နေဘုန်းလတ် - ရောယှက်မှုလွန် လောက





နေဘုန်းလတ် - ရောယှက်မှုလွန် လောက
(Popular News Journal) မိုးမခ၊ ဇူလိုင် ၂၀၊ ၂၀၁၆
 
ပြီးခဲ့တဲ့အပတ်တုန်းက မိုးမခက ပြုလုပ်တဲ့ ‘အိုင်တီနည်းပညာခေတ်နှင့် မြန်မာစာရေးဆရာများ’ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှုမှာ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ပေါ်က ရေးသားမှုအကြောင်းတွေ အနည်းငယ်စကားစပ်ဖြစ်ကြတယ်။

ဘလော့ဂ်တွေရေးကြတဲ့ ခေတ်တုန်းက Blogosphere လို့ခေါ်တဲ့ ဘလော့ဂ် ရပ်ဝန်းထဲမှာ ရေးတဲ့သူကရေး၊ ဖတ်တဲ့သူတွေကလည်း သေချာဖတ်ပြီးတော့ Cbox လို့ခေါ်တဲ့ Comment Box တွေထဲမှာ မှတ်ချက် (Comment) တွေရေးကြ အပြန်အလှန်ဆွေးနွေးကြနဲ့ ရေးသူဖတ်သူ နွေးနွေး ထွေးထွေးရှိကြတဲ့အကြောင်းတွေကို ပြောမိကြရင်းကနေ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ကျတော့ရော ဘယ်လိုလဲဆိုတဲ့ မေးခွန်းကဝင်လာတယ်။ သိပ်စဉ်းစားစရာမလိုလိုက်ပါဘူး… ကိုယ် အဲဒီ့မေးခွန်းကို လျင်လျင်မြန်မြန်ပဲ အဖြေပေးလိုက်တယ်။ ”ဖေ့စ်ဘွတ်ခ်ပေါ်မှာတော့ ကွန်မန့်တွေကို လိုက်ခံစားနေရင် ရူးသွားဖို့ပဲရှိတယ်” လို့။

ဟုတ်တယ်…။ ဘလော့ဂ်ခေတ်တုန်းကလို သတ်သတ်မှတ်မှတ်နဲ့ သီးခြားဆန်တဲ့ ရေးသူ၊ ဖတ်သူဆိုတာမျိုး မဟုတ် တော့ဘဲ နယ်ပယ်စုံ၊ လူစုံ၊ အတွေးအခေါ်စုံ၊ အယူအဆစုံ အလွန်အကျွံ ရောယှက်လာပြီး Super Mix (Super Coffee Mix မဟုတ်ပါ)ဖြစ်လာတဲ့အခါ ကိုယ်ရေးလိုက်တဲ့ အကြောင်းအရာတစ်ခုခုအပေါ် လာပေးတဲ့ မှတ်ချက်တွေကလည်း အမျိုးအစားအတော်ကို စုံလာတယ်။ ထောက်ခံတဲ့သူ၊ ကန့်ကွက်တဲ့သူဆိုတဲ့ဘက်နှစ်ခုအပြင်၊ အသားလွတ်လာဆဲသူ၊ စဆရကလို့ Facebooker တွေသုံးကြတဲ့ ဆရာကြီးလာလုပ်သူ။ ရေးထားတာကို လိုရာဆွဲတွေးပြီး ထင်ရာမြင်ရာတွေလျှောက် ရေးသွားသူ စသဖြင့် စုံစီနဖာဖြစ်လာတယ်။ ဖေ့စ်ဘွတ်ခ်ပေါ်မှာ စာရေးတော့ ရှည်ရှည်ဝေးဝေးအစား၊ တိုတိုတုတ်တုတ်တွေ ပို ရေးဖြစ်တယ်၊ စာချည်းပဲအစား ပုံလေးတွေ နဲ့ တွဲဆက်တင်ဖြစ်တယ် စတာတွေ ပြော ဖြစ်ပြီး နောက်တစ်ခုကိုယ်ပြောလိုက်မိတာက ”ဖေ့စ်ဘွတ်ခ်ပေါ်မှာ တွေးစရာတင်လို့မရဘူး” ဆိုတာပဲ။ ကိုယ်က သေချာကို စမ်းသပ်ဖူးတယ်။

