ခင်လေး - ပန်းပန်လျက်ပါရှင်


ခင်လေး - ပန်းပန်လျက်ပါရှင်
(မိုးမခ) မတ်လ ၄၊ ၂၀၁၆
 
အရှေ့ကို ~~~လျှောက်ပါလို့ ~~~ အနောက်ကိုတဲ့ ~~~ မျှော်လိုက်ရင် ~~~ တံခွန်တိုင်~~ ရွှေကုက္ကားနဲ့ ~~~

ကြည်လင်ချိုမြတဲ့ အန်တီဒေါ်ရီရီသန့်ရဲ့ အသံရယ် မြန်မာ့ဆိုင်းဝိုင်းက တီးလိုက်တဲ့ ဗြောသံနဲ့အတူ ဆီဒိုနားဟိုတယ်၊ မင်း တုန်းခမ်းမကြီးထဲမှာရှိနေတဲ့ လူတွေအားလုံး လှုပ်လှုပ် ရွရွတွေဖြစ်ကုန်ကြလေရဲ့။

စည်း ဝါးနဲ့ ကိုက်ညီအောင် ဟန်ချက်ညီညီ လှမ်းလာတဲ့ ကျောက်ဆည် ဆင်ရုပ်ကြီးပေါ်မှာတော့ တည်ကြည်ခန့်ညား စွာထိုင်နေတဲ့ မောင်ရင်လောင်းလေးတယောက်။  သူ့ရဲ့အနောက်ဘက်က လှပစွာတန်ဆာဆင်ထားတဲ့ ဝေါယဉ်ပေါ်မှာတော့ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ အမေတူသမီးချောလေးက ထိုင်လို့။

သူ့ထက်ငါ အလှချင်းပြိုင်နေတဲ့ ကွမ်းတောင်ကိုင်တွေရဲ့ ရှေ့မှာတော့ … … … … … ကျွန်မချစ်သော မမအေး။

ဟုတ်ပါတယ်။ မမအေးတယောက် သားမောင်ရင်လောင်းရဲ့ သပိတ်ကို ပိုက်၊ သူအလွန်ကြိုက်တဲ့ သဇင်တွေကို ဝေနေ အောင်ပန်လို့ ရှေ့ဆုံးကနေ ဗြောသံနဲ့အညီ လျှောက်လာလေရဲ့။

ဧည့်သည်တွေကို နေရာချရင်း စင်မြင်နားမှာ ရပ်နေတဲ့ ကျွန်မကို ပြုံးပြီး လှမ်းကြည့်လိုက်တဲ့ ကျွန်မချစ်သော မမအေးရဲ့ မျက်ဝန်းအစုံက မျက်တောင်လေးတွေ ပုတ်ခတ်လိုက်လို့ လွင့်စင်သွားတဲ့ မျက်ရည်ဥလေးတွေရဲ့ အဓိပ္ပာယ်ကိုတော့ ကျွန်မ က လွဲလို့ ဘယ်သူမှသိနိုင်မှာ မဟုတ်ချေ။
±±±±±±  ±±±±±±  ±±±±±±

"ခိုင်ရေ မမတော့ အလုပ်ထွက်တော့မယ်ကွယ်…" ။

ရုံးရောက်ရောက်ချင်း ဆိုင်းမဆင့် ဗုံမဆင့် မမအေးကပြောလိုက်တော့ ကျွန်မ အလွန်အံ့အားသင့်သွားမိသည်။

ကျွန်မနှင့် မမအေးက တရုံးတည်းဆိုပေမဲ့ ဌာနတော့ မတူကြ။  ကျွန်မက မမအေးရဲ့ ခင်ပွန်း အိုင်တီ မန်နေဂျာ ကိုမျိုးမင်း ဇော်ရဲ့ လက်အောက်က ဝန်ထမ်းတယောက်။  မမအေးက စာရင်းဌာနက စာရင်းကိုင်ချုပ်။  ဒါပေမဲ့ မမအေးနဲ့ သူ့ခင်ပွန်း လက်မထပ်ခင်ကတည်းက ကျွန်မတို့နှစ်ယောက်က ညီအစ်မရင်းတွေလို ခင်မင်လာခဲ့ကြသည်။  မမအေး အိမ်ထောင်ကျလို့ သားတယောက်၊ သမီးတယောက် ထွန်းကားသည်ထိ အခင်မင်မပျက်ခဲ့။  ခုတော့ မမအေးက အလုပ်ထွက်တော့မယ်ဆိုတော့ စိတ်မကောင်းဖြစ်သွားမိသည်။

