ဇင်လင်း - တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုများ ကျင့်ဝတ်စည်းကမ်းနဲ့ ညီပါရဲ့လား


ဇင်လင်း -  တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုများ ကျင့်ဝတ်စည်းကမ်းနဲ့ ညီပါရဲ့လား
(မိုးမခ) ဇွန် ၂၁၊ ၂၀၁၆


၂၀၁၆ ခုနှစ် ဇွန်လဆန်းမှာ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်တဲ့သတင်းတွေပြန်ပြီး လှုပ်လှုပ်ရှားရှား ဖြစ်လာတာတွေ့ရတယ်။ ဆင်ဟွာ သတင်းတပုဒ်အရ နှစ်နိုင်ငံအစိုးရ ညှိညှိနှိုင်းနှိုင်းနဲ့ အကောင်း ဆုံး ပြေလည်နိုင်မယ့်လမ်းကြောင်းကို သွားကြဖို့ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်ကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

 မစ္စတာဟုန်လျန်ဦးဆောင်တဲ့အဖွဲ့ဟာ ဇွန်လ ၃ ရက်နေ့က ကချင်ပြည်နယ်အစိုးရ အဖွဲ့ရုံးမှာ ဝန်ကြီးချုပ်ဒေါက်တာခက်အောင်နဲ့ တွေ့ဆုံခဲ့ကြောင်း သတင်းမှာဖော်ပြပါတယ်။ တရုတ်သံအမတ် မစ္စတာ ဟုန်လျန်က ကချင်ပြည်နယ်ဟာ တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး အတွက် အရေးကြီးတဲ့ ပြည်နယ် ဖြစ်ကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး အတွက် ကချင် ပြည်နယ်နဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်တို့ဟာ ရှည်လျားတဲ့ နယ်နိမိတ်ရှိပြီး အရေးကြီးတဲ့ ပေါင်းကူးတံတား ဖြစ်ကြောင်း၊ နယ်စပ်ဒေသတလျောက်မှာ တူညီတဲ့ လူမျိုးနွယ်စု များရှိကြောင်း ပြည်နယ်ဝန်ကြီးချုပ်နဲ့တွေ့ဆုံစဉ် ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

 ဇွန်လ ၃ ရက်နေ့ က တွေ့ဆုံရာမှာ တရုတ်သံအမတ် မစ္စတာဟုန်လျန်နဲ့အတူ မန္တလေးကောင်စစ်ဝန် Mr.Wang Yu၊ ယခင် CPI ကုမ္ပဏီကို အမည်ပြောင်းလဲထားတဲ့ SPIC ကုမ္ပဏီ ဒုတိယ ဥက္ကဋ္ဌ Mr.Cao Jun Hua၊ ကုမ္ပဏီရုံးချုပ်နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ Mr.Liu Zhan တို့လည်း ပါတယ်လို့ သတင်းက ဆိုပါတယ်။ ခရီးစဉ်အတွင်း မြစ်ကြီးနားမြို့၊ မန်ခိန် ရပ်ကွက်ရှိ မိဘမဲ့မေတ္တာရိပ်မြုံ ဂေဟာသို့ သွားရောက်ခဲ့ပြီး အစားအသောက်၊ အသုံးအဆောင်ပစ္စည်းများလှူဒါန်းခဲ့ပြီး၊ တရုတ်သံအမတ်နဲ့ အဖွဲ့ဟာ ဂေဟာရှိ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်တွေနဲ့ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြောင်း ဆင်ဟွာသတင်းမှာ ဖော်ပြတာ တွေရ့တယ်။

