မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း (၁၁)


မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း (၁၁)
(မိုးမခ) ဇူလိုင် ၁၄၊ ၂၀၁၆

● ၁၉၇၀ ပတ်ဝန်းကျင် ပြည်တွင်းအခြေအနေ
ဗိုလ်နေဝင်းအဖို့ ပြည်တွင်း၌ ဖြစ်ပွားနေသော စစ်ပွဲများ၌ အခြေအနေကောင်းနေသည်ဟု ဆိုရမည်။ ၁၉၇၀ ခုနှစ် ဧရာဝတီ တိုင်းဟုခေါ်သော မြစ်ဝကျွန်းပေါ်ဒေသတွင်ပြုလုပ်သော ရွှေလင်းယုန် မိုးဟိန်းစစ်ဆင်ရေးများတွင် အခြေအနေကောင်းနေ သည်။ ဖြတ်လေးဖြတ်စစ်ဆင်ရေးများ အောင်မြင်နေသည်။ မြစ်ဝကျွန်းပေါ်ဒေသမှ နာမည်ကြီး ဗမာပြည်ကွန်မြူနစ်ပါတီနှင့် KNU မှ နိုင်ငံရေး စစ်ရေးခေါင်းဆောင်များကျဆုံးခဲ့သည်။

ပဲခူးရိုးမတွင် ဗမာပြည်ကွန်မြူ နစ်ပါတီဥက္ကဌ သခင်သန်းထွန်းလုပ်ကြံခံရသည်။ နာမည်ကြီးခေါင်းဆောင်များ ကျဆုံးသည်။ ပီကင်းပြန်များအပါ အချို့လက်နက်ချသည်။ ပဲခူးရိုးမတွင်လည်း ဖြတ်လေးဖြတ်လုပ်နေသည်။ ပဲခူးရိုးမ မြစ်ဝကျွန်းပေါ် မသုံး လုံးဒေသ စသည့်ဒေသများတွင် လက်နက်ကိုင်ပုန်ကန်မှုများကို တိုက်ခိုက်ရာတွင် ဗိုလ်နေဝင်းအသာစီးရနေသည်။ ဖြတ် လေးဖြတ်သည် ဗိုလ်နေဝင်း၏ မူလတည်ထွင်ချက်တော့မဟုတ် ဗြိတိသျှတို့၏မလေးရှား အတွေ့အကြုံ မှရသည်ဟုဆိုသည်။

မြစ်ဝကျွန်းပေါ်နှင့် မသုံးလုံးဒေသ (မြင်းခြံ - မိတ္ထီလာ- မန္တလေး) တို့တွင် မဆလအစိုးရက ထိမ်းချုပ်နိုင်သော်လည်း ပဲူးရိုးမ၌ သခင်ဇင် သခင်ချစ်တို့ဦးစီးသည့် CPB ဗဟို စောကျော်မြသန်း စောမြမောင်တို့ ဦးစီး သည့် KNUP အနောက်မြောက်တိုင်းတွင် CPB မှ ဗိုလ်သက်ထွန်းဦးစီးသည့် အင်အားများ ရခိုင်ပြည်နယ်တွင် ရဲဘော်ကျော်မြဦးစီးသည့် CPB အင်အားစု များရှိနေသည်။ ထို့ပြင် ချင်းပြည်နယ်မှအပ ကျန်ပြည်နယ်များတွင် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များရှိနေသည်။

