လင်းသက်ငြိမ် - ပြတင်းပေါက်ကလေး
(မိုးမခ) ဇူလိုင် ၁၄၊ ၂၀၁၆
လူတယောက်မှာ အစွဲအလမ်းတခုတော့ ရှိလိမ့်မယ်လို့ထင်ပါတယ်။ အစွဲအလန်းတခု
ထက်မကလည်း ရှိကောင်းရှိနိုင်ပါလိမ့်မယ်။
ကျွန်တော့်ရဲ့အစွဲအလမ်းတခုကတော့ ပြတင်းပေါက်ကလေးပဲ ဖြစ်ပါတယ်။ အမြဲတမ်းစိတ်ကူး
ယဉ်နေမိခဲ့တဲ့ပြတင်းပေါက်ကလေးပဲပေါ့။ မနက်မိုးလင်းလို့နိုးလာတာနဲ့ ပြတင်းပေါက်ကလေးကို
တွန်းဖွင့်ပြီး နေရောင်ခြည်ကိုငေးရင်း ခွန်အားသစ်တွေယူမယ်။ သစ်လွင်လတ်ဆတ်တဲ့မနက်ခင်းလေညင်းရဲ့အပွေ့အဖက်ကိုခံယူပြီး စိတ်ကို လန်းဆန်းစေမယ်။ လောကရဲ့မနက်ခင်းမြင်ကွင်းတွေကို ခံစားပြီးအိပ်ရာက နိုးထခွင့်ဆိုတာ ပြတင်းပေါက်ကလေးကိုစွဲလမ်းသူရဲ့စိတ္တဇလို့ပဲ
ဆိုရမလား။
မိသားစုတစုလုံးစုရင်းဆောင်းရင်း အိမ်သစ်ကလေးတလုံး ဆောက်ဖြစ်ခဲ့ပြီ။ အရပ်မြင့်မြင့်နဲ့ ပျဉ်ထောင်သွပ်မိုး ခပ်ရိုးရိုး အိမ်ကလေးပါပဲ။ ကျွန်တော့်ရဲ့ပြတင်းပေါက်ချင်ခြင်း ပြည့်ဝခဲ့ပြီပေါ့။
ကျွန်တော့်အခန်းမှာ တံခါးနှစ်ချပ်နဲ့ပြတင်းပေါက်ကလေးတခုကို မဖြစ်မနေတပ်ပေးဖို့ အဖေ့ကို
တောင်းဆိုတော့ အဖေကလိုလိုချင်ချင်ပဲ တပ်ဆင်ပေးခဲ့တယ်။ အိမ်ကလေးကိုလက်သမားမငှား
ပဲ အဖေနဲ့သူ့ညီတို့ ဝိုင်းဆောက်ကြတယ်။ တူရိုက်သံတွေစကားပြောသံတွေကြားထဲမှာပြတင်းပေါက်ကလေးအကြောင်းတွေးရင်း ကျွန်တော်ကြည်နူးလို့။
အိမ်ကလေးပြီးသွားတော့ခအရပ်ထုံးစံအတိုင်း အိမ်တက်ပွဲကလေးလုပ်ပြီး ကျွန်တော်တို့
အိမ်အသစ်ကလေးပေါ် တက်နေကြတယ်။
ကျွန်တော့်အခန်းထဲကပြတင်းပေါက်ကလေးကိုကြည့်ပြီး တစ်ယောက်တည်း ကျေနပ်နေခဲ့တယ်။
ဒီပြတင်းပေါက်ကလေးဘေးမှာ ကဗျာတွေအများကြီးရေးပစ်လိုက်ဦးမယ်လို့ စိတ်ထဲတွေးနေမိ။
ညအိပ်တော့ အိပ်မက်ထဲမှာ ပြတင်းပေါက်ကလေးပြတဲ့ဇာတ်လမ်းတွေကလည်း ရင်သပ်ရှုမော ဖွယ်ရာတွေချည်း။
မနက်နိုးလာတော့ အလျှင်စလိုပြတင်းပေါက်ကလေးကိုတွန်းဖွင့်မိ။ အဲဒီမှာ လွဲချော်မှုအကြောင်း ကောင်းကောင်းသိရတော့တယ်။ ကျွန်တော့်ပြတင်းပေါက်ကလေးရဲ့ ရှေ့တည့်တည့်မှာ သရက်ပင်နဲ့ ဂွေး(ခွေး)ပင်နှစ်ပင်က ပိတ်ကွယ်လို့။ အိမ်ဆောက်တုန်းကကော၊ ပြတင်းပေါက်တပ်တုန်းကပါ အဲဒီကိစ္စကိုသတိမထားမိခဲ့။ စိတ်ကူးအိပ်မက်ဆိုတာ ချော်လွဲတတ်တဲ့သဘောတရားပါပဲလား။ ကျွန်တော့်အဖေနဲ့အမေ နှစ်ယောက်လုံးက သစ်ပင်စိုက်ဝါသနာပါသူ သစ်ပင်ချစ်သူတွေ
ဆိုတော့ ခြံဝင်းတခုလုံး သရက်ပင်၊ ဂွေး(ခွေး)ပင်၊ ကွမ်းသီးပင်၊ သကြားသီးပင်၊ ပိန္နဲသီးပင်စတဲ့
