တူမောင်ညို - လေးစားတယ်၊ အားနာတယ် ပြောစရာရှိတာလည်း ပြောလိုက်ပါတယ်



တူမောင်ညို - လေးစားတယ်၊ အားနာတယ် ပြောစရာရှိတာလည်း ပြောလိုက်ပါတယ်  (ဘားမား - မြန်မာကိစ္စ)
(မိုးမခ) ဧပြီ ၂၃၊ ၂၀၁၆


နိုင်ငံ့ခေါင်းဆောင်တစ်ယောက်၊ နိုင်ငံရေးခေါင်းဆောင်တစ်ယောက်ပြောတဲ့စကားဟာရှေ့နောက်ညီဖို့ သိပ်အရေးကြီးပါတယ်။ ပြီးစလွယ်မပြောဖို့လည်း သိပ်လိုအပ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ ပြောရမယ်ဆိုရင် မိဘသဖွယ် လေးစားပါတယ်။ ဒါပေမယ့် နိုင်ငံရေးအရ ပြော စရာဆိုစရာရှိလာရင်တော့ အားမနာဘဲ ပြောစရာရှိတာပြောရမှာပါ။ ဝေဖန်ထောက်ပြတာကို ဒေါ်အောင်ဆန်းစုကြည်က မလိုလား မနှစ်မျို့ဘူးလို့ ဆိုတဲ့ ပြောသံဆိုသံမျိုး တခါမျှ မကြားဖူးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ချစ်တာတစ်ခုထဲသိကြရှာသူတွေရဲ့ ပြောစကားတွေကို ကျနော်ဘွေမယူပါဘူး။ ကလေး တွေ အဖို့ သူ့အဖေအမေဟာ ပြိုင်စံရှားတဲ့ တကယ့်ဟီးရိုးပဲ မဟုတ်လား။ နှစ်ကာလ အရ အသက်ကြီးလာပေမယ့် စိတ်နေသဘောထားက မူကြိုကလေးလို ပြုမူဆဲရှိတဲ့ “ကလေးလူကြီးများ”ကိုလည်း ဘွေ မယူပါဘူး။ သူတို့အခြေအနေကို နားလည်ပါတယ်။ ဒါတွေထားပါတော့ ပြောစရာရှိတာပြောပါအုံးမယ်။

“ ဘားမား(Burma)” ဆိုတဲ့ အသုံးအနှုန်းကိစ္စ

ဒီကိစ္စကို ၂၀၁၂ မှာ ဒေါ်အောင်ဆန်းစုကြည်ပြောစဉ်က မူအပေါ်က အခြေခံပြီးပြောခဲ့တာပါ။ ဒီလိုပြောတာကို နှစ်ထောင်း အားရဖြစ်ပါတယ်။ ဘာလို့လည်း ဆိုတော့ မူအပေါ်မှာ အခြေခံပြီး မိမိသဘောထားအမြင်ကို ပြောလို့ပါပဲ။

ဘယ်မူအပေါ်မှာရပ်ခံပြောဆိုတာလဲ။

ဒီမိုကရေစီပုဂ္ဂိုလ်တွေဟာ နိုင်ငံရေးရာကိစ္စတွေမှာ ပြည်သူထံတင်ပြ၊ ပြည်သူ့သဘောထား၊ ပြည်သူ့ အဆုံးအဖြတ်ခံယူ၊ ပြည်သူသာ ပဓါန၊ အချုပ အခြာ အာဏာသည် ပြည်သူလူထုထံကနေ ဆင်းသက်တယ်ဆိုတဲ့ မူဖြစ်ပါတယ်။ ဒါဟာ ဒီမိုကရေစီရဲ့နှလုံး သည်းပွတ်ဖြစ်ပါတယ်။

ဒီမူအပေါ်မှာရပ်ခံပြီး “ဘားမား(Burma)” နဲ့ပတ်သက်ပြီးဒေါ်အောင်ဆန်းစုကြည်က “လူထုကို မတိုင်ပင်၊ အသိမပေးဘဲ တစ်ဖက် သတ်ပြောင်းလဲလိုက်တဲ့ ပုံစံမျိုးကို လက်မခံဘူး” ဆိုတဲ့သဘောထားကို ပြောခဲ့ပါတယ်။

