မောင်အဉ္စန - မြန်မာ့နည်းမြန်မာ့ဟန် ငြိမ်းချမ်းရေး
(မိုးမခ) ဇူလိုင် ၈၊ ၂၀၁၆
မြန်မာပြည်ဟာ ၁၉၄၇ ခုနှစ်၊ ဇန်န၀ါရီလ (၄)ရက်နေ့မှာ ဗြိတိသျှကိုလိုနီထံမှ လွတ်လပ်ရေးရခဲ့ပါတယ်။ လွတ်လပ်ရေး နဲ့အတူ ပြည်တွင်းစစ်ဟာလည်း အတူဒွန်တွဲပါလာခဲ့တာ နှစ်ပေါင်း(၇၀) နီးပါး ရှိနေပါပြီ။ ပြည်တွင်းစစ်ပြဿနာရဲ့ အဓိကအကြောင်းရင်းခံဟာ တိုင်းရင်းသားတန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကိုအာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမတည်ဆောက်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ မြန်မာပြည်ဟာ မတူကွဲပြားတဲ့တိုင်းရင်းသားလူမျိုးပေါင်းစုံ အတူ တကွ စုပေါင်းနေထိုင်ကြတဲ့ တိုင်းပြည်ဖြစ်တာနဲ့အညီ လူမျိုးတိုင်းမှာ မတူညီတဲ့သမိုင်းနောက်ခံတွေလည်း ရှိကြပါ တယ်။ ယင်းသို့ပကတိဖြစ်ရှိနေတဲ့မတူကွဲပြားမှုအပေါ်မှာ အခြေခံတဲ့ညီညွတ်ရေးကိုမတည်ဆောက်ဘဲ တပြည်ထောင် စနစ်ဖြင့် ဗမာလူမျိုးတမျိုးတည်းရဲ့ ၀ိသေသလက္ခာဏာများကိုသာ အားလုံးရဲ့ ဘုံကြံအင်လက္ခာအဖြစ် အတင်းအဓမ္မ သွပ်သွင်းခဲ့မှုကြောင့် မြန်မာပြည်မှာ ပြီးပြည့်စုံပြီး တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံအဆင့်ထိကို မတက်လှမ်း နိုင် ဖြစ်နေပါတယ်။
ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ
၁၉၅၀ ကျော် ဦးနုအစိုးရရဲ့ပါလီမန်ဒီမိုကရေစီခေတ်မှာ လက်နက်နဲ့ဒီမိုကရေစီကို လဲလှယ်တဲ့ပုံစံမျိုး ပြုလုပ်ခဲ့ကြပါ တယ်။ ၁၉၆၂ နောက်ပိုင်း ဦးနေ၀င်းရဲ့ (မဆလ) တပါတီအာဏာရှင်ခေတ်မှာ လက်နက်နဲ့ငြိမ်းချမ်းရေး လဲလှယ်တယ် ဆိုပြီး လုပ်ခဲ့ပါတယ်။ ၁၉၈၈ နောက်ပိုင်း န၀တ/နအဖ ဦးသန်းရွှေလက်ထက်မှာ လက်နက်နဲ့ဖွံ့ဖြိုးရေး လဲလှယ်တဲ့ ပုံစံမျိုး လုပ်ခဲ့ကြပြန်ပါတယ်။ ခေတ်အဆက်ဆက်ရဲ့အုပ်စိုးသူများဟာ ပြည်တွင်းငြိမ်းချမ်းရေးကို ပုံစံမျိုးစုံနဲ့ ဖော်ဆောင် ခဲ့ကြပေမယ့် လိုရင်းအဖြေကို ရှာဖွေနိုင်မယ့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ အဖြေရှာတဲ့ပုံစံမျိုး နှစ်ပေါင်း (၇၀) နီးပါး ပြည်တွင်းစစ်ကာလအတွင်း မတွေ့မြင်ရသေးပါ။
ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး
၂၀၀၈ နာဂစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုအခြေခံတဲ့ ၂၀၁၀ ရွေးကောက်ပွဲကနေတဆင့် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ဦးဆောင်တဲ့ စစ်တပိုင်းအစိုးရပေါ်ပေါက်လာခဲ့တဲ့အချိန်မှာ ဦးနု၊ ဦးနေ၀င်း၊ ဦးသန်းရွှေတို့လုပ်ခဲ့တဲ့ လုပ် နည်းလုပ်ဟန်နဲ့ အနည်းငယ်မတူကွဲပြားစွာ ငြိမ်းချမ်းရေးကို ချဉ်းကပ်လာခဲ့ပါတယ်။ ဦးသိန်းစိန်က တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ တစိုက်မတ်မတ် တောင်းဆိုတိုက်ပွဲဝင်နေတဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ ဖြေရှင်းဖို့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကိုလုပ်ပေးမယ်ဆိုပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်းကနေ အသာ စီးယူကာ ငြိမ်းချမ်းရေးနဲ့နိုင်ငံရေးဆွေးနွေးပွဲ အလဲအလှယ်လုပ်ဖို့ ကြိုးပမ်းလာခဲ့ပါတယ်။ ဒီနေရာမှာ စစ်အာဏာရှင် အဆက်ဆက် ကိုင်စွဲလာခဲ့တဲ့ “ထာဝရငြိမ်းချမ်းရေး” ဆိုတဲ့အချက်ဟာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေကို ဘယ်လိုမှဆွဲဆောင်မှုမရှိဘူး ဖြစ်နေပါတယ်။ အာဏာရှင်အဆက်ဆက်ဟာ ငြိမ်းချမ်းရေးကို ဖော် ဆောင်ရာမှာ အတိတ်မှာရှိခဲ့တဲ့အတွေ့အကြုံများအရ အများထင်သာမြင်သာမရှိဘဲ နှစ်ဘက်ကြား နားလည်မှုအခြေခံ သဘောတူညီချက် (Gentlemen Agreement) တွေနဲ့သာ နိုင်ငံရေးကလွဲရင် ကျန်တာအကုန်လုပ်လို့ရတဲ့ တပ် မတော်က တဖက်သက်လိုရာဆွဲလုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီရဲ့အကျိုးဆက်အနေနဲ့ အတိတ်မှာ တပ်မတော် အစိုးရနဲ့ ထာဝရငြိမ်းချမ်းရေးခေါင်းစဉ်အောက်မှာ အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့ကြတဲ့အဖွဲ့တွေဟာ “ငြိမ်းအဖွဲ့” ဟု အမည်တွင်လာကြပြီး၊ တချို့က တပ်မတော်ရဲ့လှည့်စားမှုအောက်မှာ လုံးပါးပါးပြီး ပျောက်ကွယ်သွားခဲ့ကြတယ်။ တချို့ ကလည်း အတင်းအဓမ္မဖိအားပေးလက်နက်ဖြုတ်သိမ်းခြင်းကို ခံခဲ့ကြရတယ်။ ငြိမ်းအဖွဲ့တော်တော်များများကို နိုင်ငံရေး မပြောစေပဲနဲ့ ကျန်တာအကုန်လုပ်ခွင့်ပေးတဲ့ အခွင့်ထူးခံတွေအဖြစ်ထားပြီး နိုင်ငံရေးဓားစာခံ ပြည်သူ့ချဉ်ဖတ်တွေ ဖြစ် ကုန်တဲ့အထိ လွန်ခဲ့တဲ့နှစ်(၂၀)ကျော်ကာလအတွင်းမှာ တွေ့မြင်ခဲ့ရပါတယ်။ ဒါကြောင့် တပ်မတော်ကပြောပြောနေတဲ့ “ထာဝရငြိမ်းချမ်းရေး”ဟာ ယခင်က ဖွံ့ဖြိုးရေးနဲ့တိုးတက်ရေး ခေါင်းစဉ်အောက်မှာ အခွင့်အရေးနဲ့မက်လုံးတွေနောက် မှာ မွေ့ပျော်နေသူတွေအတွက် ဆွဲဆောင်မှု Sexy ဖြစ်နေခဲ့ပေမယ့် ၂၀၁၀ လွန်ကာလမှာတော့ အခြေအနေက မတူ တော့ပါဘူး။ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေဟာ စစ်အာဏာရှင်အဆက်ဆက်က ကောင်း ကောင်းကြီးဒုက္ခပေးခဲ့တဲ့ ခါးသီးတဲ့အတွေ့အကြုံကိုယ်စီနဲ့မို့ ဘယ်အစိုးရဘာပြောပြော လွယ်လွယ်နဲ့မယုံကြည်တော့ ဘဲ သတိကြီးစွာနဲ့ ချဉ်းကပ်တုံ့ပြန် ဆောင်ရွက်နေကြပါပြီ။
ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲ
နိုင်ငံရေးဆွေးနွေးပွဲလုပ်ပေးမယ်ပြောခဲ့တဲ့ ဦးသိန်းစိန်အစိုးရကတော့ ၂၀၀၈ ဖွဲ့စည်းပုံကို (၅)နှစ်တိုင်တိုင် အသက် သွင်းခဲ့ပြီး နိုင်ငံရေးဆွေးနွေးပွဲလိုလို NCA လို့ခေါ်တဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် ညှိနှိုင်းဆွေး နွေးပွဲများလုပ်ပြကာ မြန်မာ့တပ်မတော်ရဲ့စစ်ရေးရည်မှန်းချက်ကိုအကောင်အထည်ဖော်သွားခဲ့ပါတယ်။ ၎င်းရဲ့(၂၀၁၀- ၂၀၁၅) ငါးနှစ်တာသက်တမ်းကာလအတွင်းမှာ NCA ကို တ၀က်တပျက်နဲ့ လက်စသတ်ကာ ပြည်ထောင်စု ငြိမ်းချမ်း ရေးညီလာခံဆိုပြီး ဟန်ပြဆွေးနွေးပွဲတခု လုပ်ထားခဲ့ပါတယ်။
MPC နဲ့ NRPC
