ကမ္ဘာ - မြေခွေးတကောင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ

Snow fall and Fox painting by Jonathan Knight Art


ကမ္ဘာ - မြေခွေးတကောင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ  
(မိုးမခ) မေ ၁၁၊ ၂၀၁၆

မရည်ရွယ်ပါပဲ တောအုပ်ထဲမှာ လမ်းလျှောက်မိတဲ့ တနေ့ သူနဲ့ တွေ့တာပါပဲ။ အဲဒီမှာ ဇာတ်လမ်းစတယ် ဆိုပါတော့။

တကယ်တော့ မြေခွေးဆိုတာ ကျွန်တော့်အတွက် ကြားဖူးရုံအဆင့်ပဲ။ ပုံပြင်ထဲက လူကြမ်းပဲ။ အပြင်မှာ ဘယ်တုန်းကမှ မြင်ဖူးခဲ့တာ မဟုတ်ဘူး။ သူက စပြီး မိတ်ဆက်မှ မြေခွေးဆိုတာ သိတာ။

‘နေပါဦး…ခင်ဗျားက ဘာလို့ ကျွန်တော့်ကို လာမိတ်ဆက်ရတာတုန်း..’

‘မင်းကို စားမလို့’

‘မြေခွေးတွေက ကိုယ်စားမယ့်သတ္တ၀ါကို မစားခင် ကိုယ့်ကိုကိုယ် မိတ်ဆက်ကြသလား..။ ခင်ဗျားမှာ အခြားရည်ရွယ်ချက် တခုခုများ ရှိနေသေးလား’

‘မင်းမှန်တယ်။ ဒီစကားက မင်းကို ခြိမ်းခြောက်တဲ့စကားပဲ။ ငါ့ရဲ့လက်ရှိအခြေအနေကို ပြောပြမယ်။ ငါဟာ အင်အားရှိတဲ့အကောင်၊ တိုက်ရည်ခိုက်ရည်ကောင်းတဲ့အကောင်။ ဒါပေမဲ့ အခုနောက်ပိုင်း ကာလတွေမှာ ငါ အစာရှာရတာ ခက်လာတယ်’

‘ဘာကြောင့်လဲ’

‘သားကောင်ငယ်လေးတွေက ငါ့နားကိုကပ်ဖို့ ကြောက်လာတယ်။ ငါ့အရိပ်ကိုမြင်တာနဲ့ပြေးတယ်။ သားကောင်ကြီးတွေကလည်း ငါ့ကို ရန်ရှာတယ်။ အဲဒီတော့ ငါ့မှာအန္တရာယ်ကိုလည်းရှောင်ရ၊ အစာလည်းရှာရနဲ့ နေရထိုင်ရခက်လာတယ်။ အဲဒီတော့ သားကောင်ကြီးတွေနဲ့ သားကောင်ငယ် တွေရဲ့ကြားမှာ ငါ ဟန်ချက်ညီညီ ရပ်တည်နိုင်ဖို့ မင်း ငါ့ရဲ့ကိုယ်စားလှယ် လုပ်ရမယ်’

‘ပြောရေးဆိုခွင့်ရှိသူ ပုံစံမျိုးလား’

‘သိပ်ဟုတ်တယ်။ ပထမတုန်းကတော့ ငါ မင်းကို စားမလို့ပဲ။ ဒါပေမဲ့ မစားပဲ ဒီတာဝန်ကို ပေးလိုက်တာက ငါ့အတွက် ပိုအဆင်ပြေမယ်ထင်လို့။ မင်းလုပ်ကြည့်လေ..။ လုပ်ကြည့်လို့ အဆင်မပြေဘူးဆိုရင်တော့ ငါမင်းကို စားလိုက်ရုံပဲ’

... ... ... ... ... ... ....

မြေခွေးတကောင်ရဲ့ပြောရေးဆိုခွင့်ရှိသူ တာဝန်က သိပ်ခက်လှတယ်တော့ မဟုတ်ပါဘူး။ ပြောတတ်ဆိုတတ်ဖို့တော့ လိုတာပေါ့လေ။ သားကောင်ကြီးတွေနဲ့ တွေ့ရင် ယဉ်ကျေးရမယ်၊ မြေခွေးထက်စားလို့ကောင်းတဲ့ သတ္တ၀ါတွေ ဘယ်မှာရှိလဲဆိုတာ သတင်းအချက်အလက် ပေးရမယ်။ သားကောင်ငယ်တွေနဲ့တွေ့ရင်တော့ သူတို့ကိုအချိုသပ်ရတယ်။ အယုံသွင်းရတယ်။ မြေခွေးဆိုတာ ဘာမှ ကြောက်စရာမလိုတဲ့ ဉာဏ်တုံးတုံး ငနဲတကောင်ဖြစ်ကြောင်း အသိဉာဏ်ထဲ ရိုက်သွင်းရတယ်။ အဲဒါပဲ။

