ဂါမဏိ ● တဖက်အဖွဲ့အစည်းများ လိုက်နာရန် ....

ဂါမဏိ ● တဖက်အဖွဲ့အစည်းများ လိုက်နာရန် ....
( ၂ ၁ ရာ စု ပ င် လုံ စာ စ ဉ် - ၁ ၇ )
(မိုးမခ) ဇူလိုင် ၈၊ ၂၀၁၆

အပစ်ရပ်အဖွဲ့တွေကိုထိန်းချုပ်ရာမှာ စစ်ဗိုလ်ချုပ်ကြီးများရဲ့အဓိကလမ်းညွှန်မူကတော့ “တဖက်အဖွဲ့အစည်းများ လိုက် နာရန်စည်းကမ်းချက်များ” လို့ ခေါင်းစည်းတပ်ထားတဲ့၊ အတော်လေး လျှို့လျှို့ဝှက်ဝှက်ထားတဲ့ စာတမ်းတခု ဖြစ်ပါ တယ်။ “သဘောတူညီချက် ၁ဝ ချက်” လို့လည်းခေါ်တဲ့ဒီစာတမ်းကို စစ်ထောက်လှမ်းရေးနဲ့တပ် ပူးပေါင်းရေးဆွဲထား ပြီး ၎င်းတို့ဟာ အပစ်ရပ်အဖွဲ့တွေရဲ့ လှုပ်ရှားမှုအားလုံးကို ဒီ ၁ဝ ချက်အခြေခံပေါ်ကနေ ကြီးကြပ်ထိန်းချုပ်တာ ဖြစ်ပါ တယ်။ ဒီ ၁ဝ ချက်ဟာ အပစ်အခတ်ရပ်စဲရေး ကနဦးစေ့စပ်ဆွေးနွေးပွဲတွေအတွင်း တိုင်းရင်းသားခေါင်းဆောင်တွေ ဘက်က သဘောတူလက်ခံထားခဲ့သလိုလိုပုံစံမျိုး စစ်ထောက်လှမ်းရေးက ညာဝါးဖြီးဖြန်းနေပေမဲ့ တကယ့်လက်တွေ့မှာ တော့ ဒီလိုသဘောတူညီထားတယ်လို့ ဘယ်တိုင်းရင်းသားခေါင်းဆောင်မှ မသိခဲ့ကြပါဘူး။ နောက်ပိုင်းကျမှသာ ‘သိရှိ သဘောတူကြောင်း’ ဇွတ်အတင်းဖိအားပေး လက်မှတ်ထိုးခိုင်း ခံခဲ့ကြရတယ်။ ‘ လူကြီးလူကောင်း သဘောတူညီချက်’ ဆိုတာအဲသလိုပါ။

စာတမ်းအပြည့်အစုံက အောက်ပါအတိုင်းဖြစ်ပါတယ်။

တဖက်အဖွဲ့အစည်းများ လိုက်နာရန်စည်းကမ်းချက်များ
၁။ သတ်မှတ်နယ်မြေအတွင်း၌သာ တပ်ဖွဲ့များနေထိုင်ရမည်။
၂။ တပ်အင်အားတိုးချဲ့ခြင်း မပြုလုပ်ရ။ [တပ်သားသစ် မစုဆောင်းရ၊ စစ်သင်တန်းမပေးရ]
၃။ ပြည်သူလူထုထံမှ ဆက်ကြေးကောက်ခံခြင်း၊ နာမည်အမျိုးမျိုးဖြင့် အခွန်အကောက်များ ကောက်ခံခြင်းမပြုရ။
၎။ ပြည်သူလူထုထံမှ ရိက္ခာသီးနှံပစ္စည်းများ မကောက်ခံရ။
၅။ နိုင်ငံတော်အုပ်ချုပ်ရေးတွင် ဝင်ရောက်မစွက်ဖက်ရ။ [ဒေသအုပ်ချုပ်ရေး မချရ။ ဒေသရဲ၊ တရားရုံး၊ အကျဉ်းထောင် မထူထောင်ရ။ ပြည်သူ့စစ် မဖွဲ့ရ]
၆။ မြို့များရှိ နိုင်ငံရေးပါတီအဖွဲ့အစည်းများနှင့် မဆက်သွယ်ရ။
၇။ မတရားသင်းအဖွဲ့အစည်းများနှင့် မဆက်သွယ်ရ။
၈။ တပ်မတော်ထောက်လှမ်းရေး၏ ကြိုတင်ခွင့်ပြုချက်မရယူဘဲ အခြားငြိမ်းချမ်းရေးအဖွဲ့များနှင့် မဆက်သွယ်ရ။
၉။ မြို့များသို့ ဝင်ထွက်သွားလာရာ၌ လက်နက်ကိုင်ဆောင်ခြင်း၊ ဆက်သွယ်ရေးစက်ဆောင်ယူခြင်း မပြုရ။
၁ဝ။ မြို့များသို့ ဝင်ထွက်သွားလာရာ၌ စစ်ထောက်လှမ်းရေးအား ကြိုတင်အကြောင်းကြား ခွင့်ပြုချက်ရယူရမည်။

