မောင်မိုးသူ - မြစ်ဆုံနှင့် ဘကြီးမိုး

 
မောင်မိုးသူ - မြစ်ဆုံနှင့် ဘကြီးမိုး
(မိုးမခ) ဧပြီ ၂၆၊ ၂၀၁၆

ကုမုဒြာသတင်းဂျာနယ်ပါ မောင်မိုးသူ ဆောင်းပါးဖြစ်ပါသည်။

ဘကြီးမိုးမှာ မြစ်မိန်းကလေး အမြွှာနှစ်ဦး ရှိပါတယ်။ သူတို့ကို လွန်ခဲ့သောငါးနှစ်ကျော်က ဒူဘိုင်းမှာအလုပ်လုပ်နေသော မြေးဘုတ်ဘုတ်က မြန်မာနိုင်ငံသို့ပြန်၍ အမြွှာမိန်းကလေးနှစ်ဦး မွေးဖွားပြီး ဘကြီးမိုးထံမှာ တနှစ်တိတိ ထားခဲ့ပါတယ်။ အမြွှာမိန်းကလေးနှစ်ဦး မွေးဖွားချိန်မှာ မြစ်ဆုံပြဿနာ တစ်နှစ်ရပ်ဆိုင်းထားချိန်ဖြစ်နေတာကြောင့် မြစ်မိန်းကလေး အမြွှာ နှစ်ဦးကို မေခနဲ့မလိခ လို့နာမည်ပေးဖို့ ဘကြီးမိုးစဉ်းစားခဲ့ပေမဲ့ ကချင်ဘာသာစကားအရမြစ်နှစ်စင်းရဲ့ နာမည်များအနက် တစင်းမှာ နူးညံ့ပြီး တစင်းမှာ ခက်ထန်ကြမ်းတမ်းမယ့်သဘောဆောင်သည်ဟု ကန့်ကွက်ကြသောကြောင့် ကလေးနှစ် ယောက်ကို တုံတုံနဲ့ သဲသဲလို့ပဲ ခေါ်ခဲ့ပါတယ်။ သူတို့ ဘကြီးမိုးတို့အိမ်မှာရှိနေစဉ် မြစ်ဆုံစီမံကိန်းကို သမ္မတဦးသိန်းစိန်က သူ့သက်တမ်းငါးနှစ်အတွင်း ရပ်ဆိုင်းထားမယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

အခုအခါမှာ အရင်သမ္မတဦးသိန်းစိန် အစိုးရလည်း မရှိတော့ဘဲ ရပ်ဆိုင်းထားတဲ့ ငါးနှစ်သက်တမ်းလည်း ပြည့်မြောက်ခဲ့ပြီဖြစ်၍ တရုတ်စီးပွားရေးလုပ်ငန်းရှင်များက စာချုပ်ပါ အချက်အလက်အတိုင်း လုပ်ကိုင်စေလိုကြောင်း သဘောထားများ ပြသနေ ပေမဲ့ မြစ်ဆုံနဲ့ပတ်သက်ပြီး မြန်မာတပြည်လုံးက ပြည်သူလူထုတရပ်လုံး မကျေမနပ်ဖြစ်နေကြရသည့် ဒေါသပုရွက်အုံကို တုတ်နဲ့ ထိုးလိုက်သကဲ့သို့ ဖြစ်သွားနိုင်ကြောင်း ၊တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောကြားသလို ဆွေမျိုးပေါက်ဖော်စိတ်များ ပျက်ပြားသွားစေနိုင်သည်ကို သတိထားဖို့ လိုအပ်လှပါတယ်။