အဲဒါပဲဆိုပေမယ့် နောက်ဆုံးတခု ကျန်သေးတယ်။ အရေးအကြီးဆုံး တခုပေါ့။ မြေခွေးအရမ်းဆာလောင်နေပြီလို့ထင်တဲ့အချိန်မျိုးဆိုရင် သူနဲ့ ဝေးရာမှာ နေဖို့ပဲ။ ဝေးနိုင်သမျှဝေးဝေးနေ။ သူ အူသံကျယ်ကျယ်ပေးရင်လည်း မသွားနဲ့။ ဒီလိုနဲ့ပဲ ကျွန်တော်လည်း မြေခွေးရဲ့ပြောရေးဆိုခွင့်ရှိသူ ဖြစ်မှန်းမသိ ဖြစ်လာပါလေရော..။

... ... ... ... ... ... ....

‘ဟာ ကိုကျားကြီးပါလား…။ လာဗျာ ထိုင်ပါဦး။ ဟိုဖက်တောစပ်မှာ သမင်လေးတွေ မနက်ပိုင်း ရေလာသောက်ကြတာကို သိပြီးပြီလားဗျ။ မသိရင် ပြောမယ်ဗျာ..။ သမင်လေးတွေ ဆူဖြိုးလိုက်တာဆိုတာ အနည်းဆုံး အကောင် ၂၀ ပဲနော်…။ တောစပ်က ညောင်ပင်ကြီးပေါ်ကသာ တက်စောင့်နေ ဒီကောင်တွေ ဘယ်လွတ်မလဲ’

ဆိုတာက တမျိုး။

‘ကိုမြေခွေးလား..။ သူလည်း တရှောင်ရှောင်နဲ့ ဘယ်နေ့ သေမယ်မသိဘူးဗျာ..။ အစာလည်း အရင်ကလို ရှာမစားနိုင်တော့ဘူး။

... ... ... ... ... ... ....

... ... ... ... ... ... ....
အို ... ကိုခြင်္သေ့ကြီးရဲ့ အစာတွေကို လာလုရအောင် သူ မိုက်မယ်မထင်ပါဘူးဗျာ..။ သူ ကျွန်တော့်ကို ခဏခဏ ပြောဖူးပါတယ်။ သတ္တ၀ါတွေထဲမှာ ကိုခြင်္သေ့ကြီးကို အလေးစားဆုံး ဆိုတဲ့အကြောင်း’

ဆိုတာက တဖုံ။

‘ဒီလိုရှိတယ် ယုန်ကလေးရဲ့.။ မြေခွေးဆိုတာမျိုးက ပုံပြင်ထဲမှာသာ ကြောက်ဖို့ ကောင်းတာပါကွာ…။ အပြင်မှာတော့ ယဉ်ကျေးလိုက်တာမှ။ သူ့ပါးစပ်ထဲ လက်သွားထည့်ရင်တောင် ကိုက်ဖို့ စဉ်းစားနေတဲ့ သတ္တ၀ါမျိုး။

... ... ... ... ... ... ....

သူက တခြားမြေခွေးတွေလို မဟုတ်ဘူး။ အမြဲတမ်း သားသတ်လွတ်စားဖို့ ကြိုးစားနေတဲ့ မြေခွေးပါ။ ဟိုတနေ့ကတောင် မုန်လာဥအကြောင်း ဆွေးနွေးဖို့ တကောင်ကောင် ရှာပေးပါဦး ပြောနေတာ..။ အဲဒါ ခင်ဗျားအားရင် သွားလိုက်ဦးဗျာ…နော့’

ဒီလိုနဲ့ မြေခွေးရဲ့အခြေအနေက လုံခြုံသထက် လုံခြုံလာတယ်။ စားဖို့သောက်ဖို့ မပူရတဲ့အပြင် သားကောင်ကြီးတွေကို ကြောက်နေရာကနေ မေးထူးခေါ်ပြောအဆင့်အထိ တက်နိုင်လာတယ်။ ပြောရရင် သူ့ရဲ့နေထိုင်မှု ပုံစံကို သူသိသွားသလိုပဲ။

