သာထက်အောင် ● အာဇာနည်နေ့လွန် အတွေး

Photo - Than Htay Maung


သာထက်အောင် ● အာဇာနည်နေ့လွန် အတွေး
(မိုးမခ) ၂၇ ဇူလိုင်၊ ၂၀၁၆


ပြီးခဲ့တဲ့အင်္ဂါနေ့ (၁၉ ဇူလိုင်) ညနေပိုင်း၊ ထုံးစံအတိုင်း ဖေ့စ်ဘွတ်ခ် ပွတ်ရင်း တရိပ်ရိပ်တက်လာတဲ့ အနယ်နယ်အရပ်ရပ်မှာ ချီးကျင်းပကြတဲ့ အာဇာနည်နေ့ အထိမ်းအမှတ်ပွဲတွေကိုငေးရင်း ဟိုးလွန်ခဲ့တဲ့ ၂၇ နှစ်က အာဇာနည်နေ့လူထုချီတက်ပွဲအကြောင်း ခေါင်းထဲရောက်လာပါတယ်။

လွတ်လပ်ရေးဖခင်ကြီး အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျ ဆုံးသွားတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အလေးပြုခွင့်၊ ဂါရ၀ပြုခွင့် နှစ်ပေါင်းများစွာပိတ်ပင်ခံ ထားရတော့ ခုလိုလွတ်လွတ်လပ်လပ်လည်း ဂါရ၀ပြုခွင့်ရရော၊ လူတွေဟာ ဆည်ရေကာတာကြီးကျိုး ပေါက်သလို ဒလဟောစုပြုံတိုးဝှေ့ပြီးတော့ အားရပါးရကြီး အလေးပြုခဲ့ကြပါတယ်။ ရန်ကုန်မှာမို့ မိုးထဲ ရေထဲမှာပဲ အချိန်တွေအများကြီးပေးပြီးမှ ဂါရ၀ပြုခွင့်ရကြတာပါ။

ဟိုးလွန်ခဲ့တဲ့ ၂၇ နှစ်၊ ၁၉၈၉ ခု ဇူလိုင် ၁၉ ရက်၊ အာဇာနည်နေ့တနေ့မှာ ခုလိုပဲ လူတွေ စုပြုံတိုးဝှေ့ခဲ့ဖူးပါတယ်။ အာဇာနည်ကုန်းကို ချီတက်အလေးပြုဖို့ ကျောင်းသားတွေ၊ ရဟန်းရှင်လူပြည် သူတွေ ကြိုးစားခဲ့ကြပါတယ်။ အာဏာလက်ဆုပ်ဖြေရမှာကြောက်တဲ့ စစ်အစိုးရဟာ ဒုတိယရှစ်လေး လုံးဖြစ်မှာစိုးရွံ့  ပြီး တက်ရောက်ဂါရ၀ပြုမယ့် လူစုလူဝေးကို လက်နက်နဲ့အမိန့်နဲ့ ဟန့်တားခဲ့ပါတယ်။ "မတရားတဲ့အမိန့်ဟူသမျှ တာဝန်အရဖိဆန်ကြ"ဆိုတဲ့ဆောင်ပုဒ်ကို လက်ကိုင်ပြုထားတဲ့ ဒီချုပ်နောက် မှာ တော်လှန်ရေး ဒီရေမြင့်တက်နေတဲ့ကျောင်းသားနဲ့ ပြည်သူတွေ မားမားမတ်မတ်ရပ်ခဲ့ပါတယ်။ အာဇာနည်နေ့ချီတက်ပွဲကို မဖြစ်မနေချီတက်ဖို့ အားသန်နေပါတယ်။

ပွဲကြီးပွဲကောင်းတခုတော့ ကြုံကြရတော့မယ်ဆိုတာ လူတိုင်းလိုလို ရိပ်မိနေကြပါပြီ။ အကယ်၍များ ထိပ်တိုက်ရင်ဆိုင်ပွဲကြီး ကြုံခဲ့ဖြစ်ခဲ့ပြီဆိုရင် ဖြစ်လာမယ့် နောက်ဆက်တွဲ ပြသနာတွေ၊ ဆိုးကျိုးတွေ၊ မမှန်ဆနိုင်သလို မြန်မာ့နိုင်ငံရေး သမိုင်း အချိုးအကွေ့ဟာလည်း တမျိုးတဖုံပြောင်း လဲသွားနိုင်ပါတယ်။

