ဇော်အောင် (မုံရွာ) - မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများ


ဇော်အောင် (မုံရွာ) -  မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများ

(မိုးမခ) ဇွန် ၂၅၊ ၂၀၁၆

မနှစ်ကတော့ ရန်ကုန် ဝိတိုရိယဆေးရုံကို မိတ်ဆွေတယောက် ဆေးရုံတက်လို့ သွားကြည့်ခဲ့ပါ တယ်။ အရက်သောက်ခြင်းဒဏ်ကြောင့် အသက် ၅၀ အရွယ်မှာ ပေါင်ညှပ်ရိုးတွင်း ချင်ဆီတွေ ကုန်ခမ်းသွားလို့ အရိုးအစားထိုးကုသခြင်း လုပ်ပါတယ်။

အရိုးအထူးကု ဆရာဝန်က ဝိတိုရိယဟော်တယ်လိုအခန်းမှာ တရက် ကျပ် ၃ သောင်းနဲ့နေစေပြီး၊ အာရှတော်ဝင်ခွဲစိတ်ခန်းကို ငှားရမ်းခွဲစိတ် အရိုးအစားထိုးကုပါတယ်။ ဆေးစစ်၊ဆေးဝယ်၊ ခွဲစိတ်ကု၊ အရိုးအစားထိုးပစ္စည်း စတဲ့စရိတ်တွေနဲ့ဆေးရုံမှာ ၂ ပတ်နေထိုင်စရိတ် သိန်း ၇၀ လောက် ကုန်သွားပါတယ်။ သူငယ်ချင်းဖြစ်သူကို လာတွေ့ရင်း ဟိုတယ်လို သန့်ရှင်းသပ်ရပ်တဲ့ ဝိတိုရိယဆေးရုံမှာ စီတီစကင် နဲ့ အမ်အာအိုင်1 စက်ခန်းကိုတွေ့လို့မေးကြည့်တော့ တခါစမ်းရင် ကျပ်တသိန်းကျော် ကျသင့်တယ်သိရပါတယ်။ တခါတလေ ကိုယ်လက်ခြေ၊ ဦးနှောက်တွေ အသေးစိတ်ကြည့်လိုရင် ဒီစက်ကြီးတွေနဲ့ စမ်းသပ်ရပါတယ်။ ခန္တာကိုယ်အစိတ်ပိုင်း ကလီစာတွေကိုကြည့်ရှုတဲ့ အာလထရာဆောင်း2 စက်တွေကတော့ ဈေးသိပ်မကြီးလို့ မြန်မာပြည်ဆေးရုံတိုင်းရှိပါတယ်။ တစ်ခါစမ်းရင် ကျပ်တစ်သောင်းလောက် ကျသင့်ပါတယ်။

စာရေးသူ လွန်ခဲ့တဲ့ (၂)နှစ်က ဗီယက်နမ် ပုဂ္ဂလိကဆေးရုံတစ်ခုမှာ နေ့ဝက်ဆေးစစ်ရင်း စီတီစက်၊ ဓာတ်မှန်၊ ဆီး၊ သွေး၊ အီးစီဂျီ စစ်ဆေးကုသခဲ့တဲ့ အတွေ့အကြုံအရ ဗီယက်နမ်ပုဂ္ဂလိကဆေးရုံ အဆင့်ရောက်ဖို့ မြန်မာများကြိုးစားနေကြတာ သမ္မတဟောင်း ဦးသိန်းစိန်ခေတ် ၂၀၁၁-၂၀၁၆ အတွင်းမှာ တော်တော်တိုးတက်လာတာကို တွေ့ရပါတယ်။ အထူးသဖြင့် ရောဂါရှာဖွေရေး ဆေးကုသခြင်းနဲ့ ခွဲစိတ်ကုသခြင်းတွေမှာတော့ ထိုင်းနိုင်ငံကို မမီပေမဲ့ ဗီယက်နမ်နိုင်ငံအဆင့်ကို တရှိန်ထိုးရောက်ရှိလာပါတယ်။ ဗီယက်နမ်ကိုတော့ မမှီသေးပါဘူး။ အထူးသဖြင့် လူနာနဲ့ ဆက်ဆံရေးမှာ အင်္ဂလိပ်စကားကောင်းကောင်းပြောနိုင်တဲ့ ဆေးရုံတွေ နည်းပါသေးတယ်။