သို့သော် အရှေ့မြောက်တွင်တော့ တမျိုးတဖုံဖြစ်သည်။ ၁၉၆၈ နှစ်ဆန်းမှစ၍ အရှေ့မြောက်ပိုင်းသို့ ထိုးဖောက်ဝင်ရောက် လာသော CPB အင်အားစု ပြည်တွင်း CPB အင်အားစုများကဲ့သို့ ရိက္ခာ စစ်လက်နက်ပစ္စည်းချို့ချို့ ငဲ့ငဲ့မဟုတ်။ တရုတ်ကွန်မြူ နစ်ပါတီ၏ထောက်ပံ့ကူညီမှုဖြင့် စစ်လက်နက်ပစ္စည်း အပြည့်အစုံနှင့်ဖြစ်သည်။ အင်အားလည်းတောင့်တင်းပေရာ မဆလ အစိုးရ ထိခိုက်ဆုံးရှုံးမှုများရှိသကဲ့သို့ နယ်မြေအချို့ လက်လွတ်ဆုံးရှုံးနေသည်။ နယ်စပ်ကို ကျောပေးထားသဖြင့် ဖြတ်လေး ဖြတ်လည်း လုပ်ဖို့မဖြစ်နိုင်ခဲ့ပေ။ CPB က အရှေ့မြောက်ဒေသတွင် အခြေခံဒေသ လွတ်မြောက်ဒေသတည်ဆောက်နိုင်ပြီဟု ကြေငြာသည်။ CPB ၏ ကြေငြာချက်များ မီတာ ၆၀ မှ အသံလွှင့်နေသည်။ CPB ဗဟို၏အာဘော် ပြည်သူအသံအမည်ဖြင့် အသံလွှင့်နေသည်။ သို့သော် ခက်ရာခက်ဆစ် အသံဖမ်းနားထောင်ရသည်။ ထိုအသံလွှင့်လိုင်းကို ဖျက်သည့်စက်များဖြင့် ဖျက်၍ တဂျစ်ဂျစ်ဆူညံသံများကြားမှ နားထောင်ကြရသည်။

၁၉၇၀ တွင် ကွန်လုံ ဟိုက်ကမ်းပါး ရက် ၄၀ တိုက်ပွဲတွင် မဆလအစိုးရတပ်များ အောင်ပွဲခံသည်ကို ကြေငြာသည်။ ရှေ့တန်း ပြန်ဂုဏ်ပြုပွဲများ အနုပညာရှင်များက ရှေ့တန်းသို့သွားရောက်ဖြေဖျော်သည်များတွေ့ကြရသည်။ တရားဝင် မဟုတ်သော် လည်း အရှေ့မြောက်တွင် တရုတ်များကျူးကျော်ဝင်ရောက်ပြီး လူလှိုင်းဖြင့် စစ်ဆင်နေသဖြင့် အစိုးရတပ်များ ပြင်းပြင်းထန်ထန်ခုခံနေရသည်ဆိုသည့် သတင်းများထွက်ပေါ်၍နေသည့်ကာလဖြစ်သည်။

တဖက်ကပြောလျင် ပြည်မဒေသရှိ ပြည်တွင်းစစ်စစ်မျက်နှာတွင် မဆလအစိုးရက အသာစီးရနေသည်။ သို့သော် ထိုပြည်မ ဒေသ၌ မဆလအားနိုင်ငံရေးမကျေနပ်သည့် မထောက်ခံသည့် အင်အားစုများက တိုးပွားလာနေသည်။ ၁၉၇၀ ခုနှစ်ပိုင်း လွှတ်ပေးခဲ့သော ဦးနုအပါ နိုင်ငံရေးသမားဟောင်းများ တိုင်းရင်းသားခေါင်းဆောင်ဟောင်းများအား ဖိတ်ခေါ်ပြီး ၃၃ ဦး ကော်မတီဖွဲ့ပြီး ဗိုလ်နေဝင်းက ပြည်တွင်းညီညွတ်ရေးကြွေးကြော်ခဲ့သေးသော်လည်း အောင်မြင်မှုမရခဲ့။ မကြာမတင်မှာပင် ဦးနုတို့လင်မယား ဗုဒ္ဓဂါယာ ဘုရားဖုးထွက်သည်ဆိုရာမှ ပြန်မလာတော့ဘဲ ပဒပ ခေါ် ပါလီမန်ဒီမိုကရေစီပါတီဖွဲ့ကာ ထိုင်း နယ်စပ်ကို အခြေပြု၍ မဆလကို ဆန့်ကျင်တိုက်ခိုက်မှု ပြုခဲ့သည်။

သို့သော် ဗိုလ်နေဝင်းအတွက် စစ်ရေးအရ ဖေးမမှုတော့ရှိသည်။ ထိုကာလက တရုတ်၏ ကူညီထောက်ပံ့မှုဖြင့် အရှေ့မြောက်ရှိ ကွန်မြူ နစ်များအား အမေရိကန်တို့ အလေးထားနေရသည်။ သို့အတွက် ကွန်မြူနစ်ဆန့်ကျင်ရေးဦးတည်ချက်အတွက် ဗိုလ် နေဝင်း မည်မျှ ဆိုရှယ်လစ်ဟုအော်နေစေကာမူ ဗိုလ်နေဝင်းအား ကျားကန်ပေးဖို့ဖြစ်လာသည်။ မူးယစ်ဆေးဝါးဆန့်ကျင် တိုက်ဖျက်ရေး ခေါင်းစဉ်အောက်တွင် အမေရိကန်တို့ ဆိုရှယ်လစ်ဗိုလ်နေဝင်းအား ကူညီဖို့ အလေးပေးခဲ့သည်။ ပါလီမန်ဒီမို ကရေစီ ပါတီစုံဒီမိုကရေစီကြွေးကြော်နေသော ဦးနုဖက်သို့ ခေါင်းလှည့်နိုင်ခဲ့ခြင်းမရှိခဲ့ပေ။