“ဘားမား(Burma) ” ဆိုတဲ့ စကားရပ်အစား “ မြန်မာ (Myanmar) ” ဆိုတဲ့ စကားရပ်ကိုသုံးစွဲရမယ်လို့ ၁၉၈၉ ခုနှစ်၊ ဇွန်လ (၁၈) ရက်နေ့ ရက်စွဲနဲ့ ဥပဒေအမှတ် ၁၅/၈၉ ထုတ်ပြန်ပြီး (နဝတ) စစ်အစိုးရက ပြည်သူ လူထုကို မတိုင်ပင်၊ အသိမပေးဘဲ တစ်ဖက် သတ်ပြောင်းလဲခဲ့တာပါ။ ဒီလို တတိုင်းတပြည်လုံးနဲ့ဆိုင်တဲ့ကိစ္စမှာ တိုင်းပြည်နဲ့လူထုကို မတိုင်ပင်၊ အသိမပေးဘဲ၊ ငါ့မြင်းငါစိုင်းတဲ့ စစ်အာဏာရှင်လုပ်ရပ်ကို ဒေါ်အောင်ဆန်းစုကြည်က ကန့်ကွက်ခဲ့တာပါ။

အမေရိကန်ပြည်ထောင်စုအပါအဝင် ပြည်ပနိုင်ငံအချို့ကလည်း (နဝတ-နအဖ) စစ်အစိုးရကို ကန့်ကွက်တဲ့သဘော၊ ဖိအား ပေးတဲ့သဘောနဲ့ (Myanmar) လို့ မသုံးဘဲ၊ (Burma ) လို့ ကာလအတန်ကြာအောင် သုံးစွဲခဲ့ပါတယ်။

အခု ၂၀၁၆ မှာတော့ ဒေါ်အောင်ဆန်းစုကြည်က အခုပြောပြန်ပါတယ်။

"ကျွန်မအနေနဲ့ Burma လို့ မကြာခဏ သုံးစွဲခဲ့ပါတယ်၊ အဲ့ဒါဟာ အလေ့အကျင့်လို ဖြစ်နေလို့ပါ၊ အဲ့ဒီလို သုံးစွဲလို့ ကျန်တဲ့ သူတွေလည်းအလားတူ သုံးစွဲရမယ်လို့ မပြောလိုပါဘူး၊ နောင်မှာ အလျဉ်းသင့်သလို Myanmar လို့ သုံးစွဲသွားမှာ ဖြစ်ပါတယ်၊ ဒါမှလည်း သံတမန်တွေအနေနဲ့ သက်တောင့်သက်သာဖြစ်မယ်ဆိုတာ နားလည်ပါတယ်၊ သံတမန်တွေ အနေနဲ့ Burma ဒါမှ မဟုတ် Myanmar ကြိုက်သလို သုံးနှုန်းနိုင်ပါတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘယ်လိုသုံးစွဲရမယ်ဆိုတာ ပြဌာန်းထားတာ မရှိပါဘူး" လို့ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာ ဖြစ်ပါတယ်။ (RFA - ၂၂ - ၄ - ၂၀၁၆)

အထက်မှာကိုးကားဖော်ပြထားတဲ့ ပြောဆိုချက်ကိုကြည့်ပါ။

၂၀၁၂ မှာ ဒေါ်အောင်ဆန်းစုကြည် ကိုင်စွဲခဲ့တဲ့ မူနဲ့ သဘောထားကို စွန့်ပယ်ပြီး ပြောလိုက်တဲ့ အပြောအဆိုဖြစ်ပါတယ်။ ရှေ့နောက်မညီတဲ့ ပြောကြားချက်ဖြစ်ပါတယ်။

