မောင်လူရေး ● မှုန်ပြာရီ


မောင်လူရေး ● မှုန်ပြာရီ
(မိုးမခ) မေ ၁၅၊ ၂၀၁၆

(က)
၁၄ နှစ်သမီးကတည်းက ကော်စရှူတာ။ ကော်ရှူရတာက ရှိုက်ရှူလိုက်တဲ့အချိန်မှာ အဆုတ်က ဘယ်လိုဖြစ်လဲဆိုတော့ အသက်ရှူရတာ ကျပ်သွားတာ။ ချုပ်ထားသလို ဖြစ်သွားတာ။ ကော်ရှူရင် သူက အနံ့ကို ရှူလိုက်တော့ စိတ်ထဲမှာ ကြောင်သွားတာပေါ့။ ကိုယ် အလုပ်လုပ်ရမှန်းတော့ သိတာပေါ့။ ကိုယ် ဘယ်နေရာ သွားရမလဲ၊ ဘယ်နေရာ နေရမလဲ၊ ကိုယ့်ရဲ့ နောက်ရေးတွေကို မသိတော့ဘူး။

ဘာလို့ ရှူတာလဲဆိုတော့ ဒီ ရှူဖန်များလာတော့ စိတ်ထဲက ရှူချင်စိတ်တွေ ပေါက်လာတာ။ ဖြတ်နိုင်တယ်။ ဖြတ်ချင်တယ်။ ဖြတ်ဖူးတယ်။ ကော်ဖြတ်တာနဲ့ ကော်ရှူတာနဲ့ဆိုရင် ကော်ဖြတ်တာက ကောင်းတယ်။ ကော်ဖြတ်တာက ဘယ်လိုကောင်းလဲဆိုရင် အသားအရေလည်း ဝလာတယ်။ ကိုယ့်ရဲ့ ကျန်းမာရေးလည်း ကောင်းလာတယ်။ ကော်ရှူတော့ ကျတော့ ကိုယ့်ရဲ့ အသားအရေတွေလည်း ထိခိုက်တယ်။ အခုကတော့ ရှူ တယ်။ ဒါပေမဲ့ မရှူတာဆိုလို့ ဒီနေ့ နှစ်ရက်ပဲ ရှိသေးတယ်။
* * * *

သမီး ဒီအလုပ်က အဲဒီလိုမျိုး အမြဲလုပ်တာ မဟုတ်ဘူး။ မလုပ်တာ ကြာပြီ။ အခု ရွှေဘိုရောက်လို့ လုပ်တာဆိုလို့ ငါးခါလောက်ပဲ လုပ်ဖူးတာ။ အဲဒီလို ညပိုင်းလုပ်ရင် တစ်ခါတလေကျရင် လေးထောင်၊ တစ်ခါတလေကျရင် ငါးထောင်၊ အဲဒီအတိုင်း ရတာ။

ဘယ်လိုလူတွေက လာခေါ်တာလဲဆိုတော့ ဒီလိုပေါ့။ အိမ်ရှိတဲ့လူတွေက လာခေါ်တာ။ တစ်ခါတလေကျရင် သူတို့အိမ်မှာ ခေါ်သွားတာ။ တစ်ခါတလေကျရင်တော့ အဲဒီလို အိမ်ကို မခေါ်ဘူး။ ဘောလုံးကွင်းဟောင်းဘက်တို့၊ ဘုရားဝင်းထဲတို့။ အဲဒီတိုင်းပဲ ခေါ်သွားတာ။ ဘယ်အချိန် ပြန်ပို့ပေးတာလဲဆိုတော့ ကျွန်မက မနေချင်တော့ရင် သူတို့က ချက်ချင်း ပြန်လွှတ် ပေးတာ။ ညအိပ်တွေ ဘာတွေ ခေါ်သွားရင် အခုကိုယ်က ၉ နာရီလောက်က လိုက်တယ်ဆိုရင် သူတို့ဆန္ဒအတိုင်း တစ်ခါ လောက် လုပ်ပေးလိုက်တာ။ သူတို့ကို ကိုယ်က ပြန်ပြီး အကျပ်ကိုင်တာ။ အဲဒီအခါကျရင် ကိုယ်က ကိုယ်နေမယ့် နေရာကို ပြန်ရောက်လာတာ။ အကျပ်ကိုင်တယ်ဆိုတာ ဒီလိုပေါ့။ ကျုပ်ကတော့ မလုပ်ချင်တော့ဘူး၊ ခင်ဗျား အကျပ်ကိုင်ရင် ကျုပ်က တော့ ပြန်ပြီးတော့ အော်မှာနော်၊ အဲဒီအတိုင်း ပြောတာ။