တရုတ်သံအမတ်ရဲ့ခရီးစဉ်ဟာ မြစ်ဆုံကိစ္စအပါအ၀င် တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု အရပ်ရပ် အတွက် အခွင့်အလမ်းတွေ ပြန်လည်ရရှိဖို့ ခြေလှမ်းစတင်တာ ဖြစ်ပါတယ်။ မြစ်ဆုံရေအား လျှပ်စစ် စီမံကိန်းကတော့ မြန်မာပြည်လူထု တရပ်လုံးလက်မခံနိုင်တဲ့ ကိစ္စဖြစ်တယ်။၂၀၀၆ ခုနှစ်မှာ မြစ်ဆုံ ဆည်စီမံကိန်းတည်ဆောက်ရေးအတွက် တရုတ်နဲ့ မြန်မာ သဘောတူစာချုပ် ချုပ်ဆိုခဲ့ ကြ တယ်။ ၂၀၀၉ ခုနှစ်မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေကို တရုတ်အစိုးရပိုင် China Power Investment (CPI) ကုမ္ပဏီက ဦးဆောင် စတင်တည်ဆောက်ခဲ့တယ်။ မြစ်ဆုံဆည် စီမံကိန်း အတွက် ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ အကုန်အကျခံ တည်ဆောက်ဖို့စီစဉ်ခဲ့တယ်လို့ဆိုပါတယ်။ မေခ၊ မလိခ မြစ်တွေပေါ်မှာ ရှိတဲ့ ရေကာတာ စီမံကိန်းတွေ အတွက် တရုတ်နိုင်ငံက ဒေါ်လာ ဘီလီယံ ၂၀ အထိ ရင်းနှီးမြှုပ်နှံထားတယ်လို့လည်း ဆိုပါတယ်။ မြစ်ဆုံစီမံကိန်းက ရေအားလျှပ်စစ် မဂ္ဂါဝပ် ၆,၀၀၀ ထုတ်လုပ်မှာဖြစ်ပြီး၊ အများစုကို တရုတ်နိုင်ငံက ရယူဖို့သဘောတူထားကြောင်း ကနဦး သတင်းတွေက ဆိုပါတယ်။

ဒါကြောင့် မြစ်ဆုံစီမံကိန်း ရပ်တန့်ရေးကို ပြည်တွင်း၊ ပြည်ပမှာ ရှိကြတဲ့ မြန်မာနိုင်ငံသား တိုင်းရင်းသား အသီးသီးက ကန့်ကွက်မှုတွေ ဆက်တိုက်လုပ်ခဲ့ကြတယ်။ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှာ ကျင်းပခဲ့တဲ့ လွှတ်တော် အစည်းအဝေးတွေကတဆင့် သမ္မတ ဦးသိန်းစိန်က စီမံကိန်းကို သူ့အစိုးရသက်တမ်း အတွင်း ဆက်လက်အကောင်အထည်ဖော်ခြင်း မပြုဘဲဆိုင်းငံ့မယ်လို့ ကြေညာခဲ့ရတယ်။ ၂၀၁၃ ဒီဇင်ဘာ ၂၆ ရက်က သမ္မတ ဦးသိန်းစိန် အမိန့်ဖြင့် ဆိုင်းငံ့ထားတဲ့ မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး “လူမှုဘ၀ ဖွံ့ဖြိုးရေး ပူးပေါင်း တာဝန်ယူမှု ဆိုင်ရာ ညွန်းကိန်း(CSR)” အစီရင်ခံစာ အသစ်တစောင် ထွက်ပေါ်လာခဲ့ တယ်။ တရုတ်နိုင်ငံပိုင် China Power Investment (CPI) ကုမ္ပဏီနဲ့ ဧရာဝတီမြစ်ဆုံ အထက်ပိုင်း ရေအားလျှပ်စစ် ထုတ် လုပ်ရေး ကုမ္ပဏီ Ayeyawady Confluence Basin Hydropower Company Limited (ACHC) တို့ ပူးပေါင်းပြီး ရန်ကုန်မြို့မှာ အဆိုပါ CSR အစီရင်ခံစာကို ထုတ်ပြန်ခဲ့တာဖြစ်တယ်။ ဒါပေမဲ့ ဒေသခံပြည်သူတွေ ဦးဆောင်ပြီး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ လုပ်ဆောင်ဖို့ တိုက်တွန်းထားတဲ့ တရုတ်ရဲ့ CSR အစီရင်ခံစာကို အယုံအကြည်မရှိကြောင်း ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ရက်အဖွဲ့ (KDNG) က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြတယ်။

