ရဲရင့်သက်ဇွဲ ● ရေငုံနှုတ်ပိတ် ကျိတ်ခံစားခဲ့ရ

 
ရဲရင့်သက်ဇွဲ ● ရေငုံနှုတ်ပိတ် ကျိတ်ခံစားခဲ့ရ
(မိုးမခ) မေ ၄၊ ၂၀၁၆

ဘာကြောင့်များလဲ
ဘာကြောင့်များလဲ
ခင်ဗျားတို့ဟာ ဒီသတင်းကို
စိတ်ကင်းကင်းရှင်းရှင်းနဲ့ 
နားထောင်နေနိုင်ကြလား ....

လူဟာ လူပဲ ပြောစမ်းပါ
ဘာကွာလည်း......

ခင်ဗျားတို့သင်ကြားခဲ့ရတဲ့
လောကနိတိတို့
တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း
ငြိမ်းချမ်းကြပါစေတို့
ဗြဟ္မဆိုတရားတို့ဆိုတာ
အလကားဟာတွေလား
လူတိုင်းရင်ထဲကတရားရတနာတွေ မဟုတ်ဘူးလား ....
ပြောကြစမ်းပါ ...
ပြောကြစမ်းပါ ....

လူဟာလူပဲ
ပြောစမ်းပါ ဘာကွာလည်း....

သမ္မာအာဇီဝ ရှာစားကြတာ
အခြေခံဥပဒေပါ
နိုင်ငံသားတိုင်းရဲ့မွေးရာပါ
အခွင့်အရေးပဲမဟုတ်လား ...

သူက ဗုဒ္ဓဘာသာဖြစ်လို့
အခွင့်အရေးပိုရစေ
သူတို့က ဘာသာခြားဖြစ်လို့
နှိမ့်ချဆက်ဆံစေ
ဒါမျိုး မလုပ်ကောင်းဘူး
ဘာသာခြားတွေခမျာ
လုပ်စားတော့ မိုးခေါင်
ခိုးစားတော့ ခွေးဟောင်
ညိမျှတဲ့လူ့ဘောင် ဘယ်လိုတည်ထောင်ကြမလဲ....

လူဟာလူပဲ
ပြောစမ်းပါ ဘာကွာလည်း  .....

ခင်ဗျားတို့မှာ
တ၀မ်းတခါးနဲ့ 
ကျောချစရာတနေရာအတွက်
အခွင့်အရေးရှိသလို

ကျုပ်တို့ လူနည်းစု  ဘာသာခြားတွေမှာလည်း
တ၀မ်းတခါးနဲ့ 
ကျောချစရာတနေရာအတွက်
ခင်ဗျားတို့နဲ့  တန်းတူ
ကျုပ်တို့လည်း
အခွင့်အရေးရှိတယ် ...
ဥပဒေဘောင်အတွင်းက
သမ္မာအာဇီဝ
တူညီမျှကြရမယ် .....

အခုတော့ဗျာ
ကျုပ်တို့မှာ
ရေငုံနှုတ်ပိတ် ကျိတ်ခံစားနေရတာ
တိုင်းပြည် အနာဂတ်အတွက်မကောင်းဘူး
လက်သန်းက မှင်တွေမခြောက်ခင်
မှင်တွေ မပျောက်ခင်
ဘာသာခြား လူနည်းစုတို့ရဲ့ရင်ထဲက
စိုးရိမ်သောကို ပြေပျောက်အောင်
အစိုးရအသစ်ရေ ....လုပ်ကြပါဦး......

ရဲရင့်သက်ဇွဲ