ကမ်ဘာဂမ်ဆေးရုံ၊ 3
ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းမှာ ဦးနှောက်အထူးကုဆရာဝန်နဲ့ ရက်ချိန်းသွားတွေ့ပါ တယ်။ ရန်ကုန်ပုဂ္ဂလိကဆေးရုံကြီးများဖြစ်တဲ့ ဝိတိုရိယ၊ ပါရမီ၊ အက်စ်အက်စ်စီ စတဲ့ ဆေးရုံတွေမှာ စီတီစကင်နဲ့ အမ်အာအိုင်စက်ကြီးတွေရှိပါတယ်။ ဂျပန်နိုင်ငံထုတ် တိုရှိဘာစက်ဖြစ်ပြီး စက်အသစ်ဆိုရင် စီတီစကင်စက်တလုံးကို ဒေါ်လာတစ်သန်းနီးပါး ဈေးကြီးပါတယ်။ ကမ်ဘာဂမ်ဆေးရုံကတော့ မျက်နှာ၊ အသားရေလှပမှု၊ ခရုသင်း အထူးကုသခြင်း၊ ခွဲစိတ်ခြင်းတွေကို အထူးပြုပါတယ်။ စီတီစကင် ဦးခေါင်းစမ်းသပ်တဲ့ စက်ကြီးတော့ မထားပါဘူး။ တခြားဆေးရုံတွေဆီပဲ သွားစမ်းသပ်စေပါတယ်။ ၂၄ နာရီအလုပ်လုပ်တဲ့ ပါရမီဆေးရုံမှာ သွားရောက်စစ်ဆေးတော့ နာရီဝက်ပဲကြပါတယ်။

ကမ်ဘာကမ်ဆေးရုံကတော့ စင်ကာပူမှာနှစ် ၃၀ နေထိုင်ဆေးကုခဲ့တဲ့ ဆရာဝန် ဒေါက်တာ မြင့်မြင့်စန်းဦးဆောင်တဲ့ ဆရာဝန်အဖွဲ့နဲ့ ဆေးရုံဝန်ထမ်းများ ဖြစ်ပါတယ်။ ၆ ထပ်မြင့်တဲ့ တက္ကသိုလ် ရိပ်သာလမ်းသစ်မှာ ပြောင်းရွှေ့ခဲ့တာ ၂ နှစ်ကျော်ပါပီ။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက ရန်ကုန်မှာ ဆေးရုံဖွင့်ခဲ့ပြီး အခု မြန်မာနိုင်ငံဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ ဆေးရုံတိုးချဲ့ခဲ့ပါ တယ်။ ဝန်ထမ်း ၈၀ ကျော်နဲ့ အောင်မြင်စွာ ဆေးကုသခြင်း၊ အလှပြင်ခွဲစိတ်ခြင်းများကို လုပ်ဆောင်ပေးနေပါတယ်။

ဆေးရုံများရဲ့ ထုံးစံအတိုင်း နာမည်ကျော်ဆရာဝန်များစွာနဲ့ ချိတ်ဆက်ထားရပါတယ်။ ဥပမာ အာလထရာဆောင်းစက် ဈေးသိပ်မကြီးပေမဲ့ စက်စမ်းသပ်မှုကျွမ်းကျင်တဲ့ဆရာဝန်ကိုရဖို့ ခက်ခဲပါတယ်။ ကမ်ဘာဂမ်ဆေးရုံမှာ အာလထရာဆောင်းကမမ်းကျင်သူ ရောက်လာတဲ့အချိန် ညနေ( ၃)နာရီမှာ အာလထရာဆောင်း လုပ်လို့ရပါတယ်။ ပါရမီ၊ အက်အက်စီ ဆေးရုံကြီးတွေကတော့ စက်သာမက၊ ကျွမ်းကျင်သူများပါ ခန့်ထားနိုင်တဲ့အတွက် ပြည့်စုံတယ်လို့ဆိုနိုင်ပါတယ်။

