သံခဲ( ဆေး/မန်း) - သက္ကာယ



 သံခဲ( ဆေး/မန်း) - သက္ကာယ 
(မိုးမခ) မေ ၂၄၊ ၂၀၁၆


ရွေးချယ်ပိုင်ခွင့်ဆိုတာများရှိခဲ့ရင် မရွေးချယ်ချင်တော့ပါဘူး .....။

အရာရာတိုင်းဟာ ပြဋ္ဌာန်းချက်တွေပါလို့ သိလာတဲ့အသိဟာ နောက်ကြခဲ့ပြီကိုး။ ဘ၀ရဲ့အစဟာ လွတ်လပ်မှုနဲ့ အတူ မွေးခဲ့ကြပေမယ့် ပြဋ္ဌာန်းချက်က မလွတ်လပ်ခဲ့ဘူး ….။

မေးခွန်းတိုင်းမှာ အဖြေရှိတယ်ဆိုတာ ကလေးတယောက်အတွက် ပြဋ္ဌာန်းချက်ဖြစ်ခဲ့တဲ့ လောကကြီးလေ…..၊။

ဒီလိုနဲ့ ကိုယ်တဦးတည်းအတွက် ရယူပိုင်ဆိုင်လိုတဲ့ ဆန္ဒဆိုတာ အတ္တဆိုပြီး ပြဋ္ဌာန်းလိုက်တော့ အရာရာတိုင်းကို သူ့ဘက်ကိုယ့်ဘက် အများအတွက်ဆိုပြီး ခံယူချက်နဲ့ လုပ်ခဲ့ရတဲ့ သူပါ.......။ ကိုယ်တဦးတည်းအတွက်ရယူလိုတဲ့ ဆန္ဒမရှိခဲ့ဘူးဆိုတာ သစ္စာဆိုရဲပါတယ်။

ဒါမေမဲ့ ဘ၀မှာ တခါဆို တခါ ဆိုသလောက် တခါလောက်တော့ ကိုယ့်ဆန္ဒနဲ့ကိုယ် နေထိုင်ခွင့်လေး လိုက်လျော အလိုလိုက်ခွင့်လေး ရယူလိုက်ချင်တာ အမှန်ပါပဲ ….၊။

ဒီလိုလုပ်မိလို့လည်း တခြားသူတွေ ထိခိုက်မှာကိုလည်း မလိုလားပါဘူး။

ကိုယ့်အတွေး ကိုယ့်ဆန္ဒ၊ ကိုယ့်သဘောထား၊ ကိုယ့်ဟာကိုယ် ကိုင်စွဲလို့ ကိုယ်ကိုယ်တိုင်ဆုံးဖြတ် လုပ်ပိုင်ခွင့်ရခဲ့ပြီး မှားသွားခဲ့ရင်တောင် စိတ်ဆိုတဲ့ အရာကိုတော့ ပုံမချတတ်တာ ကိုယ့်သဘာဝပါ….။

နောက်ပြီး အရာရာဟာ တိုက်ဆိုင်မှုလို့ဆိုခဲ့တယ်ဆိုရင်တောင် တခြားသူကိုလည်း အပြစ်မတင်ပါဘူး။

အဲဒီစိတ်ကို အလိုလိုက်ရကောင်းလားလို. အပြစ်တင်ခဲ့ကြမယ်ဆိုရင်လည်း ငြီးငြူနေမှာ မဟုတ်တဲ့ သူပါ…..။

ပြီးပြည့်စုံမှ ဘ၀လို့သတ်မှတ်တတ်တဲ့ လောကကြီးထဲမှာ ကိုယ်မပါခဲ့တာတော့ သေချာပါတယ်…..။ လွဲချော်မှုတိုင်းကို တည့်မတ်လိုတဲ့ဆန္ဒရှိအုံးတော့ အဲဒီလွဲချော်မှုဟာ ဘ၀ကို ပြဋ္ဌာန်းခဲ့ပြီပဲလေ ပြဋ္ဌာန်းထားခဲ့ပါပြီ…..။

နုပျိုတာနဲ့ ရင့်ကျက်တာနှစ်ခု ဒွန်တွဲဖြစ်ပေါ်တာကို လွဲချော်မှုလို့ ယူဆတတ်တဲ့အသိုင်းဝိုင်းကို မုန်းလွန်းလို့ပါ….။

နွေးထွေးလှတဲ့ အရုဏ်ဦးနေခြည်ကို ခုံမင်ခဲ့သူတဦးဟာ ဖြူ နီ ပြာ ၀ါ ရောင်စုံတောက်နေတဲ့ ရင်ခုန်မက်မောဖွယ်ကောင်းလှတဲ့ ဆည်းဆာရဲ့အလှကို ခံစားဖို့အချိန်တခု စောင့်ဆိုင်းရတာကိုလည်း ပေးဆပ်တယ်လို့ ပြောကြရင် အဲဒါဟာ တခုခုတော့ လွဲချော်နေတာပဲလို့ ယုံကြည်နေသူပါ........။

