တူမောင်ညို - ဒီချုပ်ပါတီအစိုးရမှာ “ သြဇာခံ ကျောင်းသားအဖွဲ့ ” ဖွဲ့စည်းဖို့ သဘောထားပေါ်လစီရှိနေသလား

Photo - VOA Burmese


တူမောင်ညို - ဒီချုပ်ပါတီအစိုးရမှာ “ သြဇာခံ ကျောင်းသားအဖွဲ့ ” ဖွဲ့စည်းဖို့ သဘောထားပေါ်လစီရှိနေသလား
(မိုးမခ) မေ ၃၀၊ ၂၀၁၆


သမ္မတဦးထင်ကျော်ရဲ့ ဒီချုပ်ပါတီအစိုးရမှာ “သြဇာခံကျောင်းသားအဖွဲ့” ဖွဲ့စည်းဖို့ သဘောထား ပေါ်လစီ ခိုင်ခိုင်မာမာချထားပုံ ပေါ်ပါတယ်။ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနဲ့ မေ၂၉ ရက်နေ့က (နကသ) တွေ့ဆုံမှုဟာ ဒီချုပ်ပါတီအစိုးရမှာ ဒီလိုသဘော ထားပေါ်လစီရှိနေတယ်လို့ သုံးသပ်ယူဆနိုင်တဲ့ လက်တွေ့ သာဓကတစ်ခု ဖြစ်ပါတယ်။

နတ်ရေကန်ထဲချလိုက်သလိုချက်ချင်းပေါ်လာတဲ့ကျောင်းသားသမဂ္ဂမို့ “နတ်ရေကန်ကျောင်းသားသမဂ္ဂ”(နကသ) လို့ ခေါ်ချင် ပါတယ်။

(နကသ) ကို မေ ၂၅ ရက်နေ့က ဖွဲ့စည်းခဲ့တယ်။

မေ ၂၉ မှာ ပြည်ထောင်စုဝန်ကြီး ဆင့်ခေါ်တွေ့ဆုံတယ်။

“ ပြည်ထောင်စုဝန်ကြီး၏ဖိတ်ခေါ်မှုအရဆွေးနွေးခဲ့ခြင်းဖြစ်” လို့ သတင်းမှာဖော်ပြထားတယ်။ ဒီတွေ့ဆုံမှုကို အစိုးရပိုင် သတင်းစာ (မြန်မာ့အလင်း/ကြေးမုံ) မှာ “ မြန်မာ့ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးတွင် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်နှင့် အစိုးရပူးပေါင်းဆောင်ရွက်သွားမည်” လို့ ခေါင်းစဉ်တပ်တယ်။

ကျောင်းသားအပေါ်၊ ကျောင်းသားသမဂ္ဂ၊ ကျောင်းသားလှုပ်ရှားမှု အပေါ်သမိုင်းနဲ့ချီပြီး အညှိုးအတေး၊ အာဃာတထားမှုဟာ အုပ်စိုးသူအစိုးရအဆက်ဆက်နဲ့ စစ်အုပ်စုရဲ့ ဖုံးကွယ်မထားတဲ့ စရိုက်လက္ခဏာတွေထဲက တစ်ခုဖြစ်တယ်။

(တကသ)၊ (ဗကသ) တွေကို (ဗကပ) နဲ့ပေးစားတာကလည်း အုပ်စိုးသူအစိုးရအဆက်ဆက်နဲ့ စစ်အုပ်စုရဲ့ မရိုးနိုင်တဲ့ အရိုးစွဲ နေတဲ့ အကျင့်ဆိုး၊ အကျင့်ယုတ်တစ်ခုဖြစ်ပါတယ်။

ကျောင်းသားလှုပ်ရှားမှုမှန်သမျှ “အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးမယ်၊ နှစ်ရှည်ထောင်ချမယ်၊ သတ်ဖြတ်မယ်” ဆိုတာကို အဓိက လက်သုံးနည်းအဖြစ် ကျင့်သုံးပြီး ကျောင်းသားထုညီညွတ်ရေးကို သွေးခွဲသပ်ရှိုဖြိုခွဲရေးနည်းလမ်းပေါင်းစုံနဲ့ ပေါင်းစပ်လေ့ရှိတယ်။ ဒါဟာ စစ်အစိုးရအဆက်ဆက်ရဲ့ ကျောင်းသားထု အပေါ်၊ ကျောင်းသားလှုပ်ရှားမှုအပေါ်၊ (တကသ) ၊ (ဗကသ) တို့အပေါ်ထားရှိကျင့်သုံးခဲ့တဲ့ သဘောထား၊ ပေါ်လစီနဲ့လက်တွေ့ လုပ်ရပ်တွေရဲ့တဆက်တည်းဖြစ်မှုပဲဖြစ်တယ်။

