ဂါမဏိ ● လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး သို့မဟုတ် ထာဝရငြိမ်းချမ်းရေးသို့ တခုတည်းသောလမ်းကြောင်း


ဂါမဏိ ● လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး 
(သို့မဟုတ်) 
ထာဝရငြိမ်းချမ်းရေးသို့ တခုတည်းသောလမ်းကြောင်း
(မိုးမခ) ဇွန် ၁၇၊ ၂၀၁၆
တိုင်းပြည်တပြည်မှာ အစိုးရနဲ့ အစိုးရဆန့်ကျင်သူများအကြား ပြည်တွင်းစစ်ဖြစ်တာကို ပြည်တွင်းငြိမ်းချမ်းရေးရဖို့ အဓိက အားဖြင့် နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းညှိနှိုင်းရတာဖြစ်ပေမဲ့ နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့ပြဿနာတွေကို ဖြေရှင်းရတာ လည်း အင်မတန်အရေးပါတဲ့ကိစ္စကြီးဖြစ်ပါတယ်။

တဖက်က အပြတ်အသတ်နိုင်သွားလို့ရှုံးတဲ့တပ်တွေလက်နက်ချပြီး စစ်ပွဲပြီးဆုံး ငြိမ်းချမ်းသွားတာမျိုးကို ဗီယက်နမ် (၁၉၇၅)၊ လာအို (၁၉၇၆)၊ ဆိုဗီယက်ရုရှား (၁၉၂၀)၊ တရုတ် (၁၉၄၉)၊ ကျူးဘား (၁၉၅၉)၊ ထိုင်း (၁၉၈၃)၊ မလေးရှား (၁၉၆၀)၊ ရဝမ်ဒါ (၁၉၉၄)၊ ဆီယာရာလီယွန်း (၂၀၀၂)၊ သီရိလင်္ကာ (၂၀၀၉) စတဲ့နိုင်ငံတွေမှာ တွေ့ရတယ်။ အဲလိုအခြေအနေမျိုးမှာတော့ ရှုံးသွားတဲ့ဘက်ဟာ ယေဘုယျအားဖြင့် ဘာနိုင်ငံရေးအခွင့်အရေးမှမရဘဲ ပြီးသွားတယ်။ ဒီလိုအနေအထားမျိုးက ဝါဒရေးရာ အခြေခံတဲ့စစ်ပွဲတွေမှာ တွေ့ရတာများပြီး ခြွင်းချက်အနေနဲ့ တိုင်းရင်းသား ရေးရာအခြေခံတဲ့ သီရိလင်္ကာပြည်တွင်းစစ်မှာ ထူးထူးခြားခြားတွေ့ရတယ်။

ဝါဒရေးရာပြည်တွင်းစစ်မဟုတ်ဘဲ တိုင်းရင်းသားရေးရာပြည်တွင်းစစ်ဖြစ်တဲ့နိုင်ငံတွေမှာတော့ အဓိကအားဖြင့် SSR လို့ခေါ် တဲ့ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးအစီအစဉ်ကို နိုင်ငံရေးအရစေ့စပ်ဆွေးနွေးဖြေရှင်းချက်နဲ့ တွဲသုံးကြတယ်။ အင်မတန် ကျယ်ပြန့်ပြည့်စုံလှတဲ့ SSR အစီအစဉ်အောက်မှာ လုပ်ငန်းခွဲမျိုးစုံ တသီကြီးရှိပြီး နောက်ဆုံး အစိတ်အပိုင်းခွဲတခုကတော့ DDR လို့ခေါ်တဲ့ လက်နက်ဖြုတ်သိမ်းရေး၊ တပ်ဖျက်သိမ်းရေး၊ ပြန်လည်သိမ်းသွင်းရေးလုပ်ငန်း ဖြစ်ပါတယ်။

ဒီကနေ့ ဗမာပြည်ပြည်တွင်းစစ်ရဲ့ ငြိမ်းချမ်းရေးအဖြေရှာဖွေရာမှာတော့ တိုင်းရင်းသားတော်လှန်ရေးတပ်များရဲ့ နိုင်ငံရေး ရည်မှန်းချက်ဟာ တိုင်းရင်းသားတန်းတူအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (သို့မဟုတ်) ဖက်ဒရယ်စနစ် ကျင့်သုံးရေးဖြစ်ပြီး အဲဒါနဲ့လျော်ညီတဲ့ ကာကွယ်ရေး-လုံခြုံရေးပုံစံတွေ ပြောင်းလဲကျင့်သုံးဖို့ SSR ကို တောင်းဆိုနေတာ ဖြစ်တယ်။