“အလေ့အကျင့်ဖြစ်နေလို့ပါ” တဲ့။

“ကျန်တဲ့သူတွေလည်းအလားတူသုံးစွဲရမယ်လို့ မပြောလိုပါဘူး” တဲ့။

“ နောင်မှာ အလျဉ်းသင့်သလို Myanmar လို့ သုံးစွဲသွားမှာ ဖြစ်ပါတယ်” တဲ့။

အင်မတန်စိတ်ပျက်ဖွယ်ကောင်းတဲ့ပြောဆိုချက်ဖြစ်ပါတယ်။

“သံတမန်တွေ အနေနဲ့ Burma ဒါမှ မဟုတ် Myanmar ကြိုက်သလို သုံးနှုန်းနိုင်ပါတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘယ်လို သုံးစွဲရမယ်ဆိုတာ ပြဌာန်းထားတာ မရှိပါဘူး" တဲ့။

ဒီပြောကြားချက်က “တရားဥပဒေ စိုးမိုးရေး” ကို ပါးစပ်ကနေ တဖွဖွပြောနေသူတစ်ဦးရဲ့ပြောဆိုချက်မှ ဟုတ်မှဟုတ်ပါလေစ။

ဒေါ်အောင်ဆန်းစုကြည်ဟာ “၂၀၀၈ အခြေခံဥပဒေ” ကို လေးစားလိုက်နာပါ့မယ်လို့ လွှတ်တော်ထဲမှာ နှစ်ကြိမ်နှစ်ခါ ကတိ သစ္စာပြုခဲ့ဖူးသူဖြစ်ပါတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနိုင်စဉ်ကတခါနဲ့ အခုနောက်ဆုံး ၂၀၁၅ ရွေးကောက်ပွဲနိုင်စဉ်က တစ်ခါ ၊ ဒါကြောင့် စုစုပေါင်း ကတိသစ္စာပြုခဲ့တာ နှစ်ကြိမ်နှစ်ခါ ဖြစ်ပါတယ်။

ကတိသစ္စာပြုချက် (၂၀၀၈ အခြေခံဥပဒေ၊ ဇယား ၄ ) ထဲက လိုသလောက်ကို ကောက်နုတ်ပြပါ့မယ်။

“နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပြီး နိုင်ငံတော်၏ ဥပဒေများကိုလည်း လိုက်နာပါမည်” ဒီစကားပိုဒ်ကို လွှတ်တော်ထဲစတင်ဝင်ရောက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တိုင်းလွှတ်တော်ဥက္ကဋ္ဌရှေ့မှာ ရွတ်ဆိုကြရပါတယ်။ ကတိပြု ကြရပါတယ်။

“ စကားရပ်များအနက်အဓိပ္ပာယ်ဖွင့်ဆိုရေးဥပဒေ/ စကားရပ်များပြောင်းလဲသတ်မှတ်သည့်ဥပဒေ” တွေ ဟာ နိုင်ငံတော်၏ တည်ဆဲဥပဒေတွေပါ။ ဒါတွေကို ဒေါ်အောင်ဆန်းစုကြည် မသိနိုင်စရာအကြောင်းမရှိပါဘူး။ ဒီလို တစ်ဖက်သတ်ကျတဲ့ ဥပဒေပြဋ္ဌာန်း ချက်တွေကို ၂၀၁၂ မှာ ဆန့်ကျင်ကန့်ကွက်ပြောဆိုခဲ့တာပဲမဟုတ်ပါလား။

ဘာကြောင့်များ “ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘယ်လိုသုံးစွဲရမယ်ဆိုတာ ပြဌာန်းထားတာ မရှိပါဘူး" လို့ ပြီးစလွယ်ပြောရပါ သလဲ။ ၂၀၀၈ အခြေခံဥပဒေထဲမှာ ဘားမား(Burma)လို့ မခေါ်ရ/ မြန်မာ (Myanmar) လို့ပဲခေါ်ရမယ်လို့ ပြဋ္ဌာန်းထားတဲ့စကားရပ်၊ ပုဒ်မ တစ်ခု မှမရှိဘူးဆိုပြီး ပြောချင်တာလား။ ဒီလိုပြောတာဟာ တမင်စကားကပ်ပြီးပြောတာပါ။ ငါ့စကားနွားရပြောနည်းပါ။ ပညာတတ် မဆန် တဲ့ပြောနည်းဖြစ်ပါတယ်။