ရွှေဂုံတိုင်မီးပွိုင့်မှာလည်း စစ်ကားတွေ၊ စစ်သားတွေချထားပြီးပါပြီ။ ဒေါ်စုအိမ်ရှေ့ မှာ တက္ကသိုလ် ရိပ်သာလမ်းထောင့်မှာ အစောင့်တွေ၊ စစ်သားတွေနဲ့ ပိတ်ဆို့ကုန်ပါပြီ။ ရှေ့ ဆက်တိုးကြရင်းဖြင့် ရလဒ်ဟာ အကောင်းဘက်မှာရှိဖို့ နည်းပါတယ်။ ဒီလိုနဲ့ထိပ်တိုက်ရင်ဆိုင်ဖို့အစီအစဉ်ကို လက်မတင်လေးမှာပဲ ဖျက်လိုက်ပြီး ဒေါ်စုကိုလည်းဖမ်းဆီးပြီး နေအိမ်အကျယ်ချုပ်ချထားလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၂၇ နှစ်က နေအိမ်အကျယ်ချုပ်ချထားခံရတဲ့ လူထုခေါင်းဆောင် တယောက်ဟာ ယနေ့နိုင်ငံတော်အကြီးအကဲ တယောက်အနေနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ၀င့်ဝင့်ထည် ထည်၊ ခမ်းခမ်းနားနား ဂါရ၀ပြုခွင့်ရခဲ့ပါပြီ။ ပြည်သူတွေကိုယ်တောင့်တတဲ့၊ ပြည်သူတွေဖြစ်ချင်တဲ့ အာဇာနည်နေ့ကိုလည်း ယနေ့ပြန်မြင်ရပါပြီ။ ယူမယ်ဆိုရင်တော့ နိုင်ငံရေးသံဝေဂယူသင့်ပါတယ်။ သမိုင်းဆီ တပတ်လည်တတ်တာကိုလည်း သင်ခန်းစာယူတယ်ဆို ယူလို့ရပါတယ်။

တကယ်တော့….. အမျိုးသားခေါင်းဆောင်တို့၊ လွတ်လပ်ရေးဖခင်တို့၊ အာဇာနည်ခေါင်းဆောင် တို့ဆိုတာ ဘယ်နိုင်ငံ၊ ဘယ်လူမျိုးမှာပဲဖြစ်ဖြစ်၊ နတ်နေကိုင်းပါ။ ဖူးဖူးမှုတ်ထားကြရစမြဲပါ။ ဘယ်အစိုးရ တက်တက်၊ ဘယ်သူသမ္မတဖြစ်ဖြစ်၊ အမျိုးသားခေါင်းဆောင်ကတော့ အမျိုးသားခေါင်းဆောင်ပါပဲ။ ကြက်ဥအရောင်တိမ်တောင်သဖွယ်၊ မင်းရေးကျယ်ဆိုတဲ့ စကားကိုပါပဲ။

ဘယ်နိုင်ငံမဆို ခေတ်တွေ၊ စနစ်တွေ၊ အစိုးရတွေ၊ ခေါင်းဆောင်တွေ ဖျိုးခနဲဖျပ်ခနဲ ပြောင်း တတ်ပါတယ်။ ဘာတွေပဲ ပြောင်းပြောင်း တိုင်းပြည်နဲ့လူမျိုး လွတ်လပ်ရေးရအောင် စွမ်းဆောင်ပေးခဲ့ပြီး ကျဆုံးသွားရှာပြီဖြစ်တဲ့ အမျိုးသားခေါင်းဆောင်ကြီးတွေကိုတော့ ကာယကံ၊ ၀စီကံ၊ မနောကံ ဘယ်ကံနဲ့မှ ပြစ်မှာလို့မရပါဘူး။ အမျိုးသားခေါင်းဆောင်ကြီးရဲ့ သမီးက နိုင်ငံရေးမှာပါဝင်ပတ်သက်လာ ပြီး စစ်အစိုးရရဲ့  ရပ်သူနံပါတ်တစ်ဖြစ်လာတဲ့အခါမှာ ကျေးဇူးရှိ၊ ကျေးဇူးသိရမယ့်ဗိုလ်ချုပ်ကို သူတို့ရဲ့  အာဏာလက်မလွတ်ရေးအတွက် ပစ်ပစ်ခါခါလုပ်လာပါတော့တယ်။

