ငြိမ်းချမ်းအေး - ပျက်ကွက်နေဆဲ... တောင်းပန်ခြင်း ... ...


ငြိမ်းချမ်းအေး - ပျက်ကွက်နေဆဲ... တောင်းပန်ခြင်း ... ...
(မိုးမခ) မေ ၃၁၊ ၂၀၁၆

အမှားကို ဝန်ခံ၊ အမှန်ကို ‘မြင်’၊ ‘ပြင်’ တယ်ဆိုတာ မင်္ဂလာတရားနဲ့ညီသလို ဘယ်တော့မှ နောက်ကျတယ် မရှိပါ။

အမေရိကန်အစိုးရဟာ အတိတ်သမိုင်းတုန်းက ဒေသခံလူနီရိုင်းတွေအပေါ် ဖိနှိပ်၊ သတ်ဖြတ်ခဲ့မှုတွေအတွက် မျက်မှောက်ခေတ်မှာ တရားဝင် ဝန်ချ တောင်းပန်ခဲ့ရပါတယ်။

အင်အားသြဇာကြီးမားလှတဲ့ ဘာသာရေးအဖွဲ့အစည်း ဗာတီကန်ခရစ်ယာန်ကျောင်းတော်ဆိုရင်လည်း သိပ္ပံပညာရှင် ဂယ်လီလီယို (၁၅၆၄-၁၆၄၂) အပေါ် သူ့ရဲ့ နေဗဟိုပြုစကြာဝဠာစနစ်အကြောင်း ကိုပါနိကပ်စ် (၁၄၇၃-၁၅၄၃) ရဲ့ အယူအဆတွေ ထောက်ခံဖော်ထုတ်ခဲ့မှုကို ဘာသာရေးပြဋ္ဌာန်းချက်တွေနဲ့ ဆန့်ကျင်တယ်ဆိုပြီး အဲဒီခေတ်တုန်းက အပြစ်ပေးခဲ့တာတွေအတွက် မှားကြောင်း လက်ရှိခေတ်မှာ တရားဝင် ဝန်ခံတောင်းပန်ခဲ့ရပါတယ်။

ဒါတွေဟာ နှစ်ရာချီကျော်က အမှားတွေ၊ အပြစ်တွေအတွက် ပြန်လည် တောင်းပန်၊ အမှားဝန်ခံရတဲ့ ဖြစ်စဉ်တွေပါ။ အမှန်တရားဟာ နှစ်ရာချီ နောက်ကျကောင်း နောက်ကျနိုင်ပေမဲ့ နောက်ဆုံးမှာ အောင်ပွဲခံ အမှန်ဖြစ်ရတယ်ဆိုတာ လောက ဓမ္မတာပါ။

ဗမာပြည်အနာဂတ်မှာလည်း ဒီမိုကရေစီ သုခချမ်းသာရ၊ တိုင်းပြည် တည်ငြိမ် အေးဆေး၊ သာယာ ဖွံ့ဖြိုး တိုးတက် ချင်ပါသလား။ အရင်ဦးဆုံး သမိုင်းတရားခံတွေကို ဖော်ထုတ်ရပါမယ်။ ခါးသီးတဲ့ အတိတ်သမိုင်းကို ဆင်ခြင်တတ်ရပါမယ်။ အမှားကနေ သင်ခန်းစာ ယူတတ်ရပါမယ်။ မှားကြောင်းကို သတ္တိရှိရှိအရင် ဝန်ခံရဲရပါမယ်။

တပ်မတော်အစိုးရတွေ လုပ်သမျှ မှန်ခဲ့တယ်၊ အမျိုးသားနိုင်ငံရေး၊ တိုင်းပြည်အုပ်ချုပ်ရေးနဲ့ တိုင်းရင်းသားအရေးတွေမှာ လိုအပ်လို့ ပါခဲ့ရတယ် ဆိုတဲ့ အကြောင်းပြချက်မျိုး၊ အတွေးအခေါ်မျိုးနဲ့ အနာဂတ်ဒီမိုကရေစီလမ်းကို နည်းမှန်၊ လမ်းမှန် အဖြောင့်အတိုင်း အဆုံးစွန် အန္တိမပန်းတိုင်အထိ လျှောက်လှမ်းနိုင်မှာ မဟုတ်ပါ။