မြစ်ဆုံဆည် စီမံကိန်းဒေသရဲ့အကျယ်အ၀န်းက စင်ကာပူနိုင်ငံ အရွယ်အစားပမာဏ ရှိပြီး ၂၀၀၉ ခုနှစ်မှာ စတင်ပြီး အချိန်အားဖြင့် ၁၀ နှစ်ကြာမယ်လို့ဆိုခဲ့တယ်။ အဲဒီစီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင်ယဉ်ကျေးမှု အမွေအနှစ် စီးပွားရေး လူမှုရေး စသဖြင့် ကဏ္ဍအတော်များများ ထိခိုက်ပျက်စီးနိုင်တဲ့အတွက် ကန့်ကွက်နေကြခြင်းဖြစ်တယ်။ စီမံကိန်းနဲ့ပတ်သက်လို့ တရုတ်-မြန်မာကျွမ်းကျင်ပညာရှင်ပေါင်း ၁၀၀ ကျော်ပါဝင်တဲ့ စူးစမ်းလေ့လာရေးအဖွဲ့က ၆ လကြာ သုတေသနလုပ်ခဲ့တယ်လို့လည်း သတင်းတွေ ထွက်ခဲ့ဖူးတယ်။ သုတေသနပြုချက်တွေအရ စီမံကိန်းကြောင့် နောက်ဆက်တွဲဆိုးကျိုး အလွန်များပြားနိုင်တယ်လို့ ထောက်ပြမှုတွေလည်း ရှိခဲ့တယ်။ တကယ်တော့ ဧရာဝတီမြစ်ဟာ မြန်မာနိုင်ငံရဲ့ဂုဏ်ထူးဆောင် ပထ၀ီဝင်အမှတ် လက္ခဏာ ဖြစ်သလို၊ ပြည်သူလူထု တရပ်လုံးရဲ့ အသက်သွေးကြောလည်း ဖြစ်ပါတယ်။ လယ်သမား၊ ယာသမားများ၊ စိုက်ပျိုးမွေးမြူရေးသမားများနဲ့ ပြည်တွင်းရေကြောင်း သယ်ယူ ပို့ဆောင်ရေး လုပ်သားများဟာ ဧရာဝတီမြစ်ကို မှီခိုပြီး အသက်မွေးနေရတာဖြစ်တယ်။ မြစ်ကိုမှီ တည်မှီ အသက်ရှင်သန်ကြရတဲ့ ရေသတ္တ၀ါများ၊ မြစ်ရေကို မှီခိုကြရတဲ့ ငှက်မျိုးစိပ်များ၊ အခြား တိရစ္ဆာန် သတ္တ၀ါများလည်း သေကြေပျက်စီးမှာ ဖြစ်ပါ တယ်။ နိုင်ငံတကာက ခရီးသွားဧည့်သည် များဟာလည်း ဧရာဝတီမြစ်ကြောင်း တလျှောက် ခရီးသွား လေ့လာရတာကို အထူးနှစ်ခြိုက်ကြ တာ တွေ့နိုင်ပါတယ်။ မြစ်ဆုံကြောင့် ဧရာဝတီမြစ်ရဲ့သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခဲ့ရင်၊ နိုင်ငံသားအားလုံးရဲ့အသက်ရှင်သန်ရေးကိုပါ ထိခိုက်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီမြစ်ဆုံ စီမံကိန်း ကိစ္စကို နိုင်ငံသားများက ကန့်ကွက်နေကြခြင်း ဖြစ်ပါတယ်။

