မောင်မောင်စိုး - ၂၁ ရာစု ပင်လုံညီလာခံနှင့် လက်တွေ့ပြဿနာများ


မောင်မောင်စိုး -  ၂၁ ရာစု ပင်လုံညီလာခံနှင့် လက်တွေ့ပြဿနာများ
(မိုးမခ) ဇွန် ၂၂၊ ၂၀၁၆
၂၁ ရာစုပင်လုံညီလာခံ


ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ သို့မဟုတ် ၂၁ ရာစုပင်လုံညီလာခံ အတွက် အရပ်သားအစိုးရ၏ လက့်တွေ့ခြေလှမ်းများစတင်ခဲ့ပြီဖြစ်သည်။ NRCP အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနကို ပြန်လည်ဖွဲ့စည်း၍ MPC တွင် အစားထိုးခဲ့သည်။ ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီနှင့် ဆပ်ကော်မတီများဖွဲ့စည်းခဲ့သည်။

လက်ရှိအရပ်သားအစိုးရ၏ မူဝါဒအရ ပါဝင်သင့်သူများအားလုံးပါဝင်ရေးကိုရှေ့ရှုသည်ဟု ဆိုပါသည်။ အဆိုပါ ပါဝင်သင့်သူများတွင် မြို့ပေါ်တိုင်းရင်းသားပါတီများ တိုင်းရင်းသားခေါင်းဆောင်များ ပြည်မ နိုင်ငံရေးပါတီများအားလုံးမှ ရွေးကောက်ပွဲတွင် လူထုကရွေးချယ်တင်မြှောက်ခံရမှုပေါ် မူတည်၍ ပါဝင်မည်ဟုဆိုပါသည်။

နောက်တပိုင်းကတော့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ပါဝင်မှု ဖြစ်သည်။ ထို့အတွက် လက်ရှိ NCA လက်မှတ်ထိုးပြီးသားအဖွဲ့ ၈ အား၎င်း NCA လက်မှတ်မထိုးသေးသောအဖွဲ့များ၎င်း တွေ့ဆုံ၍ ညီလာခံတွင်ပါဝင်လာအောင် လုပ်ဆောင်သွားမည်ဟုဆိုသည်။

များပြားလှသော မြန်မာပြည်ရှိ အရပ်ဖက်လူ့အဖွဲ့အစည်းများ၏ မှတ်ချက်သဘောထားရယူနိုင်ရန် သီးခြားဆွေးနွေးပွဲတရပ်ပြု လုပ်ပေးသွားမည်ဟုဆိုပါသည်။ ၂၁ ရာစုပင်လုံအား အရပ်ဖက် လူ့အဖွဲ့အစည်းများ၏ဆွေးနွေးပွဲများဖြင့် ရံထားမည့်ပုံစံဖြစ်သည်။

မြို့ပေါ်ပါတီများ၏ ကိုယ်စားလှယ်ပြဿနာ

မြို့ပေါ်ပါတီများတွင် ရွေးကောက်ပွဲတွင် လူထုမဲအများစုရရှိထားသည့်ပါတီများမှာ ကိုယ်စားလှယ် ပါဝင်ခွင့်ရရှိထားသည် ဖြစ်သော်လည်း ရွေးကောက်ပွဲတွင် ၁ နေရာမှ အနိုင်မရသည့်ပါတီများမှ ပါဝင်ခွင့်မရသည်မှာ လူထုအများစု၏ကိုယ်စားပြုမှုအရ ရွေးချယ်သည်ဖြစ်ရာ မှန်သည်ဟုဆိုနိုင်
ပါသည်။

သို့သော် ထိုနိုင်ငံရေးပါတီများ၏ အနည်းစုကိုယ်စားပြုမှုနှင့် သူတို့၏အသံကို လုံးဝမျက်ကွယ်ပြု ရန်မသင့်ပေ။ အဆိုပါပါတီများအား အရပ်ဖက် လူ့အဖွဲ့အစည်းများကဲ့သို့ သီးခြားဆွေးနွေးပွဲ ( Forum ) တခုပြုလုပ်ပေးပြီး ၂၁ ရာစုပင်လုံအား ရံထားနိုင်လျှင် ကောင်းမည်ဟုယူဆရပါသည်။