ဒါပေမဲ့ ဗမာစစ်တပ်ထိပ်သီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ DDR ကိုအရင်ဆုံးလုပ်ဖို့ (သို့မဟုတ်) အဓိကလုပ်ဖို့ တိုင်းရင်းသားတွေကို မောက်မောက်မာမာအမိန့်ပေးနေပါတယ်။ တနည်းအားဖြင့် တိုင်းရင်းသားတပ်တွေ လက်နက်ချ၊ တပ် ဖျက်၊ နယ်မြေစွန့်၊ အစိုးရလက်အောက်ခံ ပြည်သူ့စစ်တို့ နယ်ခြားစောင့်တပ်တို့လုပ်၊ ဗမာစစ်တပ်ကတော့ DDR-SSR နဲ့ မ ဆိုင်၊ တိုင်းရင်းသားအခွင့်အရေး ဘာညာကွိကွတွေက ၂၀၀၈ အတိုင်းဘဲလို့ ၁၉၄၉၊ ၁၉၆၃၊ ၁၉၈၈ ကအတွေးအခေါ်အတိုင်း ခေါင်းမာမာနဲ့ မိုက်မိုက်မဲမဲ ရိုင်းရိုင်းစိုင်းစိုင်း ရပ်တည်နေပါတယ်။

တိုင်းရင်းသားတွေလိုလားတဲ့ SSR အစီအစဉ်မှာ တိုင်းရင်းသားပိုင်းနဲ့ အစိုးရပိုင်းဆိုပြီး နှစ်ပိုင်းပါဝင်ပါတယ်။

တိုင်းရင်းသားပိုင်းမှာ တိုင်းရင်းသားတပ်တွေ၊ ဒီတိုင်းရင်းသားတပ်တွေကို နိုင်ငံရေးအရ ဦးစီးရှေ့ဆောင်နေတဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေ၊ သူတို့ကတိုက်ရိုက်ထိန်းချုပ်ထားတဲ့တိုင်းရင်းသားနယ်မြေတွေ၊ သူတို့နဲ့ လူမျိုးအရ ပထဝီ အနေအထားအရ သက်ဆိုင်နေတဲ့တိုင်းရင်းသားနယ်မြေတွေ၊ သူတို့နဲ့ တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်သက်ဆိုင်နေတဲ့ အရပ်ဖက်လူမှုအသင်းအဖွဲ့တွေ လူထုအဖွဲ့အစည်းတွေ ပြုပြင်ပြောင်းလဲဖွဲ့စည်းဖို့ ဖြစ်ပါတယ်။

အစိုးရပိုင်းမှာတော့ နိုင်ငံတော်တခုလုံးရဲ့လက်နက်ကိုင်တပ်မတော်၊ ကပစ၊ ရဲ၊ ထောက်လှမ်းရေး၊ နယ်စပ်ကွပ်ကဲရေးနဲ့ လဝ က၊ နယ်စပ်အကောက်ခွန်၊ တရားစီရင်ရေးဌာန၊ အကျဉ်းထောင် စတာတွေနဲ့ ဒါတွေကို ထိန်းချုပ်ကြီးကြပ်တဲ့ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ နယ်စပ်ဒေသနဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ တရားရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနဲ့အခွန်ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၊ လွှတ်တော်၊ ဗဟို တရားရုံးချုပ်၊ ရှေ့နေချုပ်ရုံး၊ လူ့အခွင့်အရေးကော်မရှင်၊ ရင်းနှီးမြှုပ်နှံရေးကော်မရှင် စတာတွေအားလုံး ပြုပြင် ပြောင်းလဲရမှာဖြစ်တယ်။ လိုအပ်ရင် သစ်တောဝန်ကြီးဌာန၊ လယ်ယာနဲ့ဆည်မြောင်း ဝန်ကြီးဌာန၊ လျှပ်စစ်ဝန်ကြီးဌာန၊ စွမ်း အင်ဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာနတွေမှာပါ ပြုပြင်ပြောင်းလဲရမှာ ဖြစ်တယ်။