၁၉၄၇ အခြေခံဥပဒေနဲ့ ပါလီမန်ဒီမိုကရေစီကို စစ်ဖိနပ်နဲ့နင်းပြီး အာဏာသိမ်းတက်လာတဲ့ ဗိုလ်နေဝင်းစစ်အုပ်စုက သမိုင်းဝင် (တကသ) အဆောက်အအုံကို ဒိုင်းနမိုက်နဲ့ဖြိုချပစ်ပြီး “ဓါး - ဓါးခြင်း - လှံ - လှံခြင်း” ဆိုတဲ့ လူမိုက်၊ လူရမ်းကား စကားနဲ့ ကျောင်းသား ထု တစ်ရပ်လုံးကို စိန်ခေါ်ခဲ့တယ်။ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်။ အာဏာပလ္လင်ပေါ်က ဆင်းသွားရတော့ “သေနတ်ဆိုတာ မိုးပေါ်ထောင် ဖောက်တာမပါဘူး၊ ပစ်ရင်တည့်တည့်ပစ်” လို့ ကြိမ်းဝါးသွားတယ်။ အာဃာတအမွေပေးခဲ့တယ်။

ဗိုလ်နေဝင်းစစ်အုပ်စုရဲ့ အဃာတအညှိုးနဲ့ အကြမ်းဖက် ဆိုးမိုက်မွေကို (နဝတ-နအဖ) စစ်အစိုးရက ဆက်ခံခဲ့တယ်။ (နဝတ-နအဖ) စစ်အစိုးရဆီကနေ ဗိုလ်သိန်းစိန်ကြံ့ဖွံ့အစိုးရက အမွေစားအမွေခံအဖြစ် လက်ပြောင်းယူခဲ့ကြတယ်။

“၇ ရက်ဇူလိုင်”က စွန်းပေခဲ့တဲ့ ကျောင်းသားတွေရဲ့သွေးဟာ “ဦးသန့်ဈာပနနဲ့ မှိုင်းရာပြည့်၊ မတ်လ/ဂျွန်လအရေးအခင်းများနဲ့ ၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှုကြီး” အလယ် “မတ်လ ၁၀ လက်ပံတန်းအကြမ်းဖက်မှု”အဆုံး နီရဲချွန်မြနေဆဲ ဖြစ်တယ်။ “ ကမ္ဘာမကြေဘူး” တေးကို ဒီကနေ့ကျောင်းသားထုက သူတို့ခေတ်ကာလ ရင်ခုန်သံနဲ့ ဆက်လက်တီးခတ် သီဆိုနေကြဆဲဖြစ်တယ်။

အလုပ်သမား၊ လယ်သမား ပြည်သူများအရေးနဲ့ ကျောင်းသားလှုပ်ရှားမှု မလွဲမသွေ ပေါင်းစပ်ရမယ်။

ဒီလိုပေါင်းစပ်နိုင်တဲ့အခါ “ ၁၃၀၀ ပြည့် အရေးတော်ပုံ”လို၊ “၁၃၅၀ ပြည့်အရေးတော်ပုံ” (၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှုကြီး)လို ကြီးမားတဲ့ လူထုအုံကြွမှုကြီးတွေ ဖော်ဆောင်နိုင်မည် သမိုင်းကို ရှေ့တဆင့်တိုးနိုင်တယ်ဆိုတဲ့ သမိုင်းသင်ခန်းစာတွေကို မန္တလေးကနေ ရန်ကုန်သို့ ချီတက်ခဲ့ကြတဲ့ “ကျောင်းသားသပိတ်ချီ တက်မှု” ကိုယ်ပိုင်အတွေ့အကြုံနဲ့ လေးလေးနက်နက်သဘောပေါက်ခဲ့ကြတယ်။

