ဆောင်းဖြူ – အတွေးသစ်ဇာတ်လမ်း
(မိုးမခ မဂ္ဂဇင်း ဝတ္ထုတို ဖေဖော်ဝါရီလထုတ်)
ဖေဖော်ဝါရီ ၂၇၊ ၂၀၁၆
(မိုးမခ မဂ္ဂဇင်း ဝတ္ထုတို ဖေဖော်ဝါရီလထုတ်)
ဖေဖော်ဝါရီ ၂၇၊ ၂၀၁၆
"လူတွေကိုယဉ်ကျေးသိမ်မွေ့စေတာဟာ စာပေပါ။ လူတွေရဲ့ တွေးခေါ်မှုကိုမြှင့်တင်ပေးနေတာဟာလည်း စာပေပါပဲ၊ ဒါကြောင့် ကျွန်တော်တို့ ရပ်ကွက်ကလေးမှာရှိတဲ့ ကလေးလူငယ်တွေကအစ လူကြီးတွေအဆုံး စိတ်အဆင့်အတန်းမြင့် မားစေဖို့၊ စိတ်အာဟာရပြည့်ဝစေဖို့အတွက် ဒီစာအုပ်ဆိုင်ကလေးကိုဖွင့်ရတာပါ၊ စာဖတ်သူတွေ အားသစ်အင်သစ်နဲ့ အတွေး အမြင်အသစ်တွေ ရရှိစေဖို့ ကျွန်တော့်ဆိုင်ကလေးကို ‘အတွေးသစ်’ လို့ သိက္ခာရှိရှိအမည်ပေးထားပါတယ်။ ချစ်သူမုန်း သူမရွေး လေ့လာအားပေးနိုင်ကြပါတယ်" တဲ့။
ကဲ .. ခင်ဗျား သဘောပေါက်လောက်ပြီထင်ပါရဲ့။ အဲဒါ ဆိုင်ဖွင့်ပွဲနေ့က ပတ်သက်ရာ ပတ်သက်ကြောင်း မိတ်ဆွေအပေါင်း အသင်းတွေကိုဖိတ်ပြီး ပြောခဲ့တဲ့စကားပေါ့။
အဲဒီနေ့ကလား ဟင့်အင်း.. ကိုကာကိုလာလည်းမဟုတ်ဘူး ပက်စီလည်းမဟုတ်ဘူး၊ လက်ဖက်ရည်လည်း မတိုက်ဘူးဗျ၊ ရေနွေးကြမ်းနဲ့ ကိုသော်ထူးမိန်းမ လက်စွမ်းပြထားတဲ့ ကောက်ညှင်းပေါင်းကို ဧည့်ခံသဗျ။ နောက်တခုက စာအုပ်ဆိုင်ဖွင့်ပွဲ တက်တဲ့ လူတော်တော်များများကို မဲဖောက်ပြီး စာအုပ်လက်ဆောင်ပေးတယ်။ စာအုပ်မျိုးစုံပေါ့ဗျာ။ နန္ဒာသိန်းဇံ၊ ဖေမြင့်၊ အရှင်ဆန္ဒာဓိက စသဖြင့်ပေါ့ ။
အင်း အင်း ဟုတ်တယ်ဗျ။ ခုခေတ်အုပ်ဈေးတွေကလည်း အင်မတန်ကြီးမြင့်လေတော့ အရင်းအနှီး အတော်များတာပေါ့ ။ ဆိုင်ဆောက်စရိတ်ကုန်ကျတာရယ်၊ ကိုသော်ထူးက သူ့စိတ်ကြိုက်စာအုပ်တွေကို ရှာဖွေဝယ်ယူတာရယ်၊ ဆိုင်မှာ သူကြည် ညိုတန်ဖိုးထားတဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့ ဗိုလ်ချုပ်ပုံကို ပန်းချီအပ်ပြီး အကျအနချိတ်ဆွဲထားတာရယ်ကြောင့် တော်တော်လေးကုန်သွားတယ်လို့ သိရတယ်။
