မောင်မောင်စိုး - တောင်တရုတ်ပင်လယ် ကိုးကန့်တရုတ် တရုတ်ပြည်နှင့်ကျွန်ုပ်တို့ မြန်မာ - အပိုင်း ၃

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးစု ဖယ်ဒရယ်ကောင်စီ (UNFC) ။ ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC ) ရန်ကုန်ရုံးခွဲ၊ ဇူလိုင် ၁၇၊ ၂၀၁၆


မောင်မောင်စိုး - တောင်တရုတ်ပင်လယ် ကိုးကန့်တရုတ် တရုတ်ပြည်နှင့်ကျွန်ုပ်တို့ မြန်မာ - အပိုင်း ၃
(မိုးမခ) ဇူလိုင် ၂၀၊ ၂၀၁၆

မြန်မာတရုတ်နယ်စပ်မှ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ
မြန်မာ တရုတ်နယ်စပ်တွင် အခြေပြု တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များသည် လက်ရှိ အချိန်တွင် လက်နက်ကိုင်အင်အား အတောင့်တင့်ဆုံး ဖြစ်ကြသည်။ ထိုအဖွဲ့များ ၂၁ ရာစုပင်လုံညီလာခံတွင် အားလုံးပါဝင်လာရေး သည် ၂၁ ရာစုပင်လုံညီလာခံ အောင်မြင်ရေး အတွက် ပထမခြေလှမ်းလည်း ဖြစ်သကဲ့သို့ အုတ်မြစ်တချပ်လည်း ဖြစ်သည်။ လောလောအချိန်တွင် ဒေါက်တာတင်မျိုးဝင်းခေါင်းဆောင်သည့်အဖွဲ့နှင့် UWSA ဝ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ NDAA မိုင်းလားအခြေပြု တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ တွေ့ဆုံ ပြီးသော်လည်း ၂၁ ပင်လုံညီလာခံတွင် ပါဝင်မည်ဟုအပ်ချမတ်ချထုတ်ပြန်ကြေညာခြင်းမရှိသေးပါ။ အလားတူပင် NCA လက်မှတ်ထိုးထားခြင်းမရှိသေးသည့် UNFC အဖွဲ့ဝင်အများစုများအနေနှင့် ၂၁ ရာစုပင်လုံတက်မည်ဟု ကြေညာခြင်းမပြု သေးပါ။

UWSA နှင့် NDAA တို့ကလည်း ဇွန်လအတွင်း ဒေါက်တာတင်မျိုးဝင်း ခေါင်ဆောင်သောအဖွဲ့နှင့် တွေ့ရာတွင် ညီလာခံ၌ MNDAA ကိုးကန့်အဖွဲ့ PSLF/TNLA တအန်းပလောင်အဖွဲ့ AA ရခိုင်အဖွဲ့များ ပါဝင်ရေးကို ရပ်ခံဆွေးနွေးခဲ့သည်ဟု ဆိုသည်။ လက်ရှိ NCA လက်မှတ်မထိုးသည့် အဖွဲ့များက လည်း ၂၀၁၅ အတွင်း NCA လက်မှတ်ထိုးရာတွင် မပါဝင်ခဲ့ခြင်းမှာ MNDAA/TNLA/AA စသည့် ၃ ဖွဲ့အပါ အားလုံးပါဝင်ရေးမူကို ဆုပ်ကိုင်ထား၍ဖြစ်သည်။ ထို့ကြောင့် လက်ရှိ အခြေအနေ တွင် ၂၁ ရာစုပင်လုံညီလာခံအောင်မြင်ရေးအတွက် ထို ၃ ဖွဲ့အား မည်ကဲ့သို့ ကြည့်မြင်ချဉ်းကပ်မည်ဆို သည်က အရေးကြီးပေသည်။

ထို ၃ ဖွဲ့ထဲတွင် တရုတ်တို့ ထူးခြားစွာကြည့်မြင်သော အဖွဲ့တဖွဲ့ပါရှိသည်။ ထိုအဖွဲ့မှာ ကိုးကန့်အဖွဲ့ MNDAA ဖြစ်သည်။

