ဗိုလ်ထက်မင်း – ၂၁ရာစု ပင်လုံညီလာခံခရီး အတားအဆီးများ ရှိနေသလား – အပိုင်း ၃


မြန်မာ တပ်ရင်းမှူး နဲ့ KNLA တပ်ခွဲမှူး

ဗိုလ်ထက်မင်း – ၂၁ရာစု ပင်လုံညီလာခံခရီး အတားအဆီးများ ရှိနေသလား – အပိုင်း ၃
(မိုးမခ) ဇူလိုင် ၂၂၊ ၂၀၁၆


၂၄။ တနသာင်္ရီတိုင်း ထားဝယ်ခရိုင်၊ မေတ္တာမြို့ ၊ မြန်မာ - ထိုင်းနယ်စပ် ထီးခီး ကုန်သွယ်ရေးစခန်းအနီး KNU ဂိတ်ပြသနာနဲ့စပ်လျဉ်ြး့ပီး တရားဝင်ရုံးစာများအရ ဖြစ်စဉ်အကြောင်းအရာများနဲ့ အခြားအခြေအမြစ်က ရရှိထားတဲ့ ဖြစ်စဉ်အကြောင်းအရများကို နှိုင်းယှဉ် သုံးသပ်နိုင်ဖို့ ရှေ့နောက်ဖေါ်ပြသွားပါမယ်။ ရှေ့ဦးစွာ တရားဝင်ရုံးစာများထဲမှ KNU ရဲ့တိုင်းဒေသကြီးကို တင်ပြတဲ့ ၂၀၁၆ခု၊ ဇွန်လ (၂၉) ရက်စွဲပါ စာအမှတ် - ၁၀၀/ န-၇၃/ ၁၂ ကို ကောက်နှုတ် ဖေါ်ပြရရင် ဇွန် (၂၀) ရက် နံနက်(၁၀) နာရီခန့် ထီးထ (ယာယီ) စစ်ဗျုဟာမှူး ဒုဗိုလ်မှူးကြီး သိန်းလင်းက (၃) ရက် အတွင်း ဂိတ်ဖယ်ရှားပေးဖို့ (စရဖ) မှ တဆင့် အသိပေးခဲ့တယ်လို့ဆိုပါတယ်။ တဖန် ဇွန်လ (၂၂) ရက် (၁၃ ၀၀) နာရီခန့် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးဇော်လွင်နဲ့ ရုံးအဖွဲ့ရောက်လာပြီး KNU ခရိုင်ဥက္ကဌကို တွေ့ဆုံကာ ဂိတ်ကို ရွှေ့ပြောင်းပေးဖို့ တိုင်းမှူးမှတဆင့် ထီးထစစ်ဗျုဟာမှူးကို ညွှန်ကြားထားလို့ သူက ဆောင်ရွက်တာဖြစ်ကြောင်း၊ ဥက္ကဌက တိုင်းဒေသကြီးရုံးစာ မရသေးတာပြောရာ ဗိုလ်မှူးကြီးဇော်လွင်က ရုံးစာပြသနာ မရှိလို့ ထုတ်ပေးလို့ရကြောင်းပြောပြီး ပြန် သွားတယ်လို့သိရပါတယ်။(KNU စာပူးတွဲဖေါ်ပြပါတယ်။)


၂၅။ ဇွန်လ(၂၃)ရက်နေ့မှာ တနင်္သာရီတိုင်းဒေသကြီးအစိုးရရဲ့ စာအမှတ် (၈၉၅) ၂၀၀ (၁)/ ၁-၂၃/ အခရ (တနင်္သာရီ)ဖြင့် ညွှန်ကြားရေးမှူး ဦးကျော်စွာထွန်းလက်မှတ်နဲ့ KNU ခရိုင်ရုံးကို ရုံးစာပို့လိုက်တယ်လို့သိရပါတယ်။ စာပါ အကြောင်းအရာကောက်နှုတ်ရရင် KNU တပ်မဟာ (၄) ဂိတ် တရားမဝင်ဂိတ် ဖွင့်လှစ်ထားကြောင်းသိရလို့ အမြန်ဆုံးပိတ်သိမ်း ဖယ်ရှားဆောင်ရွက်ဖို့ အကြောင်းကြားတယ်လို့ဆိုပါတယ်။ (တိုင်း ဒေသကြီးအစိုးရရုံးစာ ပူးတွဲဖေါ်ပြပါတယ်။)

