အဲလိုထူး - “ဘုရားပွဲဈေး လျှောက်ခြင်း”



အဲလိုထူး - “ဘုရားပွဲဈေး လျှောက်ခြင်း”
(မိုးမခ) ဧပြီ ၈။ ၂၀၁၆

ဘုရားပွဲဈေးလျှောက်ကြတယ်ဆိုတာ ဇာတ်ပွဲကြည့်တာ မဟုတ်ပါဘူး ၊ဘုရားဖူးထွက်တာလည်း မဟုတ်ပါဘူး.၊ ဈေးဆိုင်းတန်းတွေနဲ့ လမ်းဘေးခင်းကျင်းရောင်းချထားပုံတွေကို လျှောက်ကြည့်ခြင်းဖြစ်ပါတယ် ၊အနည်းအကျဉ်း ဝယ်ချင်လည်း ဝယ်မှာပေါ့ ၊အစားအသောက်တချို့  ဝင်စားချင်လည်း စားမှာသောက်မှာပေါ့ ၊ဒီလောက်ပါပဲ ခေါင်းစဉ်အောက်မှာ ဒီလောက်ပဲ လုပ်လေ့လုပ်ထရှိကြပါတယ် ။

တပို့တွဲ တပေါင်းလတွေကို ဘုရားပွဲရာသီလို့ပြောကြကောင်းပြောကြပါလိမ့်မယ်။ ကျွန်တော်တို့နဲ့ အနီးဆုံးဘုရားပွဲတော်တွေထဲမှာတော့ မိုးကောင်းဘုရားပွဲက အစောဆုံး ၊ တပို့တွဲလဆန်းထဲမှာစတယ် ၊ဇာတ်ကြီးတွေဝင်တဲ့ ဘုရားပွဲကြီးပေါ့ ၊ဘုရားပွဲဈေးတန်းကို တီ(T)ပုံစံလုပ်လေ့ရှိတယ်၊   မိုးကောင်းမှတ်တိုင် မရောက်ခင်ကနေ ရန်ကင်းတီတီစီကျောင်းပေါက်ဝနားထိ တစ်ဘက်ခြမ်းမှာ ဈေးတန်းရှည်ကြီး ၊ တစ်ခါ မိုးကောင်းဘုရားပေါ်တက်တဲ့ လမ်းတလျှောက်ကိုလည်း ဆိုင်ခန်းနေရာတွေ ပေးထားသေးတယ် ၊ နံမည်ကျော်ဇာတ်သဘင်တွေဖြစ်တဲ့ ရွှေမန်းတို့ တင်မောင်ဆန်းမင်းဝင်းတို့ ဟန်ဇာမိုးဝင်းတို့ကပြလေ့ရှိတယ် ။ 

အဲဒီကနေ သစ္စာလမ်းမကြီးအတိုင်း ဘယ်ကိုရွေ့သွားသလဲဆိုတော့ ဥက္ကလာပစေတီဘုရားပွဲ ၊သူလည်း စည်ကားတာပဲ ၊ဘုရားပွဲရက်ရဲ့ ညဦးပိုင်းတွေဆို ကားလမ်းတွေပိတ်လို့ ၊ အဲဒီကပြီးတော့ အာနန္ဒာဘုရားပွဲ ၊ လမ်းကြောင်းက သံသုမာလမ်းမကြီးဘက် ချိုးသွားပြီ ၊ဘုရားပွဲဈေးသည်တွေနဲ့ ဇာတ်သမားတွေအတွက်ကတော့ ပွဲကူးရတာအဆင်ပြေတာပေါ့။ 

အာနန္ဒ္ဒာဘုရားပွဲကတော့ စည်ကားမှုအားနည်းတယ် ၊ အတွင်းဘက်ကျတာကြောင့်လည်းဖြစ်နိုင်သလို နံမည်ကျော်ဘုရားမဟုတ်လို့လည်း ဖြစ်နိုင်ပါတယ် ၊ ဇာတ်ပွဲတွေပါတဲ့အခါပါပေမယ့် နံမည်ကျော်လူကြိုက်များ ဈေးကြီးတာတွေ ပွဲမသွင်းနိုင်ပါဘူး ၊ချားရဟတ်တောင် အလယ်အလတ်တန်းစားလောက်နဲ့ပွဲတိုင်ပါ ရေမုန့် မုန့်သိုင်းခြုံ ၊ ကောက်ညှင်းကျည်ထောက်နဲ့ ထမနဲသည်လောက်ပဲရှိတယ် ၊နံမည်ထွက်ဖို့ကြိုးစားနေတဲ့ ဇာတ်အဖွဲ့လေးတစ်ခု ပါချင်ပါလိမ့်မပေါ့။ 