ကိုးကန့်တရုတ်
ကိုးကန့်ဒေသသည် မြန်မာပြည်နယ်နမိတ်တွင်းပါဝင်လာခြင်းသည်၎င်း ကိုးကန့်တရုတ်တို့ မြန်မာနိုင်ငံသားများဖြစ်လာခြင်းသည်၎င်း၊ ၎င်းအချက်များတရားဝင်မှုသည် အင်္ဂလိပ်တို့ မြန်မာပြည်သိမ်းပြီးနောက်ဗြိတိသျှဘားမားအစိုးရနှင့် တရုတ်အစိုးရတို့၏ ၁၈၉၇ ခုနှစ် သဘောတူစာချုပ်အရ အသက်ဝင်သည်ဟုဆိုရမည်။

လက်ရှိ ကိုးကန့်တရုတ်များနှင့်ပတ်သက်၍ တရုတ်တို့၏ကြည့်မြင်ပုံမှာ သူတို့နှင့် လူမျိုးတူ ဟန်လူမျိုးများအဖြစ်ကြည့်မြင်သည်။ တရုတ်မြန်မာဆက်ဆံရေးတွင် တာဝန်ရှိသူတဦး၏အဆိုအရ ကိုးကန့်တရုတ်များသည် သူတို့၏ဆွေမျိုးသားချင်း ဟန်လူမျိုး များဖြစ်ကြရာ တရုတ်အနေနှင့် မျက်ကွယ်ပြု၍မရ။ သူများအိမ် ရောက်နေသော မိမိသားသမီးနှိပ်စက်ခံရ ဒုက္ခရောက်နေပါက တရုတ်တို့အနေနှင့် လက်ပိုက်ကြည့်နေရန် ခဲယဉ်းသည်ဟုဆိုပါသည်။ ထို့ပြင် မြန်မာအစိုးရအနေ နှင့် ကိုးကန့်တရုတ်များအား စစ်ရေးတိုက်ခိုက်ခြင်းသည် တရုတ်တို့၏စိတ်ကို ရိုက်ခတ်နိုင်သည်ဟု ဆိုခဲ့သည်။
မြန်မာအစိုးရအနေနှင့် ကိုကန့်အဖွဲ့အား အသိမှတ်ပြု ခြင်းမရှိဘဲ လက်ခံဆွေးနွေးရန် ငြင်းပယ်ပါက ပြေလည်အောင် ဖြေရှင်းရန် ခက်ခဲမြဲခက်ခဲနေမည်ဟုတရုတ်တို့ စိုးရိမ်ပူပန်မှုကို ဖော်ပြခဲ့သည်။

၂၀၁၅ နှစ်ဦးပိုင်း ဖြစ်ပွားခဲ့သော ကိုးကန့်ဒေသစစ်ပွဲများတွင် တရုတ်အစိုးရ၏ကူညီထောက်ပံ့မှု ရှိသည်ဟု စွပ်စွဲမှုများရှိခဲ့သည်။ သို့သော် အခိုင်အမာတွေ့ရသော အချက်အလက်များအရ တရုတ် အစိုးရက မူဝါဒချမှတ်၍ ကူညီခဲ့ခြင်းမရှိသော်လည်း အစိုးရဒေသန္တရ အုပ်ချုပ်ရေး စစ်တပ်နှင့် တရုတ်လူထုများကြား ကြီးမားစွာရိုက်ခတ်ခဲ့ပြီး အစိတ်အပိုင်းအချို့၏ထောက်ခံမှု၊ ကူညီမှု ရခဲ့သည်ကတော့ အမှန်ပင်ဖြစ်သည်။ ဤသို့ ရခဲ့ခြင်းသည် တရုတ် အစိုးရပေါ်လစီကြောင့် မဟုတ်ဘဲ တရုတ်အမျိုးသားရေးလက္ခဏာကြောင့်ဖြစ်သည်ဟုဆိုရပါမည်။ ဤကား ကိုးကန့် တရုတ်နှင့် ကိုးကန့်အဖွဲ့၏ ထူးခြားမှုကြောင့်ဆိုရမည်။