၂၆။ တဖန်KNU ရဲ့စာထဲမှာ ဇွန်လ(၂၆)ရက်မှာ နံနက်ပိုင်း KNU ဂွင်အတွင်း ဆင်ဖြူတောင် ခမရ(၂၆၇) တပ်ရင်းမှူး ဦးစီး အင်အား (၄၀) ခန့် လက်နက်ခဲယမ်း အပြည့်အစုံနဲ့ ဆက်သွယ် အကြောင်းကြားခြင်းမရှိဘဲ  တိတ်တဆိတ် လျှို့ဝှက်စွာဝင်လာလို့ ဒေသငြိမ်းချမ်းရေးရှေ့ရှူပြီး မိမိဒေသမှ ပြန်လည်ထွက်ခွါဖို့နဲ့ နောက်နောင် အထက်ကို အသိပေးပြီးမှ ဝင်ရောက်ရန်နဲ့ ပြန်ထွက်ခွါပေးဖို့ ပောဆိုခဲ့ရကြောင်း၊ ထီခီးဂိတ်ဟာ အခုမှ ဖွင့်လှစ်တာမဟုတ်ဘဲ ဖွင့်လှစ်တာဟာ အပစ်အခတ်ရပ်စဲစတင် ကတည်းက (၄) နှစ်ရှိပြီဖြစ်လို့ အဖွဲ့အစည်းရပ်တည်ရေးနဲ့ မိသားစုစားဝတ်နေရေးအတွက် လောလောဆယ် ဖွင့်လှစ်ခွင့်ပေးဖို့ အကူအညီ တောင်းတဲ့စာ ဖြစ်ပါတယ်။




၂၇။ ဆက်လက်ပြီး KNLA မှ စစ်ဆင်ရေးမှူး ဗိုလ်မှူးကြီး စောမူကယ်ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တက်ကြွစွာပါဝင်ခဲ့ရာ ထောက်ထားခြင်းမရှိဘဲ ယခုလို စာထုတ်ကာ ဖက်ရှားခိုင်းတဲ့အပေါ် စိတ်အနှောင့်အယှက် ဖြစ်သွားရပြီး သူပါဝင်နေတဲ့JMC-S အဖွဲ့အနေနဲ့ ပြသနာကို ဖြေရှင်းနိုင်စွမ်း မရှိလေရာ ပါဝင်လည်း အကျိုးဖြစ် ထွန်းဖို့ အကြောင်းမမြင်လို့ နှူတ်ထွက်စာကို ဇွန်လ (၃၀) ရက် တင်ခဲ့ပါတယ်။ (KNLAရဲ့ ရုံးစာ ပူးတွဲဖေါ်ပြပါတယ်)





၂၈။ အထက်ပါ ကတော့ တရားဝင်ရုံးစာအရ ဖြစ်စဉ်သာဖြစ်ပြီး အခြားအခြေအမြစ်က ရတဲ့ အကြောင်းအရာတွေကို ဆက်လက်ဖေါ်ပြမှာ ဖြစ်ရာ တချို့နေရာတွေမှာ အနည်းငယ်ကွဲလွဲမှူ ရှိတာတွေ့ရပြီး အတည်ပြုဖို့ ခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ တပ်မတော်အရာရှိပိုင်းမှာ အုတ်သျှစ်သီးလို့ခေါ်တဲ့ တဆင့်မြှင့် ရာထူးလစာ officiating ခံစားနေ သူတွေရှိရာ စောစောပိုင်းကာလမှာ ဖုံးဖုံးဖိဖိလုပ်နေတာသိရပြိး ထပ်မံစုံစမ်းဖို့  ခက်ခဲရတာဖြစ်ပါတယ်။ နောက်ပိုင်း ဆိုရှယ်မီဒီယာမှာ ပေါ်လာတဲ့အခါ အထက်ဌာနက ထုလို့နောက်ပိုင်း  အရှက်တကွဲ ဖြစ်ရပါတယ်။ ဒါပေမဲ့ ဖြစ်စဉ်တင်ပြပြီးတာနဲ့အားနည်းချက် တဆက်တည်း ဖေါ်ပြပါမယ်။

