ညိုထက် (လမ်းသစ်ဦး) ● ကျနော်နဲ့ ကဗျာရဲဘော်များ (၁)
(မိုးမခ) ဇူလိုင် ၃၀၊ ၂၀၁၆
(မိုးမခ) ဇူလိုင် ၃၀၊ ၂၀၁၆
တော်လှန်တဲ့နယ်မြေထဲ ကျနော်ပထမဦးဆုံးထိတွေ့ခွင့်ရတဲ့ကဗျာဆရာအဖြစ် ရဲဘော်တိုက်မောင်း၊ ကိုတိုက်မောင်းကို မှတ်တမ်းတင်မိတယ်။ သူကဗျာရေးတဲ့အခါ ကေကေဇံကလောင်အမည်ကို ပိုပြီးအသုံးပြုလေ့ရှိတယ်လို့ မှတ်မိနေတယ်။ လွယ်ဖီတောင်တန်းစစ်စခန်း။ ကေကေးဇံနဲ့ကျနော်တို့ တွေ့ခဲ့ကြတယ်။ ပအို့ဝ်ဒေသရောက် ကျောင်းသားတွေက ကဗျာအာရုံ တိမ်းညွတ်မှုများသူတွေ။ တပ်ဦးရဲ့အသံ ဒေါင်းအိုးဝေစာစောင်မှာ ဝင်ရောက်ရေးသားသလို အချိန်နဲ့တပြေးညီ အမှတ်တရ ကဗျာစာအုပ်တွေကို ဒေသတွင်း ဖြန့်ဝေလေ့ရှိကြတယ်။ ကျနော်တို့ကျိုတ်လတ်သားတွေထဲ ကဗျာရေးသူတွေ ရှိတယ်။ နိုင်မိုးအောင်၊ တိုးသစ် (ကိုအေးမင်းနိုင် ကဗျာစရေးကတည်းက တိုးသစ် ကလောင်အမည်ယူခဲ့တယ်) နဲ့ ကျနော်။ ကိုတိုက် မောင်းက ကျနော်တို့ကို ပျော်ရွှင်တတ်ကြွစွာ ကြိုဆိုခဲ့တယ်။
ကျနော်တို့ဒေသတွင်းဖြန့်ဝေခဲ့တဲ့ အမှတ်တရကဗျာစာအုပ်တွေကို မှတ်မိသလောက် မှတ်တမ်းတင်ကြည့်မိတယ်။ ကျနော့် မှတ်တမ်းတင်မှုကို ကြိုတင်ပြောထားချင်တာရှိတယ်။ ကျနော်ရောက်ရှိချိန် ဖြန့်ချိတဲ့ကဗျာစာအုပ်တွေသာ ဖြစ်ပေလိမ့်မယ်။ ရဲရင့်ဂလက်စီရဲ့ထ္ထုပ္ပတ္တိ - အဲဒီကဗျာစာအုပ်ကို ရုံးအဖွဲ့မှူးတာဝန်ယူတဲ့ ရဲဘော်အောင်ကြိုင်ကြီး က တာဝန်ယူတည်းဖြတ်တယ်။ စာမူရွေးတာ၊ မျက်နှာဖုံးပန်းချီ၊ စာအုပ်အမည်တွေကို အောင်ကြိုင်ကြီးကပဲ တာဝန်ယူ လုပ်ဆောင်တယ်။ ကိုတိုက်မောင်းတို့ ကျနော်တို့က ကဗျာရေးသူတွေ။ ဒီကဗျာစာအုပ်ကိုတော့ ရလလဖ (ရှမ်းပြည် လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့) ဒေသ ထဲမှာ ဖြန့်ချိခဲ့တယ်။
နိုင်ငံရေးအထိမ်းအမှတ်နေ့တွေကို ကျနော်တို့တွေ ကဗျာတွေနဲ့ဖောက်ခွဲ နှိုးဆော်လေ့ရှိတယ်။ ကျနော်တို့ဗဟို ဒေါင်းဂွင် ဒေသထဲရောက်တဲ့အချိန် ကျနော်တို့တတွေ ကဗျာစာအုပ်တအုပ် လုပ်ကြတယ်။ လက်ကျန်ရှင်းတမ်း၊ အဲ့ဒီစာအုပ်ကတော့ လက်နှိပ်စက်နဲ့ လေးအောက်တည်ဆောက်ထားတဲ့ ကဗျာစာအုပ်။ မောင်ခတ်နိုင်ရဲ့ ကဗျာအမည်ကို စာအုပ်အမည်ပေး ထားတာ။