ပိုက်ဆံကျတော့ ညအိပ်တွေကျရင် တစ်ခါတလေ တစ်သောင်းခွဲ၊ ညအိပ်မဟုတ်ဘဲ အပြင်ဆိုရင် ငါးထောင်။ လာခေါ်ရင်ကျတော့ အင်း ...လာခေါ်ရင် သူတို့ကိုယ်တိုင် လာခေါ်တာ။ သူတို့ကိုယ်တိုင် လိုက်မလားပေါ့၊ အဲဒီအတိုင်း လာခေါ်တာ။ လာခေါ်တော့ ကိုယ်ကလည်း အဲဒီလိုပဲ လိုက်သွားတာ။ အဲဒီလိုမှ မလိုက်ရင် ကိုယ့်ကို ဒုက္ခပေးနိုင်တယ်။ ပေးနိုင်တယ်ဆိုတာက သူတို့အဖွဲ့ကို ခေါ်ခေါ်ပြီးတော့၊ သမီးတို့က လမ်းဘေးမှာနေတော့လေ၊ သမီးတို့ကို အနိုင်ကျင့်နိုင် တယ်၊ သူတို့က။ အဲဒါကြောင့်မို့။

ကွန်ဒုံးသုံးလား၊ သုံးတယ်။ မသုံးတဲ့အခါ မရှိဘူး၊ ဘာလို့လဲဆိုတော့ ကိုယ့်ကိုယ် ကိုယ်လည်း ရောဂါထိသွားမှာ ကြောက်ရတယ်။ နောက်ပြီးကျတော့ မတော်တဆ ဗိုက်တွေ ဘာတွေ ကြီးသွားမှာ ကြောက်တာ၊ အဲဒါကြောင့်မို့။ ကွန်ဒုံး မသုံးရင် HIV ပိုးတို့၊ AIDS တို့ ဖြစ်နိုင်တယ်လေ။
* * * *

အိမ်ထောင်လား၊ ကျဖူးတာပေါ့။  သူက မန္တလေးမှာ။ အဲဒီမှာ သူနဲ့ သမီးနဲ့ ယူထားတာ။ အဲဒါကို အဖေက ညီမတွေ၊ အစ်ကိုတွေကျတော့ မင်္ဂလာဆောင်ပေးတယ်။ သမီးတို့ကျတော့ မတတ်နိုင်ဘူး၊ မင်္ဂလာ မဆောင်ရဘူး။ အဖေက သဘောမတူလို့ဆိုပြီး အိမ်မှာ သူ့ကိုထားပြီး အကျပ်ကိုင်တာ။ အကျပ်ကိုင်တယ်ဆိုတာက ဘယ်မှ မသွားရဘူး။ အလုပ်ဆို အလုပ်ထဲပဲ လုပ်ရမယ်။ သူက လမ်းဘေးမှာနေတာ ဆိုတော့လေ။ အိမ်မှာနေရတာ ကျဉ်းကျပ်တာပေါ့။ အဲဒါနဲ့ လမ်းဘေးမှာ ထွက်လာတာ။ အိမ်ကနေ လမ်းဘေးနေတာ။ အင်း ..သူနဲ့ကတော့ ကြာတယ်။ ဟို ...ဆယ့်သုံးနှစ်အရွယ် လောက်ကတည်းက။ ဆယ့်သုံးနှစ်အရွယ်လောက်ကတည်းက ရည်းစားဖြစ်တာလေ။ ဆယ့်လေးနှစ်လောက်ကျမှ ယူလိုက် တာ။