၂၉။ အခြားသတင်းအခြေအမြစ်အရ ဗျူဟာမှူးဟာ မိတ်ဆွေဖြစ်သူ နယ်စပ်ကုန်သွယ်ရေးက လက်ထောက် ညွှန်ကြားရေးမှူးနှဲုသတင်းဖလှယ်ရာမှ KNU ဂိတ်ဝင်ငွေကောင်းတာကို သိရလို့ EMOTION တက်လာကာ သူ့ရဲ့လက်အောက်ခံ ဆင်ဖြူတောင် တပ်ရင်းမှူး ကိုစေလွှတ်တဲ့ အထိဖြစ်လာကြောင်း၊အဲဒီဖြစ်စဉ်ဟာ ယခင်တပ်မတော်က လုပ်နေကြ ထုံးစံအတိုင်းအင်အားသုံးလို့ဖြစ်စေ၊ အင်အားပြလို့ဖြစ်စေ၊ သက်ဆိုင်ရာဂွင်အတွင်း တပ်စေလွှတ်ခြင်းဖြင့် ဖိအားပေးတဲ့ ပုံစံဖြစ်နေကြောင်း၊ အဲဒီတပ်ရင်းမှူးဟာ စစ်ဆင်ရေးမှူး KNLA ဗိုလ်မှူးကြီးစောမူကယ် နေလေ့ရှိတဲ့ ကမာဟော့ရွာဟောင်းကို ဦးတည်လာကြောင်း၊ သူ့တပ်ခွဲမှူးက သတ္တိရှိရှိနဲ့ရင်ဆိုင်ပြီး ပြန်ထွက်ခိုင်းမှ တပ်ရင်းမှူး စစ်ကြောင်းပြန်ထွက်သွားရကြောင်း၊သိရပါတယ်။

၃၀။ ထီးထဗျူဟာမှူးရဲ့ PERSONAL EMOTION မှားယွင်းမှူကို အသုံးချသူကတော့ နယ်စပ်ရေးရာလုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီးဇော်လွင် ဖြစ်ကြောင်း၊ သူက KNU ခရိုင်ဥက္ကဌကို ဂိတ်ဖျက်ဖို့ ထပ်ပြီး အကျပ်ကိုင် ဖိအားပေးခဲ့ရာ ဥက္ကဌက ခရိုင်ကော်မတီနဲ့ အစည်းအဝေး လုပ်ရဦးမည်၊ အစိုးရနဲ့ဆွေးနွေးချင်တယ်လို့ ပြောပေမဲ့ ချက်ခြင်း လုပ်ဖို့ဘဲ တွန်းအားဘဲ ပေးနေကြောင်း၊ သူဟာ အဖါးတော်သူ ဖြစ်ကြောင်း၊ တပ်ချုပ် ထားဝယ်မှာ ခေါင်းလောင်းကြီး ဖွင့်ပွဲမှာ စည်ကားအောင်လုပ်ပေးတော့ အမှတ်တက်ကြောင်း၊ အစိုးရသစ်တက်တော့ သူ့ကို ပြန်ထည့်ပေးလို့ အင်မတန်မှ ကြွတက်နေကြောင်း၊ ထီးထ ဗျူဟာမှူးထံ (၃) ရက်ပြည့်တဲ့နေ့ KNU ထောက်လှမ်းရေးက သွားတွေ့ပြီး ဘာလုပ်ရမလဲ ဆိုတော့ အကောက်ကောက်တာကို လျှော့ပေးပြီး ဂိတ်ဖျက်တာ မဖျက်တာ ငါနဲ့မဆိုင်ဖူး လို့ပြောပြန်ကြောင်း၊သိရပါတယ်။