ထိုင်းနိုင်ငံနဲ့ စင်ကာပူနိုင်ငံသို့ဆေးကုခြင်း
ယခင်ကဆိုရင် မြန်မာနိုင်ငံအစိုးရအကြီးကဲများ စင်ကာပူကိုပဲ ခွဲစိတ်ကုသခြင်း၊ ဆေးစစ်ခြင်းများ ပြုလုပ်ကြပါတယ်။ အခုတော့ မင်္ဂလာဒုံစစ်ဆေးရုံ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးများမှာ ခွဲစိတ်၊ စမ်းသပ်စက်ကြီးများ ပြည့်စုံစွာရှိလာပါတယ်။ ဒါပေမဲ့ ကျွမ်းကျင်တဲ့ ခွဲစိတ်ဆရာဝန်ကြီးများကတော့ ရှားပါး၊ နည်းပါးဆဲ ဖြစ်ပါတယ်။ ဒါကလည်း အချိန်ယူ၊ သင်ကြားပို့ချရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ဆေးတက္ကသိုလ်များက ကျောင်းဆရာများနဲ့ သင်ကြားမှုအထောက်ကူပြုပစ္စည်း၊ လက်တွေ့ ကွင်းဆင်းတဲ့ ဆေးရုံတွေမှာ ကျွမ်းကျင်တဲ့ဆရာ၊ ပစ္စည်းအင်အားဖြည့်ဆည်းပေးနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွမ်းကျင်သူနဲ့အထူးခွဲစိတ်စက်ကရိယာများ လိုအပ်လာတဲ့ ဦးနှောက်၊ နှလုံး၊ ကျောက်ကပ် စတဲ့ ခွဲစိတ်ကုသခြင်းများမှာ စင်ကာပူနဲ့ ထိုင်းနိုင်ငံကို သွားရောက်ကုသခြင်း ခေတ်စား လာတာ မဆန်းပါဘူး။ အခု ၂၀၁၁ နောက်ပိုင်းမှာ မြန်မာပြည်တွင်း ရောဂါရှာဖွေရေး စက်ကရိယာတွေ တိုးတက်လာလို့ နိုင်ငံခြားသွားရောက်ကုသခြင်းများ နည်းပါးလာပါတယ်။ ၂၀၁၆ ဧပြီလအတွင် နိုင်ငံတော်အကြီးကဲ ဒေါ်အောင်ဆန်းစုကြည် မျက်စိခွဲစိတ်တာ မြန်မာပြည်မှာပဲ အောင်မြင်စွာ လုပ်ဆောင်ခဲ့ပါတယ်။

အသက်မွေးပညာ ဆေး၊ အင်ဂျင်နီယာ ဘာသာရပ်တိုင်းမှာ သင်ကြားမှုအားနည်းဆဲ ဖြစ်ပါတယ်။ စံနမူနာတက္ကသိုလ်များကို ရွေးပြီး ကျွမ်းကျင်ဆရာနဲ့အထောက်ကူပစ္စည်းများ ပံ့ပိုးဖို့ နိုင်ငံတော် အစိုးရက ကြိုးစားနေသလို တဖက်ကလည်း ပုဂ္ဂလိက တက္ကသိုလ်များကို အားပေးနေပါတယ်။ ဆေးတက္ကသိုလ်ဆိုရင် ဆေး(၂) ၊ စက်မှုတက္ကသိုလ်ဆိုရင် အင်းစိန်ဝိုင်တီယူ3 တွေကို အထူးပြုပြီး၊ ကျွမ်းကျင်သူနဲ့အထောက်ကူပစ္စည်းများ ပုံပေးနေတာကို တွေ့ရပါတယ်။ ပညာရေးနဲ့ ကျန်းမာရေး ကို နိုင်ငံတကာအကူညီ အထောက်ပံ့များစွာရရှိလို့ ဆရာအရည်ချင်းတိုးတက်ရေး၊ နိုင်ငံခြားကို လေ့လာရေး၊ ပညာသင်ရေး လွှတ်နိုင်လာပါတယ်။

လူနာများနဲ့ လူနာရှင်များလည်း ငွေတတ်နိုင်တယ်ဆိုရင် နိုင်ငံခြားကိုဆေးကုသချင်သူများ ရှိပါတယ်။ အထူးသဖြင့် စင်ကာပူမှာနေထိုင်တဲ့မြန်မာများက သူတို့မိသားစုဝင်၊ ဆွေမျိုးများ ဆေးစစ်၊ ဆေးကု၊ ခွဲစိတ်လိုရင် စင်ကာပူဆေးရုံတွေကို လာရောက်ဖို့အားပေးကြပါတယ်။ အရင်က နှလုံးရောဂါ၊ ကင်ဆာရောဂါ လူနာတွေကို စင်ကာပူ (သို့မဟုတ်) ထိုင်းနိုင်ငံဘန်ကောက်မြို့ကို လာရောက်ကုသလေ့ရှိပါတယ်။ အခုတော့ ဒီရောဂါတွေကိုလည်း အထူးသဖြင့် ကင်ဆာဓာတ် ရောင်ခြည်နဲ့ ကီမိုသာရဖီ 5 တွေလည်း မြန်မာပြည်ဆေးရုံများမှာ ကုသနေပြီဖြစ်ပါတယ်။ ဒါကြောင့် စင်ကာပူရောက် မြန်မာများစွာ မြန်မာပြည်ပြန်ပြီး ဆေးကုသ၊ ခွဲစိတ်ခြင်းတွေ လုပ်နေကြတဲ့ ခေတ်ဖြစ်လာပါတယ်။