အဲဒီကနေရွေ့တဲ့နောက်ဆုံးပိတ်က ကျိုက္ကဆံဘုရားပွဲက အစည်ကားဆုံးဖြစ်ပါလိမ့်မယ်၊ တပို့တွဲလထဲ ရောက်သွားပါပြီ ။

ဘုရားပွဲ ဘာလို့လျှောက်ကြလဲဆိုတော့ - ဟုတ်တယ် များသောအားဖြင့်က ဘုရားဖူးဖို့မဟုတ်တာ များတယ် ၊ ဘုရားပွဲရက်မှ မဟုတ်ပါဘူး ၊ ဘယ်ရက်မဆို ကျိုက္က္ကဆံဘုရားက ည(၈)နာရီသာသာလောက်ဆို ပိတ်တယ်၊ဘုရားပွဲကလည်း အဲဒီအချိန်လောက်မှ ကျိတ်ကျိတ်တိုးစည်တာ ။

အဝေးကလှမ်းအကြည့်မှာ ကျိုက္ကဆံဘုရားမုဒ်ဦး နီယွန်မီးတန်းက ဖျတ်ဖျတ်ရွေ့နေတယ်။ ဓါတ်ပုံလှမ်းရိုက်တာ စာလုံးထင်းထင်းမရ။ စာကြောင်းအောက်မှာ နေရာပေးထားတဲ့ ရေမုန့်သည်၊  မုန့်သိုင်းခြုံသည်၊  ထမနဲသည်၊ ကောက်ညှင်းကျည်ထောက်သည်တို့ရဲ့ စူးစူးကြည်ကြည်မီးသီးအားတွေက အပေါ်စာတန်းကို တက်ဟပ်နေလို့ ၊ ရပ်စောင့်နေတဲ့ဆိုက်ကားတွေ ခပ်လှမ်းလှမ်းမှာ အကဲခတ်နေတဲ့အငှားကားတွေ ဘုရားပွဲပြန်ခရီးသည်ကို သူ့အဆင့်နဲ့သူ မျှော်နေကြတယ်။ လူအုပ်က တိုးမပေါက် ၊မုဒ်ဦးတိုင်ခြေဘက်ကပ်တိုးရင် ချောင်မလားဆိုတဲ့ စိတ်ကူးကို ဖျက်လိုက်ရတယ်။ ၊ယောဂီဝတ်စုံနဲ့အဖွားအိုနှစ်ယောက် ပလပ်စတစ်ခွက်ပြိုင်တူရှေ့ချပြီး ဝမ်းလျှားမှောက်နေတယ်။ အကြွေငါးဆယ် တစ်ရာနေရာယူထားတဲ့ခွက်ကို ခလုတ်တိုက်မိရင် မင်း ဗုဒ္ဓဘာသာ မဟုတ်ဘူးလား အမေးခံရကိန်းရှိတယ်။

