သာထက်အောင် ● ပင်လုံ (သို့မဟုတ်) ပလုံ
(မိုးမခ) ဇူလိုင် ၀၉၊ ၂၀၁၆
(မိုးမခ) ဇူလိုင် ၀၉၊ ၂၀၁၆
တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်မှာ တိုင်းရင်းသား လူမျိုးစုအတော်များများမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေရှိကြပါတယ်။ ဗဟိုအစိုးရအာဏာမသက် ရောက်ဘဲ ကိုယ့်ပြည်နယ်နဲ့ကိုယ့်အဖွဲ့အစည်းအသီးသီး နံမည်အမျိုးမျိုးနဲ့ ကိုယ့်မင်းကိုယ်ချင်း ထူထောင်နေကြတာတွေလည်းရှိပါတယ်။ တိုးတက်ဖွံ့ဖြိုးမှု အနည်းဆုံး အစွန်အဖျားက နာဂ လိုနေရာ မျိုးမှာတောင် နာဂသူပုန်ဆိုတာရှိပြီး အရှေ့ဘက်ခြမ်းက ပြည်နယ်ကြီး၊ မြောက်ဘက်ခြမ်းက လူမျိုးစုကြီး တွေမှာတော့ ကိုယ်ပိုင်စစ်တပ်နဲ့ မူးယစ်ဆေး၊ ကျောက်စိမ်းကရတဲ့ ၀င်ငွေတွေနဲ့ မသိမသာ မြှောက်ထိုး ပင့်ကော်လုပ်ပေးနေတဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အင်အားကြီးနိုင်ငံတွေနဲ့…။ ဆိုရရင် ပြည်တွင်းငြိမ်းချမ်း ရေးရဖို့ ဆိုတာ အမှန်တကယ် လိုအပ်တဲ့ကိစ္စဖြစ်သလို အင်မတန်ခက်ခဲနက်နဲတဲ့ ပြဿနာလည်း ဖြစ်ပါတယ်။
ခုတလော ရွေးကောက်ခံ ဒီချုပ်အစိုးရရဲ့ ခေါင်းဆောင်ကြီးကိုယ်တိုင်ဦးစီးပြီး ၂၁ ရာစု ပင်လုံညီလာခံကြီး ကျင်းပနိုင်ဖို့ ကြိုးစားနေတာသတင်းတွေမှာ ဖတ်ရပါတယ်။ တိုင်းရင်းသားပေါင်းစုံ၊ လက်နက်ကိုင်အဖွဲ့ပေါင်းစုံ၊ ၂၁ ရာစု ပင်လုံညီလာခံ ကြီးမှာ လက်မှတ်ရေးထိုး ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆို၊ လက်နက်တွေစွန့်၊ အပစ်အခက်တွေရပ်၊ စစ်တပ်ကလည်း မိမိနေရပ်အမှန်ဖြစ်တဲ့ စစ်တန်းလျားကိုပြန်၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတွေ အားတက်သရောလုပ် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူနေမှုအဆင့်အတန်း၊ တဦးချင်းဝင်ငွေတွေ တဟုန်ထိုးတိုးတက်၊ အရှေ့တောင်အာရှမှာ သာမက အာရှမှာပါ အစွယ်တဖွေးဖွေး ကျားကြီးတကောင်ဖြစ်လာ။ ဘယ်ကလောက်များ ပျော်စရာ ကောင်းလိုက်မလဲ။ စိတ်ကူးယဉ်မိတာတွေကို ချရေးလို့ကတော့ ၂ မိနစ်တောင်မကြာပါဘူး။ လက်တွေ့ ဘ၀မှာ တကယ် ဖြစ်လာဖို့ဆိုတာကတော့ အင်း… ခက်လေသော… ခက်ရယ်… ခက်ခဲကြောင်း တွေးမိတိုင်းဆိုတဲ့ သီချင်းပဲ အော်ဆိုရမလိုပါပဲ။