သုံးမိနစ်လောက် အချိန်ယူဖတ်ရမယ့် စာရှည်ရှည်တစ်ပုဒ်တင်ကြည့်တယ် ‘စက္ကန့်ပိုင်းအတွင်းပဲ Like အချို့တက်လာတယ်။ သိလိုက်ပြီး သေချာမဖတ်ဘဲ Like ကြ တာ။ စာတိုတိုတင်ကြည့်တယ် စာရှည်ရှည်ထက် Like ပိုရတယ်။ Comment တွေ ဝင်ရေးတယ်။ စာကိုလိုက်ဖက်မယ့်ဓာတ် ပုံလေးနဲ့ တွဲတင်ကြည့်တယ်။ စာချည်းပဲထက် Like ပိုရတယ်။ ၈၈ က ကိုကိုကြီးက နိုင်ငံရေးကိစ္စတွေတင်တော့ Share မယ့်သူမရှိ၊ Like မရ၊ Comment တွေမရေးကြပေမယ့် ကလေးအနှီးလျှော်နေတဲ့ပုံတွေ၊ ကလေးထိန်းနေတဲ့ပုံတွေတင်တော့ ရလိုက်တဲ့ Like တွေဆိုပြီး မချိတင်ကဲနဲ့ ပြောဖူးတယ်။

ရိုးရိုးစာတွေတောင် ဒီလိုဖြစ်နေတာ တွေးစရာလေးတွေရေးပြီး တွေးခိုင်းလိုက်ပြီဆိုတော့ ပိုခက်ကုန်တော့တာပေါ့။ ကိုယ်တွေက ပို့စ်မော်ဒန် ခေတ်မှာကြီးလာပြီး ပို့စ်မော်ဒန်စာပေတွေနဲ့ ယဉ်ပါးလာတော့ ကိုယ်တွေကို အတုံးလိုက်အတစ်လိုက်ကြီး လက်ချာလာရိုက်နေတာမျိုးကို သိပ်သဘော မတွေ့ခဲ့ဘူး။ ပျင်းတယ်။ တစ်ခုခုဆိုရင် တွေးစရာလေးပါမှ၊ တွေးခွင့်လေးပေးထား မှ ဆိုတာမျိုး။ စာဖတ်သူရဲ့လွတ်လပ်ခွင့်ကို အသိအမှတ်ပြုတဲ့စာပေမျိုးတွေကို တရှိုက် မက်မက်ဖြစ်ဖူးတယ်။ကိုယ်စာရေးဖြစ်တော့လည်း အဲဒီ့စိတ်ကလေး အခြေခံနဲ့ ရေးဖြစ်တယ်။ ကိုယ်က ကိုယ့်စာဖတ်တဲ့သူတွေကို လွတ်လွတ်လပ် လပ် တွေးစေချင်တယ်။ လက်ချာရိုက် ချင်ရုံသက်သက်၊ ပညာပေးချင်ရုံသက်သက် ဆို ကိုယ် စာရေးဆရာဘယ်လုပ်မလဲ။ ကျောင်းဆရာပဲလုပ်တော့မပေါ့။ ဒါပေ မယ့် ခက်တာက မတွေးတဲ့လူတွေကြားမှာ တွေးစရာတစ်ခုခုတင်လိုက်တဲ့အခါ အလွဲ ပေါင်းများစွာ ဖြစ်လာတော့တာပဲ။ ”လူ တွေရဲ့ ၂ ရာခိုင်နှုန်းက တွေးကြတယ်၊ ၃ ရာခိုင်နှုန်းကတော့ သူတို့တွေးတယ်လို့ ထင်ကြတယ်။ ကျန်တဲ့ ၉၅ ရာခိုင်နှုန်း က တော့ တွေးမလား၊ သေမလားဆို သေဖို့ လမ်းကို ရွေးကြလိမ့်မယ်”လို့ပြောဖူးတဲ့ ဂျော့ရှ်ဘားနပ်ရှောကိုတောင် သတိရမိသေးတယ်။ တွေးစရာတင်လို့မရဘူးဆိုတဲ့ ကိုယ့် ရဲ့စကားကို ဆရာမောင်လွင်မွန် (ကသာ) က ဖေ့စ်ဘွတ်ခ်ပေါ်မှာ သရော်လို့လည်း မရဘူးဆိုပြီး ထပ်ဖြည့်တယ်။ အဲဒါလည်း ဟုတ်တယ်။ သရော်တာကို သရော်တာလို့ နားမလည်တဲ့ သူတွေများစွာကြားမှာ သရော် စာရေးတဲ့ ဆရာတွေ ဆဲခံရတာလည်း အခါခါပေါ့။ ဒီလိုတွေပြောတော့ ဖေ့စ် ဘွတ်ခ်ပေါ်မှာ ကာတွန်းလေးတွေ ရေး တင်လေ့ရှိတဲ့ လဂွန်းအိမ်ရဲ့ ကာတွန်းတစ် ကွက်အကြောင်းနဲ့ ကွန်မန့်အချို့အကြောင်း ပြောချင်သေးတယ်။