၂၀၁၅ ရွေးကောက်ပွဲနဲ့တက်လာတဲ့ ဒီချုပ်ပါတီအစိုးရကို ယခင်အစိုးရတွေနဲ့ ဘယ်လိုကွာခြားသလဲ၊ ဘယ်လိုလဲ ဆိုတဲ့ လေ့လာစူးစမ်းတဲ့အကြည့်နဲ့ ကျောင်းသားလူငယ်တွေက မျှော်ကြည့်ခဲ့ကြတယ်။ ဗိုလ်သိန်းစိန်အစိုးရက အကြမ်းဖက်ရိုက်နှက်ပြီး အညှိုးနဲ့ ထောင်သွင်းခဲ့တာတွေ၊ ထောင်ချခဲ့တာတွေ၊ ဝရမ်းပြေးအဖြစ်ကြေညာခဲ့တာတွေကို ပြစ်မှုဆိုင်ရာဥပဒေကြောင်းအရ “တရားရှင်” ဒီချုပ် ပါတီအစိုးရက လွှတ်ပေးတာကို ကျောင်းသားထုက ကျေးဇူးတင်ကြတယ်။

ကျောင်းသားလှုပ်ရှားမှုထဲမှာ အလွန်အကျွံဖြစ်မှုအနည်းအကျဉ်းတော့ရှိကောင်းရှိနိုင်ပါတယ်။ ဒါဟာ လူငယ်တို့သဘာဝအချင်း အရာတစ်ခုပဲ။ ဒါကို တဆိတ်တအိတ်လုပ်ကာ ဗာရာဏသီချဲ့ပြီး သရုပ်ဖျက်တာက စစ်အစိုးရဝါဒဖြန့်ချိရေးရဲ့ လက်သုံးနည်း တစ်ခု ဖြစ် တယ်။ ခဲတံဖောင်တိန်ဘောပင်သာရှိတဲ့ ကျောင်းသားဟာ သေနတ်၊ နံပတ်ဒုတ်၊ ဒိုင်း ကိုင်ထားပြီး စနစ်တကျလေ့ကျင့်ထားတဲ့ စစ်တပ်၊ ရဲတပ်တွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကျောင်းသားတွေက ရေသန့်ဗူးနဲ့ပစ်လို့ ရဲနဲ့တပ်က ခုခံရတာဆိုတဲ့ ဆင်ခြေလောက် ရယ်စရာကောင်းတာ လောကမှာဘယ်ရှိတော့မှာလဲ။ ကျောင်းသားတွေက ရေသန့်ဗူးနဲ့ပစ်တာ “ လွန်တယ်” လို့ ဆိုရင်တော့၊ စစ်တပ်ကသေနတ်နဲ့ပစ်တာ၊ လုံထိန်းတို့ ရဲတို့က နံပတ်ဒုတ်တွေနဲ့ဝိုင်းရိုက်တာဟာ “မတရားသဖြင့် သိပ်ကို လွန် လွန်းတာပဲ” လို့ ပြောရမှာပဲ မဟုတ်ပါလား။

မေတ္တာသစ္စာနဲ့အုပ်ချုပ်မယ်လို့ ဆိုတဲ့ ဒီချုပ်ပါတီအစိုးရ။

ဒီပဲယင်းအကြမ်းမှုသတ်ဖြတ်မှုလို လူမဆန်တဲ့အကြမ်းဖက်မှုကြီးတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုမျိုးစုံ ဖောက်ဖျက်ကျူးလွန် ခဲ့တဲ့၊အကျဉ်းထောင်တွင်းမှာ ကျောင်းသားလူငယ်တွေရဲ့အနာဂတ်ကိုသင်းသတ်ပစ်ခဲ့တဲ့ (နဝတ-နအဖ) စစ်အစိုးရရဲ့ အမွေစားအမွေခံ တွေနဲ့ပြန်လည်သင့်မြတ်ရေးကိုရှေ့ရှုပြီး အတိတ်ကို အတိတ်မှာထားခဲ့မယ်လို့ ဆိုနေတဲ့ ဒီချုပ်ပါတီအစိုးရအနေနဲ့ ကျောင်းသားထု အပေါ် ဖြောင့်မတ် ကြင်နာတဲ့ သဘောထားပေါ်လစီ ထားရှိ ကျင့်သုံး စေချင်ပါတယ်။