အဲဒီစာအုပ်ထဲမှာ ကျနော်က-သူပုန်ကြေး၊ တိုးသစ်က-ပြောင်းပြန်ကြိုးစားခြင်း၊ မောင်ခေတ်နိုင်က-လက်ကျန် ရှင်းတန်း၊ ဂင်ကြီးရဲ့အချစ်ရေ ဝါဆိုပန်းခူးကြရအောင်၊ အဲဒီကဗျာတွေ ထည့်သွင်းထားတာကို မှတ်မိနေတယ်။ ဗဟိုဂွင်ထဲ ရင်ခုန်လှုပ် ရှားစေတဲ့ စာအုပ်ဖြစ်ခဲ့တယ်။
ကရင်နီဒေသထဲရောက်တော့ ကဗျာစာအုပ် ၂ အုပ် ဖြန့်ဝေဖြစ်တယ်။ ကမ္မဇလေရဲ့ရင်ခုန်သံများ၊ နေလောင်ခံ အခက်သစ်၊ ကမ္မဇလေရဲ့ရင်ခုန်သံများစာအုပ်က ကျနော့်ကဗျာကို စာအုပ်အမည်ပေးထားတာ။ နေလောင်ခံ အခက်သစ် ဒီအမည် ကတော့ တိုးသစ်ရဲ့ကဗျာနဲ့ မောင်ခေတ်နိုင်ရဲ့ကဗျာတွေကိုပေါင်းပြီး ပေးထားတာ။ အဲဒီစာအုပ် ၂ အုပ်လုံးရဲ့ ကဗျာရွေး ချယ်မှုတွေကို ကျနော် တာဝန်ယူလုပ်ခွင့်ရခဲ့တယ်။
ကိုဒေါင်းနီ (အိမ်ဒေါင်းနီ) နဲ့တွဲပြီး ၂၀၀၀ ခုနှစ်မှာ ကဗျာစာအုပ်လုပ်ဖြစ်ကြတယ်။ အိပ်မက်ပြတိုက်။ အဲဒီစာအုပ်ထဲ ကဗျာ ရွေးချယ်မှုကို ကိုဒေါင်းနီ တာဝန်ယူတယ်။ ကျနော်က စာအုပ်အပြင်အဆင်ဆောင်ရွက်မှုနဲ့ မျက်နှာဖုံးဒီဇိုင်းတွေကို ကွန်ပြူ တာ ကျွမ်းကျင်တဲ့တဦးနဲ့တိုင်ပင်ပြီး လုပ်ခဲ့တယ်။
ကျနော်တို့ဒေသတွင်း ကဗျာဆရာတွေကို မှတ်မိသလောက် မှတ်တမ်းတင်ကြည့်တယ်။ ကေကေးဇံ၊ ညိုထွန်းအောင်၊ တိုး သစ်၊ ညိုထက် (လမ်းသစ်ဦး)၊ အိမ်ဒေါင်းနီ၊ မောင်ခက်နိုင်၊ ဂင်ကြီး၊ ပျိုး၊ ရိုး (သရေခေတ္တရာ)၊ ညိုပု၊ ကစဲဒို။
မှတ်မှတ်ရရ အဲဒီအချိန်တွေက ကျနော်တို့မှာဒေါင်းအိုးဝေစာစောင်သာလျှင် ရေးစရာနေရာရှိနေခဲ့တယ်။ ကျနော်တို့ တွေနေ ရတဲ့နေရာက ပအို့ဝ်ဒေသ။ ဒါ့ကြောင့်ပဲ ဒေသတွင်း ကဗျာစုစည်းမှုတွေ လုပ်ဆောင်ခဲ့ကြတယ်။ ၉၄ လောက် ကိုဒေါင်းနီ တာဝန်ယူတဲ့ အမြဲစိမ်းစာစောင်ပေါ်လာတယ်။ တော်လှန်နယ်မြေတွင် ပထမဦးဆုံး စာမူခပေးသည့်စာစောင်။ ဒီစာစောင် တွက် ကျနော်တို့ထဲက ကေကေးဇံနဲ့ တိုးသစ်တို့ ဝင်ရောက်ရေးခဲ့ကြတယ်။ သူတို့ရတဲ့ စာမူခတွေကို ကျနော်တို့ ဝိုင်းဝန်း အားပေးခဲ့ကြတယ်။
