မောင်မောင်စိုး - ကိုးကန့်ဒေသ ဖုန်ကြားစင်းနှင့် MNDAA - အပိုင်း (၄)

 မောင်မောင်စိုး - ကိုးကန့်ဒေသ ဖုန်ကြားစင်းနှင့် MNDAA - အပိုင်း (၄)
(မိုးမခ) မတ် ၂၃၊ ၂၀၁၆

● တကျော့ပြန် ကိုးကန့်စစ်ပွဲ
၂၀၀၉ ခုနှစ် မြန်မာစစ်ဖက်မှပြုလုပ်သောစစ်ဆင်ရေးအပြီး ကိုးကန့်တပ်ဖွဲ MNDAA သည် ကိုးကန့်ဒေသမှ ပျောက်ကွယ် သွားသည်။ ထို့ကြောင့် MNDAA အား အမြစ်ပြတ်ချေမှုန်းနိုင်လိုက်ပြီးဟု ဆိုကြသည်။ သို့သော် ကိုးကန့်အဖွဲ့သည်လက်လျှော့ စွန့်လွှတ်မသွားကြပေ။ MNDAA ကိုးကန့်တပ်ဖွဲ့ရေးကို ပြန်လည်လုံးပမ်းခဲ့ကြသည်။

MNDAA နှင့်စ၍ သတင်းထွက်ပေါ်သည်မှာ ၂၀၁၃ နှစ်ကုန်ခါနီးတွင် မုန်းကိုး ဖေါင်းဆိုင် မုန်းယားမုန်းဟောင်းဒေသအရပ်သားသတင်းများအရလည်းကောင်း၊ တရုတ်ပြည် online သတင်းများတွင်လည်းကောင်း၊ သံလွင်မြစ်အနောက်ဖက်ကမ်း၌ ကိုးကန့် MNDAA တပ်ဖွဲ့ငယ်များ၏ လှုပ်ရှားမှုများကို စတင်တွေ့ရှိလာရသည်။

မြန်မာအစိုးရသတင်းတွင် စတင်ဖေါ်ပြသည်ကတော့ ၂၀၁၄ နှစ်ကုန်ခါနီးတွင်ဖြစ်သည်။ မုန်စီးနားလယ်ဒေသရှိ မုန်ပေါ်လေး နမ့်ကျွမ်းအနီးတွင်တပ်မ ၁၁ လက်အောက်ခံ ခမရ ၂၁၅ နှင့် ဒီဇင်ဘာ ၁၁ ရက် ၁၂ ရက်နေ့မှာ ကိုးကန့် MNDAA တပ်များကဝိုင်းတိုက်ခိုက်ခြင်းဖြစ်သည်။ ကိုးကန့်တပ်ဖွဲ့သည် ကိုးကန့်ဒေသနှင့် သံလွင်မြစ်အနောက်ဖက်ကမ်းရှိ တောတောင်ထူ ထပ်သောဒေသတွင် လှုပ်ရှားဖွဲ့စည်းနေပုံရသည်။ ထိုစဉ်သတင်းများအရ အင်အား ၅၀၀ ခန့်မှ မြန်မာစစ်ဖက်မှ လှုပ်ရှားစစ် ကြောင်းအား ဝိုင်းတိုက်သည်ဟုဆိုသည်။ သို့သော် အားကောင်းမောင်းသန်ဖြင့် ၂၀၁၅ တွင်ကိုးကန့်ဒေသ၌ ပြန်ပေါ်လာမည် ဟု မည်သူမှ မထင်မှတ်ထားခဲ့ပေ။

၂၀၁၅ နှစ်ဆန်းတွင် ဖုန်ကြားစင်း ပြန်လာ မည့်သတင်းကို တရုတ်တို့ထုတ်ဝေသည့် Glooble times တွင်ပါလာသည်။ ကိုးကန့်ဒေသခံများအဆိုအရ ဖုန်ကြားစင်းပြန်လာမည်ဆိုသည့်သတင်းမှာကိုးကန့်ဒေသတွင် ပျံနှံ့နေသည်မှာ တစ်နှစ်ခန့်ရှိပြီဟုဆိုရာ ၂၀၁၄ တစ်နှစ်လုံး ကိုးကန့်အဖွဲ့သည်ကိုးကန့်ဒေသအား ထိုးဖေါက်စည်းရုံးနေပုံရသည်ဟုဆိုရပေမည်။