NCA ပြဿနာ

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပတ်သက်၍ NCA သဘောတူညီချက်အပေါ် အခြေခံပြီး ဆွေးနွေးသွားမည်ဟု ဆိုသည်။ သမ္မတရုံး အမိန့်အမှတ် ၂၆/၂၀၁၆ (31/5/2016) ပါ အပိုဒ် ၇ ပိုဒ်ခွဲ (ခ) အရ NCA လက်မှတ်မထိုးရသေးသော အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရေး၍ NCA လက်မှတ်ရေးထိုး၍ ၂၁ ရာစုပင်လုံတွင်ပါဝင်နိုင်ရေး အဖြေရှာသွားမည်ဟုဆိုသည်။

သို့သော် အပိုဒ် ၇ ပိုဒ်ခွဲ (ဂ) အရ လိုအပ်လျင် NCA လက်မှတ်မထိုးနိုင်သေးသော အဖွဲ့များ ညီလာခံ တက်ရောက်နိုင်ရေး လမ်းညွှန်ချက်နှင့်အညီဆောင်ရွက်သွားမည်ဟု ဆိုသည်။ သို့သော် အပိုဒ် ၇ ပိုဒ်ခွဲ ( ဃ) (င)(စ) အရ NCA လက်မှတ်မထိုးသေးသည့် အဖွဲ့များ NCA လက်မှတ်ရေးထိုး နိုင်ရေး ဆက် လက်ဆောင်ရွက်သွားမည်ဟုဆိုထားရာ NCA လက်မှတ်မထိုးသေးသည့်အဖွဲ့များအား ညီလာခံ တက်ခွင့်ပြုပြီး NCA လက်မှတ်ထိုးရေးကို ဆက်လက်လုပ်ဆောင်သွားမည့် သဘောအဓိပ္ပာယ် သက်ရောက်သည်ဟု ဆိုရမည်။

သို့ဖြစ်ရာ ယခင်အစိုးရလက်ထက်က NCA လက်မှတ်ထိုးပြီးမှ ညီလာခံတက်ခွင့်ပြုမည်ဆိုသည်ထက် ပိုမိုပျော့ပြောင်းသည့်သဘောထားကို တွေ့ရသော်လည်း ၂၁ ရာစုပင်လုံ၏အခြေခံမှာ NCA သဘော တူညီချက် ဖြစ်မြဲဖြစ်သည်ဟုဆိုနိုင်သည်။ သို့ဖြစ်ရာ NCA သဘောတူညီအချို့အား မိမိနားလည်မှုနှင့် မိမိ ဖွင့်ဆိုသဘောတူထားကြသည်များကို ဆက်လက်ညှိနှိုင်းဖြေရှင်းရန် လိုအပ်မည် ဖြစ်သည်။

NCA နှင့် UWSA/NDAA ပြဿနာ
ယခင်အစိုးရလက်ထက် NCA သဘောတူညီချက်ရရှိရေးဆွေးနွေးပွဲတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်ခဲ့သည်မဟုတ်ပေ။
ထိုဆွေးနွေးပွဲများတွင် UWSA / NDAA / RCSS/ NSCN(K) စသည့်အဖွဲ့များမပါခဲ့ကြချေ ။ ယခင်အစိုးရလက်ထက်က တဖွဲ့ချင်းအား လိုက်လံဆွေးနွေးခဲ့သည်ကို တွေ့ရသည်။

ဤသို့ဆွေးနွေးရာတွင် NCA ဆွေးနွေးရာတွင် မပါဝင်သည့်အဖွဲ့များ ထဲမှ RCSS တဖွဲ့တည်းသာ NCA လက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့သည်ကိုတွေ့ရပြီး ကျန်အဖွဲ့များ ပါဝင်ခြင်းမရှိခဲ့ပေ။ ထိုအဖွဲ့များထဲမှ မြန်မာနိုင်ငံရော အိန္ဒိယနိုင်ငံပါ ဖြတ်ကျော်လှုပ်ရှားနေသည့် NSCN(K) နာဂ အဖွဲ့အား ခြွင်းချက် အနေနှင့် ထည့်သွင်းစဉ်းစားပေး၍ ရနိုင်သည်။