၁၉၆၂-ခု ဗိုလ်နေ၀င်းအစိုးရတပ်ကြီးမကြာခင် ၆၃-မှာ ပြည်တွင်း ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့ပါ တယ်။ တောတွင်းက ဗ.က.ပ တို့ အလံနီတို့ ရန်ကုန်ကို ကိုယ်စားလှယ်တွေ လွှတ်ပြီး တော်လှန်ရေး အစိုးရ နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ကြတာ မှတ်မိသူတွေ မှတ်မိကြပါလိမ့်မယ်။ ဗိုလ်ဇေယျကဒေါင်းကြီး ပိုက်ပြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို သွားကန်တော့ခံတာတွေ၊ ဆွေးနွေးပွဲပျက်တော့ ရဲဘော်ဌေးတို့ ပုဆိုးလေးမပြီး ချောင်းစပ်လေးဖြတ်နေတဲ့ပုံကို "သူတို့ပြည်သူကို ကျောခိုင်းကြလေပြီ" ဆိုတာလေးတွေ ပြန်တွေးကြည့်ရင်လွမ်းဖို့တောင် ကောင်းသေးတော့။
တဖက်နဲ့တဖက် မရိုးသားဘူး၊ နိုင်ငံရေးအမြတ်ထုတ်တယ်ဆိုတဲ့ စွဲချက်တွေ အပြန်အလှန် စွဲရင်း ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီး ပျက်ခဲ့ရပါတယ်။
ခေတ်အဆက်ဆက် နာမည်အမျိုးမျိုး၊ အသွင်အမျိုးမျိုးနဲ့ နိုင်ငံတော်အာဏာကို ရယူထားတဲ့စစ် ဗိုလ်တွေဟာ စိတ်ကူးရ ရသလို တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးဆိုတဲ့ အသံကောင်းတွေဟစ်ပြီး နိုင်ငံတကာ အမြင်ကောင်းရုံ ဟန်ပြလုပ်ခဲ့တာတွေများလှပါပြီ။ ပြည်တွင်းလက်နက် ကိုင်အဖွဲ့အစည်းတွေအပေါ် စစ်တပ်ကထားတဲ့ သဘောထားကလည်း အခြေအနေအချိန်အခါပေါ် မူတည်ပြီး ပုတ်သင်ညို လိုအရောင်ပြောင်းတတ်ပါတယ်။ မလိုရင်ဘိန်း ဘုရင်- မူးယစ်ရာဇာ-သောင်းကျန်းသူလို့ခေါ်ဆိုပြီး လိုအပ်ရင်တော့ ရန်ကုန်မှာခေါ်ပြီး သူကောင်းပြုလေ့ရှိပါတယ်။ ကားပါ မစ်တွေ ဘာတွေလည်း ပေးတတ်ပါတယ်။
စစ်တပ်ဟာ တကယ်ပဲ ပြည်တွင်းငြိမ်းချမ်းရေးလိုချင်တယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ကိုတကယ်ပဲ အာသီသရှိ တယ်ဆိုရင် သူတို့ မတော်မတရားရေးဆွဲထားတဲ့ ၂၀၀၈ နာဂစ်အခြေခံဥပဒေ ကြီးကို သတ္တရှိရှိပြင်ရဲရပါမယ်။ သက်တမ်း ၈ နှစ်သာရှိသေးတဲ့ လူမုန်းများလှတဲ့ အခြေခံဥပဒေတော့ မပြင်ချင်ဘူး။ နှစ်ပေါင်း ၆၀ ကျော်ကြာ ပြည်တွင်းငြိမ်းချမ်းရေးတော့လိုချင်တယ်ဆိုတာ (ရိုင်းရင်ခွင့်လွှတ်ပါ) လင်တော့လိုချင်တယ်၊ အပျိုရည်တော့ အပျက်မခံနိုင်ဘူးဆိုတာလို ဖြစ်နေပါတယ်။ အခြေခံ ဥပဒေကိုပြင်ဆင်ရေးဆွဲပြီး တိုင်းရင်းသားလူမျိုးစုတွေ လက်ခံနိုင်လောက်တဲ့ အခွင့်အရေး၊ အခြေအနေတွေ ဖန်တီး ပေးပြီးမှ ၂၁ ရာစု ပင်လုံညီလာခံကြီးခေါ်ရင် အားလုံးလိုလိုချင်ချင်နဲ့ တက်ရောက်လာကြပါလိမ့်မယ်။ ၂၀၀၈ အခြေခံဥပဒေ ကြီးကို နှမ်းတစေ့ အရွေ့မခံနိုင်ဘူးဆိုရင်တော့ ၂၁ ရာစုပင်လုံစာချုပ်ဆိုတာ (၂၁ ရာစုကုန်ဖို့ ၈၄ နှစ်လိုသေးတော့) ကျွန်တော်တို့လည်း မီမယ်မထင်ပါဘူး။
စစ်တပ်သြဇာကို မလွန်ဆန်နိုင်တဲ့ ဒီချုပ်ခေါင်းဆောင်တွေထဲက လွှတ်တော်ဥက္ကကြီးဆိုသူကလည်း စစ်တပ်အလိုကျ ငြိမ်းချမ်းရေးရမှ ဖွဲ့စည်းအုပ်ချုပ်ပုံပြင်ကြတာပေါ့ဗျာတဲ့။ လူတစု ကလိန်ကကျစ်ကျ ရေးဆွဲထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဖို့တောင် ဒါလောက်ခက်နေသေးရင် အယူအဆအမျိုးမျိုး၊ ၀ါဒအမျိုးမျိုး၊ လူမျိုးစုနောက်ခံ ဘာသာစကား အမျိုးမျိုးနဲ့ ဖွဲ့စည်းထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ ညီညွတ်ငြိမ်းချမ်းဖို့ လက်နက်စွန့်ဖို့ဆိုတာ…..။
နောက်ပြီး စစ်တပ်ရဲ့သဘောထားကလည်း ငြိမ်းချမ်းရေးလိုချင်တဲ့ ဆန္ဒအစစ်အမှန်ရှိ မရှိဆိုတာ ဘယ်သူအာမခံနိုင်ပါသလဲ။ အောက်လမ်း ဆရာများသရဲမွေးသလို စစ်တပ်ကလည်း သူပုန်မွေးရပါတယ်။ စစ်တပ်ရဲ့အခန်းကဏ္ဍကြီးကျယ်ကြောင်း လိုအပ်ကြောင်းပြဖို့ သူပုန်ရှိမှ ဖြစ်တာပါ။ ဒါ့ကြောင့် မကြီးလှတဲ့ မီးတောက်လေးတွေ သူတို့ဘယ်တော့မှ မငြှိမ်းချင်ကြပါဘူး။
ပြည်ပစစ်ပွဲ နိုင်ငံတကာစစ်ပွဲဆိုလို့ တရုတ်ဖြူလောက်နဲ့သာ တိုက်ဖူးတဲ့ စစ်တပ်ဟာ ပြည်တွင်းစစ်အတွက် စစ်သည်တော် သုံးသိန်းကျော်စုဆောင်းပြီး လက်နက်အပြည့်အစုံတပ်ဆင်၊ ပြည်တွင်းစစ်ရှာ အနိုင်ရလာရင်၊ သီဟသူရဘွဲ့၊ သူရဘွဲ့၊ ဟိုဘွဲ့၊ ဒီဘွဲ့တွေပေးပြီး ချီးမြှောက်၊ စစ်ပြန် အဖွဲ့အစည်းကြီးဖွဲ့ပြီး အခွင့်ထူးခံလူတန်းစားတရပ်ဖွဲ့၊ လူနပ်ချမ်းသာ ဗိုလ်ချုပ်တွေကတော့ ဦးပိုင် အမည်ခံပြီး ချမ်းသာချင်တိုင်းချမ်းသာနေချိန်မှာ… ရှေ့တန်းပြန် မိုင်းထိခံ အကြပ်တပ်သားတွေကတော့ ခြေပြတ်လက်ပြတ်၊ တောင်းစားသူကတောင်းစား၊ ဂျိုင်းထောင့်နဲ့ ဂျာနယ်စာစောင်လက်ပွေ့ ရောင်းသူကရောင်း။