၃၁။ KNLA ဗိုလ်မှူးကြီးစောမူကယ်က စိတ်ပျက်သွားတာက JMC-S က ဒီလိုဖြစ်စဉ်မှာ ဝင်ပြီးကိုင်တွယ်ပေးသင့်တယ်လို့ သူထင်ကြောင်း၊ အမိန့်နဲ့ (၃)ရက်အတွင်းပြောင်းခိုင်းတာဟာ အထက်စီးဆန် ပြင်းထန်လွန်းတယ်လို့ ဘေးကပင် ကြည့်ကြည့် ပေါ်လွင်နေကြောင်း၊ ပိုဆိုးတာက သူနေတဲ့ ဒေသကို တပ်က သွားဝိုင်းလို့ယုံကြည်မှု လျှော့ပါးစေကြောင်း၊ သူ့ထွက်စာကို တိုင်းမှူးက JMC-S အစည်းအဝေးလည်းလုပ်တဲအခါ ခွင့်ဆိုပြီး အသာခေါက်ထားပြီး ကြိတ်ညှိမယ်ဆိုတာမျိုး ရှိဟန်တူတယ်လို့ ယုံကြည်လောက်တဲ့သတင်းအရင်းအမြစ်မှသိရတယ်။

၃၂။ ဒီအမိန့်ထွက်လာရတဲ့ ဇာတ်လမ်းကို ခန့်မှန်းရတာက ထိုင်းနိုင်ငံ ဖွန်ဖီဖက်ကုမ္ပဏီက ထီးခီးနယ်မြေမှာ ဒေါ်လာသန်း၁၂၅ ရင်းနှီးမြှပ်နှံမည့် ပရောဂျက်ကြီးကို စတင်ဖို့ဖြစ်လာနိုင်ပြီး၊ ထိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ချဉ်းကပ်ပြီး စတင်ချင်ကြောင်း ပြောနိုင်ပါတယ်။ ထီးခီးဒေသတွင် မကြာမီဖော်ဆောင်မည့် အပန်းဖြေစခန်း စီမံကိန်း၊ အပန်းဖြေစခန်းများနှင့် ဟော်တယ်များ ဖွင့်သည့်နေ့သည် ဤကန်ထရိုက်စာချုပ် ချုပ်သည့်နေ့မှ ၃၆ လထက် နောက်မကျစေရဆိုပြီး ပါရှိပါတယ်။ ထီးခီးဒေသ ဘက်စုံအပန်းဖြေစခန်း စီမံကိန်းကို ယခင်အစိုးရက NLD အစိုးရသစ်သို့ အာဏာမလွှဲပြောင်းခင် ၂၀၁၆ ခု မတ်လ ၂၉ ရက်မှာတနင်္သာရီတိုင်းဒေသကြီး အစိုးရဟောင်းနှင့်  ဖွန်ဖီဖက်ဖွံ့ဖြိုးရေးကုမ္ပဏီတို့ တည်ဆောက် လုပ်ကိုင် လွှဲပြောင်းရေး ကန်ထရိုက်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ စီမံကိန်းထဲမှာ အစည်းအဝေးများ၊ ကုန်သွယ်ရေးပြပွဲများ၊ ထမင်းစားပွဲများနှင့် ကပွဲများ ပြုလုပ်နိုင်ရန် သင့်တော်သည့် သားနားလှပသော ဇိမ်ခံ အဆောက်အဦးတခု၊နိုင်ငံခြားသားဧည့်သည်များနှင့် သီးသန့်ကလပ်အသင်းဝင်များ ကို ဖျော်ဖြေရန်နှင့် ၎င်းတို့အချင်းချင်း ကစားနိုင်ရန် အခြားပထမတန်းစား  အပန်းဖြေအဆောက်အဦများဖြစ်သော ဇာတ်ရုံငယ်တခုနှင့် ဘီလိယက်အခန်း၊ လောင်းကစားစက်များ ၊ အီလက်ထရွန်နစ်ဂိမ်းစက်များ၊ ဗီဒီယိုဂိမ်းစက်များစသည့် စက်ဖြင့် ၎င်း၊ စက်မပါဘဲ၎င်း ကစားပွဲ အမျိုးမျိုး ကစားနိုင်သည့် အပန်းဖြေခန်းများ( မြန်မာနိုင်ငံလောင်းကစား ဥပဒေနှင့် မဆန့်ကျင်စေရ) ဘန်ဂလိုပုံစံ အမျိုးမျိုးနှင့် VIP အဆောင်များ မျိုးစုံ စတာတွေပါရှိတယ်။ ဖွန်ဖီဖက် စီမံကိန်းဟာ ဧက ၅၀ ကျယ်တဲ့  မြေကွက်ပေါ်မှာ တည်ရှိမှာဖြစ်ပြီး ငါးနှစ်အချိန်ယူ ဆောက်လုပ်မှာ ဖြစ်ပြီး ဒီလုပ်ငန်းကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က နိုင်ငံတော်အဆင့်မှာ အတည်ပြုခဲ့ပြီးဖြစ်ပေမဲ့ တိုင်းဒေသ အဆင့် အပြီးသတ်အတည်ပြုချက် စောင့်နေတယ်လို့ ဒုံးမဲကျွန်း ဖွံ့ဖြိုးရေးကုမ္ပဏီ ညွှန်ကြားရေးမှူး အယ်လ် လက်စီယို ဖိုလာ့စထရီ ကပြောပါတယ်။