နိုင်ငံရေးနဲ့အုပ်ချုပ်ရေးဆိုင်ရာဥပဒေသစ်တွေ ပြဋ္ဌာန်းရမှာဖြစ်တဲ့အပြင် တပ်မတော်အက်ဥပဒေ၊ ထောက်လှမ်းရေး ဥပဒေ၊ ပြည်ထောင်စုလုံခြုံရေးဥပဒေ၊ ပြည်နယ်လုံခြုံရေးဥပဒေ၊ ရဲဝန်ထမ်းဥပဒေ၊ လဝကဥပဒေ စတာတွေကို အသစ်ပြဋ္ဌာန်းတာ၊ ကြီးကြီးမားမားပြင်ဆင်တာတွေလုပ်ရမှာဖြစ်တယ်။

တနည်းပြောရရင် SSR မှာ နှစ်ဖက်စလုံးရဲ့ နိုင်ငံရေး၊ စစ်ရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘဏ္ဍာရေးတွေ အကြုံးဝင်နေပါတယ်။ နောက်ဆုံးမှာတော့ ပြောင်းလဲထားတဲ့နှစ်ဖက်ဟာ SSR အစီအစဉ် တခုလုံးအောက်မှာ သဘောတူထားတဲ့အတိုင်း DDR ကျင့်သုံးပြီး နှစ်ဖက်လက်နက်ကိုင်တပ်တွေ အပြန်အလှန်ပေါင်းစည်း သိမ်းသွင်းကြဖို့ဖြစ်ပါတယ်။ အားလုံးသိတဲ့အတိုင်း ဒါတွေရဲ့အထက်မှာတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ လုံးဝသက်ဆိုင်နေ ပါတယ်။ ဒါကြောင့် တိုင်းရင်းသားအခွင့်အရေးအတွက်တိုက်တဲ့ ပြည်တွင်းစစ်မှာ ဖက်ဒရယ်နိုင်ငံရေးဖြေရှင်းချက်နဲ့ SSR ဟာ ဒင်္ဂါးပြားရဲ့ခေါင်းနဲ့ပန်းလိုခွဲလို့ ဘယ်လိုမှမရနိုင်ပါဘူး။

မင်းအောင်လှိုင်ပြောတဲ့ DDR ကတော့ ကာကွယ်ရေးတခုထဲကို ဆိုလိုပြီး နှစ်ဖက်စလုံးအတွက်လဲမဟုတ်ဘဲ တိုင်းရင်းသား ဘက်ကဘဲ တဖက်သတ်လုပ်ရမယ့်အစီအစဉ် ဖြစ်နေလို့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးနေမှာ သေချာပါတယ်။

အောင်မြင်တဲ့ SSR လုပ်ခဲ့တဲ့နိုင်ငံတွေက တောင်အာဖရိက (၁၉၉၄)၊ နမီးဘီးယား (၁၉၉၀)၊ လက်ဘနွန် (၁၉၉၀)၊ လိုက် ဘေးရီးယား (၂၀၀၃)၊ ကိုဆိုဗို (၁၉၉၉)၊ အာချေး (၂၀၀၅) တို့ဖြစ်ပြီး ကမ္ဘောဒီးယား၊ နီပေါ၊ အရှေ့တီမော၊ ဖိလိပိုင်၊ ဟေတီ တို့မှာတော့ တစိတ်တပိုင်းဘဲ အောင်မြင်ခဲ့တယ်။ အီရတ်၊ အာဖဂန်နဲ့ တခြားအာဖရိကနိုင်ငံတွေမှာတော့ လုံးဝ မအောင်မြင် တာ တွေ့ရတယ်။ မအောင်မြင်တဲ့ထဲမှာ ဆူဒန်-တောင်ဆူဒန်၊ လစ်ဗျား၊ ချက်ဒ်၊ ဗဟိုအာဖရိက၊ မာလီ၊ ဘူရွန်ဒီ၊ ကွန်ဂို၊ ဂီနီ ဘစ်ဆော၊ အိုင်ဗရီကို့စ်၊ ဆိုမာလီယာနိုင်ငံတွေပါဝင်တယ်။