သို့နှင့် ၂၀၁၅ ဖေဖဝါရီ ၉ ရက်မှစ၍ ကိုး ကန့်ဒေသတွင် စစ်ပွဲများပြန်လည်စတင်ဖြစ်ပွါး တော့သည်။ ဤ အကြိမ်ပြန်ဝင်လာသော ကိုးကန့်အဖွဲ့သည် တပ်မဟာ ၂၁၁ နှင့် တပ်မဟာ ၃၁၁ ဟူသည့်တပ်မဟာ ၂ ခု နှင့် လက်အောက်ခံတပ် ရင်း ၈ ရင်း ပါ သည်ဟုဆိုသည်။ ခန့်မှန်းခြေအရ တပ်ရင်း ၁ ရင်းလျှင် အင်အား ၁၅၀ မှ ၂၀၀ ထိရှိ နိုင်ရာ စုစုပေါင်းအင်အား ၁၂၀၀ မှ ၁၆၀၀ ထိရှိနိုင်သည်။ ထို့ပြင် အုပ်ချုပ်မှု ဆေးအဖွဲ့ ထောက်ပို့ဆက်သွယ်ရေး စသည့်စစ်လက်ရုံးအဖွဲ့များပါ ပေါင်းပါက အင်အား ၁၅၀၀ မှ ၂၀၀၀ ကြားရှိနိုင်သည်ဟု ဆိုရမည်။

၂၀၀၉ မှ ၂၀၁၅ ထိ ၆ နှစ်ခန့်အချိန်ယူ၍ စုဖွဲ့လေ့ကျင့်ထားပုံရသည်။ စုဖွဲ့လေ့ကျင့်သည်နေရာနှင့်ပတ်သက်၍ မည်သည့်နေ ရာတွင်ပြုလုပ်သည်ကို တရားဝင်ဖေါ်ထုတ်ခြင်းမရှိသကဲ့သို့ ဝ နှင့် မိုင်းလားတို့ကလည်း သူတို့နယ်မြေတွင်မဟုတ်သကဲ့သို့ သူတို့ပံ့ပိုးကူခြင်းမရှိဟု ငြင်းဆိုခဲ့ကြသည်။

မည်သို့ဆိုစေ ယခုတကြိမ် ကိုးကန့်တပ်ဖွဲ့စုစည်းဖွဲ့စည်းသည့်အင်အားမှာ လှည့်ပတ်စစ်ကစားနိုင်သည့်အင်အားဖြစ်ပေရာ ကိုးကန့်ဒေသတွင်း ၄ လခန့် တိုက်ပွဲကြီးငယ်များစွာဖြစ်ခဲ့သည်။ ကိုးကန့်တပ်ဖွဲ့သည် လက်နက်ငယ်မျိုးစုံတပ်ဆင်နိုင်သော်လည်း လက်နက်ကြီးတပ်ဆင်နိုင်ပုံမရပေ။ ၎င်းတို့သုံးစွဲသည့်လက်နက်များတွင် ၆၀ မမ မော်တာနှင့် ၄၀ မမ ပုခုံးထမ်း လောင်ချာတို့သာ အကြီးဆုံးဖြစ်ပုံရသည်။

ကိုးကန့်အဖွဲ့နင့်အတူ TNLA နှင့် AA တို့မှ အင်အားအချို့ပါဝင်ကူညီတိုက်ခိုက်သည်ဟုဆိုသည်။ မြန်မာစစ်ဖက်မှလည်း အင်အား တစထက် တစ တိုးဖြည့်သည်။ ၂၀၁၅ မေလကုန် တိုက်ပွဲများငြိမ်သွားသည့်အချိန်ထိ တပ်ရင်း ၇၀ ကျော်ခန့် ကိုးကန့် စစ်ဆင်ရေးတွင်ပါဝင်ခဲ့သည်။ စစ်ဆင်ရေးနယ်မြေသည် ကိုးကန့်ဒေသတွင်း၌ အဓိကဖြစ်သော်လည်း ကိုးကန့်နှင့် ဆက်စပ်နေသည့် သံလွင်အနောက်ခြမ်း၌ပါ တပ်များ ဖြန့်ခွဲလှုပ်ရှားကြသည်။