ဤသို့ ကိုးကန့်တရုတ်ပြဿနာအား တရုတ်တို့ကအမျိုးသားလက္ခဏာနှင့်ကြည့်မြင်ခြင်းသည် တရုတ်လူမျိုးများအားလုံးလိုလိုတွင် သက်ရောက်မှုရှိသကဲ့သို့ ထိုသို့ကြည့်မြင်မှုသည် တရုတ် အစိုးရပေါ်လစီအားလည်း ဂယက်ရိုက်မှု ရှိသည်။ ပြီးခဲ့သော ၂၀၁၅ ကိုးကန့် ဒေသစစ်ပွဲများ အတွင်း ကိုးကန့်အဖွဲ့သည် တရုတ်အစိုးရ၏အကူအညီပံ့ပိုးမှုထက် တရုတ်လူမျိုးများ၏
ထောက်ခံမှုပံ့ပိုးမှုကိုပိုရသည်ကို တွေ့ရသည်။

စီးပွါးရေးပြဿနာကြည့်မြင်ဖြေရှင်းပါက အကျိုးအမြတ်ပြဿနာကို ရှေ့တန်းတင်တွက်ချက်လေ့ ရှိသည်။ နိုင်ငံရေးအရ အမျိုးသားရေးပြဿနာကိုဖြေရှင်းပါက ဂုဏ်သိက္ခာနှင့်မာန်မာနကို ထည့်သွင်းစဉ်းစားလေ့ရှိကြသည်။

နယ်စပ်ပြဿနာနှင့်တရုတ်
မြန်မာတရုတ်နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တရုတ်တို့၏ဆက်စပ်မှု ပြဿနာကိုကြည့်ရာတွင် ကြည့်မြင်သုံးသပ်ပုံခြင်းမတူကြပေ။ တရုတ်တို့အနေနှင့် နယ်စပ်ဒေသရှိ မြန်မာပြည် ပြည်မဗဟိုအစိုးရ၏ ထိန်းချုပ်အောက်တွင် မရှိသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့်အဆက်အဆံရှိသည်မှာအမှန်ပင်ဖြစ်သည်။ တရုတ်တို့အနေနှင့်ဤသို့ ဆက်ဆံခြင်း သည် သူတို့၏နယ်စပ်ဒေသတည်ငြိမ်ရေးအတွက် ထိန်းချုပ်နိုင်ရန်ဟူသည့် အကြောင်းပြချက် ကောင်း ရှိသည်။

တရုတ်အစိုးရပိုင်းတွင် တရုတ်တို့၏ စစ်ရေးသေနင်္ဂဗူဟာအတွက်၎င်း၊ မြန်မာအစိုးရကို ထိန်းချုပ်နိုင်ရန်အတွက် အဆိုပါအဖွဲ့များ ထောက်ပံ့ကိုင်တွယ်ထားရမည်ဟု အယူအဆ ရှိသူများရှိသကဲ့သို့ မြန်မာအစိုးရနှင့် ဆက်ဆံရေးကောင်းရန် အဆိုပါအဖွဲ့များအား ထောက်ပံ့ခြင်းမပြုရန်အယူအဆရှိသူများလည်း ရှိသည်ဟုသုံးသပ်ကြသည်။ ကြီးမားသောတရုတ်ပြည်တွင် ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရအကြား အကောင်ထည်ဖော်မှု မတူညီခြင်း အကျိုးစီးပွားမတူခြင်းများကြောင့် နယ်စပ်ရှိတိုင်းရင်းသားအဖွဲ့ဆက်ဆံခြင်း ပံ့ပိုး
ခြင်းနှင့်ပတ်သက် မတူညီမှုရှိသည်ဟု သုံးသပ်ရသည်။

သို့သော် နယ်စပ်ရှိတိုင်းရင်းသားအဖွဲ့များ၏ လက်နက်ရရှိမှုသည် အကန့်အသတ်ရှိသည်ကတော့ အမှန်ပင် ဖြစ်သည်။ ထိုအဖွဲ့များ၏ လက်နက်ဝယ်ယူရရှိမှုလမ်းဝေကာင်းသည် တရုတ်သက် သက်တော့မဟုတ်၊ ထိုင်း လာအိုတို့မှ ဝယ်ယူရရှိနိုင်သည်ဟု နယ်စပ်ဒေသသတင်းများက ဆိုပါသည်။