သို့သော် UWSA ဝ အဖွဲ့နှင့် NDAA မိုင်းလားအဖွဲ့တို့အား သီးခြားစဉ်းစား၍ မရပေ။ လက်ရှိ ၎င်းအဖွဲ့များအနေနှင့် NCA လက်မှတ်မထိုးခြင်းနှင့်ပတ်သက်၍ ပေးသည့်အကြောင်းပြချက်မှာ ပထမအချက်မှာ ၎င်းတို့အနေနှင့် ငြိမ်းချမ်းရေးလက်မှတ်ထိုးပြီးဖြစ်၍ ထပ်မံထိုးရန်မလိုအပ်ဟု ခံယူထားခြင်းနှင့် ဒုတိယအချက်မှာ NCA သဘောတူညီချက်ဆွေးနွေးရာတွင် ၎င်းတို့မပါဝင်ခြင်းတို့ ကြောင့် ဖြစ်သည်။

မြန်မာစစ်ဖက်ခေါင်းဆောင်များက ယခုအကြိမ် NCA လက်မှတ်ရေးထိုးခြင်းတွင် နိုင်ငံရေး ဆွေးနွေးပွဲ ပါဝင်သဖြင့် NCA လက်မှတ်ထိုးရန်လိုအပ်သည်ဟု ဆိုပါသည်။ UWSA ခေါင်းဆောင်များက တော့ NCA လက်မှတ်ရေးထိုးရာတွင် ၎င်းတို့မပါဝင်ခဲ့သကဲ့သို့ ၎င်းတို့လိုလားချက်များလည်းမပါဝင်ခဲ့ဟု ဆိုပေရာ UWSA နှင့် NDAA အဖွဲ့တို့မဖြစ်မနေ NCA လက်မှတ်ထိုးရန် လိုအပ်သည်ဆိုပါက NCA ပါအချက်များကို ၎င်းတို့နှင့် ပြန်လည်ညှိနှိုင်းဆွေးနွေးရဖွယ်ရှိပေသည်။

MNDAA/ TNLA/ AA တို့နှင့် လက်နက်စွန့်ရေးပြဿနာ
လက်ရှိ NLD အရပ်သားအစိုးရမှ မည်သည့်သဘောထားမှထုတ်ပြန်ခြင်းမရှိသေးသော်လည်း မြန်မာ စစ်ဖက်ခေါင်းဆောင်များကတော့ ကိုးကန့်/ တအန်းပလောင်နှင့် ရခိုင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့အား လက်နက်စွန့်ရန် တောင်းဆိုထားသည်။ ၎င်းတို့ထံလက်နက်ချ ရန်မလို ကြားအင်အားစု များထံ လက်နက်အပ်နှံပြီးမှ နိုင်ငံရေးဆွေးနွေးပွဲသို့ တက်ခွင့်ပေးမည်ဟု သဘောထား ဖော်ပြ ထားသည်။

လက်ရှိ သမ္မတဦးထင်ကျော်အမိန့်နှင့် ဖွဲ့စည်းထားသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစု ပင်လုံအကြို ပြင်ဆင်ရေးဆပ်ကော်မတီ ၂ ကတော့ NCA လက်မှတ်ရေးထိုးထားခြင်းမရှိသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်တွေ့ဆုံရာတွင် မြန်မာစစ်ဖက် ခေါင်းဆောင်များက လက်နက် စွန့်ရန်တောင်းဆိုထားသည့် အဆိုပါအဖွဲ့ ၃ ဖွဲ့နှင့် တွေ့မည်ဟုဆိုပါသည်။ အဆိုပါအဖွဲ့ ၃ ဖွဲ့အား မြန်မာ စစ်ဖက်၏သဘောထားအား လိုက်နာရန် ဆွဲဆောင်သိမ်းသွင်းမည်လော သို့မဟုတ် မြန်မာ စစ်ဖက် ရော အဆိုပါ ၃ ဖွဲ့ပါ လက်ခံနိုင်သည့်အခြေအနေတရပ်ဖြစ်ပေါ်အောင် ဆွေးနွေးခေါင်းဆောင် သွားမည်လောဆိုသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။