အုပ်စိုးသူအဆက်ဆက်နဲ့စစ်အုပ်စုက ကျောင်းထုအပေါ်၊ ကျောင်းသားလှုပ်ရှားမှုအပေါ်၊ (တကက)၊ (ဗကသ) အပေါ်ထားရှိ ကျင့်သုံးခဲ့ကြတဲ့ အညှိုးအာဃာတတွေ ဖုံးလွှမ်းနေတဲ့၊ ကျောင်းသားလူငယ်တွေရဲ့ သွေးတွေ စွန်းပေနေတဲ့ သဘောထား၊ ပေါ်လစီ၊ လုပ် ရပ်တွေ နဲ့ ဒီချုပ်ပါတီအစိုးရအနေနဲ့ ပြတ်ပြတ်သားသားစည်းခြားစေချင်ပါတယ်။

(ဗကသ)ဆိုရင်ဖမ်းမယ်၊ဆီးမယ်၊ အကျဉ်းချမယ်၊ သွေးခွဲသပ်ရှိုမယ်၊ သတ်ဖြတ်ချေမှုန်းမယ်ဆိုတဲ့ သဘောထား၊ ပေါ်လစီ၊ လုပ်ဟန်တွေ မရှိစေချင်ပါဘူ။ မကျင့်သုံးစေချင်ပါဘူး။

(နကသ)ဖွဲ့စည်းပြီး၊ နှစ်ရက်တပိုင်းတောင် မကြာဘဲပညာရေးဝန်ကြီးက အသိအမှတ်ပြုခေါ်တွေ့ပြီး “(နကသ)နဲ့အစိုးရပူးပေါင်း ဆောင်ရွက်သွားမည်” ဆိုတဲ့ လုပ်ရပ်ကတော့ ယခင်အုပ်စိုးသူ အစိုးရတွေရဲ့ သဘောထား၊ ပေါ်လစီ၊ လုပ်ဟန်တွေနဲ့ ဖဝါးခြေထပ်ပြုမူ နေတာမျိုးနဲ့ သွေးတူ၊ မွေးတူလိုဖြစ်နေပါတယ်။

ဒီကိစ္စကို ဒီချုပ်ပါတီအစိုးရနဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့အနေနဲ့ အလေးထားပြီး စိစစ်သင့်ပါတယ်။

ဒီလုပ်ရပ်ဟာ ပညာရေးဝန်ကြီးရဲ့ တကိုယ်တော်လုပ်ဆောင်ချက်လား၊ ပညာရေးဝန်ကြီးဌာနရဲ့ “ရက် ၁၀၀ စီမံချက်” ထဲက အစိတ်အပိုင်းတစ်ခုလား။

သို့တည်းမဟုတ်(ဗကသ)နဲ့ စင်ပြိုင် “အစိုးရသြဇာခံကျောင်းသားအဖွဲ့အစည်းတစ်ခုဖွဲ့စည်းပေါ်ပေါက်ရေးပေါ်လစီ” ဒီချုပ်ပါတီ အစိုးရမှာ အမှန်တကယ်ရှိနေပါသလား။

စစ်တပ်နဲ့ပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားလူမျိုးစုများနဲ့ ပြန်လည်သင့်မြတ်ရေး စသဖြင့် ပြန်လည်သင့်မြတ်ရေးကို ရန်ကုန်မြို့လျှပ်စစ်မီးပျက်သလို ခဏခဏရွတ်ဖတ်နေတဲ့ ဒီချုပ်ပါတီအစိုးရအနေနဲ့ကျောင်းသားထုညီညွတ်ရေးကို ဖြောင့်မတ်တည်ကြည် စွာရှေ့ရှုစေချင်ပါတယ်။

စစ်အုပ်စုနဲ့အုပ်စိုးသူအစိုးရအဆက်ဆက်ကကျောင်းသားထုအပေါ်၊(ဗကသ)အပေါ်ထားရှိကိုင်စွဲကျင့်သုံးခဲ့ကြတဲ့ ကျောင်းသား လူငယ်များရဲ့သွေးတွေ စွန်းပေနေတဲ့ အညှိုးအာဃာတတွေ၊ သဘောထားပေါ်လစီတွေ၊ လုပ်ဟန်တွေကို ဒီချုပ်ပါတီအစိုးရသစ်အနေနဲ့ အမွေဆက်ခံခြင်း မပြုပါနဲ့လို့ အလေးအနက်မေတ္တာရပ်ခံပါရစေ။

ညွန်း -

(၃၀ - ၅- ၂၀၁၆) မြန်မာ့အလင်းသတင်းစာ