ကိုသော်ထူးလား..၊ ဟုတ်ပ.. ကျန်းမာရေးမကောင်းလို့ ဆေးပင်စင်ယူပြီး ၀န်ထမ်းလောကကို ကျောခိုင်းခဲ့တဲ့လူပေါ့။ ဒါကြောင့် အေးအေးဆေးဆေး အလုပ်အကိုင်လည်းဖြစ်တဲ့၊ သူဝါသနာပါရာ အလုပ်လည်းဖြစ်တဲ့ ဒီလုပ်ငန်းကို မိန်းမရဲ့ ရွှေထည်ကလေးတွေရောင်းပြီး လုပ်တာတဲ့ဗျ။
သြော် ခင်ဗျားက အံ့သြတယ်လား၊ မအံ့သြပါနဲ့၊ ဒါအကင်းလောက်ပဲရှိပါသေးတယ်မိတ်ဆွေ။ ကိုသော်ထူး စာပေ၀ါသနာကြီး ပုံများ ပြောပြရဦးမယ်။ ၀န်ထမ်းဘ၀တုန်းက လခထုတ်ရက်ဆိုရင် သူ့မိန်းမက သိပ်လန့်တာ။ သူ့အကြိုက်စာအုပ်တွေကို လျှောက်ဝယ်နေလို့ အိမ်ကို လခတ၀က် ပြန်ပါလာရင် ကံကောင်းတယ်မှတ်။ မိန်းမက ဈေးထဲမှာ ကုန်စုံဆိုင်ရောင်းနေလို့သာ ထမင်းအိုးမကွဲတာပေါ့။ သူ ဒီလို လုပ် လုပ်လာတိုင်း မိန်းမက သိပ်တော့ အပြစ်မတင်ပါဘူး။ ငါ့ယောက်ျားက တချို့တွေလို အရက်စွဲ၊ ဖဲစွဲမဟုတ်တဲ့ စာသမားလူအေးပါလေ၊ စာအုပ်အတွက်ငွေကုန်တာ ကိစ္စမရှိပါဘူး ဆိုပြီး စိတ်ဖြေနေရသတဲ့။
ဒါကြောင့်ပေါ့ဗျာ ၊ ဟိုတုန်းက သူ ဒီလို ဖတ်ဖို့မှတ်ဖို့ ၀ယ်စုခဲ့လို့ "အတွေးသစ်" မှာ စာအုပ်ကောင်းတွေ စုံနေတာပေါ့။ ခင်ဗျား ပဲကြည့်လေ၊ ဟိုး နှစ်ပေါင်း သုံးလေးဆယ်က စာအုပ်ကောင်းတွေ၊ ဒီဘက်ခေတ် စာအုပ်ကောင်းတွေ တွေ့တယ် မဟုတ် လား။
ဘယ်လို … အခုခေတ် နာမည်ကြီးနေတာတွေ ဟုတ်လား၊ အိုးဟိုး ကျွန်တော့်ဆရာ ကိုသော်ထူးက ဒါမျိုးတွေ မတင်ဘူးခင်ဗျ ။ ကျွန်တော့်နာမည်ကိုပဲကြည့်လေ။ "အတွေးသစ်" တဲ့။ အဲဒီလို ပျံတန်တန် နန့်တန့်တန့် ပေါ်ပင်စာအုပ်တွေ၊ အတွေး အခေါ်ကို အဆိပ်အတောက်ဖြစ်စေမယ့် စာအုပ်မျိုးတွေကိုတော့ လုံးဝ လုံးဝပါပဲတဲ့။ ကျန်တဲ့ ရသစာအုပ်တွေကိုတော့ စုံနိုင် သမျှ စုံအောင်တင်ပါတယ်။
တချို့က အဲဒီလို ပေါ်ပင်စာအုပ်တွေမတင်ဘူးဆိုတာကို မသိကြဘူးဗျ။ တခါက ခေတ်ဒီဇိုင်းနဲ့ ကောင်မကလေးတယောက် စာအုပ်လာငှားတာကို ကျွန်တော်သတိရနေသေးတယ်။ အဲဒီမှာ ကိုသော်ထူးနဲ့ တွေ့တော့တာပဲမိတ်ဆွေ ။
"ဦး .. သင်းမြမြမွှေး ရဲ့ စာအုပ်သစ် ထွက်ပြီလားဟင်.."