သူ့တစ်ယောက်တည်းတော့ မဟုတ်ဘူး။ ယူတာကတော့ များတယ်။ ဒီလိုပဲ စိတ်အခန့်မသင့်ရင် ကွဲလိုက်၊ အဆင် ပြေတဲ့သူနဲ့ ပေါင်းလိုက်ပေါ့။ အင်း ...ကိုယ်ဝန် တစ်ခါဖျက်ဖူးတယ်။ ကလေး မယူချင်ဘူးလို့ ယောက်ျားကို ပြောလိုက်တော့ အဲဒါဆိုရင် ကိုယ်ဝန်ဖျက်ဆေး သောက်လိုက်လို့ ပြောတာနဲ့ အဲဒီနေ့က အမှိုက်ပုံမှာ ပိုက်ဆံ နှစ်သောင်း ကောက်ရထား တော့ ဆေးဆိုင်သွားပြီး ဝယ်သောက်လိုက်ကြတယ်။ အဲဒါက (... ... ...) နဲ့ ရတဲ့ဗိုက်။
* * * *

ဒီရွှေဘိုက ယောက်မတို့က ရောက်နေတော့ လမ်းဘေးသား သုံးယောက်ရယ်၊ သမီးရယ် လေးယောက်၊ ရွှေဘို သွားမယ်ဆိုပြီး လာကြတာ။ ရွှေဘိုကို ရောက်လာတော့ ယောက်မဆီကို သွားတာ။ ယောက်မက အစ်ကို့မိန်းမလေ။ ညပိုင်းမှာ ဒီကျောင်းကို ရောက်လာတာ။ ကျောင်းကို တန်းမရောက်ဘူး။ အရင်ဆုံး အရှေ့ဘုရားထဲမှာ နေတယ်။ ဘုရားထဲမှာ နှစ်ရက်လောက်နေပြီးတော့ ဟို ...ဒီက တစ်ယောက်က ဆရာမတွေကို ပြောပေးတာနဲ့ သမီးကို ဒီကျောင်းမှာ ထားတာ။ ဒီကျောင်းမှာ ထားထားတော့ မန္တလေးကို ပြန်တာလေ၊ ညီမတွေ လွမ်းလို့ဆိုပြီး မန္တလေးကို ပြန်သွားတာ။ ပြန်သွားပြီးတော့ တစ်ခေါက် ပြန်လာသေးတယ်။ ပြန်လာတော့ ဒီက လူတွေက လာခေါ်တာ၊ ချမ်းသာကြီးဘုရားထဲ လာခေါ်တာ။ အဲဒါ ဒီကျောင်း ပြန်နေသေးတယ်။ ပြန်နေပြီးတော့ အမေဆုံးလို့ဆိုပြီး သတင်းကြားတာနဲ့ မန္တလေးကို ပြန်သွားတာ။ ပြန်ပြီးတော့ အခု ဒီနေ့မှ ကျောင်း ပြန်ရောက်တာ။ ရွှေဘိုရောက်တာက ရှစ်ရက်တော့ ရှိပြီ။

ဒီကျောင်းကို ဘာလို့ ဆက်မနေဖြစ်တာလဲဆိုတော့ ကိုယ့်စိတ် ကိုယ်မနိုင်လို့ ဆက်မနေဖြစ်တာ။ ဘုန်းဘုန်းကတော့ ကောင်းစေချင်လို့ ကျောင်းမှာ ထားထားတာ။ သမီးတို့ကကျတော့ လမ်းဘေးမှာ နေတာနဲ့ ကျောင်းမှာ နေတာနဲ့က ကျောင်းမှာ နေတာက ကောင်းတာ။ လမ်းဘေးမှာ နေတာကျတော့ လွတ်လပ်တာပေါ့။ ကျောင်းမှာကျတော့ ကျောင်းစည်းကမ်း၊ လမ်းမှာကျတော့ လမ်းစည်းကမ်း။ လမ်းမှာနေရတာ  ပျော်တယ်ဆိုတာက ကိုယ့်စိတ်ကို ပျော်ရအောင် ထားတာ။ စိတ်ညစ်တယ်ဆိုတာကျတော့ ဒီ လမ်းဘေးမှာ နေရတာက လူလည်း အထင်သေးတယ်။ ကိုယ့်ရဲ့ရှေ့ရေးလည်း မကောင်းဘူး။
* * * *