ယခုအခါမှာ ယခင်သမ္မတဟောင်း ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင် ဦးသိန်းစိန်ဟာ နောက်ကွယ်ကနေ Shadow အစိုးရ ပုံစံမျိုးနဲ့ ကြိုးပမ်းလုပ်ဆောင်နေတဲ့သဘောမှာ ရှိနေပါတယ်။ ဘာကြောင့်လဲဆိုရင် ၎င်းလက်ထက်မှာ ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC) ကို ၎င်းသက်တမ်းကုန်ဆုံးခါနီး ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၄)ရက်နေ့မှာ သမ္မတရုံးအမိန့်အမှတ် (၄/၂၀၁၆)နဲ့ မြန်မာငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် ဆွေးနွေး ညှိနှိုင်းရေးစင်တာ (Myanmar Peace-building and Dialogue Center – MPDC) နဲ့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးဖောင်ဒေးရှင်း (Peace and Development Foundation – PDF) တို့အဖြစ် ထပ်မံခွဲထုတ် ဖွဲ့စည်းလိုက်ပါ တယ်။ ယခုအခါမှာ ယခင် MPC မှာ ကြိုးကိုင်ခြယ်လှယ်ခဲ့သူများဟာ အဆိုပါအဖွဲ့နှစ်ခုကို ခွဲဝေကိုင်တွယ်ကြပြီး၊ အချို့ ကိုလည်း NLD အစိုးရသစ်မှဖွဲ့စည်းလိုက်တဲ့ကော်မတီသစ်တွေမှာ အဓိကပါဝင်လှုပ်ရှားစေပါတယ်။ MPC ဟာ ယခင် စစ်တပိုင်းအစိုးရရဲ့ အာဏာရှင်ထွက်ပေါက်မဟာဗျူဟာ (Regime Exit Strategy) ကို အဓိကအကောင်အထည် ဖော်ပေးရတဲ့ တတိယအင်အားစု (Third Force) လို Myanmar Egress က လူပုဂ္ဂိုလ်တွေနဲ့ ၎င်းတို့ရဲ့အ၀န်းအ၀ိုင်းက လူတွေနဲ့ဖွဲ့စည်းခဲ့ပြီး ယခင်စစ်ဗိုလ်ချုပ်ကြီးဟောင်းတွေကိုကြီးကြပ်စေခဲ့ပါတယ်။ MPC ဟာ မြန်မာစစ်ဗိုလ်ချုပ်ဟောင်း တွေကို နိုင်ငံတကာက အသိအမှတ်ပြုမှု ထောက်ခံပံ့ပိုးမှုတွေရရှိစေဖို့ ကမ္ဘာ့ကုလသမဂ္ဂနဲ့ နိုင်ငံတကာအေဂျင်စီတွေ မှာ လုပ်ငန်းအတွေ့အကြုံရှိသူတွေဖြစ်ကြတဲ့ ဒေါက်တာသန့်မြင့်ဦး (ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဟောင်း ကွယ်လွန်သူဦးသန့်ရဲ့မြေး)နဲ့ ဒေါက်တာဒေါ်ယဉ်ယဉ်နွယ် (ကွန်လွန်သူ အာဏာရှင်ဗိုလ်ချုပ်နေ၀င်းရဲ့ ချွေးမ) တို့လိုမျိုးပုဂ္ဂိုလ်တွေကို အကြီးတန်းအကြံပေးအရာရှိကြီး (၄)ဦးထဲမှာ နှစ်ဦးအဖြစ် ထည့်သွင်းပါဝင်စေပြီး နိုင်ငံတကာ မျက်နှာစာမှာ ပုံရိပ်ကောင်းနဲ့ ဖမ်းစားစေခဲ့ပါတယ်။ ကျန်နှစ်ဦးကတော့ မြန်မာ့တပ်မတော်နဲ့နီးစပ်တဲ့ Myanmar Egress က တာဝန်ရှိသူ ဦးတင်မောင်သန်း၊ ဦးလှမောင်ရွှေတို့လိုမျိုး ခရိုနီတပိုင်းပုဂ္ဂိုလ်တွေကို ထည့်သွင်း ကစားစေခဲ့ ပါတယ်။ မူလက MPC ဟာ သီးခြားလွတ်လပ်တဲ့ ကြားနေအဖွဲ့အစည်းတခုလို ရပ်တည်ပြောဆိုရာကနေ အများဝေဖန် မှုတွေ ဖြစ်လာခဲ့တဲ့အချိန်အခါမှာ ၎င်းတို့ကိုယ်၎င်းတို့ MPC ဟာ အစိုးရတပိုင်းအဖွဲ့အစည်း (Semi-government Organization)အဖြစ် ကြေညာပြောဆိုရပ်တည်လုပ်ဆောင်ခဲ့ကြပါတယ်။ ပြီးနောက် ငြိမ်းချမ်းရေးကို စီမံကိန်း (Project) အဆင့်ကနေ ဖြစ်စဉ် (Process) ဖြစ်လာအောင်ထိ Institutionalized Process လုပ်ကာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဘောင်ထဲက ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ (ကာ/လုံ)တပိုင်း ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင် ရေးဗဟိုကော်မတီ (UPCC) နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) တို့လိုမျိုးတွေ ကို တာဝန်ရှိစစ်ဗိုလ်ချုပ်အသစ် အဟောင်းတွေဦးဆောင်ပြီး လုပ်ဆောင်စေခဲ့ပါတယ်။ ဒီ့အပြင် ရှစ်လေးလုံးလူထု အရေးတော်ပုံနောက်ပိုင်းတောခိုပြီး တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့နယ်မြေမှာ ပူးပေါင်း တိုက်ပွဲဝင်ခဲ့ဖူးတဲ့ ကျောင်းသားတပ်မတော် (ABSDF) မှ ခေါင်းဆောင်ဟောင်းအချို့နဲ့ နိုင်ငံခြားရောက် ၈၈ မျိုးဆက် အချို့ကို အသုံးချကာ (၅) နှစ်တာ စစ်အာဏာရှင်ထွက်ပေါက်နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အသက်သွင်းရေးတွေ ကို မြိုင်မြိုင်ဆိုင်ဆိုင် လှလှပပလုပ်ဆောင်သွားခဲ့ ကြပါတော့တယ်။ ဒါပေမဲ့ ၀မ်းနည်းစရာကောင်းတာက ယနေ့အချိန် ထိ ပြည်တွင်းစစ်ရပ်စဲနိုင်မယ့် စစ်မှန်တဲ့နိုင်ငံရေးဆွေးနွေးပွဲကို စတင်နိုင်ခြင်း မရှိသေးပါဘူး။
ယခုအခါမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဦးဆောင်မယ်လို့ပြောဆိုထားပြီး MPC ကို အမျိုး သားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) လို့ ပြောင်းလဲအမည်ပေးကာ နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီး ဌာနရဲ့ လက်အောက်မှာ အစိုးရရဲ့ဌာနလက်အောက်ခံအဖွဲ့တခုအနေနဲ့ထားရှိဖွဲ့စည်းသွားဖို့ ပြင်ဆင်နေတာကို တွေ့မြင် နေရပါတယ်။ ယခင် (ကာ/လုံ) တပိုင်း UPCC နဲ့ မြန်မာ့တပ်မတော်ကလွှမ်းမိုးမှုရှိတဲ့ UPWC လိုနေရာမျိုးမှာ NRPC က ၀င်ရောက်နေရာယူဖို့ ပြင်ဆင်နေတဲ့သဘောပါပဲ။ ဒီတော့ NRPC ဖွဲ့စည်းရာမှာ မြန်မာ့တပ်မတော်ရဲ့အခန်းကဏ္ဍကို ပစ်ပယ်ထားလို့မရတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာ/ချုပ်ကြားက အပေးအယူမျှတမှုရှိရေးက ဒီနေရာမှာ စကားပြောနေပါတယ်။ နောက်တချက်ကတော့ MPC ကနေတဆင့် ကွဲထွက်လာခဲ့တဲ့ MPDC နဲ့ PDF အဖွဲ့နှစ်ခုနဲ့ ဒေါ် အောင်ဆန်းစုကြည်ကြီးကြပ်ဦးဆောင်မယ့် NRPC တို့ဟာ ဘယ်လိုချိတ်ဆက် လုပ်ကိုင်ကြမလဲဆိုတဲ့ အချက်တချက် ကလည်း ရှိနေပါတယ်။ ဒီဟာက NRPC ရုပ်လုံးပေါ်လာတဲ့အချိန်မှာ မြန်မာ့တပ်မတော်ဘက်က ဘယ်လောက် အတိုင်းအတာထိ လွှမ်းမိုးချုပ်ကိုင် ခြယ်လှယ်ကြမလဲ အကဲဖြတ်ကြည့်ရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေမလိုလားတဲ့ “လက်နက်ဖြုတ်သိမ်းရေး၊ တပ်ဖျက်သိမ်းရေး၊ အရပ်ဘက်အသွင်ပြောင်း လဲရေးလို့ခေါ်တဲ့ DDR” ကို အကောင်အထည်ဖော်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာချုပ်ကြားမှာ အပေးအယူဖြစ်ခဲ့ မယ်ဆိုရင်တော့ ငြိမ်းချမ်းရေးနဲ့ ပိုမိုအလှမ်းဝေးနေပါလိမ့်ဦးမယ်။ ဒါကြောင့် တနိုင်ငံလုံးအတိုင်းအတာနဲ့ လုံခြုံရေး ကဏ္ဍတခုလုံးကို ပြုပြင်ပြောင်းလဲရေး “SSR” ကိုပဲ အကောင်အထည်ဖော်ရင်း ကျွဲကူးရေပါလုပ်ရမယ့် အလုပ်သဘော သဘာဝကို ဇောင်းပေးဖို့ လိုအပ်ပါလိမ့်မယ်။
NCA နဲ့ နိုင်ငံရေးဆွေးနွေးပွဲ
သေချာတာကတော့ မြန်မာပြည်ရဲ့ နှစ်ပေါင်း(၇၀)နီးပါး ကြာနေပြီဖြစ်တဲ့ ပြည်တွင်းစစ်မီးကို ငြိမ်းသတ်ဖို့ အဖြေရှာရ မယ့် နိုင်ငံရေးဆွေးနွေးပွဲဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အစိုးရလက်ထက်မှာ ၂၁-ရာစုပင်လုံညီလာခံလို့ခေါ်တဲ့ NCA အခြေခံပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံနဲ့ပဲ ဆက်သွားရမယ့်သဘော ရှိနေပါတယ်။ ဒီနေရာမှာ နိုင်ငံရေး ဆွေးနွေးပွဲအခင်းအကျင်းဟာ NCA ကို အခြေခံလေတော့ ခေါင်းစဉ်သာပြောင်းပြီး အနှစ်သာရမပြောင်းတဲ့ ယခင် ဦးသိန်းစိန် စစ်တပိုင်းအစိုးရလုပ်ခဲ့တဲ့ပုံစံမျိုးဖြစ်လေမလားဆိုတာ သံသယ၀င်စရာတွေ ရှိနေပါတယ်။ ဘာကြောင့်လဲ ။ ဦးသိန်းစိန်အစိုးရ (၅)နှစ်တာ သက်တမ်းကာလအတွင်းမှာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို ကြိုးပမ်းခဲ့ကြပေမယ့် အားလုံးပါဝင်ရေးကို လက်မခံခဲ့တဲ့အတွက် တောက်လျှောက် သေနတ်သံတွေမရပ်စဲနိုင်ဘဲ မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်၊ အရှေ့ပိုင်းရှမ်းပြည်နဲ့အနောက်ပိုင်း ရခိုင်ပြည်ရှိစစ်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေရတဲ့စစ်ဘေးဒုက္ခသည်တွေဟာ တနေ့တခြား တိုးပွားလာနေပြီး ဒေသခံလူထုအနေနဲ့ ဆင်းရဲဒုက္ခ ပိုမိုခံစားနေကြရ ပါတယ်။ မြန်မာပြည်တောင်ပိုင်း ကရင်ပြည်မှာလည်းပဲ ကြိုကြားကြိုကြား တိုက်ပွဲငယ်များဖြစ်ပွားလျက်ရှိနေဆဲပါ။ ဒါ ကြောင့် ပြည်တွင်းစစ်ရပ်စဲရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲလုပ်ဖို့ အမြန်ဆုံး လိုအပ်နေပါတယ်။
နိုင်ငံရေးဆွေးနွေးပွဲကို တက်လှမ်းနိုင်ဖို့အတွက် မြန်မာ့တပ်မတော်ရဲ့ကြိုတင်သတ်မှတ်ချက်တွေကြောင့် ဒေါ်အောင် ဆန်းစုကြည်ရဲ့ NLD အစိုးရဟာ ကြီးမားတဲ့အကန့်အသတ်ဘောင်အတွင်းကနေ ကြိုးပမ်းနေရပါတယ်။ မြန်မာ့တပ် မတော်က အသစ်တက်လာတဲ့ NLD အစိုးရနဲ့ပူးပေါင်းဆောင်ရွက်မယ်။ သမ္မတဦးထင်ကျော်ရဲ့ဦးဆောင်မှုကို ခံယူ မယ်လို့ပြောထားပေမယ့် တပ်မတော်ရဲ့ရပ်တည်ချက်တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံခြေခံဥပဒေအရ အခွင့်ထူးခံဖြစ်နေပြီး သီးခြားပုံသဏ္ဍာန်နဲ့သွားနေဆဲပဲ ဖြစ်ပါတယ်။ လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ရဲ့ငြိမ်းချမ်းရေးမူ (၆)ချက်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေထဲက အဖွဲ့(၆) ဖွဲ့ကို လက်ခံ အသိအမှတ်မပြုခြင်းတို့ဟာ နိုင်ငံရေးဆွေးနွေးပွဲကို တက်လှမ်းဖို့ခက်ခဲစေတဲ့ အနေအထားမှာ ရှိနေပါတယ်။
ငြိမ်းချမ်းရေးဇာတ်ကောင်များ
စဉ် | အဖွဲ့အစည်းအမည် | ရပ်တည်ချက် |
၁။ | ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) | UNFC အဖွဲ့ဝင်နှင့် အားလုံးပါဝင်ရေးမူ။ |
၂။ | ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) | UNFC အဖွဲ့ဝင်နှင့် အားလုံးပါဝင်ရေးမူ။ |
၃။ | မွန်ပြည်သစ်ပါတီ (NMSP) | UNFC အဖွဲ့ဝင်နှင့် အားလုံးပါဝင်ရေးမူ။ |
၎။ | ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) | UNFC အဖွဲ့ဝင်နှင့် အားလုံးပါဝင်ရေးမူ။ |
၅။ | ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) | UNFC အဖွဲ့ဝင်နှင့် အားလုံးပါဝင်ရေးမူ။ |
၆။ | လားဟူဒီမိုကရက်တစ်သမဂ္ဂ (LDU) | UNFC အဖွဲ့ဝင်နှင့် အားလုံးပါဝင်ရေးမူ။ |
၇။ | “၀” အမျိုးသားအဖွဲ့ချုပ် (WNO) | UNFC အဖွဲ့ဝင်နှင့် အားလုံးပါဝင်ရေးမူ။ |
၈။ | ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF) | UNFC အဖွဲ့ဝင်နှင့် အားလုံးပါဝင်ရေးမူ။ |
