ဆွေဝင်း (Myanmar Now) - သမ္မတဦးသိန်းစိန်၏ ငါးနှစ်ကြာသက်တမ်း မတည်ငြိမ်၊ ရှုပ်ထွေးမှုများနှင့် ပြီးဆုံး

ဆွေဝင်း (Myanmar Now) - သမ္မတဦးသိန်းစိန်၏ ငါးနှစ်ကြာ သက်တမ်း မတည်ငြိမ်၊  ရှုပ်ထွေးမှုများနှင့် ပြီးဆုံး
(မိုးမခ) ဧပြီ ၂၊ ၂၀၁၆

ယခု ဆောင်းပါးအား Myanmar Now မှ ရယူပါသည်။

ရန်ကုန် (Myanmar Now) - သမ္မတသစ် ဦးထင်ကျော်အား တာဝန်လွှဲပြောင်းပေးအပ်မည့် အခမ်းအနားကျင်းပရာ နေပြည် တော်ရှိ သမ္မတအိမ်တော် သံတမန်ခမ်းမဆောင်သို့ တာဝန်မှ အနားယူရတော့မည့် သမ္မတဦးသိန်းစိန် ရောက်ရှိလာချိန်တွင် သူ၏ မျက်နှာတွင် စိတ်မသက်မသာဖြစ်နေပုံပေါ်သည်။

မိနစ်အနည်းငယ်သာကြာမြင့်သည့် အာဏာလွှဲပြောင်းခြင်း အခမ်းအနားတွင် သမ္မတဟောင်း ဦးသိန်းစိန်က သမ္မတသစ်ဦး ထင်ကျော်ကို သမ္မတအဆောင်အယောင် ရွှေစလွယ် လွှဲပြောင်းပေးအပ်လိုက်သည်။

အသက်ကင်းမဲ့လှသော ထိုအခမ်းအနားသည် ဦးသိန်းစိန်အတွက်မူ ဒယိုင်းဒယိုင် အတက်အကျများလှသည့် ငါးနှစ်သက် တမ်း၏ အဆုံးသတ်ဇာတ်ဝင်ခန်းပင်ဖြစ်သည်။

အရပ်သားတစ်ပိုင်းအစိုးရဖြင့် မြန်မာပြည်အား ဒီမိုကရေစီစနစ်သို့ ကူးပြောင်းဆောင်ရွက်ရန် စစ်အာဏာရှင်ဟောင်း ဦးသန်း ရွှေက သူ့အား တာဝန်ပေးခဲ့သည်ဟု ယူဆထားကြသည်။

သူ့လက်ထက်တွင် ထူးခြားသည့် ဒီမိုကရေစီပြောင်းလဲမှုများဖြစ်ပေါ်ခဲ့သည်ကို အသိအမှတ်ပြုမှုများ ရှိသလို၊  တစ်ဖက်တွင် လည်း ဘာသာရေး လူမျိုးရေး အဓိကရုဏ်းများ ပေါ်ပေါက်ခဲ့ခြင်း၊  နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ဆက်လက်ဖိနှိပ်ခဲ့ခြင်း၊  ပြည်သူအများစု၏ လူနေမှုဘဝကို ဖြစ်ဖြစ်မြောက်မြောက် မြှင့်တင်နိုင်မှု မရှိခဲ့ခြင်းတို့ကြောင့် ဝေဖန်မှုများလည်း ပြင်းပြင်း ထန်ထန် ခံခဲ့ရသည်။

“ဦးသိန်းစိန်အစိုးရရဲ့ ဝိ‌သေသက‌တော့ ဖားတစ်ပိုင်းငါးတစ်ပိုင်းအစိုးရ ဖြစ်ပါတယ်။  ဘာကိုမှဖြစ်‌ဖြစ်‌‌မြောက် ပြီးစီး‌အောင် မလုပ်ဘဲ နောက်ဆုံးမှာ အဖျားရှုးသွားခဲ့ပါတယ်” ဟု လူမှုဖွံ့ဖြိုးရေးအကူအညီများလုပ်ဆောင်နေသည့် ရန်ကုန်အခြေစိုက် လောကအလင်း အဖွဲ့အစည်းမှ  အုပ်ချုပ်မှုဒါရိုက်တာ ဦးထွန်းလင်းဦးက သုံးသပ်သည်။