၁၉၆၂ ခုနှစ် ဗိုလ်နေဝင်းအာဏာသိမ်းကထဲက ၁၉၄၇ အခြေခံဥပဒေဖျက်သိမ်းခံလိုက်ရသဖြင့် တိုင်းပြည်တွင် အခြေခံဥပ ဒေမရှိ။ ထို့ကြောင့် ပြည်ထောင်စုဆိုရှယ်လစ်သမတ မြန်မာနိုင်ငံတော်အခြေခံဥပဒေဆိုသည့် ၁၉၇၄ အခြေခံဥပဒေကိုရေး ဆွဲရန် ပြင်ဆင်နေကြသည်။ စီးပွားရေးဘက်တွင် မဆလ၏ နှစ်တို နှစ်ရှည်စီမံကိန်းများစွာကို ကြားသိမြင်တွေ့ နေရသည်။ သို့သော် ပြည်တွင်း၌ ကုန်ပစ္စည်းများရှားပါးပြတ်လပ်မှုကိုကြုံတွေ့နေရသည်။ ပြည်သူ့ဆိုင်များ (နောင်တွင် ပပက ဟု ပြောင်းခေါ်သည်ထင်သည်) တွင် လူသုံးကုန်းပစ္စည်းများ အစစအရာရာ ရှားပါးစပြုသည်။ တန်းစီတိုးရခြင်း မဲဖေါက်ခြင်း အသုံးမလိုသောပစ္စည်းနှင့်တွဲယူရခြင်းတို့ဖြင့် စိတ်ပျက်ဖွယ်ရာများ ကြုံနေရသည်။ ဖဆပလခေတ်က စီးပွားရေးအခြေအနေ များသည် အရှိန်ကုန်စပြုလေပြီ။

ထိုသို့လူထုအတွက် နေ့စဉ်သုံးပစ္စည်းများ ရှားပါးလာသောအခါ ၎င်းကွက်လပ်ဖြည့်နိုင်ရန် ကြိုးစားကြသည့် ရလဒ်အနေနှင့် မှောင်ခိုဈေးကွက်ပေါ်လာသည်။ ယိုးဒယားပစ္စည်းမှောင်ခိုဈေးကွက်ဟု ခေါ်ကြသည်။ (ထိုစဉ်က ထိုင်းဟုမခေါ်ကြသေး)

● လေဟာပြင်ဈေး
အုတ်ဖိုတွင်နေစဉ် ကျောင်းပိတ်များအတွင်း ရန်ကုန်သို့ ဖခင်နှင့်အတူ မကြာခဏရောက်လေ့ရှိသည်။ ရန်ကုန်ရောက်လျှင် မိမိတို့သားအဖမပျက်မကွက်လုပ်လေ့ရှိသည်မှာ စာအုပ်ဆိုင် အသစ်ရော အဟောင်းရောမွှေသည်။ပရဲဆီးဒင့် (သမတ) သို့မဟုတ် ပလေဒီယံ (နောင် ပပဝင်း ယခုတော့ ဟိုတယ်) တွင် စတော သို့မဟုတ် ဒီစီမှ ရုပ်ရှင်ကြည့်သည်။ ထို့နောက် တရုတ်ဆိုင်တဆိုင်တွင် ထမင်းစားသည်။ ဝက်သားသုံးထပ်သားပေါင်း ဝက်ပဲငပိဝက်ကြံမဆိုင် ဟင်းသုံးပွဲကို ၁၀ ကျပ်လား ပေးရသည်။ ရန်ကုန်ရောက်ခိုက် အကောင်းဆုံးဇိမ်ခံခြင်းဖြစ်သည်။