ကနေ့အထိ၊ "စစ်တပ်မထိနဲ့၊ ထိရင်မီးပွင့်သွားမယ်" ဆိုတဲ့ သဘောထားက စစ်ဗိုလ်ချုပ်တွေမှာ ပြင်းပြင်းထန်ထန်ရှိနေဆဲပဲ။ ဒါကြောင့် ၂၀၀၈ အခြေခံဥပဒေကို အသည်းအသန် ကာကွယ်နေတယ်ဆိုတာ NLD ဗဟိုကော်မတီဝင်ကြီးများလည်း သိလိမ့်မယ်ထင်ပါတယ်။ ဒီလို ရေခံမြေခံအခြေအနေမျိုးမှာ ၂၁ ရာစု ပင်လုံစာချုပ်ဆိုတာထက် ၂၀၀၈ အခြေခံဥပဒေကို စက္ကူစုပ်ဖြစ်အောင် အရင်လုပ်ရမှာပါ။ စစ်တပ်ငြိုငြင်မှာစိုးလို့ တကယ့်အညှာကိုတော့ မကိုင်ရဲဘဲ "ကျွဲပြဲကြီး" ကို စီးဖို့ကြိုးစား နေရင်တော့ အချိန်ကုန်၊ ငွေကုန်လူပမ်းဆိုတာထက်ပို အကြောင်း ထူးမယ်မထင်ပါဘူး။
၂၁ ရာစု ပင်လုံညီလာခံကြီး လက်မှတ်မထိုးနိုင်ဦးတော့ ၂၀၀၈ အခြေခံဥပဒေကြီးမပြင်နိုင်သေး ဦးတော့ လောလောဆယ်ပြည် သူတွေ အိပ်ကောင်းခြင်းမအိပ်ရ၊ စားကောင်းခြင်းမစားရဖြစ်နေတဲ့ဘ၀ ကလွတ်အောင်"တရားဥပေဒစိုးမိုးရေး" ကိုအရင်ဆုံး ကိုင် တွယ်သင့်ပါတယ်။ ခုတော့ မိလိုက်ပြန်ပြီ - မူးယစ်ဆေး ကွန်တိန်နာကြီးနဲ့တလုံး ပြီးတော့ ပိုင်ရှင်မဲ့၊ ဟောမိပြန်ပြီ - စိတ်ကြွဆေး မြန်မာကျပ်ငွေသန်း ပေါင်းဘယ်နှစ်ရာဖိုး ပြီးတော့ပိုင်ရှင်မဲ့..။ တုတ်ဆွဲ၊ ဓားဆွဲ ရိုက်ကြနှက်ကြပြန်ပြီ အိမ်မီးရှို့၊ ဗလီမီးရှို့ တရားခံဘယ်သူမှန်းမသိ၊ ကြောက်တဲ့သူတွေ အထုပ်ဆွဲပြေးကြလွှားကြ မင်းမဲ့တိုင်းပြည်ဖြစ်လို့နေပါပ ကောလား။
ဘစ်ကားစီးတော့လည်း စပယ်ယာကြောက်ရ၊ တက္ကစီးငှာစီးတော့လည်း မလုံခြုံ၊ နေ့ခင်း ကြောင်တောင် လုတာယက်တာ ဆွဲကြိုးဖြတ်တာ… ထားပါတော့…။
တိုင်းပြည်က အဆိုးဆုံးအခြေအနေကို ရောက်နေတဲ့အချိန်မှာ နှစ်ပေါင်း ၆၀ ကျော်က အနာဟောင်းကြီးကို ကုမယ့်အစား လောလောလတ်လတ် ပြဿနာတွေကို အရင်ရှင်းသင့်ပါတယ်။ လက်တွေ့ဘ၀ကို ရဲရဲရင်ဆိုင်သင့်ပါတယ်။
စစ်ဝါဒီတွေဟာ စစ်ဝါဒတရပ် ထူထောင်ဖို့ စစ်ပွဲဆိုတာတွေကို မဖြစ်မနေလိုအပ်ပါတယ်။ ဒီဒဿနကို ယုံကြည်တယ်ဆိုရင်… စစ်တပ်အကျိုးစီးပွားနဲ့ တိုင်းပြည်အကျိုးစီးပွား ဘယ်ဟာကို သူတို့ဦးစားပေး တယ်ဆိုတာကို နားလည်တယ်ဆိုရင် ၂၁ ရာစု ပင်လုံစာချုပ်ဆိုတာ စာရွတ်ပေါ်မှာ လူမြင် သူမြင် တင့်ရုံက လွဲလို့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။
