မောင်လူရေး - ရွှေဘိုက ဘုရားပွဲ မြင်ကွင်း


မောင်လူရေး - ရွှေဘိုက ဘုရားပွဲ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၂၈၊ ၂၀၁၆ 

ကနေ့ ကျုပ်တို့ ဘုရားပွဲ

ရွှေဘိုက ဘုရားတိုင်း ဘုရားပွဲရှိတယ်။ နယုန်လကွယ် လမ်းလည်ဘုရားကစတာ၊ ဇမ္ဗူ့ဆီမီး ခြောက်ရောင်ငြီးမျှ ဂူကြီးသခင် ရွှေလင်းပင်နှင့် ရွှေခြင်္သေ့မွေ စ၍ရေသော် ရွှေစေတီကြီး အသီးသီးတည့်ဆိုတဲ့ မဲဇာတောင်ခြေရတုထဲကဘုရားတွေကအလယ်၊ တန်ဆောင်မုန်းလပြည့် ချမ်းသာကြီးချမ်းသာရဘုရားကအဆုံး၊ ဥပုဒ်နေ့တိုင်း ၁၉-ဆူ ၁၉-ပွဲ ဆက်တိုက်ရှိတယ်။
ထူးခြားတာက ဘုရားပွဲတိုင်း ဘုရားနဲ့ဆိုင်တဲ့ရပ်ကွက်တွေက အကျွေးအမွေးနဲ့ ဧည့်ခံကြတယ်။ အိမ်ပေါက်စေ့နီးနီးပေါ့။ သိသိ မသိသိ နဲနဲမျက်မှန်းတန်းမိရင် ဝင်စားရုံဘဲ။ ကိုယ်မသိလဲ ကိုယ့်အဖော်ကသိရင် အတူဝင်စား၊ အဲဒီကျမှ မိတ်ဆက်၊ မိတ်ဆွေဖြစ်ကြ။ ကိုယ်ကြိုက်တဲ့ကောင်မလေးရှိတဲ့အိမ်ကို အဲဒီအိမ်နဲ့သိတဲ့သူနဲ့ ကပ်လိုက်စားတာမျိုးလဲ ပါတာပေါ့။ အိမ်ထဲရောက်လာမှတော့ ဧည့်ခံစကားပြောရတာပေါ့လေ။ ဒါဆို ရင်းနှီးမှု တည်ဆောက်တဲ့အဆင့် အောင်သွားတာဘဲ။ နောက်တမျိုးက ကိုယ့်ရည်းစားကို အိမ်ကလူတွေ အမျိုးအဆွေတွေနဲ့ တွေ့ပေးတဲ့ အခွင့်အရေးလဲ မုန့်ဖိတ်ကျွေးရင်း လုပ်ကြတာပ။ ကုလားသော ဘာသော မခွဲခြားတဲ့ပွဲလည်း ဟုတ်တယ်။ အခု ပြည်တွင်းပြည်ပ ပယောဂတွေနဲ့ သောကအသစ်တွေဝင်လာတော့ သူ့ပွဲကိုယ့်ပွဲ ကိုယ့်ဘုရားပွဲ သူ့အစ်ပွဲ ထိုက်လျောက်တော့ ရှဲသွားကြတယ်။ ရွှေဘိုမှာတော့ အဖိတ်နေ့ရောက်ပြီဆိုရင် ဒီတခါ ဘယ်ရပ်ကွက်ကဘုရားပွဲ သွားဆွဲကြစို့ဘဲ။ ဘုရားပွဲဖြစ်တဲ့ရပ်ကွက်ထဲရှောက်လိုက်ရင် ကိုယ်နဲ့သိတဲ့သူတော့ တွေ့တာဘဲလေ။
ကနေ့ တောဖိတ်နေ့။ ကြော်ကြ လှော်ကြ ချက်ကြ ပြုတ်ကြနဲ့ တရပ်ကွက်လုံး မွှေးကြိုင်။ ဘယ်သူရေ ဘာကျွေးမှာတုံးဟေ့၊ ဒီနှစ်တော့ ဒို့အိမ်က မုန့်ဟင်းခါး ကြာဇံစသဖြင့် ညံစာညံစာ။ ကလေးဘဝ အပျော်ဆုံးနေ့ရက်များပေါ့။ ကိုယ့်သူငယ်ချင်းတွေ ကိုယ့်ဆရာဆရာမတွေ အိမ်ခေါ် မုန့်ကျွေးရတဲ့ရက်ကိုး။ တရပ်လုံးလဲ ဘယ်အိမ်ပတ်စားစား၊ ကစားလိုက် စားလိုက် ကြွားလိုက်နဲ့၊ နားကို မနားတာ။