တောင်အာဖရိကနိုင်ငံက လူဖြူအာဏာရှင်စနစ်ဖျက်သိမ်းတဲ့ ၁၉၉၄ ခုနှစ်မှာ ဒီကလပ်ဦးဆောင်တဲ့ အစိုးရတပ် တောင်အာ ဖရိကကာကွယ်ရေးတပ်ဖွဲ့ SADF ၊ မင်ဒဲလားခေါင်းဆောင်တဲ့ အတိုက်အခံ အာဖရိကအမျိုးသား ကွန်ဂရက်ရဲ့ လက်နက် ကိုင်တော်လှန်ရေးတပ်ဖွဲ့ MK၊ မော်စီတုံးဝါဒီလူမည်းတော်လှန်ရေးအဖွဲ့ဖြစ်တဲ့ အဇန်းနီးယားပြည်သူ့လွတ်မြောက်ရေးတပ်၊ လူဖြူအစိုးရတည်ထောင်ထားတဲ့ ရုပ်ပြလူမည်းကိုယ်ပိုင်အုပ်ချုပ်ရေး နယ်မြေ ၄ ခုက ပြည်သူ့စစ် ၄ ဖွဲ့ ပေါင်းစည်းပြီး တောင်အာဖရိကအမျိုးသားကာကွယ်ရေးတပ်မတော် SANDF ကို ထူထောင်ခဲ့တယ်။ လူဖြူသြဇာခံ ဘူသယ်လယ်ဇီရဲ့ အင်ကာသာ လွတ်လပ်ရေးပါတီက စွမ်းအားရှင်တွေ ပါခွင့်ရဖို့ တောင်းဆိုခဲ့ပေမဲ့ စစ်သားစုဆောင်းရေးလုပ်ထုံးလုပ်နည်းအတိုင်း တဦးချင်း ပဲ ဝင်ခွင့်ပေးခဲ့တယ်။

စာရင်းတခုအရ လူဖြူအစိုးရတပ်အင်အား ၈၃၀၀၀ မှာ ၄၀၀၀၀၊ MK တပ်အင်အား ၁၅၀၀၀ ထဲက ၁၁၀၀၀၊ အဇန်းနီးယား တပ် ၆၅၀၀ မှာ ၅၀၀၀၊ ရုပ်ပြ ကိုယ်ပိုင်အုပ်ချုပ်ရေးနယ်မြေပြည်သူ့စစ် ၁၁၀၀၀ မှာ ၈၀၀၀ တို့ဟာ တပ်မတော်သစ်ထဲ ပါ ဝင်ခဲ့ကြတယ်။ လူမျိုးအရဆိုရင် လူမည်း ၆၀ ရာခိုင်နှုန်းနဲ့ လူဖြူ ၃၀ ရာခိုင်နှုန်း ဖြစ်လာတယ်။ အရာရှိပိုင်းတွေမှာပါ အချိုးအစား အများကြီး ပြောင်းပစ်ခဲ့တယ်။ လေတပ်၊ ရေတပ်တွေမှာပဲ လူဖြူအချိုးအစားများနေသေးတယ်။ ကျန်တဲ့စစ်သား တွေကို ကရုဏာကြေး၊ နစ်နာကြေးတွေပေးပြီး အရပ်သားဖြစ်စေခဲ့တယ်။ နိုင်ငံရေးပိုင်းမှာတော့ အားလုံးသိတဲ့အတိုင်း လူမည်းအာဏာ (သို့မဟုတ်) လူများစုဒီမိုကရေစီ အုပ်ချုပ်ရေး ခိုင်မာသွားခဲ့တယ်။ လူဖြူစစ်တပ်တီထွင်ထုတ်လုပ်ထားတဲ့ နျူကလီးယားလက်နက်တွေလဲ ဖျက်ဆီးပစ်လိုက်တယ်။

ကမ္ဘောဒီးယားတော်ဝင်တပ်မတော်ကို ၁၉၉၃ ခုမှာ ဗီယက်နမ်ကအားပေးတဲ့ ဟွန်ဆင် ဦးစီးအစိုးရတပ်၊ ဆွန်ဆန်း ဦးစီးတဲ့ သူပုန်တပ်၊ သီဟာနုဦးစီးတဲ့ သူပုန်တပ်၊ ပေါလ်ပေါ့ဦးစီးတဲ့ ခမာနီသူပုန်တပ်တို့ ပေါင်းစည်းခဲ့ပေမဲ့ မကြာခင်မှာ အစိုးရတပ် မှူးတွေက လက်ဝါးကြီးအုပ်သွားခဲ့ပြီး (သူပုန်ဘက်ကလာတဲ့ တပ်မှူးတွေကို လျှို့ဝှက်လုပ်ကြံ သတ်ဖြတ်တာတွေလည်း ရှိ သေးတယ်) နိုင်ငံရေးသဘောတူချက်တွေကိုလဲ မလိမ့်တပတ်လုပ်ခဲ့လို့ ကမ္ဘောဒီးယား နိုင်ငံမှာ ဒီနေ့အထိ ဒီမိုကရေစီအရေခြုံ
အာဏာရှင်စနစ် တည်ရှိနေတယ်။