"သားက သူငယ်တန်း တက်ရတော့မယ်လေ ခိုင်လေးရယ်။  အဲ့ဒါကြောင့် ကိုမျိုးက မမအေးကို အလုပ်ထွက်ပြီး ကလေးကို ဂရုစိုက်ဖို့ပြောလာတယ်လေ……"။

ဟုတ်ပါရဲ့… သားသားတောင် ဒီနှစ်ဆို သူငယ်တန်း စတက်ရပြီပဲ။

မမအေးအတွက်က အလုပ်ကို ဝါသနာအရလုပ်နေခြင်းသာဖြစ်သည်။  ပညာတတ် ပြည့်စုံသည့် အသိုင်းဝိုင်းကမွေးဖွားလာသူမို့ အလုပ်ထွက်လိုက်လို့လည်း ပူပင်စရာမရှိလှချေ။  ကျွန်မမှာသာ သူမရှိသောကြောင့် ပျင်းကျန်ခဲ့ရမှာဖြစ်သည်။
±±±±±±  ±±±±±±  ±±±±±±

အစည်းဝေးခန်းထဲက ပြန်ရောက်ရောက်ချင်း ကျွန်မရဲ့ လက်ကိုင်ဖုန်းကို မမအေးခေါ်ထားတဲ့ ဖုန်း Missed Calls တွေကြောင့် ခါတိုင်းလို သူ့အိမ်လာလည်ဖို့ ခေါ်သည်ထင်လို့ ဖုန်းပြန်ဆက်ဖို့ လုပ်နေတုန်း မမအေးက ဖုန်းထပ်ဆက်လာသည်။

"ခိုင်လေး မမအေးကို မကွယ်ဝှက်ပဲ အမှန်တိုင်းပြောနော်။  မမ ခိုင်လေးကို ယုံတယ်။"

မမအေးဆီက ထူးဆန်းတဲ့ စကားတွေကို ကျွန်မကြားလိုက်ရသည်။

"အိအိချိုကို ခိုင်လေးသိတယ် မဟုတ်လား။  မမအေး အလုပ်ကမထွက်ခင် အိုင်တီကို အသစ်ရောက်လာတဲ့ကောင်မ လေး လေ..။"

ပြီးခဲ့တဲ့ သုံးလက အလုပ်ထွက်သွားတဲ့ မမအေးက ဒီကောင်မလေးကို ဘာလို့မေးတာပါလိမ့်လို့တွေးရင်း … …

"ဟုတ် မမ၊ ခိုင်လေး သိပါတယ်၊ ဘာဖြစ်လို့လဲဟင်.." လို့ မေးလိုက်တော့ … …

"ကိုမျိုးနဲ့ ဒီကောင်မလေး တခုခုပတ်သတ်နေတယ်လို့ မမထင်လို့ ခိုင်လေးကို လှမ်းမေးတာပါ။ ရုံးမှာ သူတို့အနေအထိုင် ဘာများထူးလဲလို့လေ..။"

"ခိုင်လေးတို့ စင်ကာပူကို ပရောဂျက်တခုတွက် အတူတူသွားတုန်းကတော့ ဘာမှ ထူးခြားတာ မတွေ့မိပါဘူး မမရယ်။  ခုလည်း ရုံးမှာ ဘာသံမှ မကြားမိပါဘူး..။"

"ကိုမျိုးရဲ့ ဖုန်းထဲမှာ မက်ဆေ့တွေရယ်၊ ကောင်မလေးနဲ့ တွဲရိုက်ထားတဲ့ ပုံကိုတွေ့လို့ မမက သူ့ကိုမေးတော့ သူ စိတ် တွေဆိုးပြီး ရန်လုပ်တယ်လေ…" လို့ မမအေးက စိတ်ထိခိုက်စွာ ထပ်ပြောလာသည်။

"မမရယ် ခရီးသွားတုန်းက ကောင်မလေးက ဆရာနဲ့ တွဲရိုက်ချင်တယ်ဆိုလို့ ရိုက်ထားတာနေမှာပါ။  မမစိတ်ထင်မှားတာ နေမှာပါ.." ကျွန်မလည်း ဘယ်လိုမှ မဖြစ်နိုင်ဟု ထင်ထားသည်မို့ မမအေးကို စိတ်မပူပါနဲ့လို့ အားပေးနှစ်သိမ့်လိုက်ရသည်။

