နရီမင်း - အရူးချေးပန်း ရထား
(မိုးမခ) ဇူလိုင် ၉၊ ၂၀၁၆
ညဘက်မှာ
ပိုက်ဆံ ပိုတောင်းရအောင်
လိုင်းကားတွေ ဈေးခေါ်သလိုမျိုး
သူက
နောက်ဆုံးရထား လို့ လှည့်ဖျားတယ်။
ငကန်းသေရင် ငစွေပေါ်လိမ့်မယ်၊
နောက်ဆုံးရထား ရှိရိုးလားကွာ။
ဘာပဲဖြစ်ဖြစ်
ပင်ပန်းလှတဲ့ ဘဝတွေက
မိသားစု၊ ညစာနဲ့ အိပ်ရာ
အဲ့ဒီလိုနွေးထွေးမှုတွေကို
တနေကုန် ငတ်မွတ်ခဲ့တာမို့
အိမ်ပြန်ချင်ဇောနဲ့
ကျေနပ်စွာ အလိမ်ခံခဲ့ကြတယ်။
လမိုက်ညမှာ
ရထားက ဥသြတောင် မဆွဲဘဲ
မီးတွေလည်း အမှောင်ချထားတာမို့
ခွေးဟောင်သံတွေ ကြားရရင်
ဘူတာတစခု ဝင်တာပဲလို့
ကြံဖန်တွေးယူရတယ်။
ငါတို့ ဘယ်ရောက်နေလဲ
မသဲကွဲဘူး။
အချိန်ကြာလာတာနဲ့အမျှ
ဘယ်ကို ဦးတည်သွားနေလဲတောင် မသိတော့ဘူး။
အင်း ...
ရထားသံ တဒုတ်ဒုတ်ကလွဲရင်
ရထားက
တကယ်ခုတ်နေရဲ့လားတောင်
မသေချာတော့ဘူး။
ညက မှောင်မြဲမှောင်ဆဲပါ။
ငါတို့ အိမ်ပြန်ရောက်ချင်လှပါပြီ။
နရီမင်း ၇ - ၇ -၂၀၁၆