သူက ဒီလိုကာတွန်းဆွဲတယ်။ နောက် ကျောကို ဓားနဲ့အထိုးခံထားရတဲ့ လူနာတစ်ယောက်ကို ဆရာဝန်တွေ သူနာပြုတွေကသွေးတိုင်းတဲ့သူတိုင်း၊ ခေါင်းက အာလူး သီးကို ဆေးထည့်ဖို့ ကြိုးစားသူက ကြိုးစား၊ မျက်လုံးဖြဲ ကြည့်သူကကြည့် လုပ်နေကြချိန်မှာ လူနာကတော့ပြောရှာတယ် ”နောက် မှာ …နောက် …ကျော…အာ …အ…တဲ့။ ဆရာဝန်ကလည်းပြန် ပြောတယ် ”နောက်ကျောထက်အရေး ကြီး တာတွေလုပ်နေတယ် အော်မနေနဲ့”တဲ့။ ဒါပဲ။ဒီကာတွန်းလေးက ဂျာနယ်တစ်ခုခုမှာ ပါလာတယ်ဆိုရင် သိပ်ပြဿနာ မကြီးလောက်ဘူး။ ဒါပေမယ့် အတွေးအခေါ် ပေါင်းစုံနဲ့ လူပေါင်းစုံရှိနေတဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ် ရောက်လာတော့ ပြဿနာတက်ကရော။ ကိုယ်တွေကတော့ နိုင်ငံရေး သမားမို့လို့ပဲ လားမသိဘူး ကာတွန်းလေး ကို ကြည့်လိုက်တာနဲ့ မယောင်ရာဆီလူး နေတဲ့ခေတ်ကိုတန်းမြင်ပြီး ကာတွန်းဆရာ ရဲ့သရော်ချက်ကို ပြုံးမိတယ်။ ဒါပေမယ့် အဲဒီ့ကာတွန်းကို ဆရာဝန် တစ်ယောက်က တွေ့သွားတဲ့အခါကျတော့ ဆရာဝန်တွေကို စော်ကားပါတယ်ဆိုပြီး ဖြစ်သွားတယ်။ အဲဒီ့လိုခံစားမိလိုက်တဲ့ ဆရာဝန်မလေးတစ်ယောက်က ဒီလိုတင်တယ် ”ဓားကို အရင်နုတ်ဖို့ထက်၊ သွေး ပေါင်ချိန်၊ သွေးခုန်နှုန်းတွေ အရင်စစ်ဖို့က အရေးကြီးတယ်ဆိုတာကို မသိဘဲနဲ့ မဝေ ဖန်ပါနဲ့” တဲ့။

အဲဒီ့လိုနဲ့ အဲဒီ့ ကာတွန်းအောက်မှာ အငြင်းအခုံလေးတွေဖြစ်ရာက ဂယက်ရိုက်သွားခဲ့ပြီး လဂွန်းအိမ်ရဲ့ပို့စ်က Like 3.8K, Share 1283 နဲ့ Comment 213 ခု ဖြစ်သွားပါလေရော။ ဒီနေရာမှာ ဘယ်သူမှားတယ် ဘယ်သူမှန်တယ်ဆိုတာကို မငြင်းချင်ပါဘူး။ ကာတွန်းဆရာရဲ့စဉ်းစားပုံ၊ ဆရာဝန်ရဲ့စဉ်းစားပုံ၊ ကာတွန်းဆရာအတွက် အရေးကြီးသောအရာ၊ ဆရာဝန်တွေအတွက် အရေးကြီးသောအရာ စတာစတာတွေဟာ မတူညီနိုင်ပါဘူး။ကာတွန်းဆရာနဲ့ ဆရာဝန်မှ မဟုတ်ပါဘူး အခြားသော နယ်ပယ်တွေမှာလည်း ဒီသဘောတရားပါပဲ။ မုန့်တစ်ခုနဲ့ စာအုပ်တစ်အုပ်ဘယ်ဟာ ယူမလဲလို့မေးရင်ကိုယ် တစ်ယောက်တည်း ဆိုရင်တောင် ဗိုက်ဆာနေတဲ့အချိန်နဲ့ ဗိုက်ပြည့် နေတဲ့အချိန် ရွေး ချယ်မှုတွေကွဲလွဲနိုင်ပါသေးတယ်။ လူနှစ် ယောက်ဆိုရင်တော့ မတူနိုင်ဖို့ ရာခိုင်နှုန်းပိုများပါတယ်။ ထားပါ ”ဒီနေရာမှာတော့ အမှန်၊ အမှားထက်အခြားသောကြားခံနယ် Medium တွေနဲ့ မတူတဲ့ Facebook ရဲ့ သဘောသဘာဝကို နှလုံးသွင်းကြစေချင်ပါတယ်။ အထက်မှာ ပြောခဲ့သလိုပဲ။ ဒီကာတွန်းဟာ ဂျာနယ်တစ်စောင်မှာပါလာရင် ဒီလိုပြဿနာမျိုး ပေါ်ပါ့မလား။