ကျနော်ရဲ့ဘဝထဲ ဒေသခံကဗျာဆရာတွေအပြင် တွေ့ခွင့်ရတဲ့ကဗျာဆရာထဲ ဌေးအောင်က ပထမဦးဆုံးပဲ။ သူ့ကို ကယန်း ပြည်သစ် သစ်ကျိတ်ရွာထဲ တွေ့ခွင့်ရတယ်။ အဲဒီအချိန် ဆရာစောကြီးက ကယမ်းပြည်သစ်ပါတီရဲ့ နိုင်ငံရေးမှူး။ ဌေးအောင် အမည်နဲ့ ကဗျာတွေရေးတယ်။ ကမ္ဘာလောကရဲ့သမီးပျို၊ ရွှေရုပ်ထုကဗျာတွေ အောင်မြင်တယ်။ စာရေးခဲပေမယ့် ရေးတဲ့ စာတိုင်း သတိထားရလောက်တဲ့ကဗျာတွေ စာတွေ။ စကားပြေတွေ (အထူးအားဖြင့် နိုင်ငံရေးသဘောထားပေးတဲ့ စကား ပြေတွေ) ရေးလေ့ရှိတယ်။ ကျနော်တို့တွေ့ကြချိန် တဦးအပေါ်တဦး ဝမ်းမြောက်ဝမ်းသာ သဘောထားရှိကြတယ်။ ကယန်း ပြည်သစ်ကလုပ်တဲ့ ကေဒါသင်တန်းကို ဗိုလ်ရွှေအေးနဲ့ ဆရာစောကြီး သင်တန်းမှူးလုပ်ပြီး ကျနော့်ကို မှတ်တမ်းတင် တာဝန်ပေးလို့ သူတို့ပေးတဲ့ နိုင်ငံရေးသင်တန်း တတ်ခွင့်ရခဲ့တယ်လို့ ပြောလို့ရတယ်။ ကျနော်နဲ့ဆရာစောကြီး ပြည်ရန်အေး စခန်းမှာ ၁ နှစ်လောက် အတူတူတွဲပြီး နေထိုင်ခဲ့ရတယ်။ ဆရာစောကြီးရဲ့ နိုင်ငံရေးတည်ကြည်မှုကိုတော့ ကိုယ်တိုင်တွေ့ခွင့် ရခဲ့တယ်။ ကျနော်ဒေါင်းအိုးဝေထဲ ကဗျာတွေ စာတွေရေးနေတော့ လူကြုံနဲ့ ဝမ်းသာကြောင်း စကားလက်ဆောင်ပေးခဲ့တယ်။ အားပေးခဲ့တယ်။
ပအို့ဝ်၊ ကရင်နီ၊ အထူးဒေသ၊ ကယန်းပြည်သစ်။ ၂ဝဝဝ ခုနှစ်တွင် ဗဟိုတာဝန်ယူရတယ်။ စည်းရုံးရေးမှူးတာဝန်နဲ့အတူ ဒေါင်းအိုးဝေအယ်ဒီတာ ဖြစ်လာတယ်။ ကျနော်ရဲ့ကဗျာရေးသားမှု ဒေသတွင်းစာစောင်များမှာ ရေးသားနေရာက ဒေါင်းအိုး ဝေအတွင်း ရေးသားလာခဲ့တယ်။ ၂ဝဝဝ ခုနှစ်စတင်ပြီး ABSDF ကို ပြန်လည်ထူထောင်ရေးလုပ်ရင်း ဒေါင်းအိုးဝေကို ထူထောင်ခဲ့ကြရတယ်။ အဲဒီအချိန်တွေရဲ့ စည်းရုံးရေးဝါဒဖြန့်ချိရေးအနေအထားတွေက ဒေါင်းအိုးဝေကို ဗဟိုပြုနေရတဲ့ အနေအထား။ ဒေါင်းအိုးဝေကနေ ကျနော်တို့တပ်ဦးရဲဘော်တွေရဲ့သဘောထားတွေကို တိတိကျကျ တင်ပြနေကြတဲ့အချိန်။