ကိုးကန့်အဖွဲ့၏ အမျိုးသားရေးအလံလွှင့်၍ စည်းရုံးမှုများသည် အောင်မြင်ပုံရသည်။ ကိုးကန့် MNDAA တပ်များဝင်ရောက် လာခြင်းကို မြန်မာစစ်ဖက်မှ ကြိုတင်သတင်းရပုံ မရချေ။ ထို့ပြင် BGF ရင်း ၁၀၀၆ မှ အင်အားများလည်း ကိုးကန့်အဖွဲ့အား ပြန်လည်တိုက်ခိုက်ခြင်းမရှိဘဲ ကိုးကန့်အဖွဲ့နှင့် ပူးပေါင်းသွားသည်ကိုတွေ့ရသည်။

၂၀၁၅ ဖေဖဝါရီလမှ မေလအထိ ပြင်းထန်သော တိုက်ပွဲများဖြစ်ခဲ့သည်။ မြန်မာစစ်ဖက်မှ ခြေလျင် ခြေမြန်တပ်ရင်းပေါင်း ၇၀ ကျော်အပြင် လက်နက်ကြီးတပ်ရင်းများ လေကြောင်းပစ်ကူတို့အပြင် တပ်မလိုက် လေကြောင်းချီ၍ စစ်အင်အား ဖြည့်တင်း ခြင်းများပြုလုပ်ခဲ့သည်။

ကိုးကန့်အဖွဲ့အနေနှင့် အစောပိုင်းကာလတွင် လောက်ကိုင် ကုန်းကြမ်းတဝိုက်အထိ ထိုးဖေါက်လှုပ်ရှားနိုင်ခဲ့သည်။ နောက် ပိုင်း မြန်မာစစ်ဖက်မှ စစ်အင်အားဖြည့်တင်း၍ စစ်ဆင်လာသည့်အခါတရုတ်နှင့် ကိုးကန့်ဒေသနယ်စပ်တလျှောက်ရှိ မြင့်မား သောတောင်ကုန်းများတွင် ခံစစ်ယူ၍ တိုက်ခိုက်ခဲ့ကြသည်။ လောက်ကိုင် ကုန်းကြမ်းကားလမ်းပေါ်ရှိ ၁၈ မိုင် လုန်ထန် တောင်ကြော ပွိုင့်၂၀၂၂ တောင်ကြောများတွင် တိုက်ပွဲများပြင်းထန်ခဲ့သည်။

၂၀၁၅ မေလထဲတွင် တိုက်ပွဲများစဲသွားသည်။ ကိုးကန့်တပ်ဖွဲ့များလည်း မြန်မာစစ်ဖက်မှ တပ်များ အပြည့်ဖြည့်ထားသော လောက်ကိုင်အထိ မထိုးဖေါက်နိုင်တော့ပေ။ မြန်မာစစ်ဖက်မှလည်း နယ်စပ်တကြော မြင့်မားသောတောင်တန်းများတွင် ခံစစ်ယူထားသော ကိုးကန့်တပ်ဖွဲ့များအားတိုက်ခိုက်ရန် လက်နက်ကြီးပစ်ကူ လေကြောင်းပစ်ကူရန် အခက်အခဲရှိသွားသည်။

ပြဿနာမှာ ကွေ့ကောက်တွန့်လိမ်နေသော နယ်စပ်တကြော၌ မြန်မာစစ်ဖက်မှ လက်နက်ကြီးကျည်များ လေယဉ်မှကျဲသော ဗုံးများ တရုတ်ပိုင်နက်ထဲကျသည်ဟူ၍ မကြာခဏ သံတမန်ရေး အငြင်းပွားမှုဖြစ်ခဲ့သည်။ တကြိမ်တွင်မူ တရုတ်ပြည် လင် စန်းခရိုင်တွင်းရှိ တရုတ်အရပ်သား ၅ ဦးသေ၍ ၉ ဦး ဒဏ်ရာရရှိခဲ့သည်။ ၎င်းအငြင်းပွားမှုများမှ နောက်ဆုံး မေလထဲတွင် တရုတ်အစိုးရမှ နယ်စပ်တလျောက် လေယဉ်ပျံသန်းမှုပိတ်ပင်ကြောင်းနှင့် ထိုနယ်စပ်တွင် ကျည်အစစ်နှင့်စစ်လေ့ကျင့်ရေး များကို အချိန်အကန့်အသတ်မရှိ ပြုလုပ်သွားမည်ဟုကြေငြာလိုက်သည်။ ထိုအချိန်မှစ၍ မြန်မာစစ်ဖက်၏ထိုးစစ်များရော ကိုးကန့်အဖွဲ့၏ တိုက်ခိုက်မှုများပါ အရှိန်လျော့ကျသွားတော့သည်။