ဇွန် ၄ ရက် နံနက်မှာ ဒေသခံများ၊ နိုင်ငံရေးခေါင်းဆောင်အချို့နဲ့လူမှုရေးအဖွဲ့အစည်း ခေါင်းဆောင် တွေအပါအ၀င် လူဦးရေ ၇၀ ကျော်ခန့် မြစ်ဆုံဆည် စီမံကိန်း လုံးဝရပ်ဆိုင်းရေးအတွက် တရုတ်သံအမတ် Mr. Hong Liang ကို ဆန္ဒပြခဲ့တယ်လို့ မီဒီယာသတင်းတွေမှာ တွေ့ရတယ်။ ဆန္ဒပြသူတွေဟာ တရုတ်သံအမတ် တည်းခိုနေတဲ့ စီတာပူ ရပ်ကွက်မှ Palm Spring ဟိုတယ် ရှေ့မှာ တစ်နာရီနီးပါး ဆန္ဒပြခဲ့ကြတာဖြစ်ကြောင်း အလဲဗင်းမီဒီယာသတင်းအရ သိရ တယ်။ ဆန္ဒပြမှုမှာ ဒေသခံ ရပ်မိရပ်ဖအချို့၊ နိုင်ငံရေး ခေါင်းဆောင်တချို့အပြင် လူမှုအဖွဲ့ အစည်းတွေက တက်ကြွ လုပ်ရှားသူတွေလည်းပါတယ်လို့ သိရပါတယ်။ မြစ်ဆုံဆည် စီမံကိန်း လုံးဝရပ်ဆိုင်းရေး၊ စီမံကိန်းကြောင့် ပြောင်းရွှေ့ခံရသူ များ မူလ ရပ်ရွာတွေမှာ လွတ်လပ်စွာ ပြန်လည်နေထိုင်ခွင့် ရရှိရေး၊ မြစ်ဆုံဆည် စီမံကိန်းအကောင်အထည်ဖော်နေတဲ့ CPI ကုမ္ပဏီ ထွက်သွား၊ CPI အလိုမရှိ အစရှိတဲ့ ကြွေးကြော်သံတွေနဲ့ဆန္ဒပြခဲ့ကြောင်း သိရပါတယ်။

ဆန္ဒပြမှုတွင် ပါဝင်ခဲ့တဲ့ ကချင်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်ခမ်းက “မြစ်ဆုံဆည်က တနိုင်ငံလုံးနဲ့ သက်ဆိုင်ပါ တယ်။ ဒါကြောင့် ဒီဆန္ဒပြပွဲမှာ ပါဝင်လာတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပါတီကတော့ ပါတီစမထောင် ကတည်းက မြစ်ဆုံဆည် စီမံကိန်းကိုမလုပ်ဖို့ အကြိမ်ကြိမ် တားမြစ် ခဲ့ပါတယ်။ စစ်ကိုင်းငလျင်ကြောမှာ တည်ရှိနေတယ်။ ကချင် တိုင်းရင်းသားတွေရဲ့သမိုင်းကြောင်းနဲ့ တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ မြစ်ကြီး ဖြစ်ပါတယ်။ ဒါကြောင့် အမြဲတမ်း ဆန့်ကျင်နေတာ ဖြစ်ပါတယ်။ ဦးသိန်းစိန် သမ္မတလက်ထက်မှာ ဆိုင်းငံ့ထားပြီး ဒေါ်အောင်ဆန်းစုကြည်တို့ လက်ထက်မှာ စာချုပ် စာတမ်းကို ဖျက်သိမ်းပြီး ဒါကို အပြီးတိုင်ရပ်ဆိုင်းမယ်လို့ မျှော်လင့်ယုံကြည်နေပါတယ်” လို့ ပြောခဲ့ကြောင်း အလဲဗင်းမီဒီယာက ဖေါ်ပြပါတယ်။