ဘန်ကောက်မြို့ဆေးရုံများကတော့ အရှေ့အလယ်ပိုင်း အာရပ်သူဌေးကြီးများ လာရောက်ကုသ ကြပါတယ်။ စင်ကာပူကတော့ အရှေ့တောင်အာရှနိုင်ငံများက သူဌေးနဲ့ အစိုးရအကြီးကဲတွေ လာရောက်ကုသ၊ ခွဲစိတ်ကြပါတယ်။ အိန္ဒိယ၊ တရုတ်ပြည်တွေမှာတော့ ခန္တာကိုယ်အစိတ်ပိုင်းများ အစားထိုးကုသခြင်း (နှလုံး၊ ကျောက်ကပ်) စတဲ့ ခွဲစိတ်ကုသခြင်းများ တိုးတက်ထွန်းကားပါတယ်။

ဆရာဝန်နဲ့ ရှေ့နေ 6

ဘယ်နိုင်ငံမှာမဆို ကျွမ်းကျင်သူလူသားများကို လူမှန်နေရာမှန် ထားနိုင်ရင်၊ အသုံးချနိုင်ရင် နိုင်ငံ တိုးတက်ပါတယ်။ စင်ကာပူ၊ ဟောင်ကောင်၊ ဂျပန် စတဲ့ နိုင်ငံများက စံနမူနာ ဖြစ်ပါတယ်။ ဘာမှ သယံဇာတမထွက်ပေမဲ့ လူသားအစွမ်းအစ7 ကို ကောင်းစွာအသုံးချနိုင်ပါတယ်။ အဲဒီ လူသား ကျွမ်းကျင်သူများမှာ ဈေးအကြီးဆုံးကတော့ ဆရာဝန်နဲ့ရှေ့နေတို့ဟာ အဓိက ဖြစ်ပါတယ်။ တက္ကသိုလ်များမှာလည်း ဝင်ခွင့်အမှတ်အများဆုံးကိုကြည့်ရင် ဆရာဝန် ဆေးတက္ကသိုလ်နဲ့ဥပဒေ ရှေ့နေပညာရပ်များ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကတော့ ဆရာဝန်အမှတ်အများဆုံး လိုအပ်ပေမဲ့၊ ဥပဒေစိုးမိုးမှု လုံးဝမရှိတော့ ရှေ့နေ နည်းပညာမှာ ဝင်ခွင့်အမှတ်များစရာမလိုပါဘူး။ ဒါက မတိုးတက်သေးတဲ့ သဘောဖြစ်ပါတယ်။ မြန်မာနိုင်ငံ တိုးတက်လာရင် ဥပဒေပညာရှင်များ တက္ကသိုလ်ဝင်ခွင့်အမှတ် ဆေးတက္ကသိုလ်လို မြင့်မားလာမှာဖြစ်ပါတယ်။

အရည်အသွေးနဲ့ပတ်သက်ပြီး
နိုင်ငံတကာမှာ အမ်လေးလုံးနဲ့ အီးတလုံး 8 ခေတ်စားပါတယ်။

နံပါတ်(၁) - လူသား
နံပါတ်(၂) - နည်းပညာ
နံပါတ်(၃) - ကုန်ကြမ်း
နံပါတ်(၄) - ငွေကြေး
နံပါတ်(၅) - ပတ်ဝန်းကျင်တို့ ဖြစ်ပါတယ်။

