ဇင်လင်း - သမ္မတ ဦးထင်ကျော် အစိုးရနှင့်အတူ သမိုင်းစာမျက်နှာသစ် ဖွင့်လှစ်ရေး….

ဇင်လင်း - သမ္မတ ဦးထင်ကျော် အစိုးရနှင့်အတူ သမိုင်းစာမျက်နှာသစ် ဖွင့်လှစ်ရေး….
(မိုးမခ) မတ် ၂၁၊ ၂၀၁၆

၁၉၆၂ ခုနှစ် မတ်လကစတင်ပြီး စစ်အာဏာရှင်စနစ်အောက် ကျရောက်ခဲ့ရတဲ့ မြန်မာနိုင်ငံဟာ ၅၄ နှစ်ကြာခဲ့ပြီးနောက် ဒီနှစ် မတ်လမှာ အာဏာရှင်စနစ်အောက်က လွတ်မြောက်ဖို့ လမ်းစပေါ်ပြီလို့ ဆိုနိုင်ပါပြီ။ မတ် ၁၅ ရက် မွန်းလွဲပိုင်းမှာ ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအတွင်း သမ္မတလောင်းသုံးဦးထဲမှ သမ္မတ၊ ဒုသမ္မတ (၁)၊ ဒုသမ္မတ (၂) တို့ကို ရွေးချယ်တင်မြှောက်လိုက်ပါပြီ။ ဦးထင်ကျော်ကို မဲအရေအတွက် (၃၆၀) မဲနဲ့ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက် လိုက်ကြောင်း လွှတ်တော်နာယက ဦးမန်းဝင်းခိုင်သန်းက ကြေညာခဲ့ပါတယ်။

ပြည်ထောင်စု လွှတ်တော်မှာ မဲပေးခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် ၆၅၃ ဦးရှိရာတွင် (၁) ဦးပျက်ကွက်ခဲ့ပြီး ၆၅၂ ဦး မဲပေးခဲ့ပါတယ်။ နေပြည်တော် လွှတ်တော် အစည်းအဝေးခန်းမမှာ လျို့ဝှက် မဲစနစ်နဲ့ ရွေးချယ်ခဲ့ပါတယ်။ ဦးထင်ကျော် (၃၆၀) မဲ၊ ဦးမြင့်ဆွေ (၂၁၃) မဲ၊ ဦးဟင်နရီဗန်ထီးယူ (၇၉) မဲ အသီးသီး ရရှိခဲ့ကြပါတယ်။ ဒါကြောင့် ဦးထင်ကျော် သမ္မတ၊ ဦးမြင့်ဆွေ ဒုသမ္မတ (၁)၊ ဦးဟင်နရီဗန်ထီးယူ ဒုသမ္မတ (၂)  စသဖြင့် အသီးသီး ရွေးချယ်တင်မြှောက်ခံခဲ့ကြရတယ်။

သမ္မတသစ် ဦးထင်ကျော်က သူ သမ္မတအဖြစ် ရွေးချယ်ခံရတာဟာ ပြည်သူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောင်ပွဲ ဖြစ် တယ်လို့ ရွေးချယ်ခံရတဲ့နေ့က ပြောလိုက်ပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာ သမ္မတသစ် ရွေးချယ်တင်မြှောက်ပွဲအပြီး ပြန်အထွက်မှာ “ပြည်သူတွေကို ဘယ်လိုသတင်းစကားပါးချင်ပါသလဲ” လို့ သတင်းထောက်တွေက မေးမြန်းတာကို သမ္မတ ဦးထင်ကျော်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

"ပြည်သူတွေရဲ့ စေတနာ မေတ္တာနဲ့ ဖြစ်တာပါ၊ ပြည်သူတွေရဲ့အောင်ပွဲ၊ အမ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောင်ပွဲပါ၊ ကျေးဇူး အများကြီးတင်ပါတယ်" လို့သမ္မတ ဦးထင်ကျော်က တိုတိုရှင်းရှင်း ပြောခဲ့ပါတယ်။