အကြောင်းက.. အမှားကို အခြေတည်လို့ အမှန်ရလဒ် မထွက်နိုင်လို့ပါ။ အဓမ္မကို အခြေတည်လို့ ဓမ္မ မတည်ဆောက်နိုင်လို့ပါ။ တရားမဲ့ခဲ့မှုကို အခြေတည်လို့ တရားမျှတမှု ရမလာနိုင်ပါ။ အမှန်တရား၊ ဓမ္မနဲ့ တရားမျှတမှုကို အရင်ဦးဆုံး အခြေခံကျကျ ဆောက်တည်ယူရပါမယ်။

သွေးစွန်းခဲ့တဲ့ရက်စွဲတွေကို သမိုင်းကနေ လုံးလုံး ပျောက်သွားအောင် ဖျောက်ဖျက် ဖျက်ချေပစ်လို့မရပါ။ စွန်းပေခဲ့တဲ့ သွေးတွေကို တတ်နိုင်သလောက် ဆေးကြောလို့ပဲ ရပါတော့တယ်။

ဒါဟာ ဥဒါန်းမကျေဘူးဟေ့ ဆိုတဲ့ စိတ်နဲ့ အာဃာတတရားကို အခြေခံ ပြောနေခြင်းမျိုး မဟုတ်ပါ။ အမှန်တရားနဲ့ တရားမျှတမှုကို အခြေခံပြီးသာဆိုခြင်း ဖြစ်ပါတယ်။ အနာဂတ်တိုင်းပြည်မှာ အမှန်တရားနဲ့ တရားမျှတမှု သန္ဓေတည် အခြေခိုင် ရပ်တည် ဖွံ့ဖြိုး ရှင်သန်စေချင်ရင် အပြစ်မဲ့ အရပ်သားလူမျိုးစုံ အပေါ် ခေတ်အဆက်ဆက် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တပ်မတော်ဟာ ထိုက်သင့်တဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု ယူရပါမယ်။

အနည်းဆုံးအနေနဲ့ နစ်နာခဲ့ရသူ ပြည်သူတွေ အတွက် လျော်ကြေးသဘော ငွေကြေး ပြန်လည်ပေးရေး တရားမျှတမှု အလုပ်တွေဖော်ဆောင်ဖို့ လိုနေပါတယ်။ (ထိုင်းမှာ ဆိုရင် သပိတ်ဖြိုခွင်းမှု အားလုံးအတွက် အစိုးရအဆက်ဆက် လျော်ကြေးပေးခဲ့ရ၊ တရားရင်ဆိုင်ရတဲ့ ဖြစ်စဉ်တွေ ရှိပါတယ်။)

ဒါဟာ လက်စားချေရေး၊ အပြစ်ပေးရေး အတွက် မဟုတ်ပါ။ သင်ပုန်းချေရေး၊ ခွင့်လွှတ်ရေး၊ ကျေအေးရေး အတွက် ဖြစ်ပါတယ်။ ဒါ့အပြင် လက်စားချေ ဖို့၊ တရားရုံးတင်ဖို့၊ အပြစ်ပေးဖို့ အခွင့်အရေး မရှိ၊ မသာဘူးဆိုတာ၊ လက်ရှိ နိုင်ငံရေး အခြေအနေကြောင့် မဖြစ်နိုင်ဘူးဆိုတာ အားလုံး နားလည်ထားပါတယ်။

အခွင့်သာရင်တောင်မှ မြန်မာလူမျိုးအများဟာ အင်မတန် ခွင့်လွှတ်နိုင်စွမ်းကြီး၊ မေ့ပျောက်နိုင်စွမ်းများ၊ မေတ္တာတရားထား၊ ခန္တီစရှိသူများ ဖြစ်တဲအတွက် အပြစ်ပေး၊ လက်စားချေမှုမျိုးဆိုတာ ဖြစ်ပေါ်နိုင်မှာ မဟုတ်ပါ။

ဒါကြောင့် ကျူးလွန်ခဲ့သူများအနေနဲ့ အကြောင့်အကြ မရှိ၊ စိတ်ရှင်းရှင်းထား၊ လုံခြုံမှုအပြည့်နဲ့ နေနိုင်မှာ ဖြစ်တဲ့ အတွက် အနှစ်သဘောအရ လိုအပ်နေတဲ့၊ ရှေ့ဆက်လျှောက်လှမ်းရမယ့် တိုင်းပြည်တည်ဆောက်ရေး လမ်းမှာ အထောက်အကူ အား ဖြစ်စေမယ့် ဝန်ခံခြင်း၊ တရားဝင် တောင်းပန်ခြင်း ကိစ္စ ကို မတွန့်တို သင့်၊ သဘောထားကြီးကြီး ပြန်ထားပြီး ဆောင်ရွက်သင့်လှပါတယ်။