အဦးဆုံး - အာဇာနည်နေ့ကို သေးသိမ်အောင်လုပ်လာပါတော့တယ်။ မလွှဲသာလို့ "စတိ" သဘောကျင်းပပေးပြီး သာမန်ရုံးပိတ်ရက်တရက်လို သဘောထားလာပါတယ်။ အာဇာနည်နေ့ကို အမွှမ်းတင်ရင် သူတို့ရန်သူဒေါ်အောင်ဆန်းစုကြည်ကို အရောင်တင်ပေးသလိုဖြစ်မှာစိုးတဲ့ စစ်အစိုးရ ဟာ အလံတ၀က်ထူတာတို့၊ ဗိုလ်ချုပ်မိန့်ခွန်းလွှင့်ပေးတာတို့ ကျဆုံးတဲ့အချိန် ၁၀ နာရီ ၃၇ မိနစ်မှာ ဥသြဆွဲတာတို့၊ ယာဉ်၊ ရထားတွေရပ်ပြီး ဂါရ၀ပြုတာတို့မလုပ်တော့ဘဲ တဖြည်းဖြည်းနဲ့ နောက်မျိုးဆက် သစ်တွေ အာဇာနည်နေ့ဆိုတာ ဘာမှန်းမသိအောင် ကြိုးစားလာပါတော့တယ်။ တဖြည်းဖြည်းအတင့်ရဲ လာပြီး ရုံးတွေမှာ ဗိုလ်ချုပ်ဓာတ်ပုံတွေဖြုတ်ချ၊ ဗိုလ်ချုပ်ပုံပါတဲ့ တီရှပ်၊ ဓာတ်ပုံ၊ ပို့စကတ်တွေ့ ရင် စစ်လားဆေးလား၊ အရေးယူလားလုပ် စာစောင် မဂ္ဂဇင်း တွေမှာ ဗိုလ်ချုပ်ပုံ မဖော်ပြရ၊ ဗိုလ်ချုပ်မိန့်ခွန်း စာအုပ်၊ ကက်ဆက်ခွေတွေ့ ရင် ထောင်ချ၊ အရေးယူ တဖြည်းဖြည်းနဲ့ဗိုလ်ချုပ်ကို အမျိုးသားခေါင်းဆောင်နေရာမှာမထားတော့ပဲ မြောင်းထဲပို့ဖို့ မိုက်ရိုင်းစွာကြံစည်လာပါတော့တယ်။

ဒီမိုကရေစီနိုင်ငံတော်ကြီးဖြစ်နေပါပြီလို့ ဘယ်တုန်းကမှမကြေညာခဲ့တဲ့ တခုတည်းသောကွန် မြူနစ်ပါတီကြီးသာရှိတဲ့ တရုတ်ပြည်မှာတောင် သူတို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီး ဒေါက်တာဆွန်ယက်ဆင်ကို နန်ဂျင်း (NANJING) မြို့ ၊ အရှေ့ဘက် ခရမ်းရောင်တောင်ရဲ့ အခြေမှာ ခေါင်းဆောင်ကြီးရဲ့ဆန္ဒအတိုင်းမြှုပ်နှံပြီး ဧက ၂၀ လောက်ကျယ်တဲ့ ဂူဗိမာန်တော်ကြီးကို နိုင်ငံတော်ကတာဝန် ယူစောင့်ရှောက်ထားပါတယ်။

၁၉၂၅ မတ်လ ၁၂ ရက်၊ ဘီဂျင်းမှာကွယ်လွန်ခဲ့တဲ့ ဆွန်ယက်ဆင် ရုပ်အလောင်းကို ၇၄၆ မိုင်ဝေးတဲ့ နန်းဂျင်မြို့ ကိုပြန်သယ်ရာမှာ ရောက်ရာ အရပ်အတိုင်မှာ ပြည်သူတွေက ကြက်ပျံမကျ စည်ကားသိုက် မြိုက်စွာပို့ဆောင်ကြပြီး သချုင်္ိင်းတော်ကြီးဆောက်လုပ်တဲ့ ၁၉၂၆ မှာ တရုတ်လူဦးရေ ၃၉၂ သန်းရှိတာမို့ ပြည်သူကို ကိုယ်စားပြုတဲ့အနေနဲ့ ဂူဗိမာန်တော်ကြီးရှိရာကို လှေခါးထစ်ပေါင်း ၃၉၂ ထစ်နဲ့ စီမံဆောက် လုပ်ထားပါတယ်။ ယနေ့အထိ တရုတ်ပြည်အနယ်နယ်အရပ်ရပ်က ပြည်သူတွေဟာ နန်ဂျင်းအနီး ရောက်ရင် ခေါင်းဆောင်ကြီးဂူဗိမာန်ကို ဂါရ၀ပြုကြသလို နိုင်ငံခြားသား တိုးရစ်တွေ စိတ်ဝင်စားစရာ နေရာအဖြစ်နဲ့လည်း ၀င်ငွေရနေပါသေးတယ်။ ဂူဗိမာန်ကြီးရဲ့အထဲမှာ ၄.၆ မီတာမြင့်တဲ့ ဆွန်ယက်ဆင်ရဲ့  ရုပ်တုကြီးရှိပြီး အတွင်းဘက် တနေရာမှာတော့ သူ့ရဲ့ ဂူကို မာဘယ်ကျောက်နဲ့ ခမ်းခမ်းနားနား၊ လှလှပပ မြှုပ်နှံထားတာကို တွေ့ ရပါတယ်။