အခြေခံအားဖြင့် နိုင်ငံရေးသဘောတူညီချက်များရရှိပြီးမှ လက်နက်ကိုင်တပ်ပြဿနာကို တဆင့်ဆင့် ချင်း ဖြေရှင်းသွားရမည်ဖြစ်သည်။ ယခုမည်သည့်နိုင်ငံရေးသဘောတူချက်မှမရမီ ရမရမသေချာသေး မီ နိုင်ငံရေးဆွေးနွေးပွဲပါဝင်တက်ရောက်ခွင့်အတွက်နှင့်ပင် လက်နက်စွန်ဖို့ဆိုသည်မှာ ဖြစ်နိုင်ချေ အတော်နည်းပေသည်။ ၎င်းအချက်ကိုပြောင်းလဲစဉ်းစားရန် လိုအပ်သည်။
တကယ်တမ်းပစ်ခတ်တိုက်ခတ်နေသည့် လက်နက်ကိုင်အဖွဲ့များနှင့် အပစ်မရပ်နိုင်လျှင် တနိုင်ငံလုံး အပစ်ရပ်ရေးဆိုသည်မှာ ဖြစ်နိုင်မည်မဟုတ်ပေ။

မည်သည့်အခြေအနေတွင်မဆို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တခု လက်နက်စွန့်ရန် သို့မဟုတ် ၎င်းတို့၏တပ်ဖွဲ့ကိုပြောင်းလဲဖွဲ့စည်းရန်ဆိုသည်မှာ ယုံကြည်မှုတည်ဆောက်ရန် လိုအပ်သည်။ လက်နက်ကိုင်ထားသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တခုသည် စိတ်ချယုံကြည်ရမှုမရှိဘဲ လက်နက်စွန့်ရန်မှာ ဖြစ်နိုင်ချေနည်းသဖြင့် ၎င်းအခြေအနေအား ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အား အဓိကခေါင်းဆောင်နေသည့် ဒေါ်အောင်ဆန်းစုကြည်မှ မည်သို့ဖြေရှင်းမည်ဆိုသည်မှာ စိတ်ဝင် စားဖွယ် ဖြစ်သည်။ လောလောဆယ်တော့ ဒေါက်တာတင်မျိုးဝင်းဦးစီးသည့် ဆပ်ကော်မတီ ၂ သည် ၎င်း အဖွဲ့ ၃ ဖွဲ့နှင့် တွေ့၍ ထိုအဖွဲ့များ၏ သဘောထားကို ရယူမည်ဖြစ်သည်။

အားလုံးပါဝင်ရေးပြဿနာ
ဒေါ်အောင်ဆန်းစုကြည်က ပါဝင်သင့်သူအားလုံးပါဝင်ရေးကို ရှေ့ရှုလုပ်ဆောင်မည်ဟုဆိုသည်။ ယခင်အစိုးရဟောင်းလက်ထက် NCA လက်မှတ်ထိုးရေးတွင် အားလုံးမပါဝင်နိုင်ခဲ့ပေ။ ဤသို့မပါဝင်ခြင်း UNFC နှင့် တိုင်းရင်းသားတပ်ဖွဲ့အားများစုက တိုင်းရင်းသားအဖွဲအားလုံး ပါဝင်ရေးကို
ရပ်ခံခဲ့၍ဖြစ်သည်။ အဓိကအားဖြင့် ကိုးကန့်၊ တအန်း၊ ပလောင်၊ ရခိုင် ၃ ဖွဲ့အား ယခင်အစိုးရမှ လက်ခံရန်ငြင်းပယ်ခဲ့၍ ဖြစ်သည်။