ဒါဟာ ‘ဥပဒေတွင်းဝင်ရောက်ခြင်း’ကိုစစ်အစိုးရရဲ့အရှင်းလင်းဆုံးအဓိပ္ပာယ်ဖွင့်ဆိုချက်ပါပဲ။

တန်ခိုးထွားလှတဲ့ ဗိုလ်ခင်ညွန့်နဲ့ ထောက်လှမ်းရေးတွေ အရာကျပြီးတဲ့ အခုနောက်ပိုင်းမှာတော့ ဒီ အချက် ၁ဝ ချက်ကို နည်းနည်းပါးပါး ပြန်ပြင်လိုက်ပြီး အချက် ၁၄ ချက် လုပ်လိုက်ပါတယ်။ အဓိကပြင်တာကတော့ ထောက်လှမ်းရေးကို ရည်ညွှန်းထားတဲ့စာသားတွေ ဖြုတ်ပစ်လိုက်တာ ဖြစ်ပါတယ်။ ခေါင်းစဉ်ကိုလည်း ပြင်လိုက်ပါတယ်။ ပြင်ထားပြီးတဲ့ ၁၄ ချက်ကတော့ ဒီလိုဖြစ်ပါတယ်။

နိုင်ငံတော်နှင့် ငြိမ်းချမ်းရေးအဖွဲ့များ ငြိမ်းချမ်းရေးရယူစဉ် သဘောထားတူညီချက် (၂ဝဝ၄)
၁။        အစိုးရဆန့်ကျင်သော အဖွဲ့အစည်းများနှင့် လုံးဝမဆက်သွယ်ရန်
၂။        လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို စွန့်လွှတ်ရန်
၃။        လက်ရှိတပ်အင်အားအပြင် ထပ်မံမတိုးချဲ့ရန်၊ လူသစ်မစုရန်
၎။        သင်တန်းဖွင့်လှစ်၍ စစ်ရေးလေ့ကျင့်မှုများ မပြုလုပ်ရန်
၅။        ထောက်ပံ့မှုပေးရာတွင် လွယ်ကူရေးအတွက် လူ၊ လက်နက်ခဲယမ်း၊ ဖွဲ့စည်းပုံစာရင်းအသေးစိတ်ပေးရန်
၆။       ဆက်ကြေးကောက်ခြင်း၊ ဘိန်းခွန်ကောက်ခြင်းမပြုလုပ်ရန်၊ ဓားပြတိုက်ခြင်း၊ လုယက်ခြင်း၊ လူထုကိုအနိုင်ကျင့် ခြင်း မပြုလုပ်ရန်
၇။       အစိုးရကွပ်ကဲမှုနှင့် သွားလာလှုပ်ရှားရန်
၈။       သတ်မှတ်နယ်မြေအတွင်း သွားလာ၍ရသော်လည်း အခြားနေရာသို့သွားလာပါက တပ်စခန်းများသို့ သတင်းပို့ ၍ လက်နက်မဲ့သွားလာရန်
၉။        နိုင်ငံရေးပါတီများနှင့် ကင်းရှင်းစွာနေထိုင်ရန်
၁ဝ။      အစိုးရ၏ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးနှင့် တရားစီရင်ရေးအပိုင်းများတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်
၁၁။     နယ်မြေဖြန့်ကျဲ၍ ကန့်သတ်ခြင်းမပြုဘဲ ဖွံ့ဖြိုးရေးလုပ်ကိုင်ဆောင်ရွက်လိုသည့်နေရာများအား သတ်မှတ်ပေး ရန်
၁၂။      နေထိုင်စားသောက်ရေးအတွက် နိုင်ငံတော်မှ ကူညီပံ့ပိုးသွားရန်
၁၃။     နိုင်ငံတော်ဦးဆောင်မှုအောက်တွင် ဒေသရှိပြည်သူလူထု၏အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သည့် လက် နက်ကိုင် အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းသွားရန်
၁၄။     နိုင်ငံတော်၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို ထိရောက်စွာ အထောက်အကူပြုဆောင်ရွက်သွား ရန်