ဒါတွေဟာ အသက်အရွယ်နဲ့မဆိုင်သလို …. ပြဋ္ဌာန်းချက်တွေနဲ့လည်း မဆိုင်ဘူး ….။

ဒါပေမဲ့ အခုအခြေအနေဟာ လွဲချော်မှုတခု ရှိနေတာတော့ သေချာတယ်….။

ဒါဟာ ဘယ်သူ့ကိုမှ ကိုယ့်ကိုယ်ကိုလည်းပေါ၊့ အပြစ်မတင်ထိုက်ဘူးလို့ ခံယူသူပါ........။

သစ်ပင်အိုတပင်ပေါ်က နီကျင်ကျင် ပုရစ်ဖူးတွေကြည့်ပြီး နက်မှောင်နေတဲ့ ဥသြတွန်သံကို စောင့်ကြိုနားထောင်ဖို့ ရင်ခုန်လွမ်းမောနိုင်ဖို့ဆိုတာ လူတိုင်းအတွက် မဖြစ်နိုင်ပါဘူး……။

ကလေးဆန်လိုက်တာ စိတ်ကူးယဉ်ဆန်လိုက်တာ မရင့်ကျက်လိုက်တာလို့ပြောကြ သမုတ်ကြ ရင်လည်း တုံ့ပြန်ဖို့အဖြေကို ကျားကုတ်ကျားခဲ ရှာပြီး ဘယ်တော့မှ ထုတ်ပေးမဲ့သူ မဟုတ်ပါ ............ ။

ဒါတွေကို အသိတရားနဲ့ စည်းခြားထားလို့ရအောင် ဥပဒေဆိုတဲ့ ပြဋ္ဌာန်းချက်နဲ့လည်း တားထားလို့ မရပါ............။

လူတွေဟာ သဘာဝကို သဘာဝကို သဘာဝအတိုင်း ချစ်ဖို့ကြိုးစားရင်းနဲ့ တကယ့်သဘာဝတွေကို အတင်းဖိမျို အတင်းဖိမျိုသိပ် အံကြိတ် အသံတိတ်နေတာဟာလည်း သဘာဝမကျပါဘူး……။

အတွေးဆိုတဲ့ ….စိတ်ကူးတွေကိုတောင် လွတ်လွတ်လပ်လပ် တွေးခွင့် စဉ်းစားခွင့်မရတဲ့ ပြဋ္ဌာန်းချက်တွေနဲ့ မကြုံပါရစေနဲ့…၊၊

ပုံစံခွက်ထဲ လောင်းထဲ့ ပုံဖော်ခံနေကြရတဲ့ အတွေးတွေထဲမှာ ကိုယ်ပိုင်ဟန်တွေ ပျောက်သွားမှာကို ကြောက်လွန်းလို့ပါ။

တန်ဖိုးသတ်မှတ်ထားကျတဲ့ ရုပ်ဝတ္ထုပစ္ခည်းတခုကျပျောက်သွားတာထက် ဘယ်လိုမှ တန်ဖိုး မသတ်မှတ်နိုင်တဲ့အတွေးတခု ကျပျောက်ခံရမှာ အဖျောက်ဖျက်ခံရမှာကို စိုးရိမ်လွန်းလို့ပါ….။

နောက်ပြီး ကိုယ်တိုင်တယုတယ စိုက်ပျိုးထိမ်းသိမ်းခဲ့တဲ့ အတွေးတွေကိုတောင် ပြန်ရိတ်သိမ်းခွင့်မရတဲ့ အခြေအနေကို ရွံရှာလွန်းတာလည်း ပါတာပေါ့….။

သံခဲ( ဆေး/မန်း)


အဲဒါကို သူရဲဘောကြောင်လိုက်တာ သတ္တိနည်းလိုက်တာလို့ပြောကြရင်လည်း ပြောတဲ့သူကို အပြစ်မတင်သလို ဒီအတွေးတွေကို စွဲစွဲမြဲမြဲ စူးစူးနစ်နစ် ရင်ထဲ…. ထာဝရ မြှုပ်နှံထားဖို့လည်း ၀န်မလေးတဲ့သူတယောက်ပါ.........။

ဒါကြောင့် ဘ၀မှာ တခါဆို တခါဆိုသလောက် တခါလောက်တော့ ကိုယ့် ဆန္ဒနဲ့ကိုယ် နေထိုင်လိုက်ချင်တာ လိုက်လျောလိုက်ချင်တာ အမှန်ပါပဲ။

ဒါဟာ ကိုယ်တဦးတည်းအတွက် ရယူလိုတဲ့ ဆန္ဒမရှိခဲ့ဘူးဆိုတာတော့ သစ္စာ တိုင်ရဲပါတယ် …။