သေချာပါတယ် ဒီလိုကာတွန်းမျိုးကို ထည့်မယ့်ဂျာနယ်ဟာ နိုင်ငံရေးနွယ်တဲ့ ဂျာနယ်မျိုးပဲဖြစ်မှာပါ။ အဲဒီ့တော့ အဲဒီ့ ဂျာနယ်ကိုဖတ်မယ့် ပရိသတ်ကရော…နိုင်ငံရေးကို စိတ်ပါဝင်စားကြသူတွေပဲ များပါလိမ့်မယ်။ ဆိုတော့ကာ ကာတွန်းကို တွေ့လိုက်တာနဲ့ နိုင်ငံရေးနဲ့ဆိုင်တဲ့ဂျာနယ် တစ်စောင်ကို နိုင်ငံရေးကို စိတ်ပါဝင်စား သောစိတ်နဲ့ဖတ်နေတာ ဖြစ်တဲ့အတွက် ဆို လိုရင်းကိုတန်းမြင်ဖို့ ရာခိုင်နှုန်းများပါတယ်။

အရင်းစစ်တော့ ပြဿနာက Super Mix ပါပဲ။ ဖေ့စ်ဘွတ်ခ်ဟာ ရောထွေးယှက် တင်မှုနှုန်း သိပ်များတဲ့ နေရာတစ်ခုဖြစ် တယ်ဆိုတဲ့အချက်ကို ကိုယ်တို့အားလုံး သတိချပ်ထားကြဖို့ လိုပါလိမ့်မယ်။ အဲဒီ့ အတွက် မျိုးစုံသောတုံ့ပြန်မှုတွေ ရှိနေနိုင်တယ်ဆိုတာကိုလည်း လက်ခံထားရမယ်။ အားလုံးကို ရင်ဘတ်ကြီးနဲ့ ခံစား မနေဘဲ လျစ်လျူရှုသင့်သလောက် ရှုနိုင်ဖို့လည်း ပြင်ဆင်ထားကြရပါမယ်။ ဒါပေမယ့် ခက်တော့ ခက်နိုင်တယ်။ တုံ့ပြန်မှုတွေကို သိပ်စဉ်းစားလေ့မရှိတဲ့ လဂွန်းအိမ်လို လူမျိုးတောင် နောက်ထပ် ကာတွန်းတွေထပ်ဆွဲပြီး ရှင်းပြနေတာကိုတွေ့ရတော့ ကိုယ်ပြုံးမိတယ်။ အနုပညာရှင်တစ်ယောက်ရဲ့လွတ်လပ်ခွင့်နဲ့ ခံစားသူတို့ရဲ့ လွတ်လပ်ခွင့်တွေအကြောင်းကိုတော့ အလျဉ်းသင့်ရင်ဆက်ရေးပါဦးမယ်။

လဂွန်းအိမ်က ရေငုပ်ကိရိယာတွေနဲ့ ရေငုပ်နေတဲ့ကြောင်လေး တစ်ကောင်ပုံ ဆွဲထားတာကို ကြိုက်လို့ယူပြီး ”ကြောင် ကြာကြာရေမငုပ်ဘူးလို့ ဘယ်သူပြောသ လဲ” ဆိုတဲ့စာသားလေးနဲ့ တွဲတင်လိုက်တယ်။ လာရေးကြတဲ့ ကွန်မန့်အချို့က ဒီလိုပါတဲ့ ဗျာ.. .။ ”ဟား…ဟုတ်ပါ့ဗျာ ဒီလို တော့လည်း ကြောင်ကြာကြာရေငုပ်နိုင်တာ ပေါ့နော”။ ”ကြိုက်သလောက် ငုပ်အချိန် တန်ရင် ကြောင်က ကြောင်ပါပဲ အောက်စီ ဂျင်ပြတ်တာနဲ့ ပေါ်လာမှာ”။ ”ခက်တာက ရေငုပ်နေရင်း ကြောင်သူတော်ကြီး လုပ်ပြနေတယ်”။ ”သွေးနွေး သတ္တဝါမို့ ရေထဲမှာ ကြာကြာမနေနိုင်တာကို ပြောတာပါရှင့်”။ ကိုယ်ကတော့ အကုန်လုံးကို လိုက်ခံ စားမနေသလို…အကုန်လုံးကိုလည်း လိုက်ရှင်းပြမနေတော့ဘူး။ ငယ်ငယ်က ကစားကြဖူးသလိုပေါ့…”ဗိုလ်ကျား သေနတ် ကိုယ်ကြိုက်တာ ကိုယ်လုပ်”။ချစ်ခြင်းမေတ္တာကို မြတ်နိုးပါ။ ဥာဏ်ပညာကိုတန်ဖိုးထားပါ၊ အနုပညာကိုခံစားတတ်ပါစေ။

နေဘုန်းလတ်

Credit - http://popularmyanmar.com/afpopular/?p=21471