ပြည်တွင်းမှာ ရိုးသားစွာလုပ်ကိုင်စားသောက်နေတဲ့ မြန်မာနိုင်ငံသားစစ်စစ်တွေမှာ နေ့နေ့ညည မလုံမခြုံ ဘ၀ကိုရင်ဆိုင်နေကြရတယ်။ ဝါဇီစက်ရုံအားကိုးနဲ့ ငွေစက္ကူတွေ လှိမ့်ထုတ်နေတဲ့ ဒဏ်ကိုခံကြ ရပြီး ကုန်ဈေးနှုန်း အောက် ပြားပြား မှောက်နေကြရတယ်။ လက်နက်ကိုင် အဖွဲ့အစည်းနှစ်ခုဖြစ်တဲ့ စစ်တဲ့ နဲ့ ရဲကို ကာချုပ်က ပိုင်ပိုင်ကြီးကိုင်ထားတော့ လူသတ်မီးရှို့ကိစ္စတွေမှာတောင် သမ္မတတို့ နိုင်ငံတော် အကြံပေးတို့ တုပ်တုပ်မှ မလှုပ်ရဲရှာဘူး။ ဖွံ့ဖြိုးတိုးတက်မှုမှာ မြန်မာထက် နည်းနည်းလေးပဲမြင့်တဲ့ ကမ္ဘောဒီးယားမှာတောင် ၀န်ကြီးချုပ်ဟွန်ဆင် မော်တော်ဆိုင်ကယ် နောက်ကစီးရင်း ဦးထုပ် မဆောင်းလို့ ဒဏ်တပ်ခံရတဲ့သတင်း အင်တာနက်မှာ ဖတ်လိုက်ရပါသေးတယ်။ ခုရက်ပိုင်းလေးမှာပဲ သြစတြေးလျက နိုင်ငံခြားရေးဝန်ကြီး Julie Bishop ကားမောင်းနေရင်း ဖုန်းပြောမိလို့ ကင်မရာနဲ့အတိအကျမိတော့ ဒဏ်ငွေ ဒေါ်လာ ၄၀၀ ဆောင်လိုက်ရတဲ့ သတင်း တီဗီကလွှင့်သွားပါတယ်။ ကျွန်တော်တို့ ရွှေပြည်ကြီးမှာတော့ လမ်းပြပုလိပ်ကို မြေးတော်လေးက ပါးဆင်းရိုက်တာ မီဒီယာအင်တာဗျူးလုပ်တာတောင် သူ့ခမျာ ရဲရဲ မပြော ရဲရှာဘူး။ ကြောက်လိုက်သမှ တုန်လို့၊ ပြဿနာဖြစ်မှာကြောက်လို့။
လူ့အခွင့်အရေး အထမ်းအမှတ်နဲ့ Twilight Over Burma ရုပ်ရှင်ကို စစ်တပ်က ခွင့်မပြုလို့ မပြလိုက်ရှာဘူးဆိုတော့ တိုက်တိုက်ဆိုင်ဆိုင် လူ့အခွင့်အရေးအထိမ်းအမှတ်ပွဲမှာ လူ့အခွင့်အရေးကြီးတခု အစော်ကားခံလိုက်ရတာကတော့ စစ်တပ်ရဲ့လက်တံ ဘယ်လောက်ရှည်တယ် ဆိုတာပြလိုက်တာပါပဲ။ ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ အရှင်ဂမ္ဘီရ (ခေါ်) ညီညီလွင်ကို လူဝင်မှု ပုဒ်မနဲ့စွဲချက်တင် ထောင် ချ၊ လွတ်ခါနီးတော့ နောက်ကြောင်းပြန် ပုဒ်မနဲ့ ထောင် ထပ်ချဖို့ ကြိုးစားနေချိန်မှာ သင်္ကန်းဝတ်တဦးက လူမျိုးရေးအမုန်းစကားတွေ ပက်ပက်စက်စက်ပြောနေတာကို၊ ခုအရပ်သားအစိုးရတက်ပါပြီဆိုတဲ့အထိ အေးအေးဆေးဆေးပါပဲ။
စစ်အစိုးရလက်ထက်က ဥပဒေနဲ့ ရမ်းကားခဲ့တာတွေ ကတော့ စာရင်းတို့လို့ ကုန်နိုင်ဖွယ်မရှိပါဘူး။ ခုလောလောလတ်လတ် ဖြစ်သွားတဲ့ သူရဲသမိန်ကျေးရွာက အိမ်မီးရှို့၊ ဗလီမီးရှို့ ကိစ္စ၊ ရှမ်းပြည်နယ် မိုင်းယော် ကျေးရွာအနီးမှာ သတ်ဖြတ်ပြီး မြေမြှုပ်ထားတဲ့ အလောင်း ၇ လောင်းကိစ္စ၊ မြစ်ကြီးနားတက္ကသိုလ်က ကျောင်းသားလေး သေနတ်မှန် သေဆုံးခဲ့ရတဲ့ကိစ္စ၊ ဘယ်မှာလဲ တရားခံ၊ ဘယ်မှာလဲတရားဥပဒေစိုးမိုးရေး…။