၂၀၀၈ အခြေခံဥပဒေ၊ ပုဒ်မ ၄၅၃ ကို ဒေါ်အောင်ဆန်းစုကြည်သိသလို၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေပညာရှင်များ လည်းသိရှိပြီးသားပါ။
“၂၀၀၈ အခြေခံဥပဒေ” နဲ့ အခြားတည်ဆဲဥပဒေဆိုတာတွေကို ကိုးကားပြနေတာဟာ ဒီဥပဒေတွေကို ကြိုက်နှစ်သက်လွန်းလို့ မဟုတ်ပါဘူး။ “၂၀၀၈ အခြေခံဥပဒေ” နဲ့ အခြားတည်ဆဲဥပဒေဆိုးတွေအားလုံးကို ဖျက်သိမ်းပစ်ချင်တာပါ။

တကယ်တော့ ဒီကိစ္စကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပွင့်ပွင့်လင်းလင်း၊ ရိုးရိုးရှင်းရှင်းပဲပြောပြသင့်တာပါ။

ဘားမား (Burma)/ မြန်မာ(Myanmar) ကိစ္စကို ကျွန်မ မူအရဆန့်ကျင်ပါတယ်။ လောလောဆယ်မှာ ကျွန်မတို့အနေနဲ့ ၂၀၀၈ အခြေခံဥပဒေဘောင်ထဲမှာ ဒီဥပဒေနဲ့ အခြားတည်ဆဲဥပဒေတွေကိုလိုက်နာပါ့မယ်လို့ ကတိသစ္စာပြုထားရတဲ့ အကြပ်အတည်း အခက် အခဲရှိနေပါတယ်။ ဒါကြောင့် မလွှဲမရှောင်သာပဲ ဒီအသုံအနှုန်းကို ကျွန်မတို့သုံးစွဲနေရပါတယ် ဆိုပြီး နိုင်ငံတကာသံတမန်တွေကို ရှင်းပြ မယ် ဆိုရင် အင်မတန်နားဝင်ချိုပြီး မိမိရပ်ခဲ့တဲ့မူကိုလည်း ချိုးဖောက်ရာမရောက်သလို အခြေခံဥပဒေအပါအဝင် အခြားတည်ဆဲ ဥပဒေ ဆို တာတွေကိုလည်း တမင်ကန့်လန့်တိုက်ပြီး ပြောဆိုရာ မရောက်နိုင်ဘူးလို့ ယူဆပါတယ်။

အခုတော့ ဒေါ်အောင်ဆန်းစုကြည်ပြောလိုက်တာက မိမိရပ်တည်ခဲ့တဲ့မူနဲ့သဘောထားကိုလည်း သွေဖီ/ (ကြိုက်သည် မကြိုက်သည်မကြိုက်သည်အပထား) လက်တွေ့အရမိမိတို့ကတိသစ္စာပြုထားတဲ့ ၂၀၀၈ အခြေခံဥပဒေနဲ့ ရှေ့နောက်မညီတဲ့ အပြော အဆိုမျိုးဖြစ်ပါတယ်။ ဒီလိုပြောပုံပြောနည်းဟာ အင်မတန်မှ စိတ်ပျက်စရာကောင်းပါတယ်။

ဒီဖြစ်ရပ်တွေဟာ တကယ်တော့ “၂၀၀၈ အခြေခံဥပဒေ” ကို ကတိသစ္စာပြုမိတာရဲ့ နောက်ဆက်တွဲ မလွှဲနိုင်မရှောင်နိုင် ရင်ဆိုင်ကြုံတွေ့ရတဲ့ ဒုက္ခဝဲဂယက်တွေပဲဖြစ်ပါတယ်။

“၂၀၀၈ အခြေခံဥပဒေနဲ့ အခြားတည်ဆဲဥပဒေ ဒုက္ခနွံ” ထဲမှ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီချုပ်ပါတီ လွတ်မြောက်ပါစေ။

ညွန်း
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၁၅/၈၉
Myanmar လို့ ခေါ်ဝေါ်သုံးစွဲမည် (RFA - ၂၂ - ၄ - ၂၀၁၆)
BBC - မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည် ဖြေကြားချက် - ဘီဘီစီမြန်မာဘာသာ- အွန်လိုင်း(၁၈- ၆ - ၂၀၁၂)