၃၃။ နယ်လုံဝန်ကြီးဗိုလ်မှူးကြီးဇော်လွင်ရဲ့ အလွန်အကျွံ ဖိအားပေးနေတာ ပေါ်လွင်ပြီး တိုင်းအဆင့်စာ ထုတ်တဲ့ အရေးအသားဟာ ညင်သာပျော့ပြောင်းရမည့်အစား အမိန့်ပေးတာဖြစ်နေသလို ည့န်ကြားရေးမှူးအဆင့် လက်မှတ်ထိုးတာဟာလည်း သဘာဝမကျဘဲ ရုံးလုပ်ငန်း S.D OUT အောက်နေပြီး ဝန်ကြီးချုပ် ကိုယ်စားဘဲ ဖြစ်သင့်ပါတယ်။ အရင်အစိုးရနဲ့ဘယ်လို နားလည်မှုရှိခဲ့တာကို လူဟောင်း နယ်လုံကသိပြီးသားပါ၊ အရင်တိုင်းဒေသကြီးအစိုးရရဲ့ သဘောတူညီချက်နဲ့ဖွင့်ထားတဲ့ အကောက်စခန်းကို လက်ရှိဝန်ကြီးချုပ်အသစ်ရဲ့ အစိုးရအဖွဲ့ထဲမှာပါဝင်နေတဲ့ အရင်အစိုးရအဖွဲ့ထဲက ပါဝင်ခဲ့ပြီး ထဲထဲဝင်ဝင်သိတဲ့ နယ်လုံဝန်ကြီးက ဘာဖြစ်လို့ ရေငုံနှုတ်ပိတ် နေတာလဲ၊ ဒါမှမဟုတ် နယ်လုံဝန်ကြီးက ဒီကိစ္စဟာဖြင့်တော့ ဒီလိုတော့ရှိတယ်လို့တင်ပြပေမယ့်  ဝန်ကြီးချုပ်က ဘာလို့ ထည့်သွင်းမစဉ်းစားရတာလဲ ဆိုတာ စာရေးသူက အရာရှိကြီး(ငြိမ်း)တစ်ဦးထံ မေးပါတယ်။

“သူကလဲ အိုပယ် ကာနယ် ၆၀၀ ကျော်ထဲပါနေတော့ သူဟာ အဆန်ရှယ်ဖြစ်ကြောင်း၊ KNU အပေါ်  လွှမ်းမိုးနှိုင်ကြောင်းပြချင်နေသူပါ၊ ကိုယ်ကျိုးစီးပွါးနဲ့ပတ်သက်လာရင် ဘာမှမမြင်ဖူး။ သူက အဓိက ထိန်းညှိရမဲ့ တာဝန်ရှိတာပေါ့ မဟုတ်ဖူးလား။ သူက ပါဝါပြတဲ့သဘော ဆိုတော့ ပိုဆိုးသွားတာပေါ့၊ သူကစီမံခန့်ခွဲမှူက DQ  ပါ ၊ဒါပေမဲ့ အစိုးရသစ်မှာ ပြန်ပါလာတာက တပ်ချုပ်က ထားဝယ်မှာ လှူဒါန်းတဲ့ ခေါင်းလောင်းကို စည်ကားအောင်လုပ်နိုင်လို့ပါ၊ သူက မရှိမဖြစ် ရှိနေဘို့ လိုသူလို့ ဖြစ်ကြောင်းပြတာပါ၊ ပေါ်လစီတွေ ဖတ်ဘူးတာပဲရှိတာ ဖြစ်မယ်၊ ဘယ်လို အကောင်အထည်ဖော်ရမယ်မသိအောင် အရည်အချင်းမရှိတာ ဖြစ်မှာပါ”