စာသားတွေပြင်ဆင်ပြီး အချက်တချို့ခွဲထုတ်တာ ထပ်ဖြည့်တာလုပ်ထားပေမဲ့ အနှစ်သာရနဲ့ရည်ရွယ်ချက်ကတော့ ထူး မခြားနားပါပဲ။ အပစ်ရပ်အဖွဲ့တွေကို ကိုင်တွယ်ဆက်ဆံနိုင်ဖို့အတွက် နအဖတပ်တွေကို အတွင်းပိုင်းလမ်းညွှန် စာတမ်း သာဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောရရင်တော့ စစ်အစိုးရပြောပြောနေတဲ့ ‘ဥပဒေဘောင်အတွင်းဝင်ရောက်မှု’ ကို သူတို့ကိုယ်တိုင် အဓိပ္ပာယ်ဖွင့်ဆိုပုံ ဖြစ်ပါတယ်။ ဒီ ၁ဝ ချက်တို့၊ ၁၄ ချက်တို့ဟာ စစ်အစိုးရရဲ့ ဥပဒေဘောင် ဆိုတာကို အရှင်းလင်းဆုံးဖော်ပြချက်ပါပဲ။

အထက်မှာပြောခဲ့တဲ့ အပစ်ရပ်အဖွဲ့တွေအပြင် အစိုးရထံခြွင်းချက်မရှိ လက်နက်ချထားတဲ့သင်းကွဲအုပ်စုလေးတွေလည်း အများအပြား ရှိပါသေးတယ်။ စစ်အစိုးရရဲ့တရားဝင် ၁၇ ဖွဲ့ စာရင်းထဲထည့်ထားတဲ့ လက်နက်ချနှစ်ဖွဲ့ (အမ်တီအေနဲ့ ရခိုင် ဗကပ) ကိုရော၊ တခြားလက်နက်ချခွဲထွက် အပဲ့အရွဲ့တွေအားလုံးကိုပါ စစ်အစိုးရက ပြန်လည်စုစည်းဖွဲ့စည်း၊ တချို့ကို ‘အထူးဒေသ’ ဆိုတဲ့ အမြီးလေးတပ်ပေးပြီး လက်နက်တွေ ပြန်တပ်ဆင်ပေးခဲ့ပါတယ်။ လက်နက်အရေ အတွက်တော့ လက်နက်မချခင်ထက်လျှော့ထားတာနဲ့ ကန့်သတ်တာတွေလုပ်လိုက်သေးတယ်။ ဒီလိုနဲ့ အမ်တီအေ အဖွဲ့ဝင်ဟောင်းတွေရဲ့အထူးဒေသ အနည်းဆုံး ၆ ခု၊ ဒီကေဘီအေမပါ ကေအင်ယူအဖွဲ့ဝင်ဟောင်းတွေရဲ့ အထူးဒေသ အနဲဆုံး ၄ ခု၊ ကရင်နီအဖွဲ့ဝင်ဟောင်းတွေရဲ့အထူးဒေသ အနည်းဆုံး ၃ ခုနဲ့ အထူးဒေသအမြီးတပ်မထားတဲ့ အဖွဲ့ပေါင်း စုံပေါ်လာခဲ့ပြီး တရားဝင်ရော တရားမဝင်ရော စီးပွားရေးလုပ်ပိုင်ခွင့်တွေ၊ အာဏာသုံးခွင့်တွေနဲ့ သောင်းကျန်းကြပါ တော့တယ်။