ယခုအကြိမ်တွင်လည်း ၎င်း ၃ ဖွဲ့နှင့်ပတ်သက်၍ အစိုးရက မည်သို့ ဆုံးဖြတ်မည်ဆိုသည်ကို ရှင်းလင်းစွာ မသိရသေးပေ။ မြန်မာစစ်ဖက်၏သဘောထားသာထုတ်ပြန်သေးသည်ကိုတွေ့ရသည်။ လက်ရှိ NCA လက်မှတ်ထိုးထားသည့် အဖွဲ့ ၈ ဖွဲ့တွင် ကရင် ၃ ဖွဲ့နှင့် RCSS ၁ ဖွဲ့သာ လက်နက်ကိုင်
အင်အားရှိပြီး ကျန်အဖွဲ့များမှာ လက်နက်ကိုင်အင်အားမရှိချေ။ သို့ဖြစ်ရာ လက်ရှိ NCA လက်မှတ် ထိုးထားသည်မှာ တိုင်းရင်းသားလက်နက်ကိုင်အင်အား၏ ၂၀% သာရှိသေးပေရာ ကျန်အများစု ပါဝင်လာနိုင်ရေး အားလုံးပါဝင်ရေးသည် ၂၁ ပင်လုံအတွက်အရေးပါသောအချက်ဟု ဆိုရပါမည်။

ပါဝင်သင့်သူအားလုံးပါဝင်ရေးပြဿနာတွင် ခြွင်းချက်ဖြင့်ထည့်သွင်းစဉ်းစားရန်လိုသည်များကို သတိပြုရန် လိုအပ်သည်။ တိုင်းရင်းသားခေါင်းဆောင်များ အဖွဲ့များအနက် မြေပေါ် တရားဝင် ပါတီတွင်လည်းမပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အနေနှင့်လည်း ရှိမနေတော့သော်လည်း သူဒေသနှင့်သူ သြဇာရှိနေသော တိုင်းရင်းသားခေါင်းဆောင်များ အဖွဲ့များအား ၂၁ ရာစုပင်လုံတွင် မည်သည့်ပုံစံနှင့်ပါမည်ကို ခြွင်းချက်ပြဿနာအဖြစ် စဉ်းစားပေးရန် လိုအပ်ပေမည်။

ဥပမာ ပန်ဝါ ဒေသရှိ တိုင်းရင်းသားခေါင်းဆောင် ဇခုံတိန့်ယင်းသည် မည်သည့် ပြဿနာရှိသည် ဆိုစေကာမူ ပန်ဝါ ဖီမော် ဂါလန် ကန်ဖန်ဒေသတွင် သြဇာညောင်း၍ ထိန်းချုပ်နိုင်သူဖြစ်သည်။ အလားတူပင် ပအို့ဝ်ဒေသမှ ဦးစိန်ရွှေခေါင်းဆောင်သည့် ရလလဖ ကယားပြည်နယ်မှ ဦးထွန်းကျော်
ခေါင်းဆောင်သည့် ကလလတ ဦးသန်းစိုးနိုင်ခေါင်းဆောင်သည့် ကယားပြည်သစ်ပါတီ စသည် အဖွဲ့များသည် လက်နက်အပ်ထားသည့်အဖွဲ့လည်းပါ၊ နယ်ခြားစောင့်တပ်ဖွဲ့ထားသောအဖွဲ့လည်း ပါသော်လည်း သူနယ်သူဒေသတွင် တစုံတရာ သြဇာရှိသောသူများ အဖွဲ့များဖြစ်ပေရာ ထိုသူများ ထိုအဖွဲ့များ နှင့်ပတ်သက်ပြီး ခြွင်းချက်ပြဿနာများအဖြစ် ထည့်သွင်းစဉ်းစားရန်လိုအပ်ပါမည်။ သို့မှသာ အားလုံးပါဝင်ပြီး မီးကြွင်းမီးကျန် မကျန်သည့်အခြေအနေသို့ ရောက်ရှိနိုင်ပေမည်။