၃၄။ နယ်လုံဝန်ကြီးရဲ့လုပ်ရပ်ဟာ တိုင်းဒေသကြီးအစိုးရရဲ့ ညွှန်ကြားချက်ကို အသိပေးဖို့ အတွက် အစိုးရရဲ့လက်နက်ကိုင်တပ်အဖြစ် တစ်ဘက်အဖွဲ့အစည်းက ရှုမြင်တဲ့ တပ်မတော်မှ ဗျူဟာမှူး အဆင့် အရာရှိကြီးတစ်ယောက်ကို တာဝန်ပေးအပ်တာဟာ ပြသနာကြီးကြီးမားမားဖြစ်ခဲ့သော် SD အောက်နေတဲ့ ထိုစာမှာ တိုင်းဒေသကြီးအစိုးမှ ထုတ်ပြန်ခြင်းမဟုတ်ကြောင်း ငြင်းဆန်ပြီး တပ်မတော်က ဗျူဟာမှူး အပေါ်မှာသာ လုံးလုံးလျားလျား အပြစ်ပုံချဖို့ ကြိုတင်စီမံကာကွယ်ထားတဲ့ ပုံစံဖြစ်နေပါတယ်။ တကယ်တန်း ဝန်ကြီးချုပ်က ပြသနာဖြစ်လို့ ထီးခီးကို လာရောက်ရှင်းလင်းချိန်မှာ နယ်လုံဝန်ကြီး မပါတာတွေ့ရပါတယ်။

၃၅။ ကမ်းရိုးတန်းစစ်ဌာနချုပ်တိုင်းမှူးမှာလည်း တာဝန်အထိုက်အလျောက်ရှိသူဖြစ်ပြီး ဗျုဟာမှူးရဲ့ ဆင်ဖြုတောင်တပ်ရင်း ၊ ခမရ(၂၆၇)တပ်လှုပ် KNLA ဂွင်ထဲထိုးနေတာ သိရင် တားဆီးရမှာဖြစ်သလို နယ်လုံ ဝန်ကြီးက ဂိတ်ပိတ်ခိုင်း၊ စေခိုင်းတာကိုလည်း တပ်က တဆင့်ခိုင်းတာကို ငြင်းပိုင်ခွင့်ရှိပြီး ရဲလမ်းကြောင်းက တဆင့်သွားခိုင်းဖို့ လမ်းလွှဲသင့်ပါတယ်။ မဖြစ်မနေ ဝန်ကြီးချုပ်က ဖိအားပေးရင်တောင် JMC-S အစည်းအဝေးမှာ လုပ်ထုံးလုပ်နည်းရှိကြောင်းနဲ့ တွေ့ဆုံဆွေးနွေးရေး ငြိမ်းချမ်းသောနည်းနဲ့သာဖြေရှင်းသင့်ပါတယ်။ တပ်မဟာ(၄) က တပ်မှူးကြီးတွေ ယုံကြည်မှူ ပျောက်ဆုံးသွားတာ အင်မတနှ်မှ နှမျောဖို့ကောင်းပါတယ်။

၃၇။ နောက်ပိုင်း နှစ်ဖက်တာဝန်ရှိသူများအကြား ညှိနှိုင်းဆွေးနွေး ပြေလည်မှုရကြောင်း သတင်းထွက်ပေါ်နေပေမယ့် နှစ်ဖက်အကြား စောင့်ကြည့်နေကြသည့် အနေအထားတွင်ပင်ရှိနေဆဲဖြစ်ကြောင်းနှင့် ဝန်ကြီးချုပ်ရဲ့  ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များကို စောင့်ကြည့်နိုင်တယ်လို့ သုံးသပ်ပါတယ်။ ဝန်ကြီးချုပ်က