"သြော် အဲဒါတော့ မရှိဘူးကလေးမ၊ ခင်နှင်းယုရဲ့ မွှေး ကိုဖတ်ကြည့်ပါလား"
"ဟင့်အင်း၊ ဒါဆို ခိုးခိုးခစ်ခစ် (ဆေးတက္ကသိုလ်) ကော …”
"ဒါလည်းမရှိဘူးကွဲ့၊ တက္ကသိုလ်ဘုန်းနိုင်ဖတ်ကြည့်ပါလား တကယ်ကောင်းတာ”
"ဟင့်အင်း မဖတ်ချင်ဘူး၊ မဂ္ဂဇင်းတွေထဲကကော၊ ရင်ကွဲပက်လက်မဂ္ဂဇင်းဖြစ်ဖြစ်၊ တစ္ဆေချစ်သူမဂ္ဂဇင်းဖြစ်ဖြစ် ရနိုင်မလား ဦး "
"စိတ်မရှိနဲ့ကလေးမရေ၊ ဦးတို့ဆိုင်မှာ စာပေဂျာနယ် ၊ အတွေးအမြင် ၊ နောက် … "
ဆရာသမားကိုသော်ထူးစကားတောင်မဆုံးလိုက်ပါဘူးဗျာ။ ကောင်မလေး ခြေဆောင့်ပြီး ထွက်သွားတယ်။ နှုတ်ကလည်းပြောသွားသေးတယ်။ ဆိုင်ကလည်း “ တကယ့်ဒိုက်ဆိုင်ပဲ…” တဲ့။ ဒါမျိုးတွေကတော့ ခဏခဏပါပဲ။ တချို့ ကောင် လေးတွေ ညဘက် ဆိုင်ရှေ့ကဖြတ်သွားရင် နောက်သွားတတ်ကြတယ်။ ခေါင်းအုံးအိပ်စာပေ၊ အတွေးကြောင်စာပေ စသဖြင့်ပေါ့လေ။
ဘယ်သူတွေဘာပြောပြော၊ ကျွန်တော်တို့ ကိုသော်ထူးကြီးတယောက်ကတော့ အပြုံးမပျက်ပါဘူး။ စာပေမြတ်နိုးသူတွေ၊ စာဝါသနာကြီးသူတွေ သူ့ဆိုင်ရောက်လာရင် …
"ဟာ ခင်ဗျားဆိုင်ကတော့ တကယ့်အဆီအနှစ်တွေကိုချည်း စုထားတာပါလား" ဆိုတာမျိုး၊
"ကိုသော်ထူးရဲ့ စိတ်ဓာတ်ကိုတော့ ချီးလည်းချီးကျူး လေးလည်းလေးစားတယ်ဗျာ၊ ဒီခေတ်အနေအထားမှာ စာအုပ်ဆိုင် ဆိုတာ လိုကိုလိုအပ်တာဗျ " ဆိုတာမျိုး၊
"ဆိုင်နာမည်နဲ့ စာအုပ်တွေကတော့ အံဝင်ခွင်ကျပဲဗျို့၊ စာအုပ်တွေက အဟောင်းများပေမယ့် အကောင်းစားတွေကိုးဗျာ၊ ကာလကြာခဲ့ပေမယ့် အတွေးတွေ အရေးအသားတွေကတော့ ဘယ်အချိန်ကောက်ဖတ်ဖတ် လတ်ဆတ်နေတုန်းပါပဲဗျာ၊ ဒါကြောင့် ကျုပ်လည်း စာအုပ်ကောင်းဖတ်ချင်သူတွေဆို ဒီဆိုင်ကိုပဲ ညွှန်းလိုက်တယ်" ဆိုတာမျိုး စသဖြင့်ကြားလိုက်ရရင် ဘယ်ပီတိနဲ့မှ မလဲနိုင်ဘူးဆိုပဲ။
အခက်အခဲလား၊ ရှိပါ့ဗျာ ရှိပါ့။ ဘယ်အလုပ်မဆို အခက်အခဲဆိုတာ ရှိစမြဲပဲမဟုတ်လား။ သေချာတာက အဲဒီအခက်အခဲ တွေနဲ့အတူ လူတွေရဲ့ အကျင့်တွေ ဗီဇတွေကိုလည်း သိလာခဲ့ရတယ်ဗျ။ အပေါ်ယံအနေအထိုင် အပြုအမူနဲ့ အတွင်းစရိုက် ကွာခြားသွားတာတွေကိုပေါ့ဗျာ။