အင်း ...အသက်က ဘယ်ခုနှစ်က မွေးလဲတော့ မသိဘူး။ ပြာသိုလဆန်း ၁ ရက်တော့ သိတယ်။ ၁၆ နှစ်၊ ညီအစ်ကို မောင်နှမ ၈ ယောက်။ အထက်က ၁ ယောက်၊ အောက်မှာ ၆ ယောက်။ အငယ်ဆုံး ကလေးက နို့ပြတ်ပြီ။ ကျောင်းနေတဲ့သူ မရှိဘူး။ အဖေက ဆိုက်ကားနင်းတာ။ အဖေ ဆိုက်ကားနင်းထွက်တဲ့အချိန်ကျတော့ အိမ်နီးနားချင်းတွေက ကလေး ထိန်းပေးတယ်။ ညီမလေးတစ်ယောက်က ယောက်ျားရသွားပြီ။ အစ်ကိုက ထောင်ကျနေတာ။ ဆိုင်ကယ် မသင်္ကာမှုနဲ့။ မာရှယ်လောထုတ်တဲ့အချိန်မှာ ကျသွားတာ၊ မာရှယ်လောထုတ်တဲ့အချိန်မှာ စည်းကမ်းချက်ထုတ်ထားတာကို သူက မလိုက်နာဘူး။ ၁ဝ နာရီဆို မထွက်ရဘူးလို့ ပြောတာ။ အဲဒီအချိန်မှာ သူက ထွက်လိုက်တာလေ၊ အဲဒီတော့ မာရှယ်လော မိတော့ ဒီဆိုင်ကယ်က ဝယ်ထားတာလား၊ ခိုးထားတာလား မသိဘူး။ သူက သူများဟာ စီးလာတာ။

သူက ထောင်မကျခင်က အမှိုက်ကောက်တယ်၊ ရေကားလိုက်တယ်။ ရေကားလိုက်ရင် တစ်ခါတလေ ငါးထောင်၊ တစ်ခါတလေ သုံးထောင်၊ အမှိုက်ကောက်တာကျတော့ တစ်ခါတလေ နှစ်ထောင်၊ တစ်ခါတလေ သုံးထောင်၊ အဲဒီအတိုင်း ရတာ။ အခု သူကလည်း ထောင်ကျနေပြီ။ အမေကလည်း ဆုံးသွားပြီ။ သူ့အောက်က ကျွန်မ။ အင်း ...ကျွန်မကလည်း ရွှေဘိုရောက်နေတော့ ကျန်တဲ့ အငယ် ၆ ယောက်နဲ့ အဖေနဲ့က ဘယ်လိုလုပ် နေနေတာလဲဆိုတော့ ဒီလိုပဲပေါ့။ မရှိ ရှိရာ ရှာစားနေရတာ။ ညီမလေးတွေ၊ မောင်လေးတွေကို သတိရတယ်။

ဘာလို့ အတူတူမနေတာတုံးဆိုတော့ အဖေက မူးပြီးတော့ ဆူတယ်၊ နောက်ပြီးကျတော့ အမေကလည်း မရှိ တော့ဘူး။ အစ်ကိုကလည်း မရှိဘူး။ ညီမကလည်း လင်ရသွားတော့ အဖေနဲ့ သမီးနဲ့ နေရမှာ မသင့်တော်လို့။ ဘယ်လိုမျိုး မသင့်တော်တာလဲဆိုတော့ အိပ်တဲ့အခါကျတော့ အိမ်တစ်လုံးတည်းမှာ အတူတူအိပ်ရတာ။ အဲဒါကြောင့်မို့လို့၊ မူးလာပြီဆိုရင် သမီးမှန်းလည်း မသိဘူး၊ မယားမှန်းလည်း မသိဘူး။