အစ၏အစ
ပြည်တွင်းငြိမ်းချမ်းရေးမရလျင် ဒီမိုကရေစီမရနိုင်ဟု ဆရာကြီးသခင်ကိုယ်တော်မှိုင်းကဆိုခဲ့သကဲ့သို့ လက်ရှိသမ္မတ၏အမိန့်ကြေညာချက်တွင်လည်း ပြည်တွင်းငြိမ်းချမ်းရေးသည် နိုင်ငံသူ နိုင်ငံသားများ အတွက် အရေးကြီးလိုအပ်ချက်ဖြစ်သည့်အပြင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း
မရှိမဖြစ် လိုအပ်ချက်ဖြစ်သည် ဟုဖော်ပြခဲ့သည်။ စစ်စားရိတ်နှင့်ပိနေ၍ ဖွံ့ဖြိုးတက်တက်မှု နှောင့်နှေးနေရသည့်အခြေအနေမှ ရုန်းထွက်နိုင်ဖို့လိုပေသည်။ တိုင်းပြည်၏စစ်စရိတ်ကို ဖက်အားလုံးမှ (မြန်မာစစ်ဖက်ရော တိုင်းရင်းသားလက်နက်ကိုင်များအပြင် စစ်ဘေးဒုက္ခသည်များ ဆုံးရှုံးမှုစစ်ကြောင့် ဆုံးရှုံးရမှုများအပါ ) တွက်ချက်ကြည့်လျှင် ဘီလျံပေါင်းများစွာရှိမည်မှာ ဧကန်ပင်ဖြစ်သည်။ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက်မသုံးနိုင်ဘဲ ကုန်ဆုံးသွားသော ငွေကြေးများဖြစ်သည်။

သတိပြုရန်လိုအပ်သည်မှာ ၂၀၁၁ မှာစတင်ခဲ့သော ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်များတွင် ကြိုး ပမ်းခဲ့သူများကို အသိမှတ်ပြုရမည်ဖြစ်သကဲ့သို့ ယခု ၅ နှစ်တာကြာမြင့်သည်အထိ အဓိကကျသည့် နိုင်ငံရေးဆွေးနွေးပွဲသို့ မရောက်နိုင်ဘဲ အပစ်ရပ်ရေးနှင့် လက်နက်ကိုင်တပ်ဖွဲ့ကိစ္စများတွင်သာ
အချိန်ကုန်လျက် ရှိသည်ကို တွေ့ရသည်။ မိမိအမြင်အရဆိုလျင် ဆွေးနွေးပွဲတွင် ပါဝင်သည့်ဖက် အားလုံးသည် နိုင်ငံရေးဆွေးနွေးပွဲဆီသို့ အမြန်ရောက်အောင် ယခုမပြေမလည်ဖြစ်နေသည့် အချက်များကို ချန်ထားကျော်လွှားရန်လိုသည်။

လက်နက်ကိုင်တပ်ဖွဲ့ပြဿနာအား နိုင်ငံရေးဆွေးနွေးပွဲသဘောတူညီချက်များမှတဆင့် ဖြေရှင်းသင့် သည်ဟု ယူဆပါသည်။ ကြိုတင်စည်းကမ်းသတ်မှတ်တောင်းဆိုသည်ထက် စားပွဲဝိုင်းပေါ်တွင် ဆွေးနွေးဖြေရှင်းခြင်းက ပို၍သင့်တော်မှန်ကန်ပေလိမ့်မည်။

တကယ်တော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ သည် ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေးအတွက် အစ၏ အစမျှသာ ရှိသေးသည်ဟုဆိုရပါမည်။ ငြိမ်းချမ်းရေးပြဿနာကို နိုင်ငံရေးအရဖြေရှင်းနိုင်မှသာ ကျန်အချက်များကို ရှင်းနိုင်မည်ဟုသုံးသပ်ရပေရာ နိုင်ငံရေးပြဿနာ
ကို အမြန်ဆုံးတွေ့ဆုံ ဆွေးနွေးနိုင်ဖို့သာ အခရာဖြစ်ပေလိမ့်မည်။