ဘုရားပွဲနီးပြီဆို အသံချဲ့စက်သံပေးလိုက်တာနဲ့ ရပ်မိရပ်ဖတွေ ကာလသားခေါင်းတွေ လူငယ်တွေစုပြီး ဘုရားမှာ သန့်ရှင်းရေးလုပ် မြက်ခုတ်ပေါင်းခုတ် ဆေးသုတ် ထုံးသုတ်ကြ၊ အဲဒီမှာ လာကျွေးကြမွေးကြ၊ လက်ဖက်ရည်သောက်နားချိန် ရွာရေးရပ်တာ ပြောကြဆိုကြ၊ လူကြီးက လူငယ် အစဉ်အလာလေးတွေ လက်ဆင့်ကမ်းကြနဲ့ ပျော်စရာ။

အဖိတ်နေ့မှာ ဆွမ်းတော်ပွဲလာ ကပ်ကြတယ်။ တချို့ဘုရားက နှစ်ရပ်ကွက်ဆိုင်။ ဆွမ်းတော်ပွဲများတာပေါ့။ အိမ်ပေါက်စေ့လောက် ပို့ကြတာကိုး။ တခြားရပ်ကွက်တွေကလဲ လာပို့ကြတယ်။ အဲဒီဆွမ်းတော်ပွဲတွေကို ရပ်ကွက်က တာဝန်ခွဲစောင့်ရတယ်။ ဆွမ်းတော်ပွဲစောင့်ရာထူးသူများဆို စစ်ရေးပြအခမ်းအနားက စစ်သားရဲ့ မျက်နှာပေးမျိုးနဲ့။ ဒုတ်ကို လက်နက်စွဲသလို စွဲလို့။ ကိုယ့်တရပ်ကွက်ထဲ သူငယ်ချင်းက ပြုံးပြတာတောင် မျက်နှာထားတင်းတင်းနဲ့။ နိုင်ငံတော်သစ္စာကို စောင့်သိရိုသေသလိုမျိုး။ ဆွမ်းတော်ပွဲက မနက်မှ စွန့်မှာ။ ညမှာ ဆွမ်းတော်ပွဲခိုးဖို့ ချောင်းတဲ့ သူတွေကလဲ အများသား။ ခုနကပြောတဲ့ မျက်နှာပေးမျိုးတွေကြောင့်လဲ ဖြစ်မှာ။ ဒါကလဲ ဘုရားပွဲရဲ့ ပျော်စရာ ဇာတ်ဝင်ခန်းတခု။ အဲဒီဆွမ်းတော်ပွဲတွေကို ဘုရားပွဲပြီးလို့ ဆွမ်းအလှူရေစက်ချတဲ့အခါမှာ တချို့ကို ဘုန်းကြီးထည့်လှူ၊ တချို့ကို ဝေယျာဝစ္စလုပ်သူတွေကျွေး၊ တချို့ကို ဆွမ်းတော်ပွဲလာလုတဲ့ ရွှင်ပျော်ပျော်လေးတွေကိုကျဲ၊ တချို့ကို သူတောင်းစားတွေကို မျှဝဲ အဲလို ဝေပုံခွဲရတယ်။

ညပိုင်းမှာ ကာလသားခေါင်းတွေနဲ့ လူကြီးတွေက လက်ဖက်ရည်တည်ရတယ်။ မိုးလင်းဘဲ။ တမြို့လုံးက ဆွမ်းခံကြွလာမယ့် သံဃာတထောင်ကျော်ကို ကပ်ဖို့နဲ့ တမြို့လုံးက ဆွမ်းလာပို့သူ အားလုံးကို ဧည့်ခံဖို့။ အဲဒီလက်ဖက်ရည်ဖိုးနဲ့ ဘုရားပွဲကုန်ကျစရိတ်ကို ရပ်မိရပ်ဖတွေ လူငယ်တွေက ဖလားနဲ့ ရပ်ကွက်ထဲ သဒ္ဒါကြေးလှည့်အလှူခံရတယ်။ ဟိုတုန်းကတော့ ဘုရားပွဲတိုင်း အငြိမ့်တွေ ဇာတ်တွေပါကြတယ်။ ၈၈-အရေးအခင်းနီးလာတဲ့ နောက်ပိုင်းနှစ်တွေမှာ တဖြည်းဖြည်း မထည့်နိုင်တော့ဘူး။ အငြိမ့်ဇာတ်သဘင်တွေလဲ တဖြည်းဖြည်းကောလာတော့တာပ။ မြန်မာ့အနုပညာဆိုတာကလဲ ဘုရားပွဲအပေါ် မှီရတာမဟုတ်လား။