ထို့အတူပါပဲ တနိုင်ငံတည်းပေါင်းစည်းခဲ့ပြီးပေမယ့် တောင်ဗီယက်နမ်နဲ့ မြောက်ဗီယက်နမ် ပြည်သူတွေရဲ့ အမြင်တွေ၊ သဘောထားတွေမတူတာတွေရှိပါတယ်။ ဒါပေမယ့် တောင်ဗီယက်နမ်ရဲ့ မြို့ တော် ဆိုင်ဂုံကို ဟိုချီမင်းမြို့ လို့အမည်ပေးခဲ့ပြီး မြောက်ဗီယက်နမ်က ဟနွိုင်မြို့  မှာတော့ ဟိုချီမင်းပြတိုက်ကြီးကို ခမ်းနားကြီးကျယ်စွာ ဆောက်လုပ်ဂုဏ်ပြုထားပါတယ်။

စစ်အစိုးရလက်ထက်မှာ မဟုတ်တဲ့နေရာတွေမှာ ပိုက်ဆံတွေပုံအောသုံး၊ သူတို့ ရဲ့ အိမ်တော်တွေ၊ နန်းတော်တွေ ဖိတ်ဖိတ်လက် ခမ်းနာသလောက် တိုင်းပြည်နဲ့လူမျိုးအတွက် ဂုဏ်ယူရမယ့် အာဇာနည်ဗိမာန်ကိုတော့ သိမ်သိမ်ငယ်ငယ်နဲ့ ပစ်ထားတာ နှစ်ပေါင်းများစွာပါ။

တရုတ်ပြည်ကြီးက မော်စီတုံးဟာ ဗိုလ်ချုပ်အောင်ဆန်းလို ပြည်သူတွေရဲ့  ချစ်ခင်လေးစားမှု ရာနှုန်းပြည့်ရထားတဲ့ ခေါင်းဆောင်မဟုတ်ပါဘူး။ သူ့ရဲ့ အယူအဆ၊ သူ့ရဲ့ အတွေးအခေါ်၊ သူ့ရဲ့ လုပ်ရပ် တွေကို သဘောမတူ၊ မနှစ်မြို့ တဲ့လူတွေ အတော်များများရှိပါတယ်။ သူ့ ဇနီးဆိုရင် လေးဦးဂိုဏ်းခေါင်း ဆောင်ထဲမှာတောင် ပါခဲ့ပါသေးတယ်။ ဒါပေမယ့် မော်စီတုံးရဲ့ စွန့်လွှတ်စွန့်စားမှု၊ သူ့ ကျေးဇူး၊ တရုတ် ပြည်ကြီးလွတ်မြောက်အောင် စွမ်းဆောင်နိုင်မှု၊ ဒါတွေကိုမေ့ပစ်လို့ မရပါဘူး။ ဒါကြောင့် သူ့ကို တီယန်မင်စကွဲယားရင်ပြင်မှာ ထိုက်ထိုက်တန်တန်နေရာပေးပြီး ဂူဗိမာန်နဲ့ဂုဏ်ပြုထားပါတယ်။