အချုပ်အခြာ အာဏာပိုင် နိုင်ငံတခု ပြည်သူကရွေးချယ်ထားတဲ့ အစိုးရ၊ လုံခြုံရေးလက်နက်ကိုင်အဖွဲ့အစည်း၊ တိတိကျကျရှိပါလျက် အခုလိုရာဇ၀တ်မှုတွေ ထူပြောနေ တာ တရားဥပဒေမဲ့နေတာတွေ ဘယ်သူ့မှာတာဝန်ရှိသလဲဆိုတာ စဉ်းစားသင့်ပါပြီ။ စစ်တပ်နဲ့ ရဲ (တနည်း) ကာကွယ်ရေးနဲ့ ပြည်ထဲရေး ၀န်ကြီးဌာနတွေကို အရပ်သား အစိုးရက သြဇာမညောင်းဖြစ်ရအောင် အခြေခံဥပဒေနဲ့ အကာအကွယ်ယူထားလေတော့ လက်တွေ့မှာ အစိုးရအဖွဲ့ အကြီးအကဲ သမ္မတကြီးရဲ့ ဂုဏ်သိက္ခာနဲ့သြဇာထိခိုက်ပွန်းရှပြီး တနိုင်ငံ အစိုးရ နှစ်မျိုး အသွင်ဆောင်နေတာ တကယ်တော့ဝမ်း နည်းဖို့ကောင်းပါတယ်။ တခြမ်းပဲ့ အာဏာရထားတဲ့ ဒီချုပ်အစိုးရမှာလည်း ပြဿနာပေါင်း သောင်းခြောက်ထောင်အပြင် စစ်တပ်မငြိုငြင်အောင်၊ လူမျိုးရေး၊ ဘာသာရေးကိစ္စမှာ အမြင်မစောင်းအောင်၊ စီးပွားရေး နာလန်ထူအောင် ပညာရေးပေမီ ဒေါက်မီ ဖြစ်အောင် လုပ်ရမယ့် တာဝန်ကြားထဲက ဒီ၂၁ ရာစု ပင်လုံဆိုတဲ့ အင်မတန်ရှုပ်ထွေးကျယ်ပြန့်တဲ့ကိစ္စကြီး အောင်မြင်အောင် ဆောင်ရွက်နိုင်ပါ့မလားဆိုတာ ကလည်း စိုးရိမ်စရာပါ။
နှစ်ပေါင်းများစွာ အမြစ်တွယ် လှိုက်စားနေတဲ့ ပြည်တွင်းစစ်မီးကို အပြီးတိုင် ချုပ်ငြိမ်းဖို့ဆိုတာ စာ ရွက်ပေါ်လက်မှတ်ထိုးရုံနဲ့မရနိုင်ပါဘူး။ ပြည်နယ်တိုင်း လူမျိုးစုတိုင်းကလည်း သူတို့အကျိုးစီးပွားရှေ့ တန်းတင်မှာဖြစ်သလို တပ်မတော်ကလည်း သူ့အကျိုးစီးပွားကိုကာကွယ်မှာပါပဲ။ အကျိုးစီးပွားချင်း ဆန့်ကျင်နေသမျှ ကာလပတ်လုံး လုံးဝဥဿုံ ငြိမ်းချမ်းရေးဆိုတာ မဖြစ်နိုင်သေးပါဘူး။ ပြည်သူ တရပ်လုံးကတော့ သပွတ်အူကြီးမျောလာတာကို လဲမှို့အိတ်ဖွင့်ရင်း ဆူးလှည်းပေါ်က ထိုင်ကြည့်နေကြမှာပါ။
စစ်တပ်ကလည်းကျေနပ်၊ တိုင်းရင်းသားလူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း သဘောတူ၊ ဒီချုပ်အစိုးရကလည်း နှစ်ထောင်းအားရဖြစ်လို့ ၂၁ ရာစုပင်လုံစာချုပ်ကြီး ချုပ်ဆိုနိုင်ရင် နတ်လူ သာဓုခေါ်ကြမှာပါ။ ထုံးစံအတိုင်း ကွဲကြပြဲကြဦးမယ်ဆိုရင်ဖြင့် "ပလုံ" စာချုပ်လို့ပဲ ပြည်သူတွေက ဝေါဟာရ ပြုကြပါလိမ့်မယ်။ ။
သာထက်အောင်
ဇူလိုင် ၄၊ ၂၀၁၆