နောက်ဆုံးတခုကတော့ လေဟာပြင်ဈေးအား ပတ်၍ ဈေးဝယ်ခြင်းဖြစ်သည်။ ထိုစဉ်က လေဟာပြင်ဈေးသည် ဗိုလ်ချုပ် အောင်ဆန်းလမ်းနှင့် အလံပြဘုရားလမ်းဒေါင့်တွင်ရှိသည်။ နေ့လည်မှ ဈေးစဖွင့်ပြီး ရောင်းသူရောဝယ်သူပါ ကြိတ်ကြိတ်တိုး ၍နေသည်။ အစိုးရဆိုင်များတွင် မရသော ပစ္စည်းအစုံရှိသည်။ အပ်မှသည် သိကြားမင်းနကင်းအထိရနိုင်သည်ဟု တင်စား ခေါ်ဝေါ်ကြသည်။ တဈေးလုံး မှောင်ခိုပစ္စည်းအပြည့်ဖြစ်သည်။ ထိုင်းမှသွင်းလာသော ပစ္စည်းများကအများစုဖြစ်သည်။ အစိုး ရဆိုင်များမှ ရှားပါးပစ္စည်းများလည်းရနိုင်သည်။ တခါတရံ အဖမ်းအဆီးရှိသည်ဟုသည့် သတင်းများကြားက တဈေးလုံး ရုတ်ရုတ်သဲသဲဖြစ်တတ်သည်။ များသောအားဖြင့်တော့ ဖမ်းလေ့မရှိပါ။

ထိုင်းနယ်စပ်မှ KNU နယ်မြေဖြတ်ကာ မော်လမြိုင်မှတဆင့် ရန်ကုန်သို့ဝင်သည်။ လေဟာပြင်တဈေးလုံးမှောင်ခိုပစ္စည်းနှင့် ပြည့်နေအောင် ရောက်ရှိလာသော လမ်းကြောင်းမှာ မော်လမြိုင် ရန်ကုန်လမ်းကြောင်းဖြစ်သည်။ ကားလမ်းရော ရထားလမ်း ရော မှောင်ခိုပစ္စည်းသယ်သူများနှင့် အပြည့်ဖြစ်သည်။ မှောင်ခိုဖြစ်သဖြင့် အေးအေးလူလူတော့ သယ်၍မရ။ ရှာဖွေရေးနှင့် ပြေးတမ်းလိုက်တမ်းကစားကြရသည်။

ကြပ်ညပ်နေသော ရန်ကုန် မော်လမြို င်ပေါ်တွင် မှောင်ခိုကုန်တွေကအပြည့်ဖြစ်သည်။ မီးရထားအိမ်သာများ၏ မျက်နှာ ကျက်များအားဖောက်၍ မှောင်ခိုပစ္စည်းအပြည့်ထည့်ကြသည်။ ထိုင်ခုံများအောက်တွင်လည်း ပစ္စည်းအပြည့်ဖြစ်သည်။ ခရီး သည်များကလည်း မျက်နှာသေးသေး လူဝဝကြီးများဖြစ်နေသည်။ ပိတ်အုပ်လိုက်ကိုဖြန့်၍ ကိုယ်မှာ အထပ်ထပ်ရစ် ပတ်ပြီးအပေါ်မှ အင်္ကျီလုံချည်ပြန်ဝတ်ကြ၍ ဝနေကြခြင်းဖြစ်သည်။ ရှာဖွေရေးများက ဖမ်းတဲ့သူဖမ်း တောင်းတဲ့သူတောင်း ဆွဲချသူဆွဲချ ဖြင့် ဘူတာတခုရောက်တိုင်း ပွက်လောရိုက်နေသည်။

နောက်ဆုံးတဂိတ် ရန်ကုန်ဘူတာကြီးကိုကျော်ဖို့အတွက် ရန်ကုန်အဝင် မလွှကုန်း ပုဇွန်တောင်လောက်အရောက်တွင် ပစ္စည်းအထုပ်တွေ ပစ်ချကြသည်။ အောက်ကလာစောင့်သူနှင့် အပေါ်ကပစ်ချသူနှင့် အပြန်အလှန် အော်ကြ ဟစ်ကြနဲ့ ကျွတ်ကျွတ် ညံသည်။ ဤသို့နှင့် ရန်ကုန်လေဟာပြင်ဈေးကွက်ကြီး စည်ကားသက်ဝင်နေတော့သည်။ အစစအရာရာ ရှားပါး လာခဲ့သည့် မဆလစနစ်အောက်တွင် ပေါ်ထွက်လာခဲ့သည့် ဈေးကွက်တခုဖြစ်သည်။