အခြေအနေအရပြောရရင် တပ်ဦးရဲ့မျိုးဆက်ဟောင်းခေါင်းဆောင်အများစု ထွက်ခွာသွားတဲ့အချိန်။ ကျနော်တို့ ဒုတိယမျိုးဆက်တပ်ဦးရဲ့နိုင်ငံရေးတာဝန်တွေယူကြရတဲ့အချိန်။ ကျနော်တို့အားကောင်းမောင်းသန်တပ်ဦးရဲ့ နိုင်ငံရေးနဲ့ တပ်ဦးရဲ့ တည်ရှိမှုကို ကလောင်ထမ်းပြီး ကာကွယ်၊ တည့်မတ်ခဲ့ကြရတယ်။ အဲဒီအချိန် တပ်ဦးနဲ့အတူ ရပ်တည်ခဲ့ ကြတဲ့ ကလောင်တွေ ရဲ့အား တန်ဖိုးကြီးမားတယ်လို့ မှတ်ချက်ပြုမိတယ်။
အဲဒီအချိန်တွေ ဒေါင်းအိုးဝေရဲ့ပင်တိုင်ကလောင်ရှင်တွေအဖြစ်တာဝန်ယူခဲ့ကြတဲ့ တပ်ဦးရဲဘော်တွေကို မှတ် တမ်းတင်ပေး ချင်တယ်။ မောင်လွမ်းဏီ၊ တိုးသစ်၊ ပွင့်သစ် (ကရိန်ကန်)၊ ကမာပုလဲ၊ ညိုထက် (လမ်းသစ်ဦး)။ ဒီ ၅ ဦး က ဒေါင်းအိုးဝေရဲ့ပင် တိုင်ကလောင်တွေလို ဖြစ်နေတယ်။ ၂၀၀၀-၂၀၀၁ လောက်အချိန်တွေ ကိုရဲနည်သတင်းဆောင်း ပါးတွေလုပ်ပေးခဲ့တယ်။ သံခဲ (ဆေး/မန်း) ပေါ်လစီဆောင်းပါးတွေ ရံခါရေးပေးတယ်။ အာရုံရတဲ့အခါ ကဗျာ၊ ဝထ္ထုတိုတွေ ရေးလေ့ရှိတယ်။ တမာ ခင်ရဲ့အက်ဆေးတချို့။ တပ်ဦးအဖွဲ့ဝင်မဟုတ်ပေမယ့် ဒေါင်းအိုးဝေကိုဝန်းရံပေးကြတဲ့ ကလောင်ရှင်တွေရှိတယ်။ အနီးအနား မဲဆောက်ဒေသကနေစပြောရရင် ကိုထိန်လင်း၊ လင်းနွေးအိမ်။ အရှေ့မြောက် ဒေသကနေ ဝန်းရံပေးကြတဲ့ ကလောင်တွေ။ ငြိမ်းချမ်းသူ၊ အောင်ငြိမ်း၊ မောင်လှဝင်း (မြင်းခြံ)၊ ဖိုးသံ (လူထု)၊ ဂါမဏိ၊ ဗိုလ်ထွန်းငြိမ်း။
အဲဒီကလောင်ရှင်တွေထဲ ကျနော်နဲ့ လူချင်းတွေ့ဆုံ ရင်းနှီးကြသူတွေကို ရေတွက်ကြည့်တယ်။ ကိုထိန်လင်း၊ လင်းနွေးအိမ်။ ကိုထိန်လင်းနဲ့ကျနော်တို့တွဲပြီး စာပေဟောပြောပွဲလုပ်ခဲ့ကြတယ်။ တွေးတွေးဆဆနဲ့ အနေအေးတဲ့လူ။ သတိပြုမိတဲ့ ကိုထိန်လင်းရဲ့ထူးခြားချက်ရှိတယ်။ တော်လှန်နယ်မြေထဲ ကလေးစာပေပြုစုပျိုးထောင်ချင်တဲ့ အာသီသရှိတဲ့လူ။ လူငယ်တွေ အပေါ်မှာ အထူးပြုလေ့လာလေ့ရှိတဲ့လူ။ လူငယ်တွေနဲ့ကိုထိန်လင်း၊ လူငယ်ဆောင်းပါးတစောင်နဲ့ ဒေါင်းအိုးဝေ ပွတ်တိုက်မှု လေးတွေရှိခဲ့ဖူးတယ်။ လင်းနွေးအိမ်ကတော့ ကျနော့်နဲ့အရွယ်မတိမ်းမရိမ်း။ အက်ဆေးအရေး ကောင်းတယ်။
