မတ်လ ၃၀ ရက်ကို သမိုင်းဝင်နေ့ကို ဖြတ်သန်းခြင်း



မတ်လ ၃၀ ရက်ကို သမိုင်းဝင်နေ့ကို ဖြတ်သန်းခြင်း
မောင်မိုးသူ မော်ဒန်သတင်းဂျာနယ် ၊ ၁ ဧပြီလ ၂၀၁၆

၂၀၁၅ နိုဝင်ဘာ ၈ ရက်နေ့မှာ အပြတ်အသတ်အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ယခု မတ်လ ၃၀ ရက်နေ့ လွှတ်တော်မှာ သမ္မတနဲ့ ဝန်ကြီးအဖွဲ့က ကျမ်းသစ္စာကျိန်ဆိုပြီး အာဏာလွှဲပြောင်းမှု လုပ်ရမှာ ဖြစ်ပါတယ်။

မောင်မိုးသူဟာ ယခုအာဏာလွှဲပြောင်းရယူမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စတင်တည်ထောင်ရာမှာ ပါဝင်ခဲ့သူတဦး ဖြစ်လို့ ဝမ်းသာကြည်နှူးမှု ဖြစ်ရသလို ဒီမိုကရေစီတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော်လုပ်ဖော်ကိုင်ဖက်များအတွက်လည်း ဝမ်းနည်းပက်လက် ဖြစ်ရပါတယ်။

မောင်မိုးသူ မနက် ၇း၀၀ နာရီမှ ၉း၃၀ နာရီအထိ အမြဲထိုင်လေ့ရှိတဲ့ မောနင်းစတားမှာ မန္တလေးတက္ကသိုလ်ခေတ် ငယ်သူငယ်ချင်း စာရေးဆရာ ပင်းယမွှေးရဲ့ သမီးနဲ့ ခင်ပွန်းတို့ လာပြီး တွေ့ကြပါတယ်။ သူတို့ အမေမွှေးပြောတဲ့စကားကို ပြန်ပြောလို့ မောင်မိုးသူ ပြုံးမိ ကျေနပ်နေမိပါတယ်။

မွှေး ပြောတာကတော့ မိုးသူဟာ တို့တက္ကသိုလ်မှာကတည်းက လွယ်အိတ်တလုံးနဲ့ နိုင်ငံရေးလုပ်နေခဲ့တာ။ ထောင်လည်းအကြိမ်ကြိမ်ကျခဲ့တော ခုလို ဒီမိုကရေစီရတာကို မြင်ရလို့ ကံကောင်းလိုက်တာလို့ ပြောပါတယ်။

ဟုတ်ကဲ့ မောင်မိုးသူ ကံကောင်းပါတယ်။ မောင်မိုးသူလို ကံမကောင်းရှာကြတဲ့ ဦးဝင်းတင်၊ ဦးဝင်းခက်၊ဦးတင်ရွှေ၊ ဦးကိုယု၊ ဦးကျော်မင်း၊မောင်သော်က၊မောင်ဝံသနဲ့ အများကြီးသော လုပ်ဖော်ကိုင်ဖက်များကို သတိရနေမိပါတယ်။

၃၀ ရက်နေ့ မနက် မောနင်းစတားမှာ မောင်မိုးသူ ရောက်နေပါပြီ။ ထုံးစံအတိုင်း မန္တလေးသားပီပီ နန်းကြီးသုပ် (မုန့်တီ) စား လက်ဖက်ရည်ကိုသောက်၊ စားပွဲပေါ် ရောက်လာတဲ့ ဂျာနယ်၊ သတင်းစာတွေ ဖတ်ရင်း ဝိုင်းတော်သားများနဲ့ လေပစ်နေပါတယ်။ ဒါပေမဲ့ သည်နေ့တော့ ၉း၃၀ နာရီကျရင် အိမ်ပြန်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အိမ်က ရုပ်မြင်သံကြားရဲ့ လွှတ်တော်လိုင်းက ထုတ်လွှင့်တဲ့ လွှတ်တော်တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ဖို့ ဖြစ်ပါတယ်။