မည်သို့ပင်ဖြစ်စေ တရုတ်တို့သည် တရုတ်နယ်စပ်တွင် ပြင်းထန်သည့် တိုက်ပွဲများ မဖြစ်စေချင် သည်ကတော့ အမှန်ပင်ဖြစ်သည်။ မြန်မာပြည်တိုင်းရင်းသားများပြဿနာအား လက်နက်ကိုင် နည်းနှင့်ဖြေရှင်း၍ မရနိုင်ဟု၎င်း၊ မြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ကူညီပေးသွားမည်ဟု၎င်း မြန်မာပြည်ဆိုင်ရာ အထူးသံတမန် ဆွန်ကော့ရှန်က ဆိုပါသည်။ တရုတ်တို့အနေနှင့်သူတို့၏စီးပွားရေးလုပ်ငန်းများတိုးတက်ဆောင်ရွက်နိုင်ရန် တည်ငြိမ်သည့် နယ်စပ်ဒေသအား လိုလားသည်ဟု သုံးသပ်ရသည်။

ထို့ပြင် တိုင်းရင်းသားများ ပြည်တွင်းစစ်နှင့် နှစ်ပေါင်း ၇၀ နီးပါးဖြစ်ပွားနေသော တိုင်းပြည်တွင် တဖက်ဖက်က စစ်ရေးနည်းနှင့် အနိုင်ရလိမ့်မည်ဟု တရုတ်တို့မယုံကြည်ပေ။ သို့ဖြစ်ရာ မြန်မာ့ ပြည်ငြိမ်းချမ်းရေးကို တရုတ်တို့ လိုလားနေသည်။

ထို ၃ ဖွဲ့
လက်ရှိ ၂၁ ရာစုပင်လုံညီလာခံတွင် အားလုံးပါဝင်နိုင်ရန် ပြဿနာ၂ ခုရှိသည်။ တခုက အားလုံး NCA လက်မှတ်ထိုးရန်ဖြစ်သည်။ နောက်တခုက မြန်မာစစ်ဖက်က လက်နက်စွန့်လွှတ်မှ ညီလာခံ တက်ခွင့်ပေးနိုင်မည်ဟုတောင်းဆိုထားသော MNDAA/TNLA/AA တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ပြဿနာ ဖြစ်သည်။

ထိုအဖွဲ့ ၃ ဖွဲ့နှင့် ပတ်သက်၍ မူလက UNFC ကတဆင့် အားလုံးပါဝင်ရေးအား ၂၀၁၆ နှစ်ဆန်း အထိ တောင်းဆိုလာခဲ့သည်။ သို့သော် ယခု ပင်လုံညီလာခံအတွက် ပြင်ဆင်လာသည့်အချိန်တွင် ထိုအဖွဲ့များသည် UNFC မှနှုတ်ထွက်ခွင့်တောင်းလိုက်ပြီးနောက် ထို ၃ ဖွဲ့ပါဝင်ရေးနှင့်ပတ်သက်ပြီး UWSA နှင့် NDAA တို့မှ ပြောင်းလဲရပ်ခံလာသည်ကိုတွေ့ရသည်။ အဆိုပါပြောင်းလဲရပ်ခံလာ သော UWSA နှင့် NDAA သည် အရှေ့မြောက်တွင် အင်အားအကြီးဆုံးဖြစ်ပြီး သူတို့၏တပ်ဖွဲ့များအား အမြဲတန်းတပ်ပုံစံဖွဲ့စည်းနိုင်ကာ လက်နက်အင်အားတောင့်တင်းသည့်ပြင် ထိန်းချုပ်နိုင်သည့် နယ်မြေဒေသများလည်းပိုင်ဆိုင်ထားကြသည်။

ထို့ပြင် UWSA နှင့် NDAA တို့သည် တရုတ်နှင့် အနီးစပ်ဆုံး ဆက်ဆံ ရေးအကောင်းဆုံး အဖွဲ့များ ဖြစ်ပြီး တရုတ်ထံမှ လက်နက်များ ပံ့ပိုးရောင်းချမှုကိုရရှိထားကြသည်ဟု အကဲခတ်များက သုံးသပ် ကြသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးအလားအလာ ပိုနီးစပ်ကောင်းမွန်လာချိန်ဆိုရလျှင် ဒေါ်အောင်ဆန်းစုကြည်တာဝန်ယူနေချိန်တွင် ငြိမ်းချမ်းရေးအလားအလာပိုကောင်းနိုင်သည်ဟု အားလုံးတွက်ဆနေချိန်တွင် UWSA နှင့် NDAA တို့က ပြောင်းလဲရပ်ခံလာခြင်းသည် ကိုးကန့် အဖွဲ့အပါ ထို ၃ ဖွဲ့အား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် တရားဝင်ပါဝင်ခွင့်ရရန် အားထုတ်လာခြင်း ဖြစ်သည်ဟုယူဆရသည်။