ခင်ဗျား လမ်းထိပ်က ဟိုကောင်မလေးကို သိတယ်မဟုတ်လား။ ကျွတ် ..ဘယ်သူလဲဗျာ။ အဲ ဟို နွယ်သီဆိုတဲ့ ကောင်မလေးပေါ့။ ၀တ်တာစားတာအဆင့်မြင့်မြင့်၊ ရုပ်ကလေးကလည်း လှလှပပနဲ့ စာအုပ် အကိုင်အတွယ်ကျတော့ သိပ်ပက်စက်တာဗျ။ စာအုပ်ပြန်လာအပ်ပြီဆိုရင် ရေစိုပြီး စုတ်ပြဲလာတာနဲ့၊ စာအုပ်အဖုံးတွေ တွန့်ခေါက်လာတာနဲ့ တကယ့်ကို ဖြစ်ကတတ်ဆန်းပါပဲ။ ဟို တခေါက်ကဆို ပိုဆိုးသေး၊ ငှားသွားတဲ့စာအုပ် နွားသေးခွက်ထဲ ကျသွားလို့တဲ့၊ ခုထိ နွားသေးနံ့ လှိုင်နေတုန်းပဲ။
နောက်ရှိပါသေးတယ်။ ဟိုဘက်လမ်းထဲက အမြဲတမ်း ကြော့ကြော့မော့မော့နဲ့ ခပ်ထည်ထည်နေတတ်တဲ့ သင်းသဒ္ဒါဆိုတဲ့ အမျိုးသမီး။ စာအုပ်ငှားသွားပြီး သူကြိုက်တဲ့ စာပုဒ် ၊ သူသဘောကျတဲ့ရုပ်ပုံတွေ့လိုက်လို့ကတော့ တခါတည်း ဗြိခနဲပဲ ၊ ဖြဲယူထားလိုက်တယ်။ အစကတော့ မသိပါဘူး။ နောက် သူ စာအုပ်လာအပ်တုန်း အမှတ်မထင် လှန်လှောကြည့်မိလို့ သိလိုက်တာ။ ဒါကြောင့် ဆရာသမားကိုသော်ထူး ဒေါပွပွနဲ့ တော်တော့ကို ကြိမ်းမောင်းပစ်လိုက်တယ်။ ဘယ့်နှယ်ဗျာ ၊ ကိုယ်ကြိုက်တဲ့ စာပုဒ်တွေ့လို့ လက်ညောင်းခံပြီး ကူးမယူချင်ရင်တောင် မိတ္တူကူးထားလိုက်ပေါ့ ။ ခုတော့ စိတ်ကုန်စရာ။ အဲဒီ နွယ်သီနဲ့ သင်းသဒ္ဒါလို လူမျိုးတွေ များမှများ ။ ကျွန်တော်က ခင်ဗျား သိလွယ်တဲ့သူတွေကို ရွေးပြီးပြောပြတာ။
ပြီးတော့ ဟို ကိုအုန်းမြင့်ဆိုတဲ့လူကျတော့လည်း တမျိုး။ သူက ကိုသော်ထူးနဲ့လည်း တော်တော်ရင်းနှီးတယ်။ ဆိုင်မှာလည်း စာအုပ်အမြဲငှားတယ်။ သူ့လုပ်ပေါက်ကလည်း ခပ်သင်းသင်းပဲ။ သူက စာအုပ်တအုပ်ငှားသွားရင် တော်တော်နဲ့ ပေါ်မလာ တော့ဘူး။ တနေ့တမျက်နှာနှုန်းနဲ့ ဖတ်ပြီး ရက်နှစ်ဆယ် ၊ တလ စသဖြင့် ကြာနေတတ်တယ်။ ပြန်အပ်တဲ့အခါကျတော့လည်း ကောင်းကောင်းမွန်မွန် မအပ်ဘူး။ ဆိုင်ရှင်အလစ်မှာ စာအုပ်ကို တန်းပေါ်ပြန်တင်ပြီး သူ့ ငှားစာရင်းကို သူ့ဘာသာ ဖျက်သွား တတ်တယ်။ အစပိုင်းမှာတော့ ကိုသော်ထူးလည်းမရိပ်မိဘူး။ ဆိုင်မှာက ကိုသော်ထူးရယ် ၊ ဆယ်တန်းအောင်ပြီး အားလပ် နေတဲ့ သူ့သားရယ်တလှည့်စီထိုင်ကြတော့ အဖေဆီမှာမအပ်ရင် သားဆီမှာ ၊ သားဆီမှာမအပ်ရင် အဖေဆီမှာ အပ်တယ် ထင်နေကြတာကိုး။ နောက်သိသွားတော့မှ ဒီလိုမလုပ်ဖို့၊ ပိုက်ဆံပြတ်နေလို့ ဖတ်ချင်တဲ့စာအုပ်ရှိနေတယ်ဆိုရင် ပွင့်ပွင့်လင်း လင်းပြောပြီး အလကားယူဖတ်ဖို့၊ နောက်ထပ်ဖတ်ချင်သူတွေ ရှိနေသေးတဲ့အတွက် စာအုပ်ကို မြန်မြန်ဖတ်ဖို့ စသဖြင့် ကိုသော်ထူးကပြောလိုက်တယ်။ အဲဒီကတည်းက ကိုအုန်းမြင့်လည်း ဆိုင်နားသိပ်မကပ်တော့ဘူး။ ရှက်သွားတယ်ထင်ပါရဲ့။
အဲ… ကျော်ချစ်လိုကောင်ကျတော့ ဂျင်ပေါ်ကထုံးဗျ။ ကြည့်လေ၊ ဟိုတုန်းက စာအုပ်ကောင်းကြီးတအုပ်ကို ငှားသွးတယ်ဗျာ။ ပြီးတော့ ဆိုင်မှာလာပြောတယ်။ ပျောက်သွားလို့ အစ်ကိုရယ်၊ ကျွန်တော့်သူငယ်ချင်း တယောက် ဖတ်ချင်တယ်ဆိုလို့ ပေးဖတ်လိုက်တာ၊ အခု ရှာမတွေ့တော့ဘူး။ အဲဒါ စာအုပ်ဖိုးလာလျော်တာပါ ဆိုပြီး ငွေနှစ်ထောင်လာလျော်သွားတယ်။ စာအုပ်ကလည်း ရှားပါးစာအုပ်ကောင်းဆိုတော့ ကိုသော်ထူးခမျာ နှမြောတော့တာပေါ့။ ဒါပေမဲ့ ဘယ်တတ်နိုင်ပါ့မလဲ ၊ ကံတရားပေါ့ လို့ စိတ်ဖြေနေလိုက်တယ်။ ပြီးတော့ အဖိုးတန်စာအုပ်ဆုံးရှုံးသွားလို့ စိတ်မကောင်းဖြစ်မိပေမယ့် ကျော်ချစ်ရဲ့ အသိစိတ်ဓာတ်ကိုတော့ ချီးကျူးသင့်တယ်၊ တချို့ဆီကများ အလျော်တောင်မရဘူး ဘာညာနဲ့ သူ့မိန်းမကို ပြောပြနေ သေးတယ်။
မကြာပါဘူး ။ ဟိုတုန်းက ကျော်ချစ်နဲ့ အလွမ်းသင့်တဲ့လူတယောက် နောက်ပိုင်းမှာ အခန့်မသင့်တော့လို့ သူသိထားတဲ့ ကျော်ချစ်လုပ်ရပ်ကို လာပြီးဖော်ကောင်လုပ်တယ်။ ကျော်ချစ်ငှားသွားတဲ့စာအုပ်မျိုးဟာ အဟောင်းဈေးမှာ ရှစ်ထောင်ကျော် အထိ ဈေးရှိကြောင်း၊ ကျော်ချစ်ရဲ့အသိတယောက်က