၈း၀၀ နာရီလောက်မှာ မိုးမခ မဂ္ဂဇင်းက ငြိမ်းချမ်းအေးက မောင်မိုးသူ လက်ဖက်ရည်ဆိုင်မှာ ရှိသေးရင် ဂျပန်သတင်းထောက်တယောက် ခေါ်လာပါရစေဆိုတော့ ခေါ်ခဲ့လေပေါ့။ ဂျပန်သတင်းထောက်ခမျာမှာ ရန်ကုန်ရောက်လာပြီး အင်န်အယ်လ်ဒီက တာဝန်ရှိ ပြောရေးဆိုခွင့်ရှိသူများနဲ့ တွေ့ဖို့လာတာ ဖြစ်ပေမဲ့ ရန်ကုန်ရုံးချုပ်မှာ ပြောနိုင် ဆိုနိုင်တဲ့သူတွေ မရှိကြဘဲ အားလုံးလိုလိုနေပြည်တော်ရောက်နေကြသတဲ့။ ဒါကြောင့် တွေ့ဖို့ အလွယ်ဆုံးဖြစ်တဲ့ မောင်မိုးသူကို လာတွေ့တာလို့ ပြောပါတယ်။ တွေ့တာတော့ ရပါတယ်။

ဂျပန်သတင်းထောက်က စီးပွားရေးဆိုင်ရာ သတင်းထောက်ဖြစ်လို့ အင်န်အယ်လ်ဒီအစိုးရသစ်ရဲ့ အနာဂတ်စီးပွားရေးအခြေအနေအကြောင်း မေးပါတယ်။မောင်မိုးသူလည်း ပြောချင်နေတာနဲ့ အံကျ ဖြစ်သွားတာပေါ့။

ဒါနဲ့ အရင်တပ်မတော်အစိုးရများနဲ့ အသွင်ပြောင်း ဦးသိန်းစိန် အစိုးရလက်ထက်တွေမှာ စီးပွားရေးလုပ်ငန်း အကောင်အထည်ဖော်ပေးသူက တရုတ်နိုင်ငံ ဖြစ်ပါတယ်။တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရနဲ့ တိုက်ရိုက်လုပ်ကိုင်ရတာ မဟုတ်ဘဲ တရုတ်နိုင်ငံရဲ့ စီးပွားရေးသမားများနဲ့ မြန်မာအာဏာပိုင်များ အကြီးမားဆုံးဖြစ်တဲ့ ဦးပိုင်နဲ့ စာချုပ်တွေ ချုပ်ဆို လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ သိသာထင်ရှားတဲ့ လုပ်ငန်းရပ်ကြီး နှစ်ခုကတော့ ပြဿနာပေါင်းသောင်းခြောက်ထောင်ဖြစ်နေတဲ့ မြစ်ဆုံစီမံကိန်းနဲ့ လက်ပံတောင်းတောင်စီမံကိန်းများ ဖြစ်ပါတယ်။

စာချုပ်တွေကို အများပြည်သူ မြင်မြင်ထင်ထင် မသိရှိရတဲ့ ပြဿနာတွေပါပဲ။လက်ပံတောင်းတောင်မှာဆိုရင် မြန်မာနိုင်ငံရဲ့ ရပိုင်ခွင့်ဟာ ဘာမဟုတ်တဲ့ ရာနှုန်းလေးပဲရှိလို့ ပြဿနာဖြစ်ကာ ရာနှုန်းတိုးမြှင့်ချုပ်ရတာ ဖြစ်ပါတယ်။ အဲသည် စီမံကိန်းများကို ကာကွယ်စောင့်ရှောက်ပေးရင်း ပြည်သူလူထုနဲ့ ထိပ်တိုက်တွေ့ခဲ့ရတာလည်း တပုံတခေါင်းပေါ့။

အဲဒါက နိုင်ငံတော်အဆင့် ဦးပိုင်နဲ့ လုပ်ခဲ့ကြတာမျိုး။ ရိုးရိုး တရုတ်စီးပွားရေးသမားများဟာ တရုတ်က မသုံးတော့တဲ့ စက်ရုံတွေကို မြန်မာပြည်လာဆောက်ပြီး ပစ္စည်းထုတ်လုပ်မှုတွေလုပ်၊ ပေါချောင်မကောင်း ပစ္စည်းတွေ ဖြစ်ခဲ့ရတာလည်း ဒုနဲ့ဒေးပေါ့။ ဒါတွေဟာ တပ်မတော်အစိုးရလက်ထက်နဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ လုပ်ခဲ့ကြရတဲ့ ဒုက္ခသုက္ခများ ဖြစ်ပါတယ်။