ဝင်ပေါက်ရဲ့ ဘယ်ဘက်ခြမ်းက ဇာတ်ရုံနေရာဖြစ်ပါတယ်။ အသံအကျယ်ကြီးတွေ ထွက်ပေါ်နေတယ်။ နှစ်ခုသုံးခု ရောပြီး ၊ရန်ကုန် ကြည်ကြည်ဝင်း ဘူးသီးကျော် ဆိုပါတော့ ၊ ဟန်ဇာ မိုးဝင်း ဇာတ်သဘင် ဆိုပါတော့ ၊မောကြည့်လိုက်တော့ မင်းသားခေါင်းပေါင်းနဲ့ ကပုံကြီးတစ်ပုံ၊ ဘောင်းဘီရှည်နဲ့ကတစ်ပုံ  ၊ ၊စောသေးလို့လားမသိဘူး။ လူဝင်လူထွက်က ကျဲကျဲပါးပါး ။ ဘူးသီးကျော်ဆိုင်က ထိုင်စားတဲ့ဝယ်သူ တစ်ဝိုင်း နှစ်ဝိုင်းအတွက် အကြော်မျိုးစုံကို အားသွန်ကြိုးပန်း တရှဲရှဲကြော်နေတယ်။ ပုဇွန်ထုပ်နီရဲရဲကြီးတွေများ ကွေးလို့ ၊အဲဒီအဝန်းအဝိုင်းထဲမှာ နှစ်ပေါင်းများစွာကတည်းက စိတ်ကူးထားတဲ့ ဓါတ်ပုံသုံးလေးပုံ ရိုက်ချင်တယ်။ ကျန်တဲ့နေရာမှာလည်း ရှိတတ်ပေမယ့် ဒီနေရာကသာ အနှစ်သာရအပြည့်ဝဆုံးဖြစ်နိုင်တာမို့။ မလွဲပါဘူး ၊ဇာတ်ရုံရှေ့ဘက်နားမှာ တစ်ဆိုင်၊  ဝင်ပေါက်ဘေးနားမှာ တစ်ဆိုင်ရှိနေပါတယ်  ။ ဘုရားပွဲကွမ်းယာသည်လေးတွေပုံကို လိုချင်တာပါ ။

ဘုရားပွဲဈေးတန်းကို ရှေ့ဆက်မလျှောက်ဖြစ်ပဲ အဝင်ဝတင် ဘေးချိုးချလိုက်တဲ့သဘောမျိုး ၊ ဟိုက လှည့်ချောင်း ဒီကလှည့်ချောင်း ။ အဆင်မပြေပါဘူး ။ ကွမ်းယာသည်လေးမှာ လူတွေဝိုင်းနေတယ်  ။ ဖုန်းကင်မရာကိုဖွင့်ပြီး ဖုန်းပြောဖို့ နံပါတ်ရှာသလိုလို ဟိုလိုလိုနဲ့ အောက်ချပြီး ခလုတ် တစ်ချက်နှိပ်ကြည့်တယ်။ ကွမ်းယာသည်လေး ရုပ်တောင်မပါဘူး။ လိုချင်တာက နှုတ်ခမ်းနီ၊   ပါးနီ၊   မိတ်ကပ်တွေ ၊ မျက်လုံးအကြည့်တွေ  ... ဒါနဲ့ ဇာတ်ရုံပေါက်ဝနားက ကွမ်းယာသည်ဆီ လျှောက်ခဲ့တယ်။ သူက နှစ်ယောက်တောင် ၊ တစ်ယောက်က အဖော်ထင်ပါ့။ ကွမ်းသီးကူထည့်ပေး ပိုက်ဆံယူ ပိုက်ဆံအမ်း ဧည့်ခံ။ သူ့ဆိုင် ပိုပြီး လူအုံနေတယ်။ ဒါနဲ့ ဇာတ်ရုံထဲ ဝင်ချလိုက်တော့တယ်။

ပက်လက်ကုလာထိုင်တန်းတွေက လွှတ်တော်ခန်းမလို ကွေ့ဝိုက် ဝန်းရံထားပြီး အလယ်မှာ တန်ဘိုး သောင်းချီပေးရတဲ့ ဖျာနံပတ်တွေ။ ရုံမခါသေးလို့ ဝင်ချင်ဝင် ထွက်ချင်ထွက်၊ ဟိုးအရင်ဇာတ်ရုံထက် ထူးခြားလာတာက အလယ်မှာ မော်ဒယ်ရှိုးပွဲလို လျှောက်လမ်းတစ်ခု ရှိနေတာပဲ။ မင်းသားက သီချင်းဆိုရင်း ဒီလမ်းပေါ် လျှောက်လာမှာပေါ့။ ပရိသတ်က ပန်းစီးပေးတဲ့လူနဲ့ ပိုက်ဆံချီးမြှင့်တဲ့သူနဲ့ ၊ဒါမျိုးဖြစ်မယ်ထင်ပါ့ ။ ငယ်ငယ်တုန်းကတော့ ဇာတ်အဖွင့် အပျိုတော်မထွက်ခင်တီးတဲ့ မြန်မာ့ဆိုင်းဝိုင်းက တစ်ဝက် ဒီဘက်ခေတ်ပေါ် တီးဝိုင်းကတစ်ဝက် တီးတဲ့တီးလုံးကို အရမ်းကြိုက်တာ။ အမှောင်ချလိုက်တဲ့ ဇာတ်ရုံထဲမှာ တီးလုံးအတိုင်း ရောင်စုံမီးမောင်းကြီးတွေက ဟိုဘက်ရွေ့လိုက် ဒီဘက်ရွေ့လိုက်နဲ့ ။ အခုတော့ စောသေးတာမို့ ဇာတ်ရုံထဲက ပြန်ထွက်လာခဲ့တယ် ။