ချစ်သူသက်တမ်း အကြာကြီး ချစ်ခဲ့ပြီးမှ လက်ထပ်ခဲ့ကြတဲ့  မမအေးတို့ စုံတွဲအကြောင်းကို ကျွန်မ ကောင်းကောင်းသိသလို၊ ဆရာ ကိုမျိုးမင်းဇော်ကလည်း မမအေးကို တော်တော်လေးကို ချစ်မှန်း တရုံးလုံးက သိသည်။  မမအေး အိမ်မှာနေတာကြာ သွားလို့ သူ့ခင်ပွန်းကို သဝန်တိုနေတာပါလေလို့ ကျွန်မ ခပ်အေးအေးပဲ တွေးထားလိုက်မိသည်။
±±±±±±  ±±±±±±  ±±±±±±

"ကလင်…ကလင်…ကလင်……" အိမ်ရှေ့ ဧည့်ခန်းက ဖုန်းမြည်သံနှင့်အတူ ကျွန်မကို မေမေက လှမ်းခေါ်လို့ မေမေ့လက် ထဲက ဖုန်းကို လှမ်းယူနားထောင်လိုက် ချိန်မှာတော့ … … … … … နံနက်စောစော ရုံးကို သွားဖို့ပြင်ဆင်နေသည့် ကျွန်မ တကိုယ်လုံး အရုပ်ကြိုးပျက်သလို ဖြစ်သွားရပါတော့သည်။

ရုံးကခွင့်ယူပြီး မမအေးတို့ အိမ်ကို ရောက်သွားချိန်မှာတော့ အိပ်ခန်းထဲက ခုတင်ထောင့်လေးမှာ တယောက်ကို တယောက် တင်းကျပ်စွာဖက်ရင်း ရှိုက်ငိုနေတဲ့ မမအေးတို့ သားအမိတွေ … … … …

မယုံကြည်နိုင်ခြင်း၊ ထိတ်လန့်တုန်လှုတ်ခြင်းတွေပြည့်နေတဲ့ ကျွန်မမှာ "ဖြစ်မှ ဖြစ်ရလေ မမရယ်" ဆိုတဲ့ စကားကလွဲလို့ ပြောစရာ စကားလုံး မရှိဖြစ်နေတုန်းမှာပဲ ကျွန်မလက်ကိုလှမ်းကိုင်ရင်း … … … …

"သူ အိအိချိုကိုခေါ်ပြီး နိုင်ငံခြားကို ထွက်ပြေးသွားပြီ ခိုင်လေး" လို့ပြောကာ မမအေး တယောက် ကြမ်းပြင်ပေါ်မှာ ပုံလျက် သား လဲကြသွားပါတော့သည်။
±±±±±±  ±±±±±±  ±±±±±±

ဘယ်စာကို ~~~ မောင်သင်မတုန်း~~~~~

အန်တီ ရီရီသန့်ရဲ့ ချိုမြတဲ့ အသံက အတွေးယာဉ်ကြောမှာနစ်မြောနေတဲ့ ကျွန်မကို လှုပ်နှိုးလိုက်ပါသည်။

ကြာတော့လည်း ကြာခဲ့ပါပြီ။  ကြာခဲ့သည့်အချိန်တွေကပဲ အရာရာကို တည်ငြိမ်စွာ ပြောင်းလဲစေခဲ့ပါပြီလေ… …။

"သားသားက ကိုရင်ဝတ်နဲ့ သိပ်လိုက်ဖက်တာပဲကွယ်။  တီတီခိုင် သားကိုရင်ကို မုန့်တွေ လှူဖို့ယူလာတယ်။  တီတီ့ ကို ဆုပေးဦးနော်…။"

"ဟုတ်ကဲ့။ မေမေငိုရသလိုမျိုး တီတီခိုင် မငိုရပါစေနဲ့ လို့ ကိုရင်က ဆုပေးပါတယ်..။"

ဘုရားရေ… … ကျွန်မ သိပ်အံ့အားသင့်သွားရပါသည်။  သားသားက သူ့အဖေကို သတိရနေတယ် ထင်ရဲ့ လို့တွေးမိပြီး မမအေး မျက်နှာကို လှည့်ကြည့်လိုက်တော့ ဝေ့ဝဲသွားတဲ့ မျက်ရည်စတွေကို သိမ်းရင်း မမအေးက … …