“ကျမကတော့ ပြဿနာ မဖြစ်စေချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရဂိတ်လည်း ရှိတယ်။ အပစ်အခတ် ရပ်စဲရေး ရယူပြီးသား အဖွဲ့အနေနဲ့ သီးခြားဖွင့်လို့မရဘူးဆိုပြီးတော့ ကျမတို့ ဟန့်လိုက်တာပါ။ နောင်ကို သူတို့ရဲ့ စားဝတ်နေရေး အတွက် ရှေ့ဆက်ပြီးတော့ ဆွေးနွေးညှိနှိုင်းပြီးတော့ အဆင်ပြေအောင်လုပ်လိုက်တာပါ။ ပြေလည်မှုရသွားပါပြီ” ပြောထားလို့ဖြစ်ပါတယ်။

၃၈။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တနင်္သာရီတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) ဥက္ကဌ ဖြစ်သူ ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မောင်မောင်စိုး  ကိုယ်တိုင် ဇူလိုင်လ၂ ရက်နေ့က မြိတ်မြို့ တွင် ပြုလုပ်သော JMC-S အစည်းအဝေးသို့ တက်ရောက် ဖြေရှင်းမှုပြု လုပ်ခဲ့ကြောင်း၊ သူက တဖက်နဲ့ တဖက် အထင်မမှားဖို့၊နှစ်ဖက်တပ်တွေ ထိန်းထိန်းသိမ်းသိမ်း နေသွားဖို့နဲ့ စာချုပ်ပါအတိုင်း လေးစားလိုက်နာသွားဖို့နဲ့၊ အဓိကတပ်ဖက်ကနေ ဗျူဟာမှူးက ပြောမှား၊ ဆိုမှား၊ လုပ်မှား၊ ကိုင်မှားဖြစ် သွားတဲ့အပေါ်မှာ တောင်းပန်ကြောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်ဘဲသွားချင်လို့ လူထုအတွက်ဘဲကြည့်ပြီး လုပ်ပေးတယ်ဆိုပေမယ့်လည်း တချို့ကိစ္စတွေမှာ အမှားအယွင်းလေးဖြစ်သွားတာပါ၊ သူတို့ဖက်ကလည်းဒါကို ပြေလည်အောင်ဖြေရှင်းပေးသွားပါတယ်" လို့ဆိုပါတယ်။