ကွမ်းယာဆိုင်ရှေ့က လူမစဲသေး ။ ဒီလောက်တောင် ရောင်းကောင်းနေလားဆိုပြီး ကိုယ်တိုင် ဝင်ဝယ်တော့မှ စောစောကတည်းက ရှိနေကြတဲ့သူတွေ ကွမ်းယာဝယ်စားပြီး မပြန်ကြသေးတဲ့သူတွေ။ ကိုယ်လည်း ကွမ်းနှစ်ရာဖိုးလောက်ရင်းပြီး ကောင်မလေးကွမ်းယာနေတုန်း ဖုန်းဆက်တင်ထဲက ကင်မရာကို ဖွင့်လိုက်တယ်။ ဖုန်းကိုမြှောက်ပြီး ဟိုလိုလို ဒီလိုလိုနဲ့ မြင်ကွင်းချိန်နေတုန်း ကွမ်းယာခုံဘေးနားကပ်နေတဲ့ သံဃာပျိုတစ်ပါးက တားတယ်။ သူ့ပုံက ထင်းထင်းကြီးပါမှာ။ လိုချင်တာက ကွမ်းယာသည်မလေးရဲ့နှုတ်ခမ်းနီပါးနီနဲ့ လိုင်နာချယ်သထားတဲ့ မျက်နှာပေး။ တောင်းတောင်းပန်ပန်နဲ့ကွမ်းထုပ်ယူပြီးထွက်ခဲ့ရတယ် ။

မီးချောင်းရောင်စုံနဲ့ရဟတ်ကြီးပေါ်မှာ လူမစုံသေး။ အောက်ခြေမှာ ပတ်ခြာလည်နေတဲ့ ကားရုပ် မြင်းရုပ်တွေပေါ်မှာတော့ ကလေးငယ် သုံးလေးယောက်။ မြေကြီးမှာဖြန့်ခင်ထားတဲ့ တိုလီမိုလီ တစ်ခု နှစ်ရာ ဆိုတာလည်း ဘယ်သူမှ ဝင်ရွေးတာမတွေ့ဘူး။ ဒန်အိုးကြီးတွေကို တောင်ပုံရာပုံ ထပ်ထားတဲ့ဆိုင်။     သင်ပျူးဖျာတွေရောင်းတဲ့ ဆိုင်က နှစ်ခန်းစာ ယူထားပေမယ့် အရောင်းအဝယ်အေးစက်စက်။ လူတွေကတော့ သွားသူပြန်သူ ကြပ်ညပ်နေတယ်။ မောင့်လက်ကိုတွဲကာ ဆိုတာတွေ အများကြီးတွေ့ရတယ်။ အကျီဆိုင်ခန်း၊ ဘောင်းဘီဆိုင်ခန်းတွေကတော့ ဧရာမကြီးတွေပဲ။ မီးချောင်းတွေ ထိန်လင်းလို့။ များသောအားဖြင့်က ဈေးချိုတဲ့ အပုံကြီးကိုပဲ ဖြဲရှာနေကြတယ်။ ပလပ်စတစ် ကော်နဲ့လုပ်ထားတဲ့ မီးဖိုချောင်အသုံးအဆောင်တွေလည်း တောင်ပုံရာပုံပဲ။ အဲဒါနဲ့ ဆက်လျှက် ကြွေထည်ပစ္စည်းရောင်းတဲ့ဆိုင်နားရောက်မှ လူတိုးတာကို သတိထားတောင့်ခံရတော့တယ်။ မတော် .ကြွေပုဂံတွေပေါ် တက်နင်းမိရင် မခက်လား ။ ဒီဘက်ခြမ်းမှာတော့ သနပ်ခါးတုံးရှည်ကြီးတွေကို ထင်းချောင်းတွေအလား ထောင်ထားတယ်။ ရှေ့မှာ သနပ်ခါးကျောက်ပြင်လည်း ချပေးထားလေရဲ့  ။ စစ် မစစ် စမ်းသပ်နိုင်တယ်ဆိုတဲ့ သဘော ။