ဒါကြောင့် ငွေကြေးရှတိုင်း အရင်းအနှီးမရှိလို့ဆိုပြီး တောက်ခေါက်နေသူများ ငွေကြေး ဘယ်လောက်ချမ်းသာပေမဲ့ မလုပ်တတ်ရင် တနှစ်အတွင် ကုမ္ပဏီကြီးတွေပါ ပြုတ်ပြုန်းသွား နိုင်ပါတယ်။ ကန်ဒေါ်လာတသန်း (ကျပ်သိန်းတသောင်း)လောက်တော့ စားသောက်ဆိုင်၊ ဟိုတယ်လုပ်ငန်း မလုပ်တတ်ရင် တနှစ်မကြာဘူး၊ ပြုတ်သွားနိုင်ပါတယ်။ ဒေါ်လာသန်းပေါင်းရာနဲ့ချီ ရင်းနှီးဖို့လာတဲ့ နိုင်ငံခြားကုမ္ပကြီးများက နံပါတ်(၁) ကျွမ်းကျင်သူပညာရှင် နဲ့အလုပ်သမားများနဲ့ မြန်မာပြည်ကိုလာကြပါတယ်။

ဒါကြောင့် မြန်မာပြည်ကိုပြန်လာ ရင်းနှီးမြှုတ်နှံသူများ လုပ်ငန်းအသေးဆိုရင် မိမိကိုယ်တိုင် အထူးကြိုးစားအချိန်ပေး၊ လေ့လာဆည်းပူးရပါမယ်။ ယုံကြည်တဲ့ ကျွမ်းကျင်လူတယောက်ကို ရအောင်ရှာပြီး အတူလုပ်ကိုင်ခြင်းက အရင်းနှီးများများရှိသူအတွက် ကောင်းပေမဲ့၊ အရင်းနှီး ဒေါ်လာတသောင်း၊ တသိန်းလောက်နဲ့ လာရောက်သူများအတွက်ကတော့ မိမိကိုယ်တိုင် အချိန်ပေး လုပ်ရပါတယ်။ ငွေကြေးဆိုတာ ဘာလုပ်ငန်း၊ ပရိုဂျက်မဆို နံပါတ်(၄) အဆင့်မှာပဲ ရှိပါတယ်။ မြန်မာပြည်ရဲ့ပတ်ဝန်းကျင်ကလည်း ထူးခြားပါတယ်။ လူတွေရွေးချယ်ရင် မြန်မာနိုင်ငံ အကြီးကဲဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ပြောသလို တတ်တဲ့လူထက်စာရင် သင်လို့ရတဲ့လူ 9 ပဲ လိုတယ်ဆိုတာကို မြဲမြဲမှတ်ထားရပါတယ်။ သင်လို့ရတဲ့လူတွေပဲ ကြိုးစားလုပ်ကိုင်ရင်း ၅ နှစ် အတွင်း ပညာထူးချွန်သူ၊ စီးပွားအောင်မြင်သူ လူငယ်၊ လူကြီးများစွာ မြန်မာနိုင်ငံမှာ ပေါ်ထွက် လာတော့မှာ ဖြစ်ပါတယ်။

နိဂုံး
မြန်မာနိုင်ငံရဲ့ဆေးကုသခြင်း၊ ဆေးရုံများအကြောင်းကတော့ ပထမ (၅)နှစ်ကာလမှာ ထုံးစံအတိုင်း ခြစားမှုတွေအမြောက်အများ တွေ့ရပါတယ်။ ရန်ကုန်မြို့လည်ခေါင်က ပြည်သူ့ဆေးရုံကြီးရဲ့ မြေနေရာကို ပုဂ္ဂလိကဆေးရုံတခုက နှစ်ရှည်ငှားရမ်းလိုက်ခြင်းကို ဆရာဝန်များနဲ့ ပြည်သူများက ပြင်းထန်စွာကန့်ကွက်လို့ ပြည်သူ့ လွှတ်တော်က အဲဒီ မတရားစာချုပ်ကို ၂၀၁၆ မှာ ပယ်ဖျက် ပေးခဲ့ပါတယ်။ အလားတူ နိုင်ငံတကာထောက်ပံ့ငွေများစွာရရှိပြီး တိုင်းနဲ့ ပြည်နယ်ဆေးရုံများမှာ ဆေးပစ္စည်းများဝယ်ယူဖို့ ဘတ်ဂျတ်ငွေတွေ အမြောက်အမြားရရှိပါတယ်။ ဆေးရောင်းတဲ့ ကုမ္ပဏီများက ဆေးရုံတာဝန်ခံများကို ပြေးကပ်ရပါတယ်။ သိန်းပေါင်းရာချီပြီး ကျန်းမာရေး ထောက်ပံ့မှုတွေ ရပါတယ်။ ခြစားမှုတွေ များစွာရှိပေမဲ့ အခုအစိုးရပြောင်းသွားတော့ ခြစားမှုများ တန့်သွားတာကို ဝမ်းမြောက်ဖွယ် တွေ့ရပါတယ်။