“အကျဉ်းထောင်‌‌တွေ တရားရုံး‌တွေမှာ သူ့အစိုးရ အ‌စောပိုင်းကာလကအတိုင်း တတ်ကြွလှုပ်ရှားမှု‌တွေ တိုးသည်ထက် တိုးလာတယ်၊  အပယ်ခံ‌တွေ၊  နင်းပြား‌တွေရဲ့လူ့အခွင့်‌အ‌ရေး အ‌ခြေအ‌နေက မပြောင်းမလဲ တစ်သမတ်တည်းရှိ‌နေတုန်းပဲ” ဟု သူက ဆက်၍ဆိုသည်။

● မြန်မာ့နွေဦး
မြန်မာနိုင်ငံအခြေအနေကို အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားခဲ့သော အာရပ်နွေဦး တော်လှန်ရေးများဖြင့် သာသာထိုးထိုး နှိုင်းယှဉ်ပြီး ဦးသိန်းစိန်အစိုးရခေတ်အား မြန်မာ့နွေဦး ဟူ၍ ယခင် သမ္မတရုံးညွန်ကြားရေးမှုး ဦးဇော်ဌေးက The Voice နေ့စဉ်ထုတ်သတင်းစာနှင့် မကြာသေးမီက မေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

ဦးသိန်းစိန်သည် ပြုပြင်ပြောင်းလဲမှုများကို သူ့သက်တမ်း ၅ နှစ်ကာလတွင် ၂ နှစ်မျှသာ လုပ်နိုင်ခဲ့ကြောင်းလည်း သူကဆိုရာ၊  ပြုပြင်ပြောင်းလဲမှုများ ဆက်လက်မလုပ်နိုင်စေရန် အာဏာရှင်ဟောင်း ဦးသန်းရွှေ သို့တည်းမဟုတ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ဟန့်တားခဲ့လေသလောဟု မေးခွန်းထုတ်စရာ ရှိလေသည်။

ဦးသိန်းစိန်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင် ဥက္ကဋ္ဌအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်သွားမည်ဟု ပါတီခေါင်းဆောင်ပိုင်းကဆိုထားသည်။

၂ဝ၁၁ ခုနှစ်က ဦးသိန်းစိန်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် တိုင်းပြည်သို့ ပထမဆုံးအကြိမ် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် အကျင့်ပျက်ခြစားမှုများကို တိုက်ဖျက်သွားမည်၊  တရားစီရင်ရေး စနစ်ကို ပြုပြင်ပြောင်းလဲသွားမည်၊   ပြည်သူ တို့၏ လူနေမှုဘဝမြှင့်တင်ရေးအတွက် စီးပွားရေးတိုးတက်ရန် လုပ်ဆောင်မည်ဟု ထည့်သွင်းပြောဆိုခဲ့သည်။

ထို့နောက်တွင် သူသည် ရာပေါင်းများစွာသော နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခဲ့ပြီး၊  ကာလကြာရှည်ဖြစ်ပွားနေသော ပြည်တွင်းစစ်ချုပ်ငြိမ်းစေရန် အတွက်လည်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အစီအစဉ်တစ်ရပ်ကိုလည်း စတင်အ ကောင်အထည်ဖော်ခဲ့သည်။