လက်ရှိ မြန်မာစစ်ဖက်ကတောင်းဆိုသော လက်နက်စွန့်လွှတ်ရေးအား အဆိုပါ ၃ ဖွဲ့အနေနှင့် လက်ခံဖွယ်မရှိပေ။ ထိုသို့ လက်နက်စွန့်ရခြင်းသည်ဂုဏ်သိက္ခာမဲ့သည်လုပ်ရပ်ဖြစ်နေရာ ရွေးချယ်ကြမည်မဟုတ်ပေ။ တရုတ်တို့အနေနှင့် ကိုးကန့်အဖွဲ့အား ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ရောက်စေချင်သော်လည်း ဂုဏ်သိက္ခာမဲ့သည့် အနေအထားမျိုးနှင့် ရောက်စေချင်ပုံမရပေ။ ညီလာခံအောင်မြင်ပြီးနောက် လက်နက်ကိုင်တပ်ပြသနာ ဖြေရှင်းခြင်းသည်နောက်ပြဿနာ ဖြစ်သည်။ လက်ရှိတွင် တရုတ်တို့အနေနှင့် သူတို့ဟန်လူမျိုးတူဖြစ်သော ကိုးကန့်တရုတ်တို့အား ဂုဏ်သိက္ခာမဲ့သည်အခြေအနေ ရောက်စေလိုပုံမရ။ ကိုးကန့်တရုတ်တို့ ဂုဏ်သိက္ခာမဲ့သည့် အခြေအနေသို့ ရောက်စေခြင်းသည် တရုတ်တို့၏ဂုဏ်သိက္ခာပါ ထိပါးသည်ဟုယူဆပုံရသည်။ ဤ
အချက်ကား ထည့်သွင်းတွက်ချက်ရန်လိုသောအချက်ဖြစ်သည်။

ထို့ပြင်နိုင်ငံရေးပြသနာကိုဖြေရှင်းရာ ထွက်ပေါက်ဖွင့်၍ ဖြေရှင်းရန် လိုအပ်သည်။ နိုင်ငံရေးပြသနာတွင် ပါဝင်ကြသော လူပုဂ္ဂိုလ်များ အဖွဲ့အစည်းများအား သိက္ခာရှိသော နိုင်ငံရေး လမ်းကြောင်းအားဖွင့်ပေးပြီး ဖြေရှင်းရန်လိုအပ်သည်။ ထွက်ပေါက်ပိတ်ထားပါက ပြန်လည် တုံ့ပြန်တွန်းကန်မှုသာကြုံရပြီး နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်ပေ။ တကယ်တမ်းဆိုလျှင် ၂၁ ပင်လုံညီလာခံ၌ နိုင်ငံရေးဆိုင်ရာ ဖက်ဒရယ်ပြဿနာ တန်းတူရေးပြဿနာကို ဆွေးနွေးဖြေရှင်းကြရဦးမည်။ SSR ခေါ် လုံခြုံရေးဆိုင်ရာပြုပြင် ပြောင်းလဲမှုဖြင့် လက်နက်ကိုင် တပ်ဖွဲ့ပြဿနာ ဖြေရှင်းကြရမည်။ ထိုသို့ဖြေရှင်းနိုင်ရန် အားလုံးပါဝင်သည့် ညီလာခံတရပ် အစပြုနိုင်ရန်လိုသည်။ မီးစကျန်နေက အကျိုးမရှိနိုင်။ အားလုံးပါဝင်ရေးဆိုသည်မှာ အားလုံးသိက္ခာရှိစွာ ပါဝင်နိုင်ရေးဖြစ်သည်။ နိုင်ငံရေးအရ သိက္ခာရှိသည့် ထွက်ပေါက်ပေး၍ နိုင်ငံရေးအရဖြေရှင်းကြရန်လိုသည်။