အဲဒီဈေးတန်းရဲ့နောက်ဖက်ကျကျမှာ အီလက်ထရိတ်ဂစ်တာသံ စူးစူးရှရှနဲ့ ဒရမ်ရိုက်ချက် ဘုန်းချမ်းချမ်းကို ကြားနေရတယ်။ ရုံအလတ်စားတစ်ခုက ကန့်လန့်ကာတွေ လေထဲလွင့်လို့။ ကြောက်မက်ဖွယ်အတိပါပဲ။ ကြည့်မယ်ဆို ဝင်ထားလိုက်၊   ကြည့်မယ်ဆို ဝင်ထားလိုက် နဲ့အော်နေတယ်။ လူကိုဗိုက်ခွဲ အူတွေ အတွဲလိုက်အခွေလိုက် ထုတ်ပြတဲ့ပြကွက် မလာသေးဘူး လို့ လော်စပီကာနဲ့ အော်နေတယ်။ စိတ်ဝင်စားသူတချို့က .ငေးငေးကြာင်ကြောင် ရုံပေါက်ဝမှာ။ ဖယောင်းတိုင်ကြီးကို ရေသန့်ဗူးဖြတ်ပိုင်းထဲ ထည့်ထွန်းထားတဲ့ ကွမ်းယာခုံတစ်ခု လှမ်းတွေ့ရတယ်။ မျက်လှည့်ပွဲရုံနဲ့ မလှမ်းမကမ်းဖြစ်ပြီး မှောင်ရိပ်နည်းနည်းကျနေသလား လို့ ၊နောက်ထပ် နှစ်ရာဖိုး ကွမ်း ထပ်ဝယ်ဖြစ်တယ်။ စိုအိအိနှုတ်ခမ်းနီရောင်ထောင့်ကွေးကိုလည်း မိလိုက်တယ် ။ အသားညစ်ညစ်ပေါ် တင်ထားတဲ့ မိတ်ကပ်ပြာနှမ်းနှမ်းရဲ့အနံ့ကိုလည်း ရလိုက်တယ်။ ကော့ဆေးနဲ့ ကော့တွဲထားတဲ့ ထောင့်ကပ်မျက်ဝန်းကိုလည်း သိမ်းဆည်းလိုက်နိုင်ပါတယ်။ သူ့အနားမှာလည်း အယ်လ်ကိုဟောပြင်း အူအူ၊ အနံ့တွေ မွှန်ထူလို့ ၊ရီဝေဝေမျက်လုံးတွေနဲ့ တွယ်ကပ်နေကြတယ် ။