● ပဋိပက္ခများနှင့် အကြမ်းဖက်မှု
သို့သော် ဦးသိန်းစိန်လက်ထက်တွင်ပင် ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် KIA နှင့် ချုပ်ဆိုထားသော  ၁၇ နှစ်ကြာငြိမ်းချမ်းရေး စာချုပ် ကျိုးပေါက်ကာ ကာလရှည်ကြာ စစ်ပွဲကြီး ယနေ့တိုင်ဖြစ်ပွားနေသည်။  ထို့ပြင် ရှမ်းပြည်မြောက်ပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တို့နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ကာ၊  ရခိုင်ပြည်အပါအဝင် နိုင်ငံ၏ ဒေသအများအပြားတွင်လည်း  သွေးထွက်သံယို အဓိကရုဏ်းများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။  အဓိကရုဏ်းများ၊  စစ်ပွဲများကြောင့် လူပေါင်းသောင်းသိန်းချီ၍ အခြေမဲ့အနေမဲ့၊  အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

သူ၏သက်တမ်းအစပထမနှစ်တွင် နိုင်ငံရေးအကျဉ်းသား အမြောက်အများ လွတ်မြောက်ခဲ့သော်လည်း နိုင်ငံရေးလှုပ်ရှားမှု ကြောင့် ဖမ်းဆီးခံထားရသူ၊  တရားစွဲခံနေရသူ အရေအတွက်မှာ  ၄ဝဝ နီးပါးရှိနေသည်ဟု AAPP  ခေါ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း၏ မှတ်တမ်းအရ သိရသည်။  ဖမ်းဆီးခံထားရသူများတွင် ကျောင်းသားများ၊  သိမ်းဆည်းခံမြေယာပြန်လည်တောင်းဆိုခဲ့သည့် လယ်သမားများ ပါဝင်နေသည်။

စစ်ကိုင်းတိုင်း မုံရွာမြို့အနောက်ဘက်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက်ဆန္ဒပြနေသည့် ဒေသခံများ၊ သံဃာတော်များ မီးလောင်ဒဏ်ရာ ရသွားကြသည်အထိ လက်နက်ဖြင့် အကြမ်းဖက်ဖြိုခွင်းခဲ့သည်မှာ ဦးသိန်းစိန်တက်လာပြီး ၁ နှစ် ၈ လအကြာ ၂ဝ၁၂ နိုဝင်ဘာတွင် ဖြစ်သည်။

“အစိုးရ ၅နှစ်တာကာလတစ်ခုလုံးကို သုံးသပ်ရမယ်ဆိုရင်တော့ အကောင်းတွေလည်း ရှိသလို၊  အဆိုးတွေလည်းရှိတယ်လို့ မြင်ပါတယ်။  အကောင်းနဲ့အဆိုး ခွဲခြားပြီးကြည့်မယ်ဆိုရင်တော့ ရှေ့ကလုပ်ခဲ့တဲ့ကောင်းတာတွေကို နောက်ကလုပ်တဲ့ မကောင်းတာတွေက လွှမ်းမိုးသွားတယ်လို့ မြင်ပါတယ်” ဟု ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမြအေးက ဆိုသည်။

“ဥပမာ ကျောင်းသားတွေရိုက်တဲ့ကိစ္စ၊ ကိုပါကြီး အသတ်ခံရတဲ့ကိစ္စ၊ ဒါတွေက ရှေ့ကအရာတွေကို လွှမ်းမိုးသွားခဲ့တယ်လို့ ထင်ပါတယ်။  သမ္မတဦးသိန်းစိန်အစိုးရအနေနဲ့ ၅နှစ်တာကာလမှာ တိုင်းပြည်ကို တတ်နိုင်သလောက်ကောင်းအောင် ကြိုးစားခဲ့ပေမယ့်လည်း အချုပ်ပြောရရင်တော့ မအောင်မြင်ခဲ့ဘူးလို့ပဲ ပြောချင်ပါတယ်” ဟု သူက ဆက်၍ ဆိုသည်။

မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးချိုးဖောက်မှုများကို အစဉ်တစိုက်သုတေသနပြုနေသည့် ရှေ့နေ Matthew Bugher က ဦးသိန်းစိန်လက်ထက်တွင် မြန်မာပြည် ပိုမို လွတ်လပ်ပွင့်လင်းလာခဲ့သည်ကို မငြင်းနိုင်ကြောင်း၊  ဒီမိုကရေစီအပြောင်းအလဲနှင့် ဦးသိန်းစိန်နာမည်သည် အမြဲပင်ဒွန်တွဲနေမည်ဖြစ်ကြောင်း  သုံးသပ်သည်။

သို့သော်လည်း အခြေခံ လူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်များအား  ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်ခဲ့မှုများသည် ဦးသိန်းစိန် အစိုးရခေတ်ကို ထာဝရ အရိပ်မည်းကြီးထိုးနေမည်ဟုလည်း သူက ဆိုသည်။

“ထူးထူးခြားခြားဆိုရရင် ရခိုင်မှာရှိတဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို စနစ်တကျဖိနှိပ်တာ၊  နောက်ပြီး သူ့သမ္မတ သက်တမ်းကုန် ခါနီးမှာတင် တက်ကြွလှုပ်ရှားသူတွေကို အဆက်မပြတ် ဖမ်းဆီးနှိပ်ကွပ်တာတွေပေါ့” ဟု Matthew Bugher က ပြောသည်။ 

● စီးပွားရေး တိုးတက်မှု
စီးပွားရေးမျက်နှာစာတွင် ဦးသိန်းစိန်အစိုးရသည် ကမ္ဘာ့ဘဏ်၊  နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ စသော နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများနှင့် ပြန်လည်ချိတ်ဆက်နိုင်ခဲ့သည်။  ထိုသို့ နိုင်ငံခြားအကူအညီများ၊ ချေးငွေများရရှိခဲ့သကဲ့သို့ မြန်မာပြည်၏ ကြီးမားလှသော နိုင်ငံခြားကြွေးမြီများကိုလည်း လျှော်ပစ်နိုင်ခဲ့သည်။  ထို့ပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အထူးသဖြင့် ရေနံ၊  သဘာဝဓာတ်ငွေ့၊ ဆက်သွယ်ရေးကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်ခဲ့သည်။

သို့သော် အခြေခံလူထု၏ လူနေမှုအဆင့်တွင်ကား မည်မည်ရရ လုပ်နိုင်ခဲ့သည်ကို မတွေ့ရပေ။

“ကုန်ဈေးနှုန်းတွေကလည်းတက်၊  အိမ်ခြံမြေဈေးကွက်ကလည်း မတည်မငြိမ်၊  လူ့အဖွဲ့အစည်းက ရုပ်ပိုင်းဆိုင်ရာ ချမ်းသာရေးဘက်ကို တအားကို မောင်းတင်လာတော့ လူ့အများစုက ဘာဖြစ်သလဲဆိုတော့ ဦးသိန်းစိန်တက်လာခါစထက် အခုအချိန်မှာ ပိုပြီး ဆင်းရဲဒုက္ခရောက်နေကြရပြီ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား စီးပွားရေးအကြံပေးနေသူ သြစတြေးလျနိုင်ငံမှ စီးပွားရေးပညာရှင် Sean Turnell က ဆိုသည်။

“ပြန်ခြုံကြည့်ရရင်၊  ဦးသိန်းစိန်ချပေးသွားတဲ့ အုတ်မြစ်တချို့က ကောင်းပါတယ်။  ဒါပေမယ့် အဲဒါတွေက လူအများစုရဲ့ဘဝကိုပြောင်းလဲသွားရလောက်အောင် လိုအပ်နေတဲ့ အသွင်ပြောင်းပုံစံကို မဖြစ်စေခဲ့ပါဘူး” ဟု Sean Turnell က သုံးသပ်လိုက်သည်။      ။

Photo credit : AFP