လက်ရှိ ၂၁ ရာစုပင်လုံအတွက် အခြေခံအကျဆုံးလိုအပ်ချက်မှာ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့အားလုံး ပါဝင်နိုင်ရေးဖြစ်သည်။

မြန်မာ့ငြိမ်းချမ်းရေးနှင့်တရုတ်
မြန်မာ့ပြည်အတွက် လက်ရှိအရေးကြီးသော ပြဿနာမှာ ငြိမ်းချမ်းရေးဖြစ်သည်။ ငြိမ်းချမ်းမှုမရှိဘဲ ဒီမိုကရေစီမရနိုင်သကဲ့သို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန် မဖြစ်နိုင်ပေ။ စစ်စားရိတ် စစ်ဒဏ်ဖြင့်ပိနေသော တိုင်းပြည်တပြည် ဖွံ့ဖြိုးတိုးတက်ရန်ဖြစ်နိုင်သည့်ကိစ္စမဟုတ်ပေ။ ဤအချက်အား အရပ်သားအစိုးရသစ်က ကောင်းမွန်စွာ ဆုပ်ကိုင်ထားသည်ကိုတွေ့ရသည်။ လက်ရှိ မြန်မာပြည်ငြိမ်းချမ်းရေးအား လုပ်ကိုင်ဆောင်ရွက်နေသူများအနေနှင့် တရုတ်၏သဘောထားနှင့် တရုတ်အနေအထားကို မဖြစ်မနေထည့်သွင်းတွက်ချက်ရန်လိုသည်။

နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် တရုတ်တို့နှစ်ရှည်လများ ဆက်စပ် ပတ်သက်ခဲ့သည်မှာ အများအသိပင် ဖြစ်သည်။ စစ်ရေးစီးပွားရေးအင်အားကြီး တရုတ်တို့၏ သြဇာ သက်ရောက်မှုရှိသည်မှာလည်း ငြင်းပယ်၍ မရသည့် လက်တွေ့ဖြစ်ရပ်ဖြစ်သည်။ ဤအချက်ကို ရှောင်ဖယ်၍ စဉ်းစားမရနိုင်ပေ။ သို့သော် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အားလုံးသည် တရုတ် ခိုင်းတာ အားလုံးလုပ်သည့် တရုတ်သြဇာခံသက်သက်တော့ မဟုတ်။ သူတို့လူမျိုး သူတို့အဖွဲ့အစည်း အကျိုးစီးပွားဖက်က ရပ်တည်နေသည်ကိုလည်း ခွဲခြားမြင်ဖို့လိုသည်။

မည်သို့ဖြစ်စေ တရုတ်တို့နှင့်ကျွန်ုပ်တို့ကြားတွင် တူညီသော အချက်တခုရှိနေသည်။ ၎င်းမှာ ငြိမ်းချမ်းရေးပြဿနာဖြစ်သည်။ တရုတ်တို့အနေနှင့် နယ်စပ်ဒေသတွင် ငြိမ်းချမ်းရေးရစေချင်သည်။ နယ်စပ်ဒေသတွင် စစ်ပွဲများထိန်းမနိုင် သိမ်းမရအခြေအနေများ မမြင်တွေ့လိုပေ။ နယ်စပ်ဒေသငြိမ်းချမ်းနေမှ တရုတ်တို့အနေနှင့် သူတို့၏စီးပွားရေးလုပ်ငန်းများကို ရှေ့တဆင့်တိုး လုပ်ဆောင်၍ ရမည်ဖြစ်၍ ဖြစ်သည်။ ထို့အတူ ကျွန်ုပ်တို့သည်လည်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ ငြိမ်းချမ်းရေးရဖို့သည်။ ဤကား တရုတ်တို့နှင့် ကျွန်ုပ်တို့နှင့်တရုတ်တို့ကြား ဘုံတူညီချက်ဖြစ်သည်။