အဟောင်းဈေးကစာအုပ်ကို ဈေးများနေလို့ လိုချင်လျက်နဲ့ မ၀ယ်နိုင်ဖြစ်နေကြောင်း၊ ဒါကိုကျော်ချစ်သိတော့ ကိုသော်ထူးဆိုင်ကစာအုပ်ကိုငှားပြီး ဟိုလူကို ငါးထောင်နဲ့ရောင်းပြီး နှစ်ထောင်ကိုတော့ စာအုပ်ပျောက်လို့ ရိုးရိုးသားသားလာလျော်ပေးသလို လုပ်ခဲ့ကြောင်း အစရှိသရွေ့ပြောပြတော့ ကိုသော် ထူးဒေါပွတာကို ခင်ဗျားမြင်စေချင်တယ်။ ကျော်ချစ်ကို ခုပဲလိုက်ရှာပြီး တခုခုလုပ်တော့မလို ကြိမ်းဝါးနေလိုက်တာ။ စာသမားဒေါသဆိုတော့လည်း ခဏပါပဲ၊ ကိုသော်ထူးက သူ့စိတ်သူ့ပြန်လျှော့သွားပေမယ့် အပြစ်လုပ်ထားတဲ့ကျော်ချစ် ကတော့ သူ့လိပ်ပြာသူမလုံဖြစ်ပြီး ဆိုင်ရှေ့လမ်းကတောင် ဖြတ်မလျှောက်ရဲတော့ဘူး။
နောက်ထပ် အခက်အခဲတွေဆိုတာလည်း အများကြီးပါပဲဗျာ။ လူသစ်တွေကိုအားနာပြီး စပေါ်ငွေမတောင်းမိလို့ စာအုပ်တွေ လိမ်ခံရတာနဲ့၊ ဆိုင်ထဲမှာ လူရှုပ်နေတုန်း စာအုပ်ဖြောင်သွားတာနဲ့၊ ငှားထားတာရက်ကြာလာတော့ အပ်ပြီးပြီဆိုပြီး ဗြောင်လိမ်သွားတာနဲ့၊ ရက်အကြာကြီးထားပြီး ပြန်အပ်တဲ့အခါ တပြားမှ ပါမလာသူတွေနဲ့ စုံလို့ပါပဲ။ ကိုသော်ထူးရဲ့သားလည်း စာအုပ်ပြန်မအပ်တဲ့သူတွေဆီကိုလိုက်တောင်းရလွန်းလို့ ခြေတို စိတ်တိုဖြစ်နေပြီ။
အခုတော့ သင်ပုန်းကြီးတချပ်ကို ဆိုင်ရှေ့ထောင်ပြီး စာအုပ်ပြန်မအပ်တဲ့လူတွေ၊ လိမ်သွားတဲ့လူတွေ၊ ကြွေးကျန်တဲ့လူတွေရဲ့အမည်တွေကိုရေးထားတာ ခင်ဗျားအမြင်ပဲလေ။ ဒီနည်းက သိပ်ကောင်းတယ်ရယ်လို့လည်း မဟုတ်ပါဘူး။ ဒီလိုရေး ထားလိုက်တော့မှ ရှက်ပြီးစာအုပ်ပြန်အပ်တာတွေ၊ အကြွေးပြန်ဆပ်တာတွေ နည်းနည်းပါးပါးရှိပေမယ့် တချို့က မလိုတမာ အငြိုးထားပြီး ညဘက် ခဲနဲ့ထုသွားသေးတယ်လေ။