အစိုးရဆေးရုံများကတော့ ဆင်းရဲမွဲတေလျက်ပဲ ရှိပါတယ်။ အစိုးရဆေးရုံတာဝန်ကျ ဆရာဝန်၊ ဆရာမ၊ ဝန်ထမ်းများက ပညာရေးဝန်ထမ်းလိုပဲ မေတ္တာ၊ သစ္စာ ရှေ့ထားပြီး စေတနာနဲ့ အနစ်နာခံလုပ်နေကြတာ တွေ့ရပါတယ်။ ဆေးရုံတင်ချင်ရင် အလွယ်တကူ တင်ပေးလို့ရပေမဲ့၊ ဆေးဖိုး၊ ထိုးဆေး၊ လူနာစောင့်များကိုတော့ ကိုယ့်စရိတ်နဲ့ ကိုယ်ခံရပါတယ်။ ဆေးရုံ ရံပုံငွေအတွက် ပြည်သူများ၊ ကုမ္ပဏီများက အလှုများစွာပေးနေသလို အလှုခံဆိုင်းဘုတ်တွေလည်း အစိုးရ ဆေးရုံ တိုင်း တွေ့ရပါတယ်။ ဆေးရုံတော်တော်များများမှာ လူနားများအတွက် ရေနဲ့အစားအသောက် ကုသိုလ်ဒါနပြုသူသူဌေးများ၊ သာမန်လူများစွာ တွေ့ရပါတယ်။ အရင်ကလို ဆေးရုံထဲ ဝင်တာနဲ့ အပေါက်စောင့်ကို ဝင်ကြေးပေးရတဲ့ ခေတ်ဆိုးကြီးထဲက လွတ်မြောက်လာတာ ၃ နှစ်လောက် ရှိပါပြီ။

ပုဂ္ဂလိကဆေးရုံများနဲ့ မြန်မာပြည်ဆေးပညာတက္ကသိုလ်များ၊ သက်မွေးသူနာပြုများ မွေးထုတ်ခြင်း ကိုလည်း နိုင်ငံတော်က အားပေးနေပါတယ်။ ပုဂ္ဂလိကဆေးတက္ကသိုလ် နည်းပါးပေမဲ့၊ ပုဂ္ဂလိက သူနာပြုသင်တန်းများရှိနေပါတယ်။ ဆရာဝန်၊ သူနာပြု၊ သားဖွား၊ ဓာတ်မှန်၊ ဆေးပညာရှင်များကို အစိုးရ (ကျန်းမာရေးဝန်ကြီးဌာန) ရဲ့ တာဝန်ဖြစ်နေပါတယ်။ အထူးသဖြင့် ပေါ်လစီကိုရေးဆွဲ အကောင်ထည်ဖော်မဲ့နိုင်ငံတော်အစိုးရဝန်ကြီးဌာနနဲ့ ကျန်းမာရေးဝန်ထမ်း၊ အရာရှိကြီးများအပေါ် လုံးဝ တာဝန်ရှိပါတယ်။

၂၀၁၆ မြန်မာနိုင်ငံ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ဆောင်ပုဒ်အတိုင်း ပြုပြင်ပြောင်းလဲနေတဲ့ အထူး သဖြင့် စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ မေတ္တာ၊သစ္စာနဲ့ပြောင်းလဲနေတဲ့ ကျန်းမာရေးလောကကို ကြိုဆိုရ ပါမယ်။ ကျန်းမာရေးမှာ အကောင်းဆုံးသောဆရာဝန်ဟာ မိမိသာဖြစ်တယ်လို့ဆိုပါတယ်။ ဒါကြောင့် မိမိကျန်းမာရေးကို အထူးဂရုစိုက်ဖို့ နေထိုင်စားသောက်မှုမှာ သင့်တင့်မှာ ဂရုစိုက်ပါမှာ တပါးသူအတွက် ကူညီနိုင်မှာဖြစ်ပါတယ်။

ရွှင်လန်းကျန်းမာကြပါစေ။

ဇော်အောင် (မုံရွာ)

1. CT Scan & MRI
2. Ultra Sound
3. KENBANGAN UCH Hospital, Yangon
4. YTU Yangon Technology University, Insein
5. Cancer treatment
6. Medical Doctor & Lawyer
7. Human Resource
8. 4M and 1E (1. Man, 2.Method, 3. Material, 4. Money and Enviroment)
9. Teachable Person

Photo Parami Hospital, Yangon