မှတ်ချက်တစ်ခုအဖြစ် တေးထားပြီး HAPPY ZONE လား HAPPY WORLD လားမသိတဲ့ ဆိုင်အတွဲကြီးနားကပ်ခဲ့တယ်။ ဘူဘေါင်းတွေကို မျှားနဲ့ ပစ်ဖောက်ကြတယ်။ ဘီယာဘူး အအေးဘူးတွေကို ကော်လက်ကောက်ကွင်းနဲ့ပစ်ပြီး စွပ်ကြတယ်။ ဗလာမပါ ကံစမ်းမဲဆိုတာတွေ ရောင်းတဲ့နေရာလည်းဖြစ်တယ်။ ဘုရားရဲ့ ဒီဘက်အပေါက်ဝ ရောက်လာပြီပြောပါတော့။ ပိုက်ဆံအိပ် ပေါပေါလောလောတွေ ပုံရောင်းနေတာလည်းတွေ့တယ်။ လမ်းဘေးဈေးသည်တွေကတော့ တန်းစီပြီး အများကြီးပဲ။ ကလေးကစားစရာသေနတ်မျိုးစုံနဲ့ ကားတွေကတော့ ဆိုင်ကြီးကနားကြီးနဲ့ ။ အသုတ်အလုပ်ရောင်းတဲ့ဆိုင်တွေလည်းရှိတယ်။ ကိုရီးယာအကင်တို့ ဝက်သားဒုတ်ထိုးကြာဇံကြော် စားနေကြတာလည်း တွေ့တယ်။ အထွက်မုဒ်ဦးနားက ကွက်လပ်မှာတော့ ဖီလာဖနောင့် ပတ်စလွယ် လျှပ်စစ် မဟာနွယ်နဲ့ မိုက်နဲ့အော်ပြီး ခြင်းဝိုင်းတစ်ခုက ရပ်ကြည့်သူ ဆယ့်လေးငါးခြောက်ယောက်နဲ့။ သူ့ဘေးမှာ ပါတီကြီးတစ်ခုက ရံပုံငွေအတွက် အစားအသောက်နဲ့ အမှတ်တရပစ္စည်းအရောင်းဆိုင်တစ်ခုဖွင့်ထားတယ်။ ၊နိုင်ငံရေးသီချင်းတွေဖွင့် ၊ ပင်နီတွေ ဥဒဟိုလှုပ်ရှားပြီး ၊ရှေ့မှာတော့ .စာအုပ်ဟောင်းရောင်းတဲ့ အတန်းရှည်ကြီးက ဆိုင်ခန်း သုံးခန်းစာလောက် ရှိမလားပဲ။ စာအုပ်တွေက သုံးရာတန် ငါးရာတန် များတယ်။ လက်ကိုင်ပုဝါ မျက်နှာသုတ်ပုဝါရောင်းတဲ့ ဒေါ်ကြီးတွေရှိသလို လင်ပန်းထဲဖယောင်းတိုင်လေးထွန်းပြီးနွားနို့ပူတင်း တစ်ဗူးကို (၃၀၀)လို့ စာထောင်ထားပါတယ်။ ကြွေဗေဒင် လူဟော ဗေဒင်ဆရာလည်း တွေ့တယ်။ အဆုံးမှာတော့ ဆိုက်ကား/ စက်ဘီးအပ်တဲ့ နေရာမှာ အာလေးလျှာလေး မူးသံ ရူးသံတွေ ကြားနေရပါတယ် ။

ဘုရားပွဲဈေးတန်းက ဒီနေရာမှာဆုံးသွားပြီလို့ပြောရပါလိမ့်မယ် ၊ဒါပေမယ့် စိတ်က အာသာမပြေသေး  ။ တစ်ခုခု လိုအပ်ကျန်ရှိနေသေးတယ်လို့ ခံစားနေရတယ်။ ရှေ့နည်းနည်းဆက်သွားပြီး လက်ဘက်ရည်ဆိုင် ထိုင်ရင်ကောင်းမလား။ ကိုယ့်နယ်မြေမဟုတ် ထိုင်နေကျဆိုင်လည်းမဟုတ် အချိန်အခါလည်း မဟုတ်တာကြောင့် ဆိုက်ကားတစ်စီးငှားလိုက်တယ်။ အပြင်ပတ်လမ်းက နင်းပေးဖို့ပြောရင်း အိမ်ပြန်ခဲ့တယ်။ ဘုန်းကြီးကျောင်းဝန်းတွေ ချိတ်ဆက်ပြီး တစ်ဘက်ခြမ်းကတော့ ဘုရားအုတ်တံတိုင်းပဲရှိတယ်။ လူကလည်း ပြတ်တိပြတ်ခြား ၊ သစ်ပင်ရိပ်ကြီးနားမှာ အုပ်စုတစ်ခု ဆွဲလားရမ်းလားတွေနဲ့ ။ အသံထွက်ကို နားစွင့်ကြည့်လိုက်တော့မှ မိန်းမလို ကျင့်ကြံနေထိုင်တဲ့ မိန်းမလျှာတွေ  ။ ဆိုက်ကားတစ်စီးပေါ်က မိတ်ကပ်ထူလပျစ်နဲ့ အနံ့စူးစူး မိန်းမကို အမျိုးသားနှစ်ယောက်က ဘယ်လိုလဲ ညာလိုလဲတွေ မေးမြန်းနေလေရဲ့  ။ ရတနာလမ်းမကြီးကို ကျော်ချလိုက်တော့မှ ဘုရားပွဲအရောင်အဆင်းနဲ့ ဝေးကွာ ကျန်ရစ်ခဲ့တော့တယ်။ ကွမ်းယာထုပ်ကို ဖြည်စားမိတော့အကြည့်နဲ့အတွေးက နောက်ကြောင်းပြန် ။