အင်း ...အဲဒီလိုမျိုး မတော်တရော် ဖြစ်ဖူးတယ်။ အဖေက မူးနေတော့ မသိဘူး။ အရက်တွေတလည်း တအားသောက်လာပြီး တအားမူးနေတော့ ဘာမှမသိဘူး။ အဖေကလည်း နောက်ပြီးကျတော့ အရိုက်ကြမ်းတယ်။ အဖေ့ကို ကြောက်လို့မို့ ဒီအတိုင်း နေရတာ။ သမီးလို့ ပြောတယ်လေ။ အရက်က မူးလာတော့ကျတော့ ဘာမှပြောလို့ မရဘူး။ အဲဒါဖြစ်တုန်းက အမေက မသိဘူး။ သမီးက အိမ်နီးနားချင်းတွေနဲ့ စခန်းကိုတိုင်တာ။ တိုင်တော့ အမေက မဟုတ်ပါဘူးလို့ နောက်ကနေ လိုက်ပြောတာ။ လိုက်ပြောတော့ အဖေ့ကို ထောင်မချတော့ဘူးလေ။ အမေက အဲဒီလိုပြောထားမှတော့ ထောင်မချတော့ဘူး။ သမီးကို အဖေနဲ့ တစ်နေရာစီ နေရမယ်လို့ အဲဒီအတိုင်း ပြောတာ။ အမေ့ကို ပြော ပြတယ်၊ ဟိုဥစ္စာ ...စခန်းကိုရောက်ပြီးမှလေ၊ အမေ့ကို ပြောပြတာ။ အမေက အဲဒီတော့မှ သိသွားတာ။ အမေက အတည်ဟုတ်လား၊ မဟုတ်ဘဲနဲ့ မပြောနဲ့တဲ့။ အဲဒီအတိုင်း ပြောတာ။ သမီးက ဟုတ်တယ်လို့ ပြောတာ။ ဟုတ်တယ်လို့ ပြောတော့ အမေက မယုံဘူး။ အဲဒါနဲ့ပတ်သက်ပြီး အိမ်နီးနားချင်းတွေနဲ့ စကားများကြတာ။ စကားများတော့ သမီးလည်း ရှက်တာနဲ့ ထွက်ပြေးလာတာ။

အခုလည်း ကျောင်းမှာ မနေနိုင်သေးဘူး။ အငယ်ဆုံး မောင်လေးက လမ်းဘေး ရောက်ပြီး ကော်ရှူနေတယ်လို့ ကြားရတယ်။ သူ့ကို သွားရှာပြီး ဒီကျောင်းမှာ ထားမယ်။ သူက အခုမှ ၉ နှစ်လောက် ရှိမှာပေါ့။ ပြီးတော့ ညီမကလည်း ကိုယ်ဝန်က အတော်ရင့်နေပြီ။ မွေးတော့မှာ။ လမ်းဘေးသားနဲ့ ရတယ်။ လမ်းဘေးမှာပဲ နေကြတယ်။ သူ ကလေး မွေးတော့ လူလိုမှာ၊ ပြန်မှဖြစ်မယ်။
* * * *

(ခ)
သမီးက ကြည်ပြာနိုင်။

သမီးအသက်က အင်း ...ပြောပြမထားတော့ မသိဘူး။ လမ်းပေါ် ရောက်နေတာ မကြာသေးဘူး။ တစ်ပတ် လောက် ရှိသေးတယ်။ အခါတိုင်း ရောက်လာရင် အဖေက ပြန်ပြန်ခေါ်သွားတာ။ ပြန်ခေါ်လိုက်၊ ပြန်ထွက်ပြေးလာလိုက်နဲ့။

အဖေနဲ့ ဘာလို့မနေတာလဲဆိုတော့ အဖေက မူးရင် အဲဒီလိုပဲ ဆဲဆို၊ ရိုက်နှက် နေတော့တာကိုး။ ဘာရယ် ညာရယ်မဟုတ်ဘူး။ ခေါ်ခေါ်ပြီးတော့ကို ရိုက်တာ။ တစ်ခါ တလေကျတော့ ကြိုးတုပ် ရိုက်တာ။