အပင်ကြီးတွေနဲ့ မုန့်ညင်း၊ ကန့်လန့်ဆိုင်၊ ချဉ်ပေါင်၊ ဆူးပုတ် စတဲ့အပင်သေးတွေကော ပန်းပင်တွေပါ နေရာလပ်မကျန်အောင်စိုက်ထားကြတယ်။
သူတို့အပင်တွေကိုထိဖို့မလွယ်တော့ ကျွန်တော့်ပြတင်းပေါက်ကလေးရှေ့က အပင်နှစ်ပင်ကို
ကျွန်တော်ခုတ်လှဲပစ်ဖို့မလွယ်။
ကျွန်တော်မပျော်တော့ဘူး။ စိတ်ကူးတွေ ရေစုန်မျောသွားသလိုပဲ။ ကျွန်တော့်ပြတင်းပေါက်
ကလေးရဲ့ရှေ့ကသစ်ပင်တံတိုင်းကြောင့် လမ်းကလေးကိုလည်း ကျွန်တော်မမြင်ရတော့ဘူး။ လမ်းပေါ်ကမြင်ကွင်းတွေကိုလည်း ခုတင်ပေါ်ကနေ လဲလျောင်းပြီး ကြည့်လို့မရတော့ဘူးလေ။ ဘဝမှာမျှော်လင့်သလောက်မရနိုင်ဘူးဆိုတာ သင်ခန်းစာ ရခဲ့သလိုပါပဲ။ ပြတင်းပေါက်ကလေးကို ကျွန်တော်မချစ်တော့ပါ။ ပြတင်းပေါက်ကလေးကိုကျွန်တော်မဖွင့်ဖြစ်တော့ပါ။ အကုန်ရရင်ရ မရရင်တခုမှမလိုချင်တဲ့ ကျွန်တော့်အတ္တဟာ မှားလားမှန်လား ကျွန်တော်မသိတော့။
တစ်ရက်။ မိုးရွာပြီးစမနက်ခင်းတခုမှာ အမှတ်တမဲ့ ပြတင်းပေါက်ကလေးကို ဖွင့်လိုက်မိတယ်။ မိုးစက်တွေတွဲခိုနေတဲ့သစ်ရွက်တွေနဲ့ ကျွန်တော့်ပြတင်းပေါက်ကလေးကိုပိတ်ထားတဲ့
သစ်ပင်နှစ်ပင်ဟာ စိမ်းဝင့်လို့။
မိုးရွာပြီးစဆိုတော့ သစ်ရွက်တွေရဲ့ အရောင်အဆင်းကရှိရင်းစွဲထက် လွင်လွင်ကလေး စိမ်းစိုနေကြတယ်။ အဲဒီအစိမ်းကိုတမေ့တမောငေးနေတုန်းနေရောင်ခြည်ဟာ သစ်ပင်တွေအပေါ် ထိုးကျလာ။ သစ်ရွက်ကလေးတွေရဲ့ အစိမ်းဟာ လင်းခနဲ လက်လက်သွားကြပြီး သစ်ရွက်တွေကို တွဲခိုနေတဲ့မိုးစက်တွေကလည်း နေရောင်ကြောင့် လင်းလက်နေကြတော့တယ်။
မှင်တက်စွာ ကျွန်တော် ငေးမောရပေါ့။ တခါတခါကျ ကျွန်တော်တို့အဆိုးလို့လက်ခံထားတဲ့
ဖြစ်ရပ်တွေမှာ မျှော်လင့်မထားမိတဲ့ကောင်းမွန်မှုတွေ ဖြစ်လို့နေတာပဲ။
ကျွန်တော်ဟာ ကိုယ်ရရှိခဲ့တဲ့အရာထက် ကိုယ့်လိုချင်မှုကိုသာ အာသာငမ်းငမ်းမျှော်လင့်နေခဲ့သူပါလား။
ဆရာဖေမြင့်ရဲ့ နှလုံးသားအာဟာရထဲက ပြတင်းပေါက်ကလေးကို သွားသတိရမိတယ်။
အုတ်နံရံကြီးကာထားတဲ့ကြားကပဲ အကောင်းမြင်တတ်သူက လောကရဲ့ အလှတရားကိုခံစားမိပြီး
သူ့နံဘေးကလူကိုပါ စိတ်နှလုံးရွှင်လန်းစေခဲ့တယ်မဟုတ်လား။ ချစ်တဲ့မျက်လုံးနဲ့ကြည်လင်တဲ့
နှလံုးသားမရှိရင် လောကဟာ ဘယ်မှာ နေပျော်စရာကောင်းပါတော့မလဲ။ ကျွန်တော်ပြတင်းပေါက်
ကလေးကို ချစ်တတ်လာခဲ့ပါပြီ။ သစ်ပင်တံတိုင်းတွေရဲ့အလှတရားကိုလည်း ခံစားတတ်ခဲ့ပါပြီ။
လောကကိုဆက်လက်ချစ်မြတ်နိုးဖို့ ပြတင်းပေါက်ကလေးဟောတဲ့တရားကို နာကြားသင်ယူပါဦး
မယ်။ ။
လင်းသက်ငြိမ်