အင်န်အယ်လ်ဒီအစိုးရကတော့ ဂျပန်နဲ့ လုပ်မယ်။ အမေရိကန်၊ ဥရောပနိုင်ငံများနဲ့ လုပ်ကြမှာ ဖြစ်ပါတယ်။ ဂျပန်ဆိုရင် ဂျိုက်ကာတို့ ၊ သီလဝါမှာ ဂျပန်တွေ ရောက်နေပါပြီ။ စနစ်တကျ နည်းပညာများဖြင့်လည်း မြင့်မားတဲ့ စွမ်းဆောင်မှုများနဲ့ လုပ်ဆောင်ကြမှာမို့ အင်န်အယ်လ်ဒီအစိုးရသစ်ရဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ အောင်မြင်မှုအလားအလာ အခြေအနေကောင်းပါတယ်လို့ မောင်မိုးသူဖြေလိုက်ပါတယ်။ ဒါပေမဲ့ ၉း၃၀ နာရီကျတော့ ဂျပန်သတင်းထောက်ကို နှုတ်ဆက်ပြီး အိမ်ပြန်ပြေးရပါတယ်။ သမိုင်းဝင်လွှတ်တော်ကို ကြည့်ရမှာလေ။

အိမ်ရောက်တာနဲ့ အတော်ပါပဲ။ သမိုင်းဝင်လွှတ်တော်အစီအစဉ်များ မြင်တွေ့ကြည့်ရှုရပါတယ်။ သမ္မတ၊ ဒုတိယသမ္မတ နဲ့ ဝန်ကြီးအဖွဲ့၊ ခုံရုံးအဖွဲ့၊ ကော်မရှင်အဖွဲ့တို့ ကျမ်းသစ္စာကျိန်ဆိုတာကိုလည်း တွေ့ရ၊ သမ္မတဦးထင်ကျော်ရဲ့ မိန့်ခွန်းကိုလည်း နားထောင်ရပါတယ်။ ဝန်ကြီးအဖွဲ့ကို ၃၆ ဖွဲ့ကနေ ၂၁ ဖွဲ့ ချုံ့ပစ်လိုက်သလို သမ္မတဦးထင်ကျော်ဟာ မိန့်ခွန်းကို လိုတိုရှင်းပဲပြောပါတယ်။ သမ္မတ တာဝန်ကို ကြိုးစားထမ်းဆောင်မယ့်အကြောင်း ငြိမ်းချမ်းရေး ရင်ကြားစေ့ရေးတို့ကို ဆောင်ရွက်မှာဖြစ်ပြီး အခြေခံဥပဒေပြင်ဆင်ရေးကိုလည်း စိတ်ရှည်ရှည်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

နောက်သမ္မတအိမ်တော်မှာ ဦးသိန်းစိန်က သမ္မတတာဝန်များ လွှဲပေးပါတယ်။

သမ္မတညစာစားပွဲကိုလည်း စုံစုံညီညီ ကျင်းပတာကို တွေ့ရပါတယ်။

အဲဒါ အားလုံးကို မောင်မိုးသူက ရုပ်မြင်သံကြားပေါ်မှာ တွေ့မြင်ရတာ ဖြစ်ပါတယ်။

ကြားထဲမှာ လာတဲ့ သတင်းဌာနများရဲ့ အင်တာဗျူးများကိုလည်း ဖြေရပါတယ်။

သည်လိုသည်လိုနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ၈၈ စက်တင်ဘာမှာ မှတ်ပုံတင် ဖွဲ့စည်းခဲ့ကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂၇ နှစ်တာကာလကို ဖြတ်သန်းခဲ့ပြီး ထောင်တွေတန်းတွေလည်း အကြိမ်ကြိမ်အခေါက်ခေါက် ကျခံခဲ့ရ၊ သေဆုံး ၊ကျဆုံးခဲ့ရသူများကိုလည်းတွေ့ကြုံခဲ့ရပြီ။ ယခုတော့ဖြင့် သမိုင်းဝင်နေ့ရက်ကို ဖြတ်သန်းခဲ့ကြပြီ ဖြစ်ပါတယ်။

မတ်လ ၃၀ ရက် သမိုင်းဝင်နေ့ကို ဖြတ်သန်းခြင်းနှင့် မောင်မိုးသူပါ။