သူက မိန်းမရှိတယ်၊ နောက်မိန်းမနဲ့။ သမီးက မသင့်တော်လို့ ဆိုပြီးတော့ ခွဲ အိပ်တာ။ ခွဲအိပ်တဲ့နေ့ကမှ တအားမူးနေတာ။ သူ့မိန်းမ မှတ်ပြီးတော့ မှားတာ။ အဖေ ... သမီးနော်လို့ ဆိုတော့ ပြန်ဆင်းသွားတယ်။ သူ့မိန်းမမှတ်ပြီး မှားတာ။ အဲဒါကြောင့်မို့ အိမ်မှာ မနေတာ။

ရိုက်ရင်လည်း ပိတ်ရိုက်တာ။ ရိုက်တာကတော့ ငယ်ငယ်လေးကတည်းက ရိုက်တာ။ ကြီးလာတော့လည်း ရိုက်တယ်။ ငယ်ငယ်တုန်းကဆို ဆေးရုံတက်ရအောင်ကို ရိုက်တာ။ အဲဒီတုန်းက ထမင်းမချက်တတ်ဖူးပေါ့ဗျာ။ ထမင်း မချက်တတ်တော့ ထမင်းအိုးက မှောက်ကျသွားတယ်။ ကျသွားတော့ လက်သည်းတွေကို ခွာတာ၊ ခွာရင်းခွာရင်းနဲ့ လက်သည်းတွေ ကျွတ်သွားတာ။ အဲဒီမှာ အိမ်နားနီးချင်းက သွားတိုင်တာ။ ဒီမယ် ကိုလှသန်း၊ ဒီလောက်ထိ ကိုယ့် သားသမီးကို မရိုက်နဲ့တဲ့။ အဲဒီလိုပြောပြီး သွားတိုင်တော့ အချုပ်ထဲကို တစ်ပတ်တိတိ ကျသွားတာ။ အဲ ...ဆရာမ တွေကလည်း ပြောတယ်။အဲဒီကောင်မလေး အသက်ရှင်ရင် ရှင်၊ မရှင်ရင် တစ်သက်တစ်ကျွန်းကျမှာလို့ ပြောတယ်။ သေပြီ မှတ်တာတဲ့။ သမီးကို အမှန်က ပီနန်အိတ်နဲ့ ထုပ်ထားတာ။ ထုပ်ထားတော့ ငိုတဲ့အခါကျတော့ ကောင်မလေးက အသက်ရှင်သေးတယ်တဲ့။ အဲဒီလိုပြောပြီး ဘေးက ဆေးရုံပို့လို့ အသက်ရှင်လာတာ။ ငယ်ငယ်တုန်းက ဆေးမသောက် လို့ဆို ပါးစောင်တွေရော ကုတ်တာ။ ထမင်း မချက်တတ်လို့ဆို အုတ်နီခဲနဲ့ထု၊ မီးစနဲ့ရော ထိုးတာ။ ကြီးလာတဲ့အခါကျတော့ ပါးတွေ၊ ဆံပင်တွေ၊ လည်မျိုတွေ ကုပ်တာ။ ကြိုးတုပ် ရိုက်တာ။ ခုတင်ပေါ်ရော၊ ဘာတွေပေါ်ရော ကြိုးတုပ် ရိုက်တာ။ တစ်ခါတလေမှ ထမင်းလာကျွေးတာ။ အပေါက် ပိတ်သွားတယ်။ ရိုက်တာကတော့ သမီးကို အပြစ်မရှိလည်း ရိုက်တာပဲ၊ အပြစ်ရှိလည်း ရိုက်တာပဲ။ အမေဆိုလည်း သွားကျိုးအောင် ရိုက်တာ။ သွားတွေကို အကုန်ကျွတ်အောင် ရိုက်တာ။ အမေက သမီးမောင်လေး ငယ်ငယ်တုန်းက သေသွားတာ။ ဖားကန့်မှာ ဆုံးတာ။ အမေက ငှက်ဖျားမိပြီး မက်ကလောင် ဖောက်တယ်၊ သေသွားရော။
* * * *