သမ္မတ ဦးထင်ကျော်ဟာ နိုင်ငံ့ဂုဏ်ဆောင် နာမည်ကျော်ကဗျာဆရာကြီး မင်းသုဝဏ်ရဲ့သားဖြစ်ပါတယ်။ သူရဲ့ ငယ်နာမည် “ဒလဘန်း” ကို ကလောင်အမည်အဖြစ်ဖေါ်ပြပြီး စာပေများရေးသားခဲ့တဲ့  စာရေးဆရာတစ်ဦးလည်း ဖြစ်ပါတယ်။ ၁၉၆၈ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်က စီးပွါးရေး ဘွဲ့လွန်ရခဲ့ပါတယ်။ ၁၉၇၄-၇၅ မှာ ကွန်ပျူတာမဟာသိပ္ပံဘွဲ့ရရှိ ခဲ့တယ်။ နောက် ဗြိတိန်နိုင်ငံ လန်ဒန်တက္ကသိုလ်နဲ့ အမေရိကန်ပြည်ထောင်စု မန်ဆာချူးဆက်ပြည်နယ် ကမ်းဘရစ်ခ်ျ တက္ကသိုလ်တွေမှာလည်း ပညာဆည်းပူးခဲ့ဖူးသူ ဖြစ်ပါတယ်။

ဦးထင်ကျော်  သမ္မတအဖြစ် တင်မြှောက်ခံရတဲ့အပေါ် အမေရိကန်သမ္မတ ဘရက်အိုဘားမားနဲ့ အမေရိကန်နိုင်ငံခြားရေး ဌာနတို့က ဝမ်းမြောက်ကြိုဆိုခဲ့တာတွေ့ရတယ်။ ဒါဟာ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အရေးပါတဲ့ အဆင့် တဆင့်ကို တက်လှမ်းလိုက်တာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ကြေညာချက်ထုတ်ပြန် မှတ်ချက်ပြုခဲ့တာ တွေ့ရတယ်။ အိမ်နီးချင်း အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် Narendra Modi ကလည်း ဦးထင်ကျော်ကို မြန်မာ နိုင်ငံရဲ့ သမ္မတသစ်အဖြစ် ရွေးချယ်တင်မြှောက်တာကို ဂုဏ်ပြုကြိုဆိုခဲ့ပြီး၊ အိန္ဒိယ-မြန်မာဆက်ဆံရေး တိုးတက် ကောင်းမွန် အောင် လက်တွဲဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ အလားတူ တရုတ်အစိုးရကလည်း သမ္မတသစ် ဦးထင်ကျော်ကို ဂုဏ် ပြုကြိုဆိုခဲ့ပါတယ်။ မြန်မာအစိုးရသစ်နဲ့ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်ရေး နည်းလမ်းတွေ ရှာဖွေသွားမယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Lu Kang က မတ်လ ၁၅ ရက်နေ့ကပြောလိုက်ပါတယ်။

ပြင်သစ်အစိုးရကလည်း မြန်မာသမ္မတသစ်အတွက် ဂုဏ်ယူကြောင်းနဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ဆက်လက် ကူညီ သွားမှာဖြစ်ကြောင်း ပြင်သစ်နိုင်ငံခြားရေးနဲ့ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက မတ်လ ၁၅ ရက်မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အလားတူ ဗြိတိန်ဝန်ကြီးချုပ် David Cameron ၊ သြစတြေးလျ ဝန်ကြီးချုပ် Malcolm Turnbull နဲ့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe တို့ကလည်း ဝမ်းမြောက်ဂုဏ်ယူကြောင်းနဲ့ နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ဖို့ ဆောင်ရွက်ကြမယ့် အကြောင်း ထုတ်ဖေါ်ပြောဆိုခဲ့ကြပါတယ်။

နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူ ဦးထင်ကျော်ထံသို့ လက်ရှိ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း ဂုဏ်ယူဝမ်းမြောက်ကြောင်း သ၀ဏ်လွှာကို မတ်လ ၁၅ ရက်စွဲနဲ့ ပေးပို့ခဲ့တာတွေ့ရတယ်။ အခုလို လက်ရှိ သမ္မတရဲ့ သ၀ဏ်လွှာပေးပို့မှုဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအလေ့အထ တဆင့်တိုးတက်လာတာဖြစ်ပြီး၊ ငြိမ်းချမ်းစွာ အာဏာလွှဲ ပြောင်းရေးဖြစ်စဉ်အတွက်လည်း ကြီးမားတဲ့ အထောက်အပံ့ဖြစ်ပါတယ်။ သ၀ဏ်လွှာမှာ “နိုင်ငံတော် အုပ်ချုပ်ရေး အကြီး အကဲတာဝန်များကို လွှဲပြောင်းပေးအပ်ရန် စီစဉ်ထားရှိပြီးဖြစ်ကြောင်း” လည်း ပါရှိပါတယ်။

နိုင်ငံတော်သမ္မတ အရည်အချင်းများနှင့် ပြည့်စုံမှု ရှိ မရှိ စိစစ်ရေးအဖွဲ့က စိစစ်တဲ့အချိန်က၊ စိစစ်ရေး အဖွဲ့ဝင်ဖြစ်သူ ဗိုလ် ချုပ်သန်းစိုးက ပြည်သူ့လွှတ်တော်က ရွေးချယ်သည့် ဦးထင်ကျော်ကို သမ္မတ အရည်အချင်း သတ်မှတ်ချက်နဲ့ကိုက်ညီ၊ မ ကိုက်ညီ ထောက်ခံခြင်း ကန့်ကွက်ခြင်းမရှိဘဲ  ရွေးကောက်ခံ ကိုယ်စားလှယ်မဟုတ်တဲ့အတွက် ပြန်လည်စိစစ်ဖို့ လိုတယ် လို့ကန့်ကွက်ခဲ့တာ သတိပြုမိပါတယ်။ ဦးဟင်နရီ ဗန်ထီးယူကိုလည်း ဗိုလ်ချုပ်သန်းစိုးက နိုင်ငံခြားမှာ ၆ နှစ် နေထိုင်ခဲ့တဲ့ အ တွက် နိုင်ငံတော်သမ္မတနှင့် ဒုသမ္မတများ ရွေးချယ်တင်မြောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၃ ပုဒ်မခွဲ (စ)ပါ ဥပဒေနဲ့ ငြိစွန်းတယ် ဆိုပြီး ကန့်ကွက်ခဲ့ပါတယ်။ တပ်မတော်ရဲ့ သဘောထားအရ ကန့်ကွက်ခဲ့တာဆိုရင်တော့ စိတ်မကောင်းစရာပါပဲ။ ဒါပေမယ့် စိစစ်ရေးအဖွဲ့ဝင် ၇ ဦးအနက် ၆ ဦးက ထောက်ခံတဲ့အတွက် နိုင်ငံတော်သမ္မတ အရည်အချင်းများနှင့် ပြည့်စုံသူအဖြစ် ဆုံး ဖြတ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက  ဦးမန်းဝင်းခိုင်သန်းက ကြေညာခဲ့ပါတယ်။

တပ်မတော်က တင်သွင်းလာတဲ့  ဒုသမ္မတလောင်း ဦးမြင့်ဆွေကိုတော့ စိစစ်ရေးအဖွဲ့ဝင် ၇ ဦးအနက် တစ်ဦးကမျှ ကန့်ကွက် မှု မလုပ်ခဲ့ကြတာတွေ့ရတယ်။ စိစစ်ရေးအဖွဲ့မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုး သားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ဒေါက်တာမျိုးအောင်၊ ဦးဘမျိုးသိန်း၊ ဗိုလ်ချုပ် သန်းစိုး တို့စုစုပေါင်း ၇ ဦးပါဝင်ပါတယ်။ ဗိုလ်ချုပ်သန်းစိုးမှလွဲပြီး ကျန်စိစစ်ရေးအဖွဲ့ဝင် ၆ ဦးက အမျိုးသားပြန်လည် သင့်မြတ် ရေးသဘောထားကို လက်ခံထားကြသူတွေ ဖြစ်တဲ့အလျောက် ဦးမြင့်ဆွေကို  ကန့်ကွက်နိုင်ပါလျှက် မကန့်ကွက်ခဲ့ကြတာ ချီးကျူးစရာဖြစ်ပါတယ်။ တပ်ကိုယ်စားလှယ် ဗိုလ်ချုပ်သန်းစိုးကတော့ NLD ပါတီ ကိုယ်စားလှယ် ၂ ဦးလုံးကို ကန့်ကွက်ခဲ့ပါ တယ်။ အံ့သြစရာ မဟုတ်ပေမယ့် လက်ရှိအခြေအနေမှာ အံ့သြမိတာ အမှန်ပါပဲ။ ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး အတွက် အရေးကြီးနေတဲ့အချိန်မှာ  တပ်မတော်က အခုလို ဆန့်ကျင်ကန့်ကွက်တဲ့ စရိုက်လက္ခဏာ ပြသခဲ့တာကို နားမ လည်နိုင်ဖြစ်ရတယ်။