တိုင်းပြည်လွတ်လပ်ရေးအတွက် အသက်ပေးသွားတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို နှစ်စဉ်နှစ်တိုင်း ၁၉ ဇူလိုင်ရောက်ရင် အမှတ်တရအလေးပြုဂုဏ်ပြုပြီး တရားဝင်ရုံးပိတ်ရက်အဖြစ် သက်မှတ်ခဲ့ပါတယ်။ ထို့အတူ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့ (ကွယ်လွန်သွား တဲ့) ပုဂ္ဂိုလ်တွေကိုလည်း ကျွန်တော်တို့ မေ့မထားသင့်ပါဘူး။ ကိုယ်ကျိုးစွန့်အနစ်နာခံသွားတဲ့ ဆရာဦးဝင်းတင်၊ ဆရာမောင်သောက၊ မုံရွာဦးတင်ရွှေ၊ ဦးတင်မောင်ဝင်း၊ ဦးမောင်ကိုတို့၊ လွတ်လပ်မှ အမျှဝေပါဆိုတဲ့ ၀င်းမော်ဦး စသဖြင့်ပေါ့လေ။ စာရင်းတို့နိုင်သမျှ ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ အမှတ်တရ ကမ္ပည်း ကျောက်တိုင်ဖြစ်ဖြစ်၊ ဂူဗိမာန်ဖြစ်ဖြစ်ဆောက်လုပ်ပြီး နှစ်စဉ် သြဂုတ်လ ၈ ရက်နေ့ရောက်တိုင်း ကျွန် တော်တို့သွားရောက်ဂါရ၀ပြု၊ လွမ်းဆွတ် ပန်းစည်းလေး တစီးတင်ဖို့ ကောင်းပါတယ်။ ကျွန်တော်တို့အားလုံး ကို ဒုက္ခတွေတသီကြီးပေးခဲ့တဲ့ အာဏာသိမ်းနေ့ (မတ်လ ၂ ရက်)ကို ရုံးပိတ်ရက်အဖြစ်ဖျက်သိမ်းပြီး သြဂုတ်လ ၈ ရက်၊ ရှစ်လေးလုံးနေ့ကို ရုံးပိတ်ရက်အဖြစ်သက်မှတ်ပေးနိုင်ခဲ့ရင်… တမလွန်က ဆရာတွေလည်း ကျေနပ်၊ ရဟန်းရှင်လူတွေလည်း ပျော်ရွှင်နိုင်ကြလိမ့်မယ်ထင်ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ ရွှန်းရွှန်းမြမြ၊ လုံးလုံးဝန်းဝန်းကြီးသာနေတဲ့ လပြည့်ညမဟုတ် သော်လည်း ငပုပ်ဖမ်းရာကလွတ်လာတဲ့ လမင်းကြီးလို တဖြည်းဖြည်းလင်းလက်လာပြီဖြစ်တဲ့ အရွေ့ တခုကို ကျွန်တော်တို့မြင်နေကြရပါပြီ။ ဒါကိုကြည့်ပြီး မကျေမနပ်ဖြစ်နေတဲ့သူတချို့ ကတော့ လမင်းကြီးကိုကြည့်ပြီး မနာလိုစိတ်နဲ့ဟောင်နေကြတာ စိတ်မကောင်းစွာတွေ့မြင်နေရပါတယ်။ နှစ်ပေါင်း ၆၉ နှစ်ကြာခဲ့ပြီဖြစ်တဲ့ အာဇာနည်ကြီးတွေနဲ့ပတ်သက်ပြီး ဘာသံမှမကြားခဲ့ရဖူးပေမယ့် ဒီနှစ်တော့ ဆရာကြီးဦးရာဇာတ်နဲ့ ရဲဘော် ကိုထွေးကို မွတ်ဆလင်ဖြစ်လို့ အလေးမပြုနိုင်ဘူးဆိုတဲ့ အောက်တန်းခပ်ကျကျအသံတွေ၊ အာဇာနည်နေ့ဟာ အသုဘကိစ္စမို့ ကျောင်းထဲမှာ အကျင်းပမခံနိုင်ဘူးဆိုတဲ့ ဆရာမဆိုသူအချို့ ရဲ့ အသံတွေ……...။

ပြည်သူတွေဟာ နှစ်ပေါင်းများစွာ ဖိနှိပ်ရက်စက်တာကိုခံခဲ့ကြရတယ်။ စနစ်တကျဖျက်ဆီးခဲ့တဲ့ ပညာ ရေးအတွေးအခေါ်တွေကြောင့် တိုင်းပြည်လည်း လူရာမ၀င်ဖြစ်ခဲ့ကြရတယ်။ ဒီနှစ် အာဇာနည်နေ့အခင်းအကျင်း ကိုကြည့်ခြင်းအားဖြင့် တဖြည်းဖြည်းချင်း ပုံမှန်ဘ၀၊ ပုံမှန်အဆင့်အတန်းကိုပြန်ရောက်ပြီး…… တကယ် ကျွန်တော်တို့ရိုးသားမယ်၊ ကြိုးစားမယ်ဆိုရင် မကြာတော့သောကာလမှာ မျက်နှာကော့၊ ရင်ကော့တဲ့ဘ၀ရောက် နိုင်လိမ့်မယ် ထင်ပါတယ်။

သာထက်အောင်
၂၃၊ ဇူလိုင်၊ ၂၀၁၆