သို့ဖြစ်ရာ ဤဘုံသဘောတူညီမှုကိုအခြေပြု၍ တရုတ်တို့၏နယ်စပ်ဒေသ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအပေါ် အမြင်ကို ထည့်သွင်းစဉ်းစားရန်လိုသည်။ ကိုးကန့်တရုတ်နှင့်ပတ်သက်၍ တရုတ်တို့၏ထူးခြားသည့်အခြေအနေနှင့်သဘောထားကို ထည့်သွင်းတွက်ချက်ရန်လိုသည်။ လိုအပ်သည့်အခြေအနေအချိန်အခါတွင် တရုတ်တို့နှင့် ပူးပေါင်းဆောင်ရွက်ရန်လိုသည်။ နိုင်ငံရေးအရအကြောင်းကိစ္စတခုကို ကောင်းမွန်စွာဖြေရှင်းနိုင်ရန် ဆက်စပ်ပတ်သက်မှုအားလုံးကို မှန်မှန်ကန်ကန်ထည့်သွင်းတွက်ချက်ရန်လိုပါသည်။ ထို့ပြင် တရုတ်နှင့် မြန်မာသည် နိုင်ငံရေးအကြောင်းအချက်သာမက စီးပွားရေးအကြောင်းအချက်ပါ ဆက်စပ်ပတ်သက်နေသည်ဖြစ်ရာ ဆက်စပ်ညှိနှိုင်းဆွေးနွေးရန် အခွင့်အလမ်းပေါင်းများစွာရှိသည်။ တခုချင်း၏ ထူးခြားမှုများကိုသာ ထည့်သွင်းစဉ်းစားရန်လိုအပ်ပေမည်။

နိဂုံး

တရုတ်တို့သည် မြန်မာနှင့်ပတ်သက်လျှင် သံတမန်များစွာထား၍ လှုပ်ရှားဆက်စပ်နေသည်။ တရုတ်နိုင်ငံခြားရေးဌာနဝန်ကြီး မြန်မာနိုင်ငံဆိုင်ရာတရုတ်အထူးသံတမန် တရုတ်မြန်မာ ချစ်ကြည်ရေးအသင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်တို့က ပုံမှန်လှုပ်ရှား ဆက်ဆံနေကြသည်။ မကြာသေးမီ၂၀၁၆ ဇူလိုင်လဆန်းက တရုတ်နိုင်ငံတော်လုံခြုံဝန်ကြီးဌာန ဝန်ကြီး Mr Geng Hwichang ကင်ဟွေချန်သည် နေပြည်တော်တွင် ဒေါ်အောင်ဆန်းစုကြည်အား လာရောက်တွေ့ဆုံသည်ကို တွေ့ရသည်။

မကြာမီရက်ပိုင်းအတွင်း မြန်မာပြည်နှင့်တရုတ်ပြည် ထိပ်သီးခေါင်းဆောင် သွားလာတွေ့ဆုံ ဆွေးနွေးကြသည်များကို မြင်တွေ့ဖွယ်ရာရှိပါသည်။ နှစ်နိုင်ငံစလုံးအတွက် အကျိုးဖြစ်ထွန်းမည့်အခြေအနေများနှင့်အတူ မြန်မာပြည် ငြိမ်းချမ်းရေး အတွက် မျှော်လင့်ချက်ထားနိုင်သည့် အခြေအနေများကို လည်းတွေ့ရမည်ဟု မျှော်လင့်ရပေသည်။

ယခင်နှစ်ကာလများကတော့ တရုတ်ထိပ်ပိုင်းခေါင်းဆောင်များနှင့် မြန်မာပြည်ထိပ်ပိုင်း ခေါင်းဆောင်များတွေ့ဆုံရာတွင် မြန်မာပြည်အတွက် အကျိုးရှိမည့်အခြေအနေများ ပေါ်လာလိမ့် မည်ဟု မြန်မာလူထု မမျှော်လင့်ခဲ့ကြသည်ကတော့ အမှန်ပင်ဖြစ်သည်။ သို့သော် လက်ရှိ အရပ်သား အစိုးရသစ်လက်ထက်တွင်တော့ မြန်မာတရုတ်တွေ့ဆုံမှုများမှ မြန်မာပြည်အတွက် အကျိုးရှိမည့်အခြေအနေများ ပေါ်ထွက်လာနိုင်လိမ့်မည်ဟု မျှော်လင့်ရပေသည်။

ပြီးပါပြီ
Mg Mg Soe ( မောင်မောင်စိုး )