အဲဒီ ဖြစ်စဉ်ကို ယေဘုယျ အကဲခတ်ကြည့်ရင် တပ်မတော်ရဲ့ သဘောထားဟာ အမျိုးသားအချင်းချင်း သင့်သင့်မြတ်မြတ် ငြိမ်းငြိမ်းချမ်းချမ်း နေလိုတဲ့ သဘောဆန္ဒ အမှန်တကယ်ရှိရဲ့လားလို့ မေးခွန်းထုတ်စရာဖြစ်ပါတယ်။  နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးအတွက် အလုပ်တာဝန်ပိုင်းဆိုင်ရာ ခွဲဝေတာဝန်ယူကြဖို့ ဆောင်ရွက်ရာမှာ စိတ်သဘောထား ကျယ်ပြန့်ဖို့လိုပါတယ်။ ဒီမိုကရေစီလိုလားသူ အရပ်ဖက် အင်အားစုတွေနဲ့ ညီညီညွတ်ညွတ် လက်တွဲအလုပ်လုပ်လိုတဲ့ စိတ်ထားအသစ် မွေးမြူဖို့ လိုပါတယ်။ အုပ်ချုပ်ရေးအာဏာကို စိတ်စေတနာမှန်မှန်ကန်ကန်နဲ့ ခွဲဝေတာဝန်ယူကြရမှာ ဖြစ်ပါတယ်။ နေရာဌာနအသီး သီးမှာ တပ်ကသာ အသာစီးရယူလိုတဲ့ အပြုအမူ စရိုက်လက္ခဏာတွေကို ခ၀ါချဖို့လည်း လိုပါတယ်။

အခု တပ်မတော်က တင်လာတဲ့ ဒုသမ္မတ ဦးမြင့်ဆွေအပေါ် လူထုသဘောထား ဘယ်လိုရှိတယ်ဆိုတာ  တပ်ခေါင်းဆောင် တွေ ကောင်းကောင်းသိပါတယ်။ ၂၀၀၇ ရွှေဝါရောင်သံဃာ့အရေးလှုပ်ရှားမှုကို အကြမ်းဖက် ဖြိုခွင်းမှာ အဓိကအမိန့်ပေး တဲ့ အခန်းကဏ္ဍမှပါခဲ့သူတစ်ဦးကို လူထုက ဘယ်တော့မှ မေ့မှာမဟုတ်ဆိုတာ သိကြမယ်ထင်ပါတယ်။ ပြီးခဲ့တဲ့ နှစ်က မြို့တော် ခမ်းမရှေ့ လူထုဆန္ဒပြပွဲတွေကို လက်ပတ်နီ စွမ်းအားရှင်တွေအသုံးပြုပြီး အကြမ်းဖက်နှိမ်နင်းခဲ့တဲ့ ကိစ္စတွေအတွက် ဦးမြင့် ဆွေမှာ တာဝန်ရှိတယ်လို့လူထုက မှတ်သားထားတာ ဖြစ်ပါတယ်။ လူထုက အလွန်စိတ်ပျက် မနှစ်မြို့သူ ဖြစ်မှန်းသိပါလျှက် တပ်မတော်က တင်လာပုံဟာ နိုင်ငံ့ငြိမ်းချမ်းသာယာရေးကို ဂရုမမူ ပစ်ပယ်ရာရောက်ပါတယ်။ လက်ရှိအချိန်ဟာ ကိုယ်ကျိုးစီး ပွားထက် တိုင်းကျိုးပြည်ကျိုးကို ရှေ့တန်းတင် စဉ်းစားရမယ့်အချိန် ဖြစ်ပါတယ်။