ယခင်အစိုးရလက်ထက်က တရုတ်စီးပွားရေးလုပ်ငန်းရှင်များနဲ့ မြန်မာနိုင်ငံစစ်ဘက်ဆိုင်ရာ အကြီးအကဲများ တဖက်စောင်း နင်း ပွင့်လင်းမြင်သာမှု မရှိသော စာချုပ်စာတမ်းများ ချုပ်ဆို လုပ်ကိုင်ခဲ့ပါတယ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် တရုတ်ကုမ္ပ္ပ္ပ္ပဏီနဲ့ မြန်မာနိုင်ငံတို့ ချုပ်ဆိုခဲ့တဲ့ စာချုပ်မှာ  မြန်မာဘက်မှ ပိစိညှောက်တောက် ရာခိုင်နှုန်းသာ ရရှိခဲ့ကြောင်းတွေ့ ရှိရသောကြောင့်  ဒေါ်အောင်ဆန်းစုကြည် ကော်မရှင်ပေါ်ပေါက်လာမှ ၄၀-၆၀ လောက်ရသွားခဲ့တာ ဖြစ်ခဲ့သလို မြန်မာ အုပ်ချုပ်ရေးအဖွဲ့ ၀န်ထမ်းရဲများကလည်း တရုတ်ကုမ္ပ္ပ္ပ္ပဏီဘက်မှပဲ ရပ်တည်ခဲ့တာကြောင့် မြန်မာဘုန်းတော်ကြီးများ မီး လောင်ခံရ၊ အမျိုးသမီးတဦးသေဆုံးပြီး လယ်သိမ်း၊ မြေသိမ်းကိစ္စနဲ့ပတ်သက်၍ ယခုယနေ့အထိ မကျေမနပ် ဆန္ဒပြမှုများ ရှိနေဆဲ ဖြစ်ပါတယ်။
  
အထက်မြန်မာပြည် တကောင်း နီကယ်စီမံကိန်းကလည်း တရုတ်စီးပွားရေးလုပ်ငန်းရှင်တို့နဲ့ စာချုပ်ချုပ်ဆို လုပ်ကိုင်နေခဲ့ရာ တဖက်စောင်းနင်း အသာစီးယူမှု၊ မြန်မာဘက်မှ နစ်နာဆုံးရှုံးမှု ကြီးမားမှုတို့ကြောင့် မကျေနပ်မှုများ ဖြစ်ပေါ်နေရဆဲ ဖြစ်ပါ တယ်။
  
ထိုနည်းလည်းကောင်း ကျောက်ဖြူရေနက်ဆိပ်ကမ်းကိစ္စ၊ ရခိုင်ပင်လယ်ပြင်မှ ထွက်တဲ့ သဘာဝဓါတ်ငွေ့ကို တရုတ်နဲ့ အိန္ဒိယတို့ အပြိုင်ဝယ်ယူဖို့ ကြိုးစားရာ မြန်မာ ယခင်အစိုးရက တရုတ်ကို ပေးခဲ့ပြီး တရုတ်ပြည် ယူနန်အထိ သဘာဝဓါတ်ငွေ့ ပိုက်လိုင်း ဖောက်လုပ်ပေးပို့နေခဲ့ပါတယ်။ သဘာဝဓါတ်ငွေ့များထွက်ခဲ့သော ရခိုင်ဒေသမှာ မှောင်နဲ့မည်းမည်း ဘ၀၊ ပိုက် လိုင်းသွယ်တန်းရာမှာ မြေသိမ်းယာသိမ်းများကလည်း မကျေမနပ် ဖြစ်နေဆဲပါ။
  
အဲ မကြာမတင်က ဖားကန့်ပြဿနာကလည်း ရှိသေးတယ်ခင်ဗျ။ ကချင်ပြည်နယ်က သစ်တွေ အကုန်လုံးကို တရုတ်တွေက တရားမ၀င် ခုတ်၊ ခိုးထုတ်နေတာ ဖမ်းမိတာတောင် ချက်ချင်းပြန်လွှတ်လိုက်သေး။ တရုတ်ပြည်ထဲမှာ သစ်ပင်မခုတ်ရ ၊ တရုတ်သာ မဟုတ်ပါဘူး။ ထိုင်းနိုင်ငံကလည်း သူတို့နိုင်ငံအတွင်းက သစ်တောတွေကို မခုတ်ရဥပဒေတွေ ထုတ်ထားပြီး မြန်မာနိုင်ငံအတွင်းမှာတော့ တောလုံးပြောင် စီမံကိန်းနဲ့ ခုတ်နေကြ၊ နယ်စပ်ဖြတ်ကျော်ပြီးခိုး။ အဲလေ တရားဝင်ပဲဆိုပါစို့။ ထုတ်နေကြတာ သိသာထင်ရှားတဲ့ ဖြစ်ရပ်တွေ တပုံတပင်ကြီးပါ။
  