အဖေ့ကို ချစ်သလားဆိုတော့ ချစ်တယ်။ အဖေ့ဆီကို တစ်ခါတလေလည်း ပြန်ချင်တယ်။ တစ်ခါတလေ ကျတော့လည်း ပျော်တာပဲ။ ဒါပေမဲ့ စိတ်ညစ်တာတွေလည်း ရှိတယ်။ အခုတော့ အိမ်ကို မပြန်ချင်ဘူးရယ်။ အဖေကို သတိတော့ရတယ်။ ပြန်ချင်တစ်လှည့်၊ မပြန်ချင်တစ်လှည့် ဖြစ်နေတာ။

အဖေကတော့ ကျောင်းမထားဖူးဘူး။ နေတော့ နေဖူးတယ်။ စာတော့ နည်းနည်းပါးပါးတော့ တတ်တယ်။ ဖားကန့်မှာ သင်တာ။ ယောဂီကြီးက သင်တာ။ အလှူခံလိုက်ရာကနေလေ။ လိုက်တော့ မုန့်တစ်ခု၊ လက်ဖက်ရည် တစ်ခွက်တော့ ဝယ်ကျွေးတယ်။ စာသင်ပေးတယ်။ သမီးလေးလိုပဲ စောင့်ရှောက်တာ။ သမီးကို တစ်ချိန်ကျရင် ယောဂီ ဝတ်ပေးမယ်တဲ့။ အဖေက ပြန်ခေါ်တော့ကျတော့ သမီးက ငိုနေရတာ၊ စိတ် မကောင်းဘူး။

မောင်လေးကျတော့ ဆောင်းမှာ မွေးတာ။ မောင်နှမက လေးယောက်၊ တစ်ယောက်က ဆုံးသွားတယ်။ အဲဒါ ပွဲသွားကြည့်တာ အမေက သွေးနုနုနဲ့ သွား ကြည့်တာ။ ကလေးမလေးက အအေးပတ်ပြီး သေသွားတာ။

အစ်ကိုအကြီးဆုံးက အိမ်ထောင်ကျသွားပြီ။ အစ်ကိုကြီးကတော့ ခေါ်တယ်။ သမီးကိုက မနေချင်တော့ သွား မနေဖြစ်ဘူး။
* * * *

အလုပ်ကတော့ ဒီလိုပါပဲ။ ခေါ်ရင် လိုက်သွားတာ။ လူများရင်တော့ မလိုက်ဘူး။ ဟိုလိုဆို ဒီလုပ်ငန်းကို သမီး လုပ်မစားဘူး။ စိတ်ကူးထဲမှာ ပိုက်ဆံမရှိတော့ လိုက်သွားတာ။ ဒီ့ပြင်အလုပ်က လုပ်တယ်။ ဈေးထဲ ရေခပ်တို့၊ အမှိုက်ပစ် တို့။ ပုံမှန်မရှိဘူး။ တစ်ထောင် ရလိုက်၊ နှစ်ထောင် ရလိုက်၊ တစ်ခါတလေ နှစ်ထောင့်ငါးရာ ရတယ်။ အဲဒါဆို သုံးလောက်တယ်ဆိုပေမဲ့ လိုက်ဖြစ်တယ်ဆိုတာ ဈေးမှာ မဆင်းလိုက်ရရင်လေ။

အရင်က အိမ်ထောင်ကျဖူးတယ်။ သမီးတို့ ရပ်ကွက်ထဲကပဲ။ သူနဲ့ အိမ်ထောင်ကျတာ။ ကလေးတစ်ယောက် မွေးတယ်။ ယောက်ျားလေး မွေးတာ။ အဲဒီကလေးက ဆုံးသွားတယ်။ ယောက်ျားက မပေါင်းဘူး။ မပေါင်းတဲ့အခါကျတော့ လူကြီးအိမ် ရောက်တယ်။ တိုင်တော့ သူ့အစ်ကိုတွေက သဘောမတူဘူး။ သမီးနဲ့ သဘောမတူဘူး။ ဥက္ကဋ္ဌက မေးတော့ သူတို့အိမ်မှာ အဲဒီလိုကောင်လေး မရှိဘူးတဲ့။ သူက မုံရွာသား။ မုံရွာကို ပြန် လွှတ်လိုက်တာ။ မပေးစားချင်လို့လေ။