ဒါကြောင့် SSR မအောင်မြင်ဘဲ DDR ဘဲလုပ်တဲ့ တိုင်းပြည်တွေမှာ ရန်မီးတွေမငြိမ်းဘဲ ခဏခဏ ပြဿနာပြန်ဖြစ် နေတာ တွေ့ရပါတယ်။ SSR မပါတဲ့ DDR ဆိုတာကလဲ အများအားဖြင့် သူပုန်ဖက်ကပဲလိုက်နာရတဲ့ တဖက်သတ် အနိုင်ကျင့်မှုတွေ ဖြစ်လေ့ရှိပါတယ်။ မဟာဗျူဟာပိုင်းဖြစ်တဲ့ SSR မအောင်မြင်ရင် လက်အောက်ခံနည်းပညာပိုင်းပဲ ဖြစ်တဲ့ DDR အောင်မြင် စရာမရှိပါဘူး။

တကယ်တော့ မှန်ကန်တဲ့ DDR ဆိုတာ နှစ်ဖက်စလုံးက စစ်အသုံးစားရိတ်တွေ ကာကွယ်ရေးဘတ်ဂျက်တွေ လျှော့ချ တာ၊ လက်နက်တွေ လျှော့ချဖျက်သိမ်းတာ၊ တပ်အင်အားတွေ လျှော့ချ ဖျက်သိမ်းတာနဲ့ လုံခြုံရေးတပ်ဖွဲ့ အသစ်တွေ (ပင်မတပ်၊ ဒေသတပ်၊ ရဲ) ထဲကို ပေါင်းစည်းသိမ်းသွင်းတာဖြစ်တယ်။ ပေါင်းစည်းသိမ်းသွင်းရာမှာ ကျန်နေသူတွေကို လည်း အရပ် သားအဖြစ် လူတန်းစေ့နေထိုင်လုပ်ကိုင် စားသောက်နိုင်အောင် ပြည့်ပြည့်စုံစုံ ဖန်တီးပေးတာ၊ နစ်နာကြေး (သို့မဟုတ်) လျော်ကြေး ကောင်းကောင်းပေးတာတွေလည်း ပါဝင်တယ်။ စစ်စားရိတ်တွေ လူ လက်နက် အင်အားတွေ လျှော့ချရာမှာလည်း အရေအတွက်တူ လျှော့ချတာမဟုတ်ဘဲ အချိုးတူ သို့မဟုတ် အားကြီးသူဘက် အချိုးများများလျှော့ချရမှာ ဖြစ်ပါတယ်။

ဒါကြောင့် SSR အစီအစဉ်အောက်က DDR လုပ်တဲ့အချိန် နှစ်ဖက်စလုံးကတပ်တွေ လက်နက်ဖြုတ်၊ တပ်ဖျက် လုပ်ရမှာဖြစ်လို့ ကုလသမဂ္ဂတပ် (သို့မဟုတ်) နေတိုးတပ် (သို့မဟုတ်) တခြားနိုင်ငံတကာညွန့်ပေါင်းတပ်တွေက ဖြစ်စဉ် အစအဆုံး ဝင်ထိန်း ပေးဖို့ လိုပါတယ်။ ဒါ့အပြင် ပြည်တွင်းပြည်ပ အာမခံချက်ရှိတဲ့ နိုင်ငံရေးသဘောတူချက်တွေရှိထားမှလဲ နှစ်ဖက်တပ်တွေဟာ အသာတကြည် လက်နက်ဖြုတ် တပ်ဖျက်ခံမှာဖြစ်တယ်။

ဒါကြောင့် SSR ဟာ National Accord အမျိုးသားပဋိညာဉ် (ဗမာပြည်အခြေအနေမှာတော့ Union Accord ပြည်ထောင်စု ပဋိညာဉ်) အပေါ်မူတည်နေပြီး အဲ့ဒီရလဒ်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေထဲထည့်ပြီးမှ ကုလသမဂ္ဂ ကြီးကြပ်မှုနဲ့ DDR ကို သွားလို့ရမှာဖြစ်ပါတယ်။ ဗမာပြည်မှာ ထာဝရငြိမ်းချမ်းရေးရဖို့ဆိုရင် ဒီလမ်းပဲရှိပါတယ်။

ဂါမဏိ