စစ်အစိုးရတက်လာတော့ အရက်ဆိုင်တွေ သိသိသာသာဖွင့်ခွင့်ပေးလာသလို လောင်းကစားတွေလဲ သိသိသာသာ ခွင့်ပြုလာတယ်။ အထူးသဖြင့်တော့ ခြောက်ကောင်ဝိုင်းတွေပေါ့လေ။ ရပ်ကွက်တွေက ဆင်းရဲကျပ်တည်းလို့ ပွဲမထည့်နိုင်ကြတဲ့အချိန်မှာ သူတို့ ပွဲငှားပြီး ခြောက်ကောင်ဒိုင်ဖွင့်ကြတယ်။ ကျေးရွာဘုရားတွေရောပေါ့။ ရွှေဘိုက ရွှေတန်ဆာဘုရားဆိုရင် လချီပြီးတောင် ပွဲကတယ်။ မြို့မှာ သူခိုးသူဝှက်တွေကို ထူပြောလာတဲ့အထိဘဲ။ ခုတော့ အထက်မြန်မာပြည် အစည်ဆုံးလို့ပြောလို့ရတဲ့ မြို့ဒေါင့်စေတီဘုရားပွဲတခုဘဲ ပွဲထည့်တော့တယ်ဆိုရမယ်။ သူကတော့ ဟိုတုန်းကထဲက ဇာတ်ကြီးတင် ၅-ခုလောက်ပါခဲ့တာကိုး။ နောက်ဆုံးဘုရားပွဲကလဲ ကထိန်နဲ့ဆုံတော့ ပွဲပါသေးတယ်။ ခုတော့ ဘုရားပွဲတိုင်းမှာ မြန်မာ့ရိုးရာ ခြင်းလုံးအလှခတ်ပွဲပါတယ်။ ရိုးရာထိန်းရင်းပေါ့လေ။

ဘုရားပွဲကျရင် ရွှေဘိုမှာရှိတဲ့ ကျောင်း ၇၅-ကျောင်းက သံဃာတွေဟာ ပုံမှန် ရပ်ထဲ လှည့် ဆွမ်းခံထွက်နေကျကို နားလိုက်တယ်။ ဘုရားပွဲကို ဆွမ်းခံကြွရမှာ။ မြို့သူမြို့သားတွေကလဲ ဘုရားပွဲကိုဘဲ ဆွမ်းပို့ကြမှာ။ အိမ်မှာ မလောင်းတော့ဘူး။ တမြို့လုံးက သံဃာရော ဒကာရော စုမိတဲ့ပွဲပေါ့လေ။ သံဃာအချင်းချင်း ဒကာအချင်းချင်း ရင်းနှီးခွင့်ရတဲ့ အချိန်အခါထူးကြီးလည်း ဖြစ်တာပေါ့။ ဘုရားပွဲကျင်းပတဲ့ ရပ်ကွက်ကတော့ ဆွမ်းရော ဟင်းရော အမာခံပို့ရတယ်။ ဘုရားပွဲကာလဆို ရပ်ကွက်တိုင်းမှာ သပိတ်ခေါင်းတွေ ရှိကြတယ်။ သူတို့က ဖက်ခွက်လေးတွေထိုးပြီး အိမ်တွေကို လိုက်ပို့တယ်။ များသောအားဖြင့်တော့ ဘဏ္ဍာရွက်နဲ့ ထိုးကြတာဘဲ။ ငါးခွက် ဆယ်ခွက်စသဖြင့်ပေါ့၊ အိမ်က ယူမလောက် ပေးတယ်။ မနက်ကျ သပိတ်ခေါင်းဆီမှာ ဆွမ်းသွားပေါင်း၊ အဲဒီဆွမ်းတွေ ဟင်းတွေကိုစုပြီး ဆွမ်းပို့မယ့်သူတွေက အထမ်းတွေနဲ့ သွားပို့ကြတယ်။ ဆွမ်းပို့တဲ့အတန်းကြီးတွေကလဲ မြိုင်လို့ပ။ ကလေး လူငယ် လူကြီးအရွယ်စုံ။ အခုခေတ်တော့ ဖက်ခွက်နေရာမှာ ကျွတ်ကျွတ်အိပ်နဲ့ ထည့်လာကြတယ်။ ဖက်ခွက်လုပ်သူ နဲလာတယ်။ ဘုရားရောက်တော့ ဆွမ်းကြီးလောင်းပွဲတာဝန်ခံတွေက သပိတ်ခေါင်းတွေပို့တဲ့ ဆွမ်းဟင်းတွေကို ဘယ်ဟင်းက ဘယ်နှစ်ခွက်ဆိုပြီး ရေတွက်နေရာချတာပေါ့။ ဟင်းကတော့ ဝက်သား၊ ဘဲဥ၊ အချဉ်၊ ပဲငပိပြား၊ ပဲပြုပ် ဒါတွေဘဲ များတာပေါ့။ အဲဒါကို သံဃာနဲ့အချိုးချပြီး လောင်းရတာကိုး။ ရွှေဘို ဘုရားတိုင်းမှာ ဆွမ်းလောင်းဇရပ်ရှိတယ်။ ဆွမ်းလဲလောင်း ဇရပ်အဖြစ်လဲသုံး။

ဒီအစဉ်အလာဟာ နှစ် ၂၀၀-ကျော်သွားပြီ။ ၁၁၇၆-ခုနှစ်က စခဲ့တာဆိုတော့။ ကျုပ်တို့မြို့ရဲ့ ကျုပ်တို့ကြည်နူးဘွယ်ပ။ ကျုပ်တို့ညီညွတ်ရေး ကျုပ်တို့အေးချမ်းမှု။

မောင်လူရေး