အိမ်ပြန်ရောက်တော့ ဘုရားပွဲဈေးလျှောက်ခြင်း ခေါင်းစဉ်နဲ့ အက်ဆေးတစ်ပုဒ်ကို မြင်ကွင်းနဲ့ ခံစားမှုတွေအတိုင်း ဆက်တိုက်ရေးချလိုက်တယ်။ သွေးပူတုန်းမို့လားမသိ ဝါကျတွေက ဟောတစ်ကြောင်း ၊ ဟောတစ်ကြောင်း၊ ကွမ်းယာဆိုင်အဖွဲ့အနွဲ့ကျတော့ အစစ်အမှန်က ဘယ်ကိုဦးတည်ရမှန်း မသိ။ စာတစ်ပုဒ်လုံးကို ဒါနဲ့ချုပ်ပြောနိုင်ဖို့ လိုအပ်ချက်တွေ ပြူထွက်လာတယ်။ ထစ်ထစ်ငေါ့ငေါ့ ၊ကွန်ပျူတာပိတ်ပြီး အိပ်ပစ်လိုက်ရတယ်။ ခေါင်းထဲမှာတော့ အတေးအမှတ်နဲ့ ၊ ထင်သလိုမဖြစ်ပါစေနဲ့ ဆုတောင်းရမလား ၊ ငါ့ သုံးသပ်ချက် မှန်ကိုမှန်ရမယ်လို့ လက်သီးဆုပ်ရမလား မသိ ။ အချိန်ခိုးတဲ့အနေနဲ့ အိပ်ချလိုက်တော့တယ် ။

စိတ်ဆောင်လို့လား အိမ်မက်ထဲမှာဇာတ်လမ်းက ဆက်သွားနေလို့လား မသိ ၊နှစ်ချက်ခွဲ သုံးနာရီကြီးမှာအသိဝင် မျက်လုံးပွင့်လာတယ်။ ဗိုက်ဆာသလိုလို စိတ်ဆာသလိုလို ရှိတာနဲ့ ဘုရားပွဲဈေးတန်းဆီ ပြန်ရောက်ခဲ့ရတယ် ၊ ရေမုန့်သည်ရှိနေသေးတယ် ၊ အဝင်ဝမှာကောက်ညှင်းကျည်ထောက်ပိုင်းတွေ ကျန်နေသေးတယ် ၊ စားချင်တာ ဒါမဟုတ်ဘူးဆိုတဲ့ မသေမခြာမှုနဲ့ ကွမ်းယာသည်ဆီ ဦးတည်လာခဲ့တယ်။ ဇာတ်ရုံထဲကနှစ်ပါးသွား သီချင်းသံကြားတယ်။ ကွမ်းယာသည်ဘေးမှာ နှစ်ယောက် သုံးယောက် ရှိနေတုန်း ။ ဓါတ်ပုံရိုက်ဖို့ကြိုးစားတုန်းက အခြေအတင်ကြောင့် ဒီရုပ်ကြီးကို မှတ်မိမယ်ဆိုရင်အဆင်မပြေနိုင်။ ထူးခြားမှုလည်း ဘာမှမတွေ့ ။ ညဥ့်နက်လို့ အားကျနေတဲ့ မျက်ဝန်းမျိုးနဲ့ ဘေးလူကို ဧည့်ထောက်ခံနေတုန်း ။ အဲ ... အမေလား၊အဒေါ်လား မသေချာတဲ့ အဖွားကြီးတစ်ယောက်တော့ ကွမ်းယာသည်မလေးရဲ့ နောက်မှာ ရောက်နေတယ်။၊ကွမ်းမဝယ်တော့ပဲ လှည့်ထွက်လာခဲ့တယ်။ ဇာတ်ရုံထဲက အသံထွက်ကလွဲပြီး ဘုရားပွဲတစ်ခုလုံး အသံတိတ်မတတ်။ ဘူးသီးကြော်ဆိုင်ကတော့ ဗီဒီယိုကားပြထားတယ်။ အချိန်ဆွဲစားနေပုံပေါက်တဲ့ သုံးဆယ်ကျော်လောက် နှစ်ယောက်ရဲ့မျက်လုံးကလည်း ကွမ်းယာသည်လေးရဲ့ရင်ညွန့်မှာ။ ထားတော့ ကျိန်းသေ ကံမ မှတ်ချက်ချလို့ မရ။ ရဟတ်ကြီးလည်း မီးချောင်းတွေ ထွန်းလင်းနေပေမယ့် မလည်ပဲ ရပ်တန့်နေပါပြီ။ အထည်ဆိုင်တွေက ရှေ့ဖက်ကနေပြီး မိုးကားစကြီးတွေနဲ့ ပိတ်လိုက်ပြီ။ လမ်းဘေးခင်းရောင်းတဲ့ ဈေးသည်မှန်သမျှ မရှိတော့။ တက်တူးထိုးတဲ့ဆရာတွေလည်း စောင်ခြုံပြီး ကွေးနေကြပြီ။ 