တနေ့ သူက သူ့ရဲ့ စားသောက်မှုပုံစံနဲ့ ပတ်သက်ပြီး ကျွန်တော့်ကို ခေါ်ပြောတယ်။

‘ဒီလိုရှိတယ်ကွ။ မင်း ငါ့ကိုယ်စား စကားပြောဆိုပေးပြီးတဲ့နောက် ငါ့အတွက် စားစရာတိုးလာတာ မှန်တယ်။ ဒါပေမဲ့ ငါ့ရဲ့နည်းစနစ်ကြောင့် ဒီထက်ပိုပြီး အဆင်ပြေလာတာလို့ ပြောရင်လည်း မင်းလက်ခံရမယ်။’

‘ဆိုစမ်းပါဦး…။ ခင်ဗျားရဲ့ နည်းစနစ်အကြောင်းကို’

‘မင်း ငါ့ဆီကို သတ္တ၀ါပေါင်းစုံရောက်လာအောင် လုပ်ပေးတယ်နော်။ ဆိုကြပါစို့။ ယုန်တွေဆိုပါစို့။ ငါ့ဆီကို ယုန် ငါးကောင်ရောက်လာရင် အဲဒီထဲက တကောင်ကိုပဲ ငါစားတယ်။ လေးကောင်ကို စားစရာ တခုခုပေးပြီး ပြန်လွှတ်လိုက်တယ်။ အဲဒီတော့ သူတို့ရဲ့ ပတ်ဝန်းကျင်ကို သူတို့ ပြန်ပြော ကြတယ်။ ကိုမြေခွေးက အရင်လို သူတို့ကို မစားတော့တဲ့အကြောင်း။ စားစရာတောင် ပေးလိုက် သေးတယ်ဆိုတဲ့အကြောင်း။ ဒီစကားကိုကြားတော့ အခြားကောင်တွေ ရောက်လာကြပြန်ရော။ ပြီးခဲ့တဲ့ တခေါက်တုန်းက လွှတ်ပေးလိုက်တဲ့ အကောင်တွေကလည်း တခေါက်ပြန်လာကြရော..။ အဲဒီမှာ ငါ့အတွက် စားစရာက မပြတ်တော့ဘူး။ အဲဒါ ငါ့ရဲ့နည်းစနစ်ဆိုပါတော့…။ မင်းလည်း မှတ်ထားကွာ။ လူတွေကြားထဲမှာ သုံးကြည့်ပေါ့’

မြေခွေးတကောင်ရဲ့ သြ၀ါဒကို နားထောင်ရတာလောက်ဆိုးတာ ဒီကမ္ဘာမှာ မရှိလောက်ဘူး ထင်တာပဲ။ ကောက်ကျစ်တဲ့အကောင်မှန်း။ ညာဖြီးစားသောက်နေတဲ့အကောင်မှန်း သိသိကြီးနဲ့ သူ့ရဲ့သြ၀ါဒကို နားထောင်နေရတယ်ဆိုတော့ စိတ်ထဲမှာ ဘယ်လောက် အော်ဂလီဆန်လိုက်မလဲ ဆိုတာ စဉ်းစားသာကြည့်။

‘ဒီလိုကွ..။ သားကောင်ကြီးတွေနဲ့ ဆက်ဆံတဲ့နေရာမှာလည်း ကြောက်နေရုံနဲ့မပြီးဘူး။ သူတို့ကို အစာရှိတဲ့နေရာ လမ်းညွှန်ပေးရုံနဲ့မပြီးဘူး။ တဖက်ကလည်း သူတို့ကို တတ်နိုင်သလောက် အင်အားနည်းအောင် လုပ်ပေးရတယ်။ ဒီလိုဆိုရင် သူတို့ ဒဏ်ရာကို သူတို့ကုနေရတာနဲ့တင် ကိုယ့်ဖက်ကို လှည့်နိုင်မှာ မဟုတ်ဘူးလေ’

‘ဆိုစမ်းပါဦး ခင်ဗျားနည်းကို’

‘အခုဆိုရင် သားကောင်ကြီးတွေ ငါ့ဆီလာတဲ့ ရည်ရွယ်ချက်က ငါ့ကိုစားဖို့ မဟုတ်တော့ဘူး။ ငါ့ဆီကနေ သားကောင်တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ယူဖို့ပဲ။ အဲဒီတော့ ငါ့အနေနဲ့ သတင်းပေးတဲ့နေရာမှာ တကောင်တည်းကို အချက်အလက် တခု ပေးတာမျိုးမဟုတ်ပဲ နှစ်ကောင်ကို ရန်တိုက်ပေးတာမျိုးလည်း လုပ်ပေးလို့ရလာတယ်။ ဥပမာ - ဒရယ်ကောင်တွေ စမ်းချောင်းအောက်ခြေမှာ ညနေတိုင်းရှိတတ်တယ်ဆိုတာကို ငါ ကျားကြီးကိုလည်းပေးတယ်။ ကျားသစ်ကိုလည်းပေးတယ်။ အဲဒီတော့ သူတို့ အဲဒီကိုသွားရင်းတွေ့ကြမယ်ဆိုရင် သားကောင်ကို လိုက်ရင်းနဲ့ အချင်းချင်းပြန်ကိုက်ကြဖို့များတယ်။ အဲလိုဆိုရင် ငါ့အတွက် ရန်သူတွေ လျော့သွားမယ်လေ…’

... ... ... ... ... ... ....

မြေခွေးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဘ၀မှာ စကားငါးခွန်းပြောရင် ငါးခွန်းစလုံးက မုသာဝါဒကြီးပဲ။ မှိုင်းတိုက်မယ်။ ဖားမယ်။ ကိုယ့်ဖက်ပါအောင်လုပ်မယ်။ အကောက်ကြံမယ်။ အယုံသွင်းမယ်။ ဒါပဲ။ ကြာလာတော့ ကိုယ့်ကိုကိုယ်တောင် အဲဒီဖက်မှာ တော်တော်လေး ပါရမီပါတယ်လို့ ထင်လာတယ်။

တဖက်ကလည်း သူ့သြ၀ါဒတွေ နားထောင်ရတာများလာတော့ မသိစိတ်က သူ့ကို လေးစားသလို ဖြစ်လာတယ်။ တခါတလေ အိပ်ရာဝင်ရင်တောင် သူပြောတဲ့ ဘယ်အချက်လေးတွေကဖြင့် မှန်လိုက်တာ။ ဘယ်အကောင်ကိုဘယ်လိုစားဖို့ ကြိုးစားလိုက်တာ ကောင်းလိုက်တာ ဆိုတာမျိုး စဉ်းစားတတ်လာတယ်။

ကိစ္စတခုခုအကြောင်း တွေးနေမိပြီဆို လူလိုတွေးမိဖို့ထက် မြေခွေးလိုတွေးမိတာက ပိုများ လာတယ်။ ဒီလိုနဲ့ပဲ နှစ်တွေ ကြာလာခဲ့လေရဲ့……။

... ... ... ... ... ... ....

နောက်ထပ် နှစ်နည်းနည်းကို ဖြတ်ပြီးတဲ့နောက် မြေခွေးသေသွားတယ်။ ဘယ်သူမှ သတ်လို့ မဟုတ်ပါဘူး။ ငတ်လို့လည်းမဟုတ်ပါဘူး။ ၀၀ဖြိုးဖြိုးနဲ့ပဲ အသက်ကြီးပြီး သေသွားတဲ့သဘောပါပဲ။ ကျွန်တော်လည်း လွတ်လပ်သွားတယ်။ တောထဲမှာလည်း ဆက်မနေချင်တော့တာနဲ့ မြို့ပေါ်တက် လာပြီး စီးပွားရေး တခုခု လုပ်ဖို့ ပြင်တယ်။

‘The Fox’ ဆိုတဲ့ နာမည်နဲ့ ကျွန်တော် ကုမ္ပဏီ တခုထောင်တယ်။ တရားဝင်တာရော တရားမ၀င် တာရော ပိုက်ဆံရမယ့်အလုပ်မှန်သမျှ ကျွန်တော့် ကုမ္ပဏီက လုပ်တယ်။ တိုးတိုးတိတ်တိတ် လုပ်သလို တရားဝင်လည်း လုပ်တယ်။ ခြောက်လအတွင်းမှာ ကျွန်တော့်ရဲ့ပိုင်ဆိုင်မှုက ဒေါ်လာ သန်းချီသွားတယ်။ အကုန်လုံးက အံ့သြတယ်။အင်တာဗျူးပေါင်းများစွာကို ဖြေရတယ်။ ဂျာနယ်တွေမှာ ပါလာတယ်။ ကျွန်တော့်အကြောင်း ဘ၀ ဇာတ်လမ်းတွေရေးကြတယ်။

အဲဒီမှာ ကျွန်တော် အမြဲပြောတာက ကျွန်တော် ဘယ်လို ကြိုးစားရုန်းကန်ခဲ့ရတယ်ဆိုတာဖြစ်ပြီး ကျွန်တော် ဘယ်တော့မှ မပြောတာ တခုက ကျွန်တော်ဟာ တချိန်တုန်းက မြေခွေးတကောင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်ခဲ့တယ်ဆိုတာကိုပဲ။