အရှေ့မြောက်ဒေသကလောင်ရှင်တွေထဲ အောင်ငြိမ်းနဲ့ကျနော် စာပေဘဝအရရော၊ နိုင်ငံရေးဘဝအရရော အထိ အတွေ့များတယ်။ ကျနော်ရောက်ခါစ လပဒတ (လူမျိုးပေါင်းစုံ ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစု) ရဲ့ သေနတ်သံ ဂျာနယ်လုပ် တော့ အောင်ငြိမ်းအယ်ဒီတာတာဝန် ယူရတယ်။ အမှတ် (၁) ဂျာနယ်ထဲ ကျနော်သိသောကွန်မြူနစ်ဝါဒကို ကျနော်မောင် မှိုင်းထက် ကလောင်အမည်နဲ့ရေးခဲ့သလို အမှတ် (၂) ဂျာနယ်ထဲ ကမ္ဘာပုတ်ခြင်းကဗျာကို မြင့်ဘုန်းနိုင် ကလောင်အမည်နဲ့ ရေးဖြစ်တယ်။ ကျနော်ထိတွေ့ဖူးတဲ့ ပထမဦးဆုံးအယ်ဒီတာအဖြစ် မှတ်ချက်ပြုဖူးတယ်။
ဗိုလ်ထွန်းငြိမ်းကိုတော့ ပအို့ဝ်ရွာတရွာမှာ အမှတ်မထင်ပုံစံနဲ့ တွေ့ဖြစ်ခဲ့ကြတယ်။ ပုံခြုပ်လို့အမည်ရတဲ့ ပအို့ဝ် ရွာထဲ ကျနော်နဲ့ ရဲဘော်ဝိုင်းမော်ရောက်တော့ ဗိုလ်ထွန်းငြိမ်း ရှိနေတယ်။ တွေ့တာနဲ့ တရားတန်းဟောတော့တာပဲ။ ကျနော်ကလည်း ကျနော် ရဲ့ တပ်ဦးပေါ်လစီတွေနဲ့ ပြန်လှန်ပက်ခဲ့တာကိုတွေးမိတော့ ပျော်ရွှင်စွာပြုံးမိတယ်။ တကယ်တမ်းပြောရရင် အဲဒီအချိန် ကျနော်တို့ကို တရားတွေလှိုမ့်ဟောနေတဲ့ပအို့ဝ်ကြီးက ဗိုလ်ထွန်းငြိမ်းဖြစ်တဲ့အကြောင်း ဒီ အချိန်တွေမှ ကျနော်မှတ်မိလာတာ။ အဲဒီအချိန်တွေက လူငယ်ပီပီ နိုင်ငံရေးမာန်မာနတွေနဲ့ ခံပက်ခဲ့တာ။ ဗိုလ်ထွန်းငြိမ်းကတော့ ခေါင်းတငြိမ့်ငြိမ့်။ ဗိုလ်ထွန်းငြိမ်းနဲ့ ကျနော် အဲဒီတကြိမ်ပဲလူချင်းတွေ့ခဲ့ကြပေမယ့် ဒေါင်းအိုးဝေမှာ ကလောင်ချင်း တွေ့ကြတယ်။ တပ်ဦးနဲ့ ဒေါင်းအိုးဝေကို စေတနာမှန်နဲ့ ဝန်းရံတဲ့ရဲဘော်တွေ။
၂ဝဝ၂ ဗဟိုဒေသကနေ မဲဆောက်အရောက် ပြည်တွင်းကလောင်ရှင်တွေ ရောက်နေကြတယ်။
အဲဒီကလောင်ရှင်တွေထဲ ဒီကနေ့အထိ ကျနော်တို့တူညီနေတဲ့ ရဲဘော်တွေရှိတယ်။ ခင်လွန်း (ကိုခင်လွန်း)။ ရောက်လာ သမျှထဲ အကြီးဆုံးကဗျာဆရာ။ လူကြီးပီသတယ်။ ကျနော့်အပေါ်၊ အထူးအားဖြင့် ကျနော့်ရဲ့စာအရေးအသားတွေအပေါ် တန်ဖိုးထားတယ်။ တွေ့တဲ့အခါတိုင်း စာတွေရေးဖို့ တွန်းအားပေးလေ့ရှိတယ်။ သူရဲ့တောကြီးပင့်ကူဝထ္ထုက ကျနော်တို့ကို ခပ်စပ်စပ်ရိုက်လိုက်သလိုပဲ။ တွန့်ခနဲ ဖြစ်ခဲ့ရတယ်။
ကိုခင်လွန်းကနေတဆင့် အက်ဆေးတွေအရေးကောင်းတဲ့ ခွာညိုနဲ့ ခင်မင်ခွင့်ရခဲ့တယ်။ ဝတ်စားဆင်ယင်မှုရော စကားပြော တဲ့လေယူလေသိမ်းရော အတော်ရိုးတယ်။ အဲဒီဟန်တွေက သူ့စာအရေးအသားကို ထင်ဟပ်တယ်။ ရိုးရိုးနဲ့လှပတဲ့ အက်ဆေးတွေ သူ့ဆီကဖတ်ရလေ့ရှိတယ်။ သူတို့ဆီကနေတဆင့် သုတေသနမှတ်တမ်းပြုစုမှုနဲ့ ကောက်ချက်၊ သုံးသပ်ချက် တွေကောင်းတဲ့ မိုးကြိုးအယ်ဒီတာ နေသွင်နဲ့ ခင်မင်ခွင့်ရခဲ့တယ်။
မိုးကြိုးသတင်းစဉ်ကို နေသွင်အယ်ဒီတာ တာဝန်မယူခင် တာဝန်ယူခဲ့တဲ့လူက ကိုပုည။
မောင်တောက်ကလောင်နဲ့ သွက်လက်တဲ့အာဝဇွန်းရွှင်တဲ့ စာတွေရေးတယ်။ ဒေါင်းအိုးဝေကို ဝန်းရံပေးတဲ့ ကလောင်ရှင်။ ကဗျာဆရာနေဇော်နိုင်။
သူ့ရဲ့ကျနော်ဆွဲဖွင့်မိသောတံခါးများကို အပတ်စဉ်ဂျာနယ်တစောင်မှာ ရေးသားခဲ့တာကို သတိရနေတယ်။ မဲဆောက်ထဲလုပ် ခဲ့တဲ့ စာပေဟောပြောပွဲတွေတိုင်း အာဝဇွန်းရွှင်တဲ့စာရေးဆရာအဖြစ် လူကြိုက်များလှတယ်။ ဆရာ တင်မိုးကို အတော်ကြည် ညိုလေးစားတဲ့သူ။
ဆရာတင်မိုးအကြောင်းတော့ ကျနော့်မှာ ပြောစရာတချို့ရှိတယ်။ ဆရာတင်မိုးနဲ့ ကျနော် စတင်တွေ့ခွင့်ရတာ ၂ဝဝ၁။ ကို လွမ်းဏီတို့အိမ်။ ဆရာတင်မိုးကို ဝေယျာဝစ္စလုပ်ပေးရင်းတွေ့ခဲ့ကြတယ်။ ဒုတိယအကြိမ်ကတော့ နည်းနည်းများတယ်။ ကျနော်နဲ့ကျနော့်အကိုကြီး ဘိုးတော်နီတို့ ဆရာတင်မိုးကို သွားတွေ့ကြတယ်။ အဲဒီအချိန်တွေက မဲဆောက် အလုပ်သမား တွေရဲ့သားသမီးတွေအတွက် စာသင်ကျောင်းတွေဖွင့်လှစ်ပေးနေတဲ့လုပ်ငန်း အတော်လေးအရှိန်ရနေတဲ့ အချိန်။ BMWEC ရဲ့တိုက်တွန်းမှုကြောင့် ကျနော့်အကိုကြီးကသင်ရိုးညွန်းတမ်းရေးနေတဲ့အချိန်။
ဆရာတင်မိုးမဲဆောက်ရောက်လာလို့ ကျနော်တို့ညီအကိုသွားတွေ့ပြီး ရေးထားတဲ့သင်ရိုးညွန်းတန်းထဲက ကလေးကဗျာ တွေကို ပြကြတယ်။ ဆရာတင်မိုးက တချို့ကဗျာတွေကိုတည်းဖြတ်ပေးတယ်။ ဘိုးတော်နီရေးတဲ့ ကလေးကဗျာတွေက မော်ဒန်ကလေး ကဗျာတွေလို့ ပြောရမယ်ထင်တယ်။ သတိရမိတာလေးမိတ်ဆက်ပေးရရင် -
ဟယ်မော်တော်ကား
နင့်မျက်လုံးကပြုး၊
ငါတို့ဘယ်ကိုသွားသွား လိုက်ပို့ပေးတက်ရဲ့
ဟယ်မော်တော်ကား
ခြေထောက်လေးဘီးနဲ့
…….
ညိုထက် (လမ်းသစ်ဦး)
၂၆ - ၇ - ၂ဝ၁၆
ဆက်လက်ဖော်ပြပါမည်။