ခိုင်ကြည်သစ် - ဒိုင်နိုဆောရုပ်ရှင်



ခိုင်ကြည်သစ် - ဒိုင်နိုဆောရုပ်ရှင်
(မိုးမခ) မေ ၃၀၊ ၂၀၁၆


သမီးရေ
အီဗော်လူးရှင်း...တဲ့
ချားလ်စ်ဒါဝင် ပြောတယ်။
တဆင့်ချင်း ပြောင်းလဲ တိုးတက်
နေထိုင်ရာ လောကကြီးနဲ့ မိတ်မပျက်။

သမီးရေ
ရုပ်ရှင်ထဲကသတ္တဝါ
ဒိုင်နိုဆော ဆိုတာ
ကမ္ဘာပေါ်မှာ အသန်မာဆုံး
ခုတော့
မျိုးသုဉ်းပျောက်ကွယ်
လောကနဲ့ အံဝင်အောင်
သူကမှ မပြောင်းလဲခဲ့ပဲလေ။

သမီးရေ
အဆင်ပြေအောင်နေ လောကထဲ
ရှင်သန်အောင် ပြောင်းလဲတတ်ပါစေ။

ဒါပေမဲ့ သမီးရေ...
တခါတရံ
ရှင်သန်ဖို့ထက် ထင်ကျန်ဖို့
ရွေးချယ်ရတတ်တယ်။
ဒိုင်နိုဆောတွေ ရှင်သန်ဖို့ကြိုးစားရင်
ခပ်ထွားထွား အိမ်မြောင်ပဲဖြစ်မှာပေါ့။
ကြီးမားခန့်ထည်တဲ့
အရိုးငြမ်းဒိုင်နိုတွေ
လေ့လာစရာမလိုတော့ဘူးလေ။

သမီးရေ
ကိုယ်တိုင် အလေးအမြတ်ပြုတဲ့
ကိုယ်ပိုင် တန်ဖိုးတခုကိုတော့
ဘယ်တော့မှ မပြောင်းလဲ
ရဲရဲတွန်းလှန်
သမီးလေး ရှင်သန်နိုင်ပါစေ။



ခိုင်ကြည်သစ်
Photo credit - https://www.pinterest.com/pin/559853797401797142/