ဖားကန့် ကျောက်စိမ်းတူးဖ်ာရေးမှာလည်း တရုတ်လုပ်ငန်းရှင်များက မတရားကြီးမားတဲ့ တရားမ၀င်တင်သွင်းထားတဲ့ တူးဖော်ရေးစက်ကြီးများနဲ့ ကျောက်စိမ်း တူးဖော်နေလိုက်ကြတာ မြေအနက် အ၀ီစိရောက်နေတာတောင် ရောက်နေပြီလို့ ငရဲမင်းဆီက ထိတ်လန့်တကြား တိုင်ကြားစာရသတဲ့ ခင်ဗျ။ တူးဖော်လို့ရတဲ့ ကျောက်စိမ်းများကိုလည်း တရုတ်ပြည်ကို တင်ပို့ပေးတာ ၁၂ ဘီလျံကျော်နေပြီ ဆိုပဲ။

မြန်မာဘက်ကရတာကတော့ မြေစာပုံတွေထဲမှာ ရေမဆေးကျောက်ရှာရင်း သေဆုံးရတဲ့ ရာပေါင်းများစွာသော မြန်မာများရဲ့ အသက်အိုးအိမ်တွေ ဆုံးရှုံးရတာပဲ ဖြစ်ပါတယ်။
  
အားလုံးပေါင်းလိုက်ရင် ယခင်စစ်အစိုးရလက်ထက်က မြန်မာနိုင်ငံအတွင်း ခုတ်လှဲခွင့်ပြုခဲ့တဲ့ သစ်တော၊ တူးဖော်ခွင့် ပြုခဲ့တဲ့ ကျောက်စိမ်း၊ ကြေးနီ၊ နီကယ်၊ သဘာဝဓါတ်ငွေ့တို့ဟာ ဘယ်ဟာမှ မြင်သာထင်သာ မရှိတဲ့အပြင် မြန်မာက ဘာမှမရတာက ရှင်းရှင်းကြီး ပေါ်နေပါတယ်။
  
သည်ကြားထဲမှာ မြန်မာနိုင်ငံသူ နိုင်ငံသားများ၊ မြန်မာပြည်ရဲ့ အသက်သွေးကြော ဧရာဝတီရဲ့ မြစ်ဆုံဒေသမှာ တပြည်လုံးက မကျေနပ်တဲ့ စီမံကိန်းပြန်စမှာတို့ ဘာတို့ လုပ်လာရင် မကျေနပ်မှု ပုရွက်အုံကြီး တုတ်နဲ့ထိုးသလို ဖြစ်သွားနိုင်ကြောင်း၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောကြားတဲ့ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး လျော့ပါးလာနိုင်ကြောင်း သတိပေးခေါင်းလောင်းသံ တချက် ထိုးလိုက်ရပါတယ်။
  
ဘကြီးမိုးရဲ့ မြစ်အမွှာမိန်းကလေး နှစ်ဦးက ဇူလိုင်မှာ ဘကြီးမိုးဆီ တလပြန်လာလည်ကြဦးမယ်လေ။ သူတို့ ပြန်လာလည် ချိန်မှာ မြစ်ဆုံမှာ အေးချမ်းသာယာ ရှိနေစေချင်တာပေါ့။
  
မြစ်ဆုံနှင့် ဘကြီးမိုးပါ။