● ရှားပါးသူငယ်ချင်း
မိမိ၏ မိဘများက အစိုးရဝန်ထမ်းများဖြစ်သဖြင့် ငယ်စဉ်ကထဲက နေရာအတည်တကျ မနေခဲ့ရပေ။ သုံးလေးနှစ်တကြိမ် ပြောင်း ရွှေ့နေရသည်။ သို့အတွက် မိမိသည် နေရာတခု ဒေသတခုစွဲလမ်းခြင်းမရှိခဲ့ပေ။ မြန်မာပြည်တပြည်လုံး ကိုယ့်အိမ် မှတ်ပါ ကိုယ့်ယာမှတ်ပါဟူသော ဆောင်ပုဒ်နှင့်နေလာခဲ့ရသာဖြစ်သည်။ သို့ဖြစ်ရာ ကိုယ့်မြို့ ကိုယ်ရွာ ကိုယ့်ဒေသကို အစွဲအ လမ်းကြီးသူများကို တွေ့သောအခါ ပထမတော့အံ့သြမိသည်။ နောက်တော့ သူတို့အနေအထားကို နားလည်မိသည်။

မွေးကထဲက နေရာတခုတွင် နေထိုင်ကြီးပြင်းလာသူများသည် သူ့ဒေသ သူ့မြို့ သူ့ရွာကို အစွဲအလမ်းကြီးသည်။ သံယော ဇဉ်ကြီးတတ်ကြသည်။ သူတို့၏ဘဝဖြတ်သန်းမှုနှင့်ဆိုင်သည်။ သူတို့အဖို့တော့ မွေးကထဲက ကြီးပြင်းလာသည့်ဒေသ ရပ် ဆွေရပ်မျိုးများ နှစ်ကာလရှည်ကြာစွာ ပေါင်းသင်းခဲ့ကြသည့်မိတ်ဆွေသင်္ဂဟများ ကျွမ်းကျင်ကြသည့် ဒေသလူမှု စီးပွားအခြေ အနေများတွင်ဖြတ်သန်းကြသည်ဖြစ်ရာ ကိုယ့်မြို့ ကိုယ့်ရွာကို ချစ်ကြ အစွဲလမ်းကြီးကြသည်။

ထို့ပြင် မိမိသည့် ခဏခဏ မြို့ပြောင်းသကဲ့သို့ ကျောင်းလည်းပြောင်းရပေရာ ငယ်သူငယ်ချင်းရှားပါးသည်။ တမြို့တ ကျောင်းပြောင်းသည်နှင့် သူငယ်ချင်းသစ်များပေါင်းရသည်မှာလည်း တဒုက္ခဖြစ်သည်။ ကျောင်းသားသစ်တယောက်အဖို့ တတန်းလုံးသည် သူစိမ်းများဖြစ်သည်။ ကျောင်းသားသစ်ဆိုလျင် ပြောင်ချင် နောက်ချင် စချင် နှိမ်ချင်သူများကလည်း ရှိသည်မဟုတ်ပါလော။

အုတ်ဖိုကျောင်းရောက်တော့ တတန်းလုံးတွင် မိမိတဦးတည်း ကျောင်းသားသစ်ဖြစ်သည်။ ကျန်သူများကတော့ သူငယ်တန်း ထဲက အတူတကွတက်လာကြသည့် တယောက်အကြောင်း တယောက်သိသည့်သူများဖြစ်ကြသည်။ ကိုးတန်းတက်ခါစ အတန်းထဲတွင် တယောက်ထဲ ကြောင်စီစီနှင့် ထိုင်နေရသည်။ ပထမဆုံးအတန်းထဲဝင်လာသည့်ဆရာက မိမိအား "ဘယ်မြို့ ကပြောင်းလာတာလဲ" ဟုမေးရာ မိမိက "ကွမ်းခြံကုန်းကပါဆရာ" ဟု ပြန်ဖြေခဲ့သည်။ ထိုအခါ ဆရာက "ဆရာမင်းသုဝဏ် တို့မြို့ပေါ့" ဟုဆိုခဲ့ရာ ကျောင်းသားဟောင်းတစ်ဦးက "ဟိုက မင်းသုဝဏ် .. သူကတော့ မယ်ကုဝဏ်" ဟု ဆိုလိုက်ရာ တတန်းလုံးပွဲကျသွားသည်။ ဆရာဟန့်တော့လည်း မရတော့။ အသားမဲမဲ ပိန်ညောင်ညောင် မျက်မှန်မှန်ထူထူနှင့် မိမိအား နောက်ပြောင်လိုက်ခြင်းဖြစ်သည်။ ကျောင်းသားသစ်ဆိုသည်မှာ ဤသို့ ဤနှယ် ဖြစ်သည်။ စစချင်းတော့ ခံပေတော့ဟု ဆိုရမည်။