၂၀၁၆ ဇန်န၀ါရီလ ၂ ရက်နေ့က ရန်ကုန်မြို့ လွှတ်တော်ရုံးခွဲမှာ သတင်းထောက်တွေက မြစ်ဆုံ ကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်က “ကျမက ဆိုလို့ရှိရင် ဒီစာချုပ်ထဲ မှာ ဘာပါသလဲဆိုတာ ပထမကြည့်မယ်၊ ကြည့်ပြီးမှ အဖြေပေးမယ်၊ စာချုပ်ထဲမှာ ဘာပါမှန်းလဲ မသိဘူး။ ပြည်သူလူထုလည်း မသိဘူး။ ဒါ ပြည်သူလူထုကို အသိပေးသင့်တယ်။ ပွင့်လင်းမြင်သာမှု ဆိုတာ ဒါပဲ။ အဲတော့ ဘာတွေ ကတိကဝတ်တွေ ခံထားသလဲ။ နောက်ကျတော့ ဒီကတိကဝတ် တွေကို ခံရမှာ ဒီနိုင်ငံကပဲ ခံရမှာ။ ပြည်သူကပဲ ခံရမှာ။ အဲဒီဟာတွေလည်း မသိဘူး။ ဘာကို သဘောတူညီ ထားမှန်းလည်း မသိဘူး။ အဲတော့ ဘာပဲပြောပြောပေါ့နော် ဒီစာချုပ်တွေကို လက်မှတ်ထိုးတဲ့သူတွေက တာဝန်သိစိတ်တော့ ရှိရမှာ၊ မသိချင်ယောင်ဆောင်နေလို့တော့ မရဘူး။ မသိကျိုးကျွန်ပြုနေလို့ မရဘူး။” လို့ ဖြေကြားခဲ့ဖူးကြောင်း အာအက်ဖ်အေသတင်းမှာ ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့က လက်ပံတောင်းတောင်စီမံကိန်း ဆန္ဒပြမှုဖြစ်နေစဉ် အတွင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ လူကန်း (Lu Kang)က လောလောဆယ် ဆန္ဒပြမှု များနဲ့ ပတ်သက်ပြီး တရုတ်ကုမ္ပဏီတွေအနေနဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကို အလေးဂရုပြု ပြီး သတိထားလုပ်ဆောင်သင့်တယ်လို့ပြောကြားခဲ့ကြောင်း၊ တရုတ် ကုမ္ပဏီတွေအနေနဲ့အိမ်ရှင် မြန်မာနိုင်ငံရဲ့ ဥပဒေပြဋ္ဌာန်းချက်တွေကို တိတိကျကျလိုက်နာရမှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က နေ့စဉ်သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ကြောင်း ရိုက်တာ သတင်းအရ သိရပါတယ်။

ဒီ့အပြင် တရုတ်အစိုးရနဲ့ မြန်မာအစိုးရတို့ ပူးပေါင်းပြီး ရှမ်း၊ ကယားနဲ့ ကရင်ပြည်နယ်မှာ ရေအား လျှပ်စစ်စီမံကိန်း ၆ ခု တည်ဆောက်ဖို့ ပြင်ဆင်နေတာကို “သံလွင်မြစ်ထိန်းသိမ်း ကာကွယ်ရေး ကွန်ရက်” က ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ကန့်ကွက်ထားတာလည်း ရှိပါတယ်။ တရုတ်နဲ့ မြန်မာအစိုးရတို့ဟာ ရေအားလျှပ်စစ်စီမံကိန်း ၁၈ ခု ဆောက်လုပ်ဖို့ သဘောတူထားပြီး စီမံကိန်း ဆိုင်ရာ ကိစ္စရပ်တွေဖြေရှင်းဖို့ သဘောတူညီချက်မူကြမ်းတွေကို ရေးဆွဲနေကြောင်း ၂၀၁၆ ဖေဖော်ဝါရီလ ၃ ရက်နေ့က လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုဇယားအရ တရုတ်နိုင်ငံက ထိပ်ဆုံးမှာရှိနေပါတယ်။ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) က ထုတ်ပြန်တဲ့ ၂၀၁၆ ခုနှစ် ဧပြီလ ၃၀ ရက် အစီရင်ခံစာအရ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံ မှာ စီမံကိန်း ၁၃၂ ခု လုပ်ကိုင်နေကြောင်း သိရတယ်။ ရင်းနှီးမြှုပ်နှံမှုပမာဏက အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၈,၀၇၂ ရှိတယ်လို့ ဆိုတယ်။ မြန်မာနိုင်ငံတခုလုံးရှိ FDI ရဲ့ ၂၈.၃၆% ရှိတယ်လို့ ဖော်ပြထားပါတယ်။