တပ်မတော်အနေနဲ့ ပြည်သူလူထုနဲ့အလှမ်းကွာခဲ့တဲ့ အတိတ်သမိုင်းတစ်စိတ်တစ်ပိုင်းကို ပြန်လည်ဆေးကျောသန့်ဖို့အခု အချိန်ဟာ အကောင်းဆုံး အချိန်ပါပဲ။ တပ်မတော်အပေါ် အလွန်သန့်သန့်ရှင်းရှင်း လေးစားချစ်ခင်တဲ့ ဒေါ်အောင်ဆန်း စုကြည်လို လူထုခေါင်းဆောင်မျိုးနဲ့ ချစ်ချစ်ခင်ခင် လက်တွဲပြီး တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် တပ်မတော်က အလုပ်လုပ် မယ်ဆိုရင် သားရွှေအိုးထမ်းလာတဲ့ကိန်းလို့ ပြည်သူက မြင်ပါလိမ့်မယ်။ လက်ရှိအချိန်မှာ  တပ်မတော်ခေါင်းဆောင်တွေ အ နေနဲ့ တိုင်းပြည်ငြိမ်းချမ်းသာယာရေးအတွက် NLD အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်ကြရမယ့်အချိန် ဖြစ်ပါတယ်။

ရွေးကာက်ပွဲမှာ ဘယ်ပါတီက အနိုင်ရပြီး အစိုးရဖွဲ့နိုင်သည်ဖြစ်စေ၊ တပ်မတော်က နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ဖို့ အဓိကဖြစ်တယ်လို့ကာကွယ်ရေးဦးစီးချုပ်က ပြောခဲ့ဖူးတယ်။ ဒါကြောင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်အနေနဲ့ မိမိပေးပြီးကတိကို ပြန်ဖျက်လိမ့်မယ် မထင်ပါ။ နိုင်ငံတစ်ခုရဲ့ နိုင်ငံရေး စီးပွားရေး ပညာရေး ကျန်းမာရေး နိုင်ငံခြားရေး အစရှိတဲ့ မူဝါဒရေးရာကိစ္စတွေကို ချမှတ် အကောင်အထည်ဖေါ် ဆောင်ရွက်ရမယ့် တာဝန်ဟာ ရွေးကောက်ပွဲအနိုင်ရပါတီရဲ့ တာဝန်ဖြစ်ပါတယ်။ ပြည်သူလူထုက အနိုင်ရပါတီကို ယုံကြည်တဲ့အတွက် လုပ်ပိုင်ခွင့် အာဏာ Mandate အပ်နှင်းထားပြီးဖြစ်ပါတယ်။ တပ်မတော်အနေဖြင့် ကတိအတိုင်း နိုင်ငံကာကွယ်ရေးတာဝန် ကိုသာ ဆောင်ရွက်ဖို့ လိုပါတယ်။ ကျန်အရေးကိစ္စတွေအတွက် တာဝန် တစုံတရာ မရှိပါ။

မတ်လ ၉ ရက်နေ့က နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်မှာ အမှာစကားပြောကြားရာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က - “စည်းနှင့်ကမ်းနှင့် ဒီမိုကရေစီဖြစ်ရန်အတွက် ဥပဒေလေးစားလိုက်နာမှုသည် အရေးကြီးကြောင်း၊ ဒီမိုကရေစီစနစ်အား လက်ခံပါက၊ လေးစားမြတ်နိုးပါက၊ အဓွန့်ရှည်စေလိုပါက စည်းကမ်းရှိရန်၊ ဥပဒေကို လေးစားလိုက်နာရန်လိုကြောင်း”… စသဖြင့် ထည့်သွင်းပြောကြားခဲ့တာတွေ့ရတယ်။