သို့သော် များမကြားမှီ အတန်းဖေါ်ကျောင်းသားတစ်ဦးနှင့် မျက်မှန်းတမ်းမိသည်။ သူကား မိမိတို့ငှားနေသည့် အိမ်နှင့်ကပ် ရက်တိုက်ကဖြစ်သည်။ မိမိနှင့် တတန်းထဲ တခန်းထဲဖြစ်သည်။ သို့နှင့် သူနှင့် မိမိလည်း ခင်မင်သွားရာမှ နောင် ကျောင်းအတူ သွား အတူပြန် အတူကစား ဖြစ်သွားတော့သည်။အထက်တန်းကျောင်းသားဘဝ တလျောက်လုံးတွဲဖြစ်သည်။ နောင်လျှောက်သည့်လမ်းတွေမတူကြသော်လည်း အခင်အမင်မပျက်ခဲ့ကြ။

မိမိလျှောက်ချင်သောလမ်းကား သူနှင့်အကျင့်စရိုက်မတူပေ။ သူကား ရိုးရိုးကုတ်ကုတ် အေးအေးချမ်းချမ်းဘဝကို ဖြတ်သန်း လိုသူဖြစ်သည်။ သို့သော် မိမိလုပ်ကိုင်သည်ကိုတော့ ကန့်ကွက်ပြောဆိုခြင်းမရှိ။ နားလည်မှုပေးသည်။ အရေးအကြောင်းဆို လျှင် အကူအညီပေးသည်။ သူ့လမ်းသူလျှောက် ကိုယ်လျှောက်ခဲ့ကြပေမဲ့ အခင်အမင် မပျက်ခဲ့ကြ။ မိမိအထက်တန်းကျောင်း သားကျောင်းသားဘဝမတိုင်မှီကထဲကတွက်လျှင် သူတစ်ဦးသာ မိမိငယ်ပေါင်းဟုဆိုနိုင်သည်။ သူအမည်မှာ မောင်မောင် ကြည်ဖြစ်သည်။ မိမိမှာ လက်ညှိုးထိုးပြစရာရှိသည့် ငယ်ပေါင်းဟုဆိုရပါမည်။

လူတိုင်းတွင် ရည်မှန်းချက်တူ ရဲဘော်ရဲဘက်များရှိသည်။ လုပ်ငန်းတူ လုပ်ဖေါ်ကိုင်ဖက်များရှိသည်။ ရဲဘော်ရဲဖက်အချင်း ချင်းကျတော့ ရည်မှန်းချက်အတွက် ဆွေးနွေးတိုင်ပင်နိုင်သည်။ လုပ်ဖေါ်ကိုင်ဖက်ကတော့ လုပ်ငန်းအကြောင်းတိုင်ပင်နှီး နှောနိုင်သည်။ ငယ်ပေါင်းကတော့ ဘာမဆို ပြောဆိုနိုင်သည်။ လွတ်လပ်ပေါ့ပါးစွာ ရင်ဖွင့်၍ရသည်။ လူတိုင်းလူတိုင်းတွင် ဆွေမျိုးသားချင်းများအပြင် ငယ်ပေါင်းများရှိနေခြင်းသည်လည်း ကံကောင်းခြင်းတရပ်ဖြစ်သည်။ အသက်ရွယ်ကြီးရင့်လာလေ ငယ်ပေါင်း၏တန်ဖိုးက ကြီးလေဖြစ်လိမ့်မည်။ ရှေးဟောင်းနှောင်းဖြစ်များကို ပြန်လည်ပြောဆို၍ ငယ်ရွယ်နုပျိုသော အပူအပင်ကင်းခဲ့သောကာလများ အမှတ်တရ ပြန်လည်ခံစားနုပျို နိုင်ပေမည်။

ဆက်လက်ဖေါ်ပြပါမည်
Mg Mg Soe (မောင်မောင်စိုး)
photo credit Ko Zaw Oo Kzo