နရီမင်း ● ဖြစ်မယ့်ခွေးက အမွှေးတခြား

နရီမင်း ● ဖြစ်မယ့်ခွေးက အမွှေးတခြား
(မိုးမခ) မေ ၉၊ ၂၀၁၆

ဇက္ကာဘတ်ဆိုတဲ့ ငနဲဟာ
လမ်းဘေးက အိမ်သာ မတက်ဖူးတောင်
ကျောင်းက အိမ်သာတော့
တက်ဖူးမှာပါ။
သူ အိမ်သာထဲကနေ
သူ့ကို ကမ္ဘာကျော်စေမယ့်
ငယ်ငယ်ရွယ်ရွယ်နဲ့
ဘီလျံနာဖြစ်စေမယ့်
စိတ်ကူးတခု ကောက်ရခဲ့လေသလား။
Wall တဲ့။

ငါ့နှယ်
အသုံးမကျလိုက်ပုံများ
သူ့ထက် အများကြီးစောပြီး လူဖြစ်ပေမယ့်
အများသုံးအိမ်သာတွေ
အကြိမ်ပေါင်း မရေတွက်နိုင်အောင်
တက်ခဲ့ဖူးပေမယ့်
ပါရမီနည်းလှတော့
ဒီလို စိတ်ကူးမျိုး
မရခဲ့ဘူးရယ်။

ပြန်စဉ်းစားကြည့်တော့
တခါက ဘုံအိမ်သာနံရံမှာ
ငါ စာတကြောင်းတွေ့တယ်။
ဂေးတယောက်က
သူ့ဆန္ဒထုတ်ဖော်ထားတာဆိုတော့
ပြန်ပြောပြလို့တော့
ဘယ်ကောင်းပါ့မလဲ။
ထားပါတော့။
ငါ ဉာဏ်နည်းပုံက
အဲ့ဒါကို Status ရယ်လို့ မတွေးမိတာပါပဲ။

အခုလို ပြန်ရေးပြမိတော့
ဘဲဥထောင်ပြတဲ့ ကိုလံဘတ်ဆိုတဲ့ ငနဲက
သူ့နောက်လိုက်လို့
ငါ့ကို လှောင်နေတော့မယ်။

ကိုလံဘတ်ရေ
ဆက်ပြောရရင်
ခုန ဂေးစာကြောင်းအောက်မှာ
တယောက်က me too လို့ အဓိပ္ပါယ်ရတဲ့
ငါလည်း အတူတူပဲ လို့ ရေးခဲ့တာကို
Like မှန်း ငါ မသိခဲ့သလို
နောက်တယောက်က
သူ့ဖုန်းနံပါတ် ရေးသွားတာကို
Comment မှန်းလည်း
ငါ မသိခဲ့ဘူး။

ဒါကြောင့်
ငယ်ငယ်တုန်းက ငါ့ဆရာက
ဖြစ်မယ့်ခွေးက အမွှေးတခြားလို့
ပြောခဲ့တာကိုး။

နရီမင်း
၂၉-၃-၂၀၁၆