ဆောင်းယွန်းလ - “မဟုတ်ဘူးဆိုရင်
ဟုတ်တာက..ဘာပါလိမ့်”
(မိုးမခ) ဇူလိုင် ၁၄၊ ၂၀၁၆
ရေခံမြေခံကောင်းတဲ့
အရပ်မှာ
ဇာတိကို
ချက်ကြွေကြတော့
ရေဒဏ်ဆိုလည်း
ရေအလိုက်ခံရ
မြေဒဏ်ဆိုလည်း
မြေအလိုက်ခံရ
လေဘေးဆိုလည်း
လေတိုက်သလောက် လွင့်ရ
မီးဘေးဆိုလည်း
မီးလောင်သလောက် ပြောင်ရ
မင်းပြစ်မင်းဒဏ်ဆိုလည်း
အယူခံမရှိ ချသလောက်ခံရနဲ့
တယောက်နဲ့တယောက်
ရင်ဘတ်ချင်း
ချိတ်ဆက်ထားမိရင်
အိပ်ပျော်မယ့်
ညကို ရှာလို့တွေ့မယ်မထင်ဘူး
ပျော်ပျော်နေသေခဲဆိုတဲ့
စကားအတိုင်း
ကန်လိုက်ကြတဲ့
ဘောလုံးတွေကလည်း
တ၀ုန်းဝုန်း
တဒိုင်းဒိုင်းပဲ
ဟောလိုက်ကြတဲ့
တရားတွေကလည်း
အသံမစဲ
ပဌာန်းပွဲတွေအတိုင်းပဲ
အလွမ်းဇာတ်ကား
ရုံတင်ရင်
မျက်ရည်လွယ်လွယ်ကျတတ်သူဟာ
ပေါ်ပြူလာပဲ
အကြမ်းဇာတ်ကား
ရုံတင်ရင်
ပါးစပ်သေနတ်နဲ့
အသံကျယ်ကျယ်ထွက်အောင်
ပစ်တတ်သူဟာ ရှင်ဘုရင်ပဲ
ခေတ်နှစ်ခေတ်မှာ
လက်နှစ်ချောင်းကို
ပုံစံနှစ်မျိုးပြောင်းထောင်နို င်သူဟာ အကောင်ပဲ
နောက်ဆုံးတော့လည်း
ဒုံရင်းဟာ
ဒုံရင်းပါပဲ
အုံနဲ့ကျင်းနဲ့
ကျခဲ့တဲ့ သွေးချွေးမျက်ရည်ဆိုတာ
မိုးတပေါက်နှစ်ပေါက်
ဗွက်ပေါက်ရုံ ရွာလိုက်တာနဲ့
ခြောက်သွားတာပဲ
မဟုတ်ဘူးလား
မဟုတ်ဘူးဆိုရင်
ဟုတ်တာက…ဘာပါလိမ့်
ဒီလိုပါပဲ…
ကျနော်လည်း
တလိမ့်လိမ့်
လိမ့်နေတဲ့ခေတ်ထဲက
စိတ်ရဲ့နာမကျန်းမှုတွေထဲမှာ
တရှောင်ရှောင်နဲ့
တခါတခါ
ဘယ်သူဘယ်ဝါ
ဘာဘာညာညာနဲ့မှမတွေ့အောင်
ရှောင်နေတာကလည်း
စိတ်ထွက်ပေါက်ပဲ မဟုတ်ဘူးလား
မဟုတ်ဘူးဆိုရင်
ဟုတ်တာက…ဘာပါလိမ့်။
ဆောင်းယွန်းလ
(ဇူလိုင် ၁၂၊ ၂၀၁၆)