ဘယ်လို … ငှားရတဲ့အရေအတွက်နဲ့ လစဉ်ဝင်ငွေ ဟုတ်လား။ ရှူး … တိုးတိုးဗျ တိုးတိုး။ တခြားသူတွေ ကြားသွားဦးမယ်။ ခင်ဗျားသိတဲ့အတိုင်း ကျွန်တော့်ဆရာတင်တဲ့စာပေမျိုးက သီးသန့်အထူးလိုင်းဆိုတော့ အငှားထိုင်းတယ်လေ။ ပြီးတော့ ဒီခေတ်လူငယ်တွေကလည်း ဂိမ်းတွေ ၊ တခြားဖျော်ဖြေရေးဘက်တွေဆီ အာရုံကျပြီး စာအုပ်ဘက် စိတ် သိပ်မရောက် တော့ဘူး။ ဟိုတုန်းက စာကို တနေ့တအုပ်ဖတ်ပြီးမှ အိပ်ပျော်တယ်ဆိုတဲ့ စာသမားတချို့တောင် ၀မ်းရေးတွေနဲ့ထွေပြားပြီး စာဘက်မလှည့်နိုင်တော့ဘူး။ ဒီတော့ လစဉ်ဝင်ငွေဆိုတာတော့မပြောတော့ပါဘူး။ ဆိုင်အတွက် လစဉ် စာအုပ်ပြန်ဝယ် တဲ့အခါမှာတောင် မလောက်တာများလို့ သူ့မိန်းမကုန်စုံဆိုင်ကငွေကို ခဏခဏ ယူသုံးရသေးသဗျ။ ဒါဆို ခင်ဗျား သဘော ပေါက်ပါတယ်နော်။
အခုလက်ရှိ ဆိုင်ရဲ့ကျန်းမာရေးလား၊ အင်း ကျွန်တော့်ဆရာကိုသော်ထူးလိုပေါ့ဗျာ။ ခပ်ယဲ့ယဲ့လေးပေါ့။ ပြုတ်တော့ မပြုတ်သေးပါဘူး။ ဒါပေမဲ့ ပြန်ဆပ်မယ်ဆိုတဲ့ကတိနဲ့ ကုန်စုံဆိုင်ကချေးထားတဲ့အကြွေးတွေကတော့ များလာပြီပေါ့ဗျာ။ (တကယ်ဆပ်မှာလည်း မဟုတ်ပါဘူး..။)
အဲ .. အကြွေးဆိုလို့ အကြွေးနဲ့ ပတ်သက်ပြီး ခင်ဗျားကိုပြောပြရဦးမယ်။ ကျွန်တော်လည်း ပြီးခဲ့တဲ့နှစ် တန်ဆောင်တိုင် ကျီးမနိုးပွဲညတုန်းက နာမည်ပြောင်းသွားသေးတယ်ဗျ၊ သိလား။ ဒီလိုလေ …
အဲဒီညက ကျွန်တော့်ရဲ့ " အတွေးသစ် " ဆိုတဲ့နာမည်ပေါ်မှာ ကတ်ထူပြားကလေးတချပ် တိတ်တိတ်လေးလာချိတ်သွားတယ်။ ကတ်ထူပြားပေါ်မှာ ဆော့ပင်နဲ့ ရေးထားတယ်လေ။
"အကြွေးသစ် စာပေ " တဲ့ ။
ဒါကို မိုးလင်းဆိုင်ဖွင့်တော့မှ ကိုသော်ထူးတွေ့သွားတယ် ။ ဆရာသမားလည်း ခပ်ရှက်ရှက်နဲ့ ကတ်ထူပြားကို ခပ်မြန်မြန်ပြန်ဖြုတ်ပြီး ဘယ်သူတွေများမြင်သွားသေးလဲလို့ ဘေးပတ်ဝန်းကျင်ကို ပြူးပြူးပြာပြာကြည့်လိုက်သေးတယ်။ မနက်စောစောမို့ တော်သေးတာပေါ့။ ညက ကျီးမနိုးပွဲမှာ ဘယ်ကောင်လက်ကမြင်းသွားတာလဲမသိဘူးဆိုပြီး ရေးထားတဲ့ လက်ရေးကို အသေအချာကြည့်လိုက်တော့မှ တရားခံပေါ်တော့တယ်။
သြော် ခင်ဗျားနှယ် … ဘယ်သူရှိရမှာလဲ ။ ဒီဆိုင်အကြောင်းကို အတွင်းသိ ၊ အစင်းသိ ၊ အကုန်သိတဲ့ ကိုသော်ထူးမိန်းမပေါ့ဗျာ ။
ဆောင်းဖြူ