၉။ | မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) | UNFC အဖွဲ့ဝင်နှင့် အားလုံးပါဝင်ရေးမူ။ |
၁၀။ | ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) | အားလုံးပါဝင်ရေးမူ။ |
၁၁။ | “၀” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) | ပြည်နယ်-ပြည်ထောင်စုအဆင့် နှစ်ဘက်သဘောတူညီချက် Bilateral Agreement ရှိပြီး၊ ထိတွေ့ပစ်ခတ်တိုက်မှုလည်းမရှိတဲ့အတွက် NCA လက်မှတ်ရေးထိုးစရာမလို။ |
၁၂။ | အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) | ပြည်နယ်-ပြည်ထောင်စုအဆင့် နှစ်ဘက်သဘောတူညီချက် Bilateral Agreement ရှိပြီး၊ ထိတွေ့ပစ်ခတ်တိုက်မှုလည်းမရှိတဲ့အတွက် NCA လက်မှတ်ရေးထိုးစရာမလို။ |
၁၃။ | နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K) | ပြည်နယ်အဆင့် နှစ်ဘက်သဘောတူညီချက် Bilateral Agreement ရှိပြီး၊ NCA လက်မှတ် ရေးထိုးခြင်းမလုပ်ပဲ နိုင်ငံရေးဆွေးနွေးပွဲတွင် လေ့လာသူအဖြစ် တက်ရောက်ကာ ဒေသဖွံ့ဖြိုးရေး လုပ်မည်။ |
၁၄။ | ကရင်အမျိုးသားအစည်းအရုံး (KNU) | NCA လက်မှတ်ရေးထိုးထားပြီး၊ အကောင်အထည်ဖော်နေသည်။ |
၁၅။ | ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA - ငြိမ်းချမ်းရေးကောင်စီ) | NCA လက်မှတ်ရေးထိုးထားပြီး၊ အကောင်အထည်ဖော်နေသည်။ |
၁၆။ | ကရင်မျိုးသားဒီမိုကရေစီအကျိုးပြုတပ်မတော် (DKBA) | NCA လက်မှတ်ရေးထိုးထားပြီး၊ အကောင်အထည်ဖော်နေသည်။ |
၁၇။ | သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) | NCA လက်မှတ်ရေးထိုးထားပြီး၊ အကောင်အထည်ဖော်နေသည်။ |
၁၈။ | ချင်းအမျိုးသားတပ်ဦး (CNF) | NCA လက်မှတ်ရေးထိုးထားပြီး၊ အကောင်အထည်ဖော်နေသည်။ |
၁၉။ | ပအိုဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) | NCA လက်မှတ်ရေးထိုးထားပြီး၊ အကောင်အထည်ဖော်နေသည်။ |
၂၀။ | ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) | NCA လက်မှတ်ရေးထိုးထားပြီး၊ အကောင်အထည်ဖော်နေသည်။ |
၂၁။ | မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) | NCA လက်မှတ်ရေးထိုးထားပြီး၊ အကောင်အထည်ဖော်နေသည်။ |
တပြိုင်နက်တည်းမှာ ပဲ NCA ကို လက်မှတ်ထိုးမှနိုင်ငံရေး ဆွေး နွေးပွဲတက်လှမ်းလို့ရမယ်ဆိုတဲ့သဘောမျိုး ရှိနေပေမယ့် အသိအမှတ်မပြုတဲ့ အဖွဲ့(၆) ဖွဲ့ကိုကန့်သတ်ချက်များစွာနဲ့ကြိုတင် သတ် မှတ်ချက်တွေ ချမှတ်ထား ပြန်ပါတယ်။ အဲ့ဒီအဖွဲ့(၆)ဖွဲ့ဟာ ဦးသိန်းစိန်အစိုးရ လက် ထက်မှာ NCA စာချုပ်မူကြမ်း အတူတကွ ညှိနှိုင်းဆွေးနွေးခဲ့တုန်းက တစိုက်မတ်မတ် တောက်လျှောက်ပါဝင်ခဲ့ကြတဲ့အဖွဲ့အစည်း တွေ ဖြစ်ကြပါတယ်။ ၎င်းတို့ (၆)ဖွဲ့ထဲက (၃) ဖွဲ့ဟာ ထိတွေ့ပစ်ခတ်တိုက်ခိုက်မှုမရှိတဲ့ အဖွဲ့အစည်းတွေအဖြစ် သဘောထားကာ NCA လက်မှတ်ရေးထိုး စရာမလိုဘဲ နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်ခွင့်ပြုတယ်ဆိုတဲ့သဘောထားမျိုးနဲ့ ဘာအာမခံချက်မှ မရှိတဲ့အနေအထား မျိုးနဲ့ သတ်မှတ်ထားခဲ့ပါတယ်။
