်းသား(တပ်ချုပ်)က ဘယ်လိုလုပ်နိုင်သလဲ။”

“ယခုခေတ်ကတော့ အထက်အကြီးအကဲက သမ္မတ ဦးသိန်းစိန် ဖြစ်နေပြီ။ တပ်ချုပ်က သမ္မတကို တင်ပြရမှာပေါ့။ ဒါကြောင့်တနှစ် Extension ဆက်ရသွားတယ်။”

“ပြည်ထဲရေးဝန်ကြီးက ကိုမြထွန်းဦး ကြားနေရတယ်။ နောက်ပြီး ဒုသမ္မတက အမျိုးမျိုး ထင်ကြေးပေးနေတယ်။ လုပ်ပါဦး၊ ပြည်သူတွေက သိချင်နေကြတယ်။”

“ဒုသမ္မတက ဒုတပ်ချုပ်နဲ့ ကာချုပ် (ကြည်း) ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဖြစ်တယ်။ ပြည်ထဲရေးဝန်ကြီးက  ယခင် ရမခ တိုင်းမှူး ဗိုလ်ချုပ် အောင်စိုး ဖြစ်မှာပါ။”

“ ဒါဆိုရင် ကိုမြထွန်းဦးက ကိုစိုးဝင်းနေရာ ဝင်နိုင်ပြီး ဒုတပ်ချုပ်နဲ့ ကာချုပ်(ကြည်း) မူလလျာတဲ့အတိုင်း သူက ဖြစ်မယ်လို့ မှန်းပါတယ်။ ယခုလို ကူညီတာ ကျေးဇူးတင်ပါတယ်၊ အကိုကြီး။ လေးစားပါတယ်။”

လက်ရှိနိုင်ငံရေးအခြေအနေအရ တပ်ချုပ် ပင်စင်မယူနိုင်တာ နားလည်ပေးလို့ ရပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထပ်မံတွေ့ဖို့ လိုအပ်ပြီး တည်ငြိမ်မှုနည်းလမ်း ရှာဖွေကာ (၅)နှစ်ထိ ဆက်မနေတော့ဘဲ အတိုင်းအတာတခုထိသာ ဥပမာ - ၁နှစ်၊ ၂နှစ်တန် နေကာ အစိုးရ တည်ငြိမ်သွားပါက မိမိတို့က ပင်စင်ယူပြီး နောက်လူ လွှဲပေးကာ နိုင်ငံရေးဇာတ်ခုံသာ ဝင်သင့်ပါတယ်။ ယခုဖြစ်စဉ်ဟာ ဘေးထွက် ဆိုးကျိုး ထွက်နိုင်သလို Standard Army ဖြစ်ရေးမှာ အတားအဆီးဖြစ်တာမို့ နိုင်ငံရဲ့လိုအပ်ချက်အရ အစိုးရကို ကူညီပံ့ပိုးနိုင်ရေး တပ်ချုပ်အဖြစ် ဆက်ယူထားတာ ဖြစ်ပြီး တည်ငြိမ်မှူ အစိုးရ Running condition ဖြစ်တာနဲ့ (၅) နှစ် မနေဘဲ နောက်လူကို လွှဲပေးမယ်ဆိုတာ ပွင့်လင်းမြင်သာအောင် ရှင်းလင်း သင့်ပါတယ်။

၁၂၅။ တပ်ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးပွဲမှာ တပ်ချုပ်က (ကချင်၊ ရှမ်း၊ ရခိုင်) ပြည်နယ်တွေနဲ့ ရန်ကုန်တိုင်းကို တပ် က လိုလားသူတွေကို တင်ဖို့တောင်းကြောင်း၊ ရွေးကောက်ပွဲမှာ အနိုင်ရသွားကြတဲံ့ ရခိုင်ပြည်နယ်မှာ ယခင်ဝန်ကြီးချုပ်လုပ်သွားတဲ့ ဗိုလ်ချုပ်(ငြိမ်း) ဦးမောင်မောင်အုန်းကို ရခိုင် နဲ့ ကစထမှူး လုပ်သွားကြတဲ့  ဒုဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးအောင်သန်းထွဋ် ကို ရှမ်းပြည်နယ်၊ ရွေးကောက်ပွဲမှာ ရှုံးတဲ့ ဒုဗိုလ်ချုပ်ကြီး(ငြိမ်း) မြင့်စိုး  ကို ကချင်ပြည်နယ်၊ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်သိန်းနိုင်ကို ရန်ကုန်တိုင်း လို့သိရပြီး ယခုစာရိုက်နေသည်အထိ ဒေါ်အောင်ဆန်းစုကြည်ဘက်က (၃) နေရာ သဘောတူပြီး (၁) နေရာ (ရန်ကုန်လို့ ယူဆရ) ချိန်နေကြောင်း သိရပါတယ်။ ဒုဗိုလ်ချုပ်ကြီးစိန်ဝင်းကို ကာကွယ်ရေးဝန်ကြီးနဲ့ ဒုဗိုလ်ချုပ်ကြီးကျော်ဆွေကို (နယ်စပ်/ စည်ပင်) ဝန်ကြီး ဆက်ထားမည် ဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကိုင်ထားတဲ့ သမ္မတရုံး ဝန်ကြီးကို တပ်က တောင်းထားတယ်လို့သိရပါတယ်။

(ဆက်လက်ဖော်ပြပါမည်)