ဒီလို ကျူးလွန်သူ ဘက်က အပြုသဘောဆောင် လုပ်ပေးနိုင်ရင် တပ်မတော် တခုလုံးရဲ့ ဂုဏ်သိက္ခာ လည်း တက်လာမှာ ဖြစ်ပါတယ်။ နတ်၊ လူ သာဓု ခေါ်မယ့် ကိစ္စဖြစ်ပါတယ်။ ဒါဟာ မြန်မာတွေ အရိုးစွဲ ကျင့်သုံးလာခဲ့တဲ့ တောင်းပန်ခြင်း၊ ခွင့်လွှတ်ခြင်း ရိုးရာဓလေ့နဲ့အညီလည်း ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကြောင့် ရင်ကြားစေ့ဖို့လိုနေတဲ့ ပြည်သူနဲ့တပ်မတော်၊ အစိုးရ ဘက်နှစ်ဖက် ပိုမို နားလည်မှု တည်ဆောက်နိုင်၊ တယောက်အပြစ်၊ တယောက် ခွင့်လွှတ်နိုင်ရင်းနဲ့ ပိုမို စိတ်ရှင်းရှင်း၊ အမြင်ရှင်းရှင်းထား အနာဂတ်မှာ နှလုံးသားချင်း နီးကပ်၊ ထိစပ် စည်းလုံးညီညွတ်ဆက်ဆံကြရင်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ချမ်းသာမှုလမ်းကြောင်းကိုလည်း အပြည့်အဝ ရှေးရှုနိုင်မှာ ဖြစ်ပါတယ်။

နိဂုံးချုပ်ရရင် သမိုင်းက သွေးစွန်းရက်စွဲ နှစ်ပတ်လည်များ ရောက်တိုင်း ဒီလိုအဖြစ်ဆိုးတွေ နောင်တိုင်းပြည် အနာဂတ်မှာ မဖြစ်ပေါ်စေဖို့ တာဝန်ယူမှု၊ ဝန်ခံမှု၊ တရားဝင် တောင်းပန်မှု တခုခုတော့ ရှိရမယ် ဆိုတဲ့ အတွေးအမြဲဝင်မိပါတယ်။ အခုဆောင်းပါးမှာ တောင်းဆိုတင်ပြခဲ့သလို နောင်တချိန်ချိန်မှာတော့ မြန်မာ့သမိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ဖိနှိပ်၊ အကြမ်းဖက်၊ လူသတ်၊ မတရား ထောင်သွင်းအကျဉ်းချခဲ့မှု ဖြစ်စဉ်တွေအတွက် တာဝန်ယူရမယ့် စစ်ဗိုလ်ချုပ်အသစ်၊ အဟောင်းကြီးများနဲ့ ခံခဲ့ရသူ ပြည်သူတွေရဲ့ မိသားစုဝင်မျိုးဆက်တွေ မြန်မာ့ဓလေ့ထုံးစံ မွန်မြတ်လှတဲ့ တောင်းပန်ခြင်း၊ ခွင့်လွှတ်ခြင်းအမှုတွေ ပြုလုပ်နိုင်ဖို့ မျှော်လင့်မိပါတယ်။

ငြိမ်းချမ်းအေး
(၂၀၀၃ မေ ၃၀၊ ဒီပဲယင်း အကြမ်းဖက်မှု နှစ်ပတ်လည်)
(ဆက်သွယ်ရန်နှင့် ပြန်လည်ဝေဖန်ရန် - nyeinchan81@gmail.com)

"ပျက်ကွက်နေတဲ့ တောင်းပန်ခြင်း၊ ခွင့်လွှတ်ခြင်း ဓလေ့" ဆောင်းပါးကနေ ကောက်နှုတ်သည်။


ဆောင်းပါးအပြည့်အစုံကို အောက်ပါစာမျက်နှာများတွင် ဖတ်ရှုနိုင်သည်။

The Ladies News Journal

https://web.facebook.com/News.TheLadies/photos/a.179109772264000.1073741828.178829095625401/573031436205163/?type=3

http://theladiesnewsjournal.com/articles/mon-2016-05-30-1426/2393

Photo Credit: http://www.ibiblio.org/
(The Public's Library and Digital Archive)