ကျန်တဲ့ (၃)ဖွဲ့ဟာ ထိတွေ့ပစ်ခတ်တိုက်ခိုက်မှုတွေရှိနေတဲ့ အဖွဲ့အစည်းတွေဖြစ်တယ် ဆိုပြီး တဖွဲ့ချင်းစီကို အကြောင်းအမျိုးမျိုးပြပြီး ချန်လှပ်ထားခဲ့ပါတယ်။ ဒီလိုပြုမူခြင်းဟာ မြန်မာ့တပ်မတော်နဲ့ စစ် တပိုင်းဦးသိန်းစိန်အစိုးရအပေါ်မှာ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေဖက်က မယုံကြည်မှု တွေ တိုးပွားစေခဲ့ပါတယ်။ နောက်ဆုံးမှာ အားလုံးပါဝင်မှုရှိမှ NCA ကို လက်မှတ်ရေးထိုးနိုင်မယ်လို့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေဘက်က ယနေ့တိုင် အခိုင်အမာ ရပ်တည်နေကြပါတယ်။
စဉ် | ထိတွေ့ပစ်ခတ်တိုက်ခိုက်မမှုရှိသောအဖွဲ့အစည်းများ (Non-combatant Forces) | ထိတွေ့ပစ်ခတ်တိုက်ခိုက်မှုရှိသောအဖွဲ့အစည်းများ (Combatant Forces) |
၁။ | ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) | ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF) |
၂။ | လားဟူဒီမိုကရက်တစ်သမဂ္ဂ (LDU) | မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) |
၃။ | “၀” အမျိုးသားအဖွဲ့ချုပ် (WNO) | ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) |
ယခု NLD အစိုးရလက်ထက်မှာ ထိတွေ့ပစ်ခတ်တိုက်ခိုက်မှုရှိနေတဲ့အဖွဲ့(၃)ဖွဲ့ကို လက်နက်စွန့်ရမယ်လို့ ၂၀၁၆ ခုနှစ်၊ မေလ (၁၃)ရက်နေ့ နေပြည်တော်သတင်းစာရှင်းလင်းပွဲမှာ မြန်မာ့တပ်မတော်က ပြင်းပြင်းထန်ထန် တုံ့ပြန်ထားပါ တယ်။
NLD အစိုးရနဲ့ ငြိမ်းချမ်းရေးမူဝါဒ
ဒေါ်အောင်ဆန်းစုကြည် NLD အစိုးရအနေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းများ ရေးဆွဲထားတဲ့ NCA ကို အပြည့်အ၀ သဘောမကျ၊ ပြန်လည်သုံးသပ်ချင်သော်လည်းပဲ မြန်မာ့တပ်မတော်ရဲ့ ပြင်းထန်တဲ့ရပ်တည်ချက်ကို မကျော်လွန်နိုင် ဖြစ်နေပါတယ်။ မြန်မာ့တပ်မတော်က NCA ဟာ ခက်ခက်ခဲခဲနဲ့အချိန်ယူပြီး ညှိနှိုင်းခဲ့ရတာဖြစ်တယ်၊ ပြီးနောက် နိုင်ငံအကြီးအကဲများနဲ့ နိုင်ငံတကာအသိသက်သေများရဲ့ရှေ့မှောက်မှာ အတည်ပြုလက်မှတ်ရေးထိုးထားတာ ဖြစ် တယ်။ ဒါကြောင့် NCA ကို ပြင်ဆင်လို့မရဘူး။ NCA ကို အခြေခံရမယ်ဆိုပြီး အခိုင်အမာရပ်တည်နေပါတယ်။ ယခင်ဦးသိန်းစိန်အစိုးရအနေနဲ့ NCA မှာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း (၂၁)ဖွဲ့ထဲက (၈)ဖွဲ့ နဲ့သာ လက်မှတ်ရေးထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီလို တ၀က်တပျက် NCA အပေါ်အခြေခံတဲ့ နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာမူဘောင် (Framework for Political Dialogue – FPD) ကို သုံးသပ်ပြီးတော့ အားလုံးပါဝင်မှုရှိတဲ့ နိုင်ငံရေး ဆွေးနွေးရေးဖြစ်စဉ်ကိုသွားဖို့ ပြင်ဆင်နေပုံရပါတယ်။ သို့သော်လည်းပဲ FPD ကိုသုံးသပ်ပြီး အတည်ပြု ဆုံးဖြတ်ချက် ချမှတ်တဲ့နေရာက ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) မှာသာ ရှိနေပါတယ်။ FPD ဆုံး ဖြတ်အတည်ပြုခြင်းလုပ်နိုင်ဖို့ UPDJC အဖွဲ့ဝင် ဖြစ်မှရပါမယ်။ UPDJC အဖွဲ့ဝင်ဖြစ်ဖို့ NCA ကို လက်မှတ်ရေးထိုး ရပါမယ်ဆိုပြီး အဆင့်တွေသဘောမျိုးခံထားတော့ FPD သုံးသပ်ဖို့အတွက် NLD အစိုးရဘက်က ဖိတ်ခေါ်မှုနဲ့ NCA ကို လက်မှတ်ရေးထိုးဖို့အတွက် NCA ကို ပြန်လည်သုံးသပ်ရေး မလုပ်တော့ဘူးလား၊ လုပ်စရာမလိုတော့တဲ့သဘောမျိုးနဲ့ ဆက်သွားမှာလား သေးသေးကွဲကွဲမရှိဘူးဖြစ်နေပါတယ်။ အကယ်၍ NCA ကို လက်မှတ်ရေးထိုးရမယ်ဆိုရင် ကျန်နေ တဲ့အဖွဲ့အားလုံး အတူတကွပါဝင်လက်မှတ်ရေးထိုးရေးမူကို လက်ခံသလားဆိုတဲ့အချက်ကလည်း ရှင်းရှင်းလင်းလင်း မရှိလှပါဘူး။ အဲ့ဒါကြောင့်မို့လို့ ၂၀၁၆ ခုနှစ်၊ ဇွန်လ(၃)ရက်နေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ UNFC ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN)နဲ့ NLD အစိုးရရဲ့ဒေါက်တာတင်မျိုးဝင်းဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့တို့ ဆွေးနွေးပွဲမှာ DPN ဘက်က အဲ့ဒီမေးခွန်းတွေကို မေးမြန်းခဲ့ရာမှာ ရှင်းလင်းတဲ့အဖြေတွေ မရရှိခဲ့ကြပါဘူး။ တဖန် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့မှာပဲ ရန်ကုန်မြို့ NRPC မှာ DPN ကိုယ်စားလှယ်အဖွဲ့နဲ့ ဒေါက်တာ တင်မျိုးဝင်းဦးဆောင်တဲ့အဖွဲ့တို့ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြရာ အဆိုပါ မရှင်းလင်းသေးတဲ့အချက်များကို ရှင်းလင်းပေး ဖို့ NLD အစိုးရဘက်က စာနဲ့တရားဝင် ပေးပို့သွားမယ်လို့ သတင်းမီဒီယာတွေမှာ ပေါ်ထွက်လာခဲ့ပါတယ်။ ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ UNFC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့တို့ဟာ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လလယ်မှာပဲ တွေ့ဆုံညှိနှိုင်းသွားကြမယ့်သဘော ရှိနေပါတယ်။ ယင်းကနေတဆင့် ၂၁-ရာစုပင်လုံညီလာခံ (သို့) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို တက်လှမ်း သွားဖို့ ခြေလှမ်းပြင်နေပါတယ်။
တိုင်းရင်းသားနည်း တိုင်းရင်းသားဟန်ငြိမ်းချမ်းရေး
NLD အစိုးရဟာ တိုင်းပြည်ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသား ရင် ကြားစေ့ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ရွေးကောက်ပွဲမှာ မဲ အပြတ်အသတ် အနိုင်ရခဲ့ပြီး အစိုးရဖြစ်လာတာပါ။ ဒါကြောင့် လာမယ့်နိုင်ငံရေးဆွေးနွေးပွဲ အခင်းအကျင်းတွေမှာ စစ် မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ဖို့ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွေကို ရေးဆွဲပြဋ္ဌာန်းရေးအဖြေတွေထွက်ပေါ်လာမှပဲ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသား ရင်ကြားစေ့ ရေးတို့ကို မြန်မြန်ဆန်ဆန်ရောက်ရှိမှာဖြစ်ပါတယ်။ ဒီဟာက တိုင်းရင်းသားပြည်သူလူထုတရပ်လုံး မျှော်လင့်တောင့်တ နေတဲ့အချက်လည်း ဖြစ်ပါတယ်။ တနည်းအားဖြင့် တိုင်းရင်းသားနည်း တိုင်းရင်းသားဟန် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ခြင်းပဲ ဖြစ်ပါတယ်။ (မှတ်ချက် - တိုင်းရင်းသားဆိုသည်မှာ ဗမာအပါဝင် မြန်မာပြည်ရှိ လူမျိုးပေါင်းစုံကို ဆိုလိုသည်။)
ဆောင်းပါးရှင် မောင်အဉ္စနမှာ နယ်စပ်အခြေစိုက် မြန်မာ့အရေးလေ့လာသူတဦး ဖြစ်သည်။