ခြုံငုံသုံးသပ်ရရင် တရုတ်ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံရာမှာ နိုင်ငံတကာ ကျင့်ဝတ်ကို လိုက်နာဖို့ ပျက်ကွက်ခဲ့တာ တွေ့ရတယ်။ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံ ကြတဲ့ တရုတ်ကုမ္ပဏီတွေရဲ့ကျင့်ဝတ်ပိုင်း စောင့်ထိန်းလိုက်နာမှု အားနည်းတဲ့ သတင်းတွေ မကြာမကြာ ကြားနေရတယ်။ ဒါတင်မက နည်းမျိုးစုံနဲ့ မြန်မာ့သစ်တောနဲ့သယံဇာတတွေကိုလည်း ကျင့်ဝတ်ကင်းမဲ့စွာ ခိုးယူကြတာမျိုးတွေလည်း ကြားနေရတယ်။ တရုတ်အစိုးရဟာ လူအခွင့် အရေးတွေ ထပ်တလဲလဲ ချိုးဖောက်ခဲ့တဲ့ မြန်မာစစ်အစိုးရကို ကုလသမဂ္ဂ္ဂ လုံခြုံရေးကောင်စီမှာ ဗီတို (Veto) နဲ့ အကာ အကွယ်ပေးခဲ့တာကိုကြည့်ရင် မြန်မာလူထုရဲ့အကျိုးကို မျက်ကွယ်ပြု ထားခဲ့တာ ထင်ရှားတယ်။ တချိန်တည်းမှာ ဗီတိုအာဏာရဲ့အဖိုးအခအဖြစ် မြစ်ဆုံ စီမံကိန်း အပါ အ၀င် မြန်မာ့ သယံဇာတတွေကို အချောင်နှိုက်ယူခဲ့ပုံဟာလည်း ကျင့်ဝတ်ထက် ကိုယ်ကျိုးစီးပွား ပဓာနထားတာ သိမြင်နိုင်တယ်။

ဒါကြောင့် ယခင်က မြန်မာစစ်အစိုးရများနဲ့ တရုတ် အစိုးရပိုင် ကုမ္ပဏီများအကြား ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေဟာ ထင်သာမြင်သာမှု (Transparency) မရှိတဲ့အတွက် တရားမျှတမှု မရှိဖို့များ ပါတယ်။ ကိုယ့်မြန်မာဖက်က ဒီမျှတမှုမရှိတဲ့ စာချုပ်တွေကို လက်မှတ်ထိုးတဲ့သူတွေဟာ နိုင်ငံနဲ့ ပြည်သူ့မျက်နှာမထောက်ထားဘဲ တာဝန်မဲ့ လက်မှတ်ရေးထိုးခဲ့ကြလို့လည်း တရုတ် ကုမ္ပဏီတွေ ထင်သလို လုပ်ခွင့်ရခဲ့တာ ဖြစ်တယ်။ ဒီ အခြေအနေတွေအရ လက်ရှိသမ္မတ ဦးထင်ကျော် အစိုးရ အနေနဲ့ မြစ်ဆုံစီမံကိန်း၊ လက်ပံတောင်းစီမံကိန်း၊ ကျောက်ဖြူစီမံကိန်း၊ သံလွင်မြစ်ပေါ်က ရေအား လျှပ်စစ် စီမံကိန်းများ စသဖြင့် တရုတ် ရင်းနှီး မြှုပ်နှံမှုစာချုပ်များ MoU များကို နိုင်ငံ မနစ်နာရလေ အောင် ပြန်လည်စိစစ်ရေး အလေးထား စဉ်းစားဆောင်ရွက်သင့်ကြောင်းတိုက်တွန်းအပ်ပါတယ်။