စစ်ပွဲအကျအဆုံးများနှင့်ပတ်သက်၍ နှစ်ဖက်စလုံးမှ အတိအကျမကြေငြာကြချေ။ သို့ရာတွင် နှစ်ဖက်ကြေငြာချက်များ မြေ ပြင်သတင်းများအရ ကျဆုံးဒဏ်ရာရ ရာအချို့ရှိမည်ဟု ခန့်မှန်းကြပါသည်။

စစ်ပွဲအတွင်း အရပ်သားဒုက္ခသည်ဦးရေ ၆၀၀၀၀ ကျော်အထိရှိလာပြီး ရွေ့ပြောင်းအလုပ်သမားများမှာ လားရှိုးဖက်သို့ပြေး လာပြီး ဒေသခံအများစုမှာ တရုတ်ပြည်တွင်းသို့ရောက်ရှိသွားကြသည်။ စစ်ဘေးဒုက္ခသည်များကျန်ရစ်ခဲ့သော နေအိမ်အများ အပြား ဖျက်ဆီးခံရပြီး အိမ်တွင်းရှိ ပစ္စည်းများ ဆုံးရှုံးမှုရှိသည်ဟုဆိုသည်။ ကွန်လုံပြည်သူလွှတ်တော်အမတ်၏ပြောကြား ချက်နှင့် သတင်းဌာနများ၏သတင်းများအရ အရပ်သား ၁၀၀ခန့်သေဆုံးမှုရှိပြီး စိုက်ပျိုးထားသည့် ကြံခင်း ဧကလေးသောင်း ခန့် မီးရှို့ဖျက်ဆီးခံရသည်ဟုဆိုသည်။ အရပ်သားများထိခိုက်ပျက်စီးဆုံးရှုံးမှု ကြီးမားသည်ဟု ဆိုရပါမည်။

ထိုစစ်ပွဲအတွင်း မြန်မာစစ်ဖက်၏ စစ်အသုံးစားရိတ်မှာ ဒေါ်လာ သန်း ၁၅၀၀ ခန့်ရှိသည်ဟု ခန့်မှန်းမှုများရှိသော်လည်း တရားဝင်ထုတ်ပြန်အတည်ပြုခြင်းမရှိပါ။ အလားတူ လူထောင်ချီသည့် ကိုးကန့်တပ်ဖွဲ့၏ စစ်အသုံးစားရိတ်မှာလည်း နည်း လှမည်မဟုတ်ပေ။ သို့သော်လည်း မြန်မာစစ်ဖက်အနေနှင့် ကိုးကန့်အဖွဲ့အား အမြစ်ပြတ်ချေမှုန်း၍ မရခဲ့သကဲ့သို့ ကိုးကန့် အဖွဲ့အနေနှင့်လည်း လောက်ကိုင် ကုန်ကြမ်းဒေသများအား ပြန်မရနိုင်ဘဲ နယ်စပ်ဒေသရှိတောင်ကုန်းများတွင် ခြေကုပ်ယူ ခြင်း၊ သံလွင်မြစ်အနောက်ဖက်ကမ်းရှိ တောတောင်ထူထပ်သည့်ဒေသများတွင် လှည့်လည်လှုပ်ရှားသည့်အဆင့်သာ ရရှိခဲ့ သည်။ ကိုးကန့်အဖွဲ့အနေနှင့်မူ ခြေကုပ်တနေရာရရှိခဲ့ပြီး ကိုးကန့်ဒေသ၌ ထိုးဝင်နေသော ဆူးတချောင်းအဖြစ် အသိအမှတ်ပြုခံရသည့်အဆင့်ရောက်ရှိသွားတော့သည်။

ဆက်လက်ဖေါ်ပြပါမည်။
Photo Credit : Reuters