တရားဝင်အားဖြင့် ‘သောင်းကျန်းသူဆန့်ကျင်ရေးအဖွဲ့’ (သကဆဖ)လို့ ဗမာစစ်တပ်က သတ်မှတ်ပေးထားပြီး စစ်အစိုးရ ရဲ့ငြိမ်းချမ်းရေးဝါဒဖြန့်လုပ်ငန်းထဲ အပစ်ရပ် ၁၇ ဖွဲ့နဲ့တတန်းတည်းထား ကြော်ငြာခံရတဲ့ ဒီအဖွဲ့တွေဟာ လက်နက်ခဲ ယမ်းတွေ စုဆောင်း၊ ဆက်ကြေးကောက်၊ နယ်မြေအုပ်ချုပ်ရေးလုပ်၊ မူးယစ်ဆေးဝါးနဲ့လက်နက်ရောင်းဝယ်၊ တခြားမြေ အောက်ဒုစရိုက်လုပ်ငန်းတွေအားလုံးကို ထောက်လှမ်းရေးနဲ့နားလည်မူယူပြီးတော့ရော၊ မယူဘဲနဲ့ရော လုပ်နေကြပါ တယ်။ သကဆဖဆိုတာ သဘောတရားအရ၊ စစ်တပ်ကပိုချုပ်ကိုင်မှုရှိတဲ့ ‘ပြည့်သူ့စစ်’ထက် ပိုလွတ်လပ်မှုရှိတယ်၊ သို့မဟုတ် ပိုအဆင့်နိမ့်တယ်လို့ဆိုပေမဲ့ တကယ့်လက်တွေ့မှာတော့ ကွဲပြားချက်ဟာ အတော့်ကို ဝေဝါး ရှုပ်ထွေးလာ နေပါတယ်။ အခွင့်သာတဲ့ဒေသတွေက ပြည်သူ့စစ်တွေဟာလည်း ‘ငြိမ်းချမ်းရေး’ အဖွဲ့တွေပုံစံအတိုင်း လုပ်ချင်ရာ လုပ် နေကြပြီဖြစ်ပါတယ်။

အဲဒါတွေကတော့ ‘အပစ်အခတ်ရပ်စဲရေး’ လို့ပြောပြော၊ ‘ငြိမ်းချမ်းရေး’ လို့ဆိုဆို၊ ထူးဆန်းရှုပ်ထွေးတဲ့ ရူးကြောင်ကြောင် ကစားပွဲကြီးထဲ တဖွဲ့ပေါ်တဖွဲ့ရော ပြည်သူလူထုအပေါ်ရော၊ ဖျံကျနေကြတဲ့ ဥပဒေတွင်းနဲ့ ဥပဒေတပိုင်း လက်နက်ကိုင် တပ်သဗ္ဗနံပေါင်းစုံတို့ပျော်စံရာ အမိမြန်မာနိုင်ငံတော်ကြီးပါပဲ။ လက်နက်ကိုင်တိုက်နေဆဲဖြစ်သော်လည်း စစ်အစိုးရနဲ့ အပစ်ရပ်သဘောတူညီချက်ရဖို့ စိတ်အားထက်သန်နေကြတဲ့ ကေအင်ယူနဲ့တကွသော တခြားလက်နက်ကိုင် တိုင်းရင်း သားအဖွဲ့တွေ မလွဲမသွေဝင်ရောက်ရမယ့် ကစားပွဲကြီး ဖြစ်ပါတယ်။ ဒီကစားပွဲကြီးဟာ သုညကြွင်းကစားပွဲ ဖြစ်မလား၊ သုညမကြွင်းကစားပွဲဖြစ်မလားဆိုတာကတော့ စောင့်ကြည့်ရအုံးမှာဖြစ်ပါတယ်။ ဒါပေမဲ့ စိတ်မကောင်းစွာနဲ့ ပြောရရင် တော့ အချက်အလက်တွေအားလုံးက (ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့သလို) အလုံးစုံပျက်သုဉ်းရေးဆီကိုသာ ဦးတည် နေပါတယ်။

ဂါမဏိ
(၂၀၀၅)