ကလေးက ညနေ စနေကြီး မွေးတာ။ တစ်ရက်က မိုးတွေကလည်း အုံ့နေတယ်။ ကလေးကို ရေချိုးပေးပြီးတော့ နို့သွားတိုက်မယ်ဆိုတဲ့အခါကျတော့ ဒီကလေး အသံလည်း မကြားပါဘူးပေါ့။ ချီလိုက်တော့ ကလေးက သေနေတယ်။ တောင့်နေတာ။ သမီးကလည်း အဲဒီကတည်းက စိတ်ညစ်နေတာ။ အိမ်က အဖေကလည်း သမီးသာ မချစ်ဘူး ပြောတယ်။ သူ့မြေးကိုတော့ ချစ်တယ်။ သေသွားတော့ သူက ငိုတာ။ သမီးလည်း ဘုန်းကြီးကျောင်းကို ဆွမ်းချိုင့်ပို့တယ်၊ သားအတွက်။ နို့ထမင်းလည်း ဝေပေးလိုက်တယ်၊ အရပ်ထဲ။

အဲဒီယောက်ျားက တစ်ပတ်တောင် မပေါင်းလိုက်ရဘူး။ ချက်ချင်း ကွဲသွားတာ။ ယူတုန်းကတော့ လက်မှတ်ထိုးပြီး ယူထားတာ။

လုပ်ငန်းလုပ်ချင်တယ်၊ လုပ်ငန်းလုပ်ပြီး အဖေ့ကို တောင်းပန်ပြီး ပြန်နေချင်တယ်။ အဲဒီလို စိတ်ကူးနေတာ။

(ဂ)
သမီးက အိမ်မပြန်ဖြစ်တော့ဘူး။
အိမ်နဲ့က လုံးဝအဆင်မပြေဘူး။
အဖေနဲ့ ညီမလေးရဲ့ အနေအထိုင်ကို မကြိုက်ဘူး။ ပြောတော့ အဖေရော၊ အမေ ရော၊ ညီမလေးရော အားလုံးနဲ့ ရန်ဖြစ်ရတယ်။

သမီးတို့က ဘူတာမှာ ထမင်းထုပ်တွေ၊ ဘာတွေ ရောင်းတယ်။ အမေက ရောင်းနေရစ်တုန်း သမီးက ပြန်လာ တော့ အဖေနဲ့ ညီမလေးကို အနေအထိုင်မဟုတ်တာ တွေ့တယ်။ အဲဒါ သမီးလည်း ရန်ဖြစ်ပြီး ထွက်လာတာ။

ဒီလိုပါပဲ။ ဈေးကတော့ ရွှေဘိုဘူတာမှာလည်း ရောင်းဖူးတာပဲ။ သမီး အိမ်က ထွက်လာတုန်းက ရွှေဘိုဘူတာမှာ ဈေးကူရောင်းရင်း နေတယ်။ အဲဒီမှာ အစ်ကိုလို ခင်တဲ့သူတွေလည်း ရှိတယ်။ ဟိုနေ့က လာခေါ်တဲ့သူတွေပေါ့။

နောက် မန္တလေးက စားသောက်ဆိုင်၊ ဘီယာဆိုင်တွေမှာ နေဖူးတယ်။ လမ်းဘေး သားတွေနဲ့ကတော့ ဘူတာမှာလည်း တွေ့တာပဲ။ ခင်တာက စားသောက်ဆိုင်မှာ လုပ်တုန်းက ခင်တာ။ သူတို့က အဲဒီဆိုင်နားမှာ လာကြတယ်။ တစ်ခါတလေလည်း သူတို့နဲ့ လျှောက်လိုက်တယ်။ ပလုံကောက်တော့ မဟုတ်ဘူး။