"ဟုတ်တယ် ခိုင်လေး၊ ငါ့ညီမလေး.. သားသားပေးတဲ့ ဆုထဲက အတိုင်း မမလို မငိုရပါစေနဲ့ကွယ်။"

"ခိုင်လေးရယ် ချစ်လှချည်ရဲ့ ဆိုပြီးတည်ဆောက်ခဲ့တဲ့ အိမ်ထောင်ရေးဟာ ခုတော့လည်း မြင်တဲ့ အတိုင်းပဲလေ။  တကယ် တော့လေ အချစ်ဆိုတာ အသစ် အသစ်တွေကို မွေးဖွားနိုင်ပါတယ်။  အဲ့ဒါကြောင့် အချစ်ဆိုတာထက် မေတ္တာတရား၊ ကိုယ်ချင်းစာစိတ်နဲ့ အိမ်ထောင်တခုကို တည်ဆောက်တာဟာ အကောင်းဆုံးပါပဲကွယ်။  ငါဒီလို ပြောရင်၊ လုပ်ရင် သူဘယ် လောက် နာကျင်ခံစားရမလဲ ဆိုတဲ့ ကိုယ်ချင်းစာတရား၊ မေတ္တာစိတ်နဲ့ကသာ အပြန်အလှန် နွေးထွေးပြီး မေတ္တာတွေ လွှမ်းခြုံထားတဲ့ သုခရိပ်မြုံတခုကို တည်ဆောက်နိုင်တာပါ ကွယ်..။"

အချစ်ဆိုတာ အသစ် အသစ်တွေမွေးဖွားနိုင်သတဲ့လား မမရယ်။  ဟုတ်မှာပါလေ။  ဒါကြောင့်လည်း လွန်ခဲ့တဲ့ သုံးနှစ်က မမကိုထားခဲ့တဲ့ ကိုမျိုးမင်းဇော် တယောက် အိအိချိုကို ကိုယ်ဝန်ကြီးနဲ့ ပစ်ထားခဲ့ပြီးနောက်တယောက်နဲ့ ထွက်သွား နိုင်တာပေါ့လို့ ကျွန်မတွေးနေမိသည်။

"ဖြစ်ဖြစ်ချင်းကတော့ အရမ်းကို လောင်မြိုက်ခဲ့ရတာပေါ့။  ခုတော့ သားလေးရယ်၊ သမီးလေးရယ်နဲ့ မမ ဘဝလေး ပြည့်စုံ အေးချမ်းနေပါပြီ ခိုင်လေးရယ်။ သူတို့လေးတွေတွက် လိုအပ်နေတဲ့ ဖခင်မေတ္တာ ကွက်လပ်လေးကို ဖြည့်ရင်း မမ တလောကလုံးကို ရင်ဆိုင်ဖို့ အသင့်ပါကွယ်၊ ကဲ…မမတို့ တရား နာဖို့ သွားရအောင် ခိုင်လေးရေ လာ လာ…။"

သြော်.. မမရယ် မမရဲ့ မေတ္တာနဲ့ တည်ဆောက်ထားတဲ့ မိသားစု ဘဝလေး ကွက်လပ်ဖြစ်နေပေမဲ့ ကွက်လပ်မရှိသလို အေးချမ်းနေမှာပါ။  ပြုသူအသစ် ဖြစ်သူ အဟောင်းဆိုပေမဲ့ မိန်းမသားဖြစ်တဲ့ မမအေးကတော့ လှေခွက်ချည်းကျန် အလံမလှဲ ပန်းပန်လျက် ရှိနေမှာပါ မမရယ်လို့ တွေးရင်း သားနဲ့သမီးကိုလက်ဆွဲပြီး တရားနားဖို့ထွက်သွားတဲ့ မမနောက်ကို အပြေးလေး လိုက်ခဲ့မိပါတော့သည်။

(မေတ္တာတရားနဲ့ အေးချမ်းတဲ့ မိသားစု ဘဝလေးတွေကို တည်ဆောက်နိုင်ကြပါစေ……။)

ခင်လေး
23-4-2015( 23:43 pm)

(Education Digest အပတ်စဉ် ဂျာနယ်တွင်လည်း ဖော်ပြခဲ့ဖူးပါသည်။)