၃၉။ အဖေက ကရင်မျိုး ကရင်သွေးအစစ်ဖြစ်တယ်လို့ဆိုတဲ့ ဝန်ကြီးချုပ်အနေနဲ့ ဖဲဝိုင်းဒိုင် အကောက် ကောက်တာမျိုး ဂိတ်ဖွင့်တာ မကြိုက်နှစ်သက်ဖူး၊ ယခင်အစိုးရထက် ပိုလုပ်ပေးမယ်ဆိုတဲ့ စကားမျိုးမပြောသင့်ဘဲ သံတမန်စကားလုံး သိမ်မွေ့စွာပြောသင့်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စု ကားလမ်းမကြီးမှာ အကောက်ကောက်တဲ့ တအောင်းပလောင်အဖွဲ့နဲ့  တန်းတူထားနေဟန်တူပါတယ်။ သူတို့ဆီက တိုင်းဒေသကြီးအစိုးရသို့ ပေးတဲ့ စာဟာအဆင့်ရှိရှိ အရေးအသားမြင့်မားနေတာ သတိပြုသင့်ပြီး  မိမိရုံးက စာကတော့ နိမ်နေတာ ရှက်ဖို့ကောင်းပါတယ်။ အစိုးရရဲ့ငြိမ်းချမ်းရေးကမ်းလှမ်းမှုကို ယုံကြည်မှူပေးဆပ်ခဲ့တဲ့ တိုင်းရင်းသားအဖွဲ့ကြီးဖြစ်တဲ့အပြင် KNU ထဲမှာပင် အစောဆုံးလက်ကမ်းဝင်လာတဲ့ တပ်မဟာ(၄) ဖြစ်တာမို့သမိုင်းကြောင်းကို ဝန်ကြီးချုပ်နဲ့တိုင်းမှူးတို့ လေ့လာမှူအားနည်းကာ သတိထားကိုင်တွယ်ဖို့ လိုအပ်သွားပါတယ်။ ဒီဖြစ်စဉ်မှာ အဓိကတာဝန်ရှိသူကတော့ နယ်လုံဝန်ကြီး၊ ဒုတိယတာဝန်ရှိသူက တိုင်းမှူး၊ တတိယ တာဝန်ရှိသူက ဝန်ကြီးချုပ်၊ ထိုးကြွေးခံရပြီး မီးစမွှေးတဲ့ စစ်ဗျုဟာမှုးတို့ဖြစ်ပါတယ်။ ဇာတ်လမ်းအကျိုးဆက်က လုပ်ထုံးလုပ်နည်းမှားယွင်းတဲ့ ရုံးစာညွှန်ကြားချက်၊NCA စာချုပ်ပစ်ပယ်ထားမှူကြောင့် ယုံကြည်မှူတွေပျောက်ဆုံးသွားတဲ့ KNLA တပ်မှူးကြီးနှုတ်ထွက်လိုက်ရာ မိမိတို့ငြိမ်းချမ်းရေးရောင်ခြည်အပေါ် တိမ်တိုက်ဖုံးလွှမ်းသလို ဖြစ်သွားပြီး လိုက်လံဖါထေးရတဲ့ အရှက်ဂုဏ်သိက္ခာ ပေးဆပ်လိုက်မှု၊ ဖိအားပေးလိုက်တဲ့ ဂိတ်ဖယ်ရှားရေး ညွှန်ကြားချက် စက္ကူစုတ်သဖွယ် ရေထဲမျောသွားပါတယ်။

၄၀။ ဒါကြောင့် ဒီဖြစ်စဉ်ကို သင်ခန်းစာယူပြီး ဒေသဆိုင်ရာဝန်ကြီးချုပ်နဲ့ တိုင်းမှူးတွေကို တိုက်တွန်းချင်တာက နေရာတိုင်း လှေနံဓါးထစ် မကျင့်သုံးဘဲ အခြေအနေနဲ့ အချိန်အခါ လိုက်လျောညီထွေဖြစ်အောင် သိမ်မွေ့စွာ ကိုင်တွယ်ရာမှာ မဟာဗျုဟာအရ လုပ်ချင်ပေမဲ့ နည်းဗျုဟာအရ လတ်တလောလိုအပ်ချက်အရ ဆန့်ကျင်ပြီးလုပ်လိုက်ရတာရှိပါတယ်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟာ ပင်လုံစာချုပ်မှာ နောင် ၁၀ နှစ် ခွဲထွက်လိုက ခွဲထွက်ခွင့်ရှိတယ် ဆိုတဲ့အပိုဒ်ဟာ ယေဘူယျ အန္တရယ်များမှန်း မဟာဗျုဟာအရ ခွင့်မပြုသင့်သော်လည်း တိုင်းရင်သားတွေကို ယုံကြည်မှု ပေးဆပ်ဖို့၊ လွတ်လပ်ရေးရဖို့အရေး အရေးကြီးညီညွှတ်ဖို့လိုနေတာမို့ နည်းဗျုဟာအရ လုပ်ပေးလိုက်ရတာရှိပါတယ်။ အခက်အခဲပေါင်းစုံကို ကျော်ဖြတ်ပြီးမှ၊ ပေးဆပ်ပြီးမှ ငြိမ်းချမ်းရေးရတာမို့ ထိမ်းသိမ်းရတာ ပိုလို့တောင် ခက်ခဲလေရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရများနဲ့၊ တိုင်းမှူးများအနေနဲပ ပြည်ထောင်စုငြိမ်းချမ်းရေး - ၂၁ရာစု ပင်လုံညီလာခံကို ဝိုင်းရံပေးရာမှာ ကျားကုတ်ကျားခဲ မေတ္တာစေတနာအပြည့်နဲ့ပံ့ပိုးပေးစေလိုကြောင်း တိုက်တွန်းလိုက်ရပါတယ်။