မျက်လှည့်ပွဲဘေးက ကွမ်းယာသည်မှာ သေချာသလောက်ရှိတယ်ဆိုတဲ့ မှတ်ချက်နဲ့ကွေ့ချလိုက်တော့ မီးရောင်လက်လက် ရှိနေသေးတယ် ၊မျက်လှည့်ပွဲကတော့ ပြီးတာကြာပြီထင်ရဲ့ ။ မလျှော့လိုတဲ့စိတ်နဲ့ အနားတိုးကပ်သွားတော့ ထုံးအိုးတွေ ကွမ်းဗန်းတွေကို လက်ဆွဲခြင်းအဟောင်းထဲ ထည့်ပြီး သိမ်းနေပြီ။ ကွမ်းယာသည်မဟုတ်ဘူး၊ ဦးလေးကြီးတစ်ယောက်။ ကွမ်းလိုချင်လို့လားလို့ ကောင်မလေးက လှမ်းမေးတယ်။ ဝယ်သူဟန်ပန်ရှိတာ ဒီတစ်ယောက်တည်းရှိနေတာ ဆိုတော့ ... အဖေ ခဏနေဦးလို့လည်း လှမ်းပြောတယ်။ တကယ်ကိုဆွံ့အ သွားမိပါတယ်။ မဟုတ်တန်းတရားတွေ တွက်ဆထားမိလို့ ၊အဖေဆိုတဲ့ ဦးလေးကြီးကလည်း လက်ဆွဲခြင်းကို ဘေးမှာရပ်ထားတဲ့ဆိုက်ကားပေါ်ပဲ တင်ရမလိုလို ထုံးအိုးတွေပဲ ပြန်ထုတ်ရမလိုလို ဖြစ်နေတယ်။  မဟုတ်ဘူး ဆေးလိပ်ရဦးမလားလို့ပါ ... လွယ်ပါ့မလားပြန်ထုတ်လို့။ တကယ်တော့ မသိမ်းရသေးတဲ့ဆေးလိပ်ဗူးထဲက စီးကရက်နှစ်လိပ်ကို တစ်ရာနဲ့ဝယ်ပြီးထွက်လာခဲ့တယ်။ နောက်ကြောင်းက ဦးလေးကြီး ...  မီးခြစ်လို့ ပြောသံကြားပေမယ့် နောက်ပြန်မလှည့်တော့ပါဘူး။ ဆေးလိပ်မှ မသောက်တတ်တဲ့ဟာ။ စီးကရက်နှစ်လိပ်ကို ဘယ်တစ်လိပ် ညာတစ်လိပ် လက်ကြားညှပ်ရင်း ဘုရားပွဲဈေးက  ကျေကျေနပ်နပ်ကြီး အပြီးပြန်လာခဲ့တော့တယ် ။