နောက် အခုလာမည့် (၇၁) နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ ထုတ်ပြန်ရာမှာ ‘‘အမျိုးသားရေး တာဝန်ဖြစ်သည့် ဒို့တာဝန် အရေးသုံးပါးကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ရေး’’ ဆိုတဲ့ အချက်တစ်ခု ထည့်သွင်း ဖော်ပြခဲ့တာကိုလည်း တွေ့ရတယ်။ ဒီအချက်သည် ၂၀၀၈ ဖွဲ့စည်းပုံကို လုံးဝ ပြုပြင်ပြောင်းလဲ ခွင့်မပြုလို့ ဆိုချင် တာလား။ NLD ပါတီက ရွေးကောက်ပွဲမတိုင်မီ ပြည်သူကို ပေးခဲ့တဲ့ ကတိတွေအနက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်း လဲရေးလည်းပါဝင်ပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ရဲ့ သဘောထားဟာ လူထုက ရွေးကောက်တင်မြှောက်လိုက်တဲ့ နိုင်ငံရေး ပါတီရဲ့ မူဝါဒတွေကို လက်မခံလိုတဲ့ သဘောလားလို့ထင်မြင်စရာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ ဘယ်နိုင်ငံရေးပါတီကအနိုင်ရပြီး အစိုးရဖွဲ့နိုင်သည်ဖြစ်စေ၊ တပ်မတော်က လက်တွဲသွားမယ်လို့ ရွေး ကောက်ပွဲ အကြိုကာလတုံးက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားခဲ့ဖူးပါတယ်။ မင်းမှာ သစ္စာ လူမှာကတိလို့လည်း ပြောခဲ့ဖူးပါတယ်။ ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ မိမိပေးပြီး ကတိစကားကို ပြန်ဖျက်လိမ့်မယ် မထင်ပါ။ ကာကွယ်ရေးဦးစီး ချုပ်အနေဖြင့် မိမိရဲ့ ကတိက၀တ်နှင့်အညီ လူထုက ရွေးကောက်တင်မြှောက်လိုက်တဲ့ သမ္မတ ဦးထင်ကျော် အစိုးရနဲ့ လက် တွဲဆောင်ရွက်ဖို့ တာဝန်ရှိကြောင်း သတိပြုသင့်ပါတယ်။ မြန်မာနိုင်ငံကို LDC အဆင့် အဆင်းရဲဆုံး နိုင်ငံအဖြစ်မှ လွတ် မြောက်ရေး၊ နှစ်ပေါင်း ၆၀ ကျော် ပြည်တွင်းစစ်ကို ရပ်စဲရေး၊ ပညာရေး ကျန်းမာရေး နိမ့်ကျနေမှုကို ပြုပြင် ပြောင်းလဲရေး၊ အကျင့်ပျက်ခြစားမှု အဆိုးဆုံးနိုင်ငံများစာရင်းမှ လွတ်ကင်းအောင် ကြိုးစားရေး၊ တရားရေးမဏ္ဍိုင် ကြံ့ခိုင်အောင်ပြန်လည် ထူထောင်ရေး… အစရှိသဖြင့် သမ္မတဦးထင်ကျော် အစိုးရအနေဖြင့် ကြိုးပမ်းရာမှာ တပ်မတော်ကလည်း သစ္စာရှိစွာ ညှိနှိုင်း တိုင်ပင် လက်တွဲဆောင်ရွက်သွားဖို့ လိုပါတယ်။ ဒါမှသာ မြန်မာနိုင်ငံဟာ သမိုင်းစာမျက်နှာအသစ်ကို အမှန်တကယ် ဖွင့်လှစ် နိုင်မှာဖြစ်ကြောင်းပါ။။။


ဒီလှိုင်းစာစောင် အတွဲ (၅) အမှတ် (၁၂) - ၂၀၁၆ မတ်လ ၂၁ ရက်၊ မှာ ဖေါ်ပြခဲ့တဲ့ ဆောင်းပါး။
Photo Credit : AFP