ရန်လိုကျွဲ ● အမျိုးသားပြည့်တန်ဆာတို့ကို နှိမ်နင်းရခက်ခဲသည့် အကြောင်းရင်း (သရော်စာ)


 
ရန်လိုကျွဲ ● အမျိုးသားပြည့်တန်ဆာတို့ကို နှိမ်နင်းရခက်ခဲသည့် အကြောင်းရင်း (သရော်စာ)
(မိုးမခ) ဇူလိုင် ၁၀၊ ၂၀၁၆

(ဒုက္ခသီရိ၏ ဖြစ်ရပ်မှန်များထဲမှ တချို့ကို အကျဉ်းချုပ် ရေးသား ဖော်ပြလိုက်ပါသည်)

အခုတလော ဒုက္ခသီရိ နေပြည်တော်၏ ပုလိပ်တပ်ဖွဲ့ အခြေအနေမကောင်းဟု ဆိုရမည်။

ပြက္ဒဒိန်တွင် ရက်ရာဇာ၊ ပြဿဒါး မည်သို့ပင် သတ်မှတ်ထားစေကာမူ ပုလိပ်အဖွဲ့အတွက်တော့ မည်သည့်နေ့မဆို ပြဿ ဒါးနေ့ ဖြစ်နေတတ်သည်။

ဆန္ဒပြကျောင်းသားဆယ်ဂဏန်းခန့်ကို ရုံးထုတ်စဉ်က တရားရုံးဝန်းကျင်တွင် ရဲတပ်ရင်း တစ်ခုစာလောက် အင်အားပြမှု ကြောင့် အများပြည်သူ ထိတ်လန့်တကြား ဖြစ်ရသည်။ လူဆိုးဗိုလ်ကို သွားရောက်ဖမ်းဆီးသော ရဲနှစ်ယောက်တစ်ပိုင်းမှာ အနှီလူဆိုးဗိုလ်၏ ဓားချက်မိပြီး အသီးသီး  ဒဏ်ရာ ရသွားခြင်းကြောင့် အများပြည်သူ ထိတ်လန့်တကြား ဖြစ်ရပြန်၏။ ထိုသို့ ဒုက္ခများရသော်လည်း ပရိသတ်၏စာနာမှုကို ရာနှုန်းပြည့် မရရှိပေ။ လူဆိုးသွားဖမ်းတာပဲကွာ… ရဲတပ်ရင်းတစ်ခုစာလောက် တော့ ခေါ်သွားသင့်တာပေါ့ဟူသော အငေါ်တူးမှုမျိုးနှင့်ပင် ကြုံရ၏။

● တာဝန်အရ ရိုက်နှက်ရခြင်း
ဒုက္ခသီရိ၏ ပညာရေးဥပဒေ ဆန့်ကျင်သော ကျောင်းသားတို့ကို နှိပ်ကွပ်စဉ်ကလည်း ရဲတပ်ဖွဲ့ မျက်နှာကောင်း မရခဲ့ဟု ဆိုရမည်။ ရာနှင့်ချီသော  ရဲတပ်သားများ ထမင်းထုတ်မရ၊ ရေပုလင်းမရသဖြင့် နာရီပေါင်းများစွာ အစာငတ်၊ ရေငတ် ဖြစ်ရ သည်။ ရဲအရာရှိတို့ စီမံခန့်ခွဲမှု ညံ့ဖျင်းသည်ဟု ဆိုသူက ဆိုသလို သူတို့အဘတွေတောင် ကုန်စုံဆိုင်တစ်ခု မစီမံ၊ မခန့်ခွဲနိုင်မှ တော့ သူတို့လည်း ဒီလောက်ပဲ စီမံတတ်မှာပေါ့ဟု ဆိုသူလည်း ရှိ၏။

ရဲအရာရှိကြီးတစ်ဦးကမူ… ထိုအခြေအနေဖြစ်အောင် တမင်လုပ်ယူရခြင်းဖြစ်သည်ဟု ပြောသည်။

"အိုင်ဆေး … ရန်လိုကျွဲ… ရဲဘော်တွေကို အစာငတ် ရေငတ်ထား၊ နေပူထဲ မတ်တပ်ရပ်ခိုင်းထားတော့ ဘာဖြစ်သလဲ သိလား၊ ဒေါသဖြစ်တာပေါ့ကွ။ အဲဒီလို ဒေါသထွက်နေမှ ရိုက်ရနှက်ရတဲ့အခန်းကဏ္ဍရောက်ရင် ကောင်းကောင်း လက်စွမ်းပြနိုင်မှာကွ။ သူတို့ သက်တောင့်သက်သာဖြစ်နေရင် ဒေါသမထွက်ဘဲ စာနာစိတ်တွေပဲ ၀င်လာတတ်တယ်" ဟု ရန်လိုကျွဲ၏ သတင်းရင်း မြစ်တစ်ခုဖြစ်သည့် မိတ်ဆွေရဲအရာရှိကြီးက ပွင့်ပွင့်လင်းလင်း ဆို၏။

"ရိုက်စရာရှိတာ ရိုက်ရမှာပဲ။ တာဝန်အရ ရိုက်နှက်ရတာလို့ ဖြေရှင်းချက်ပေးလို့ ရပါတယ်။ ဟဲဟဲဟဲ" ဟု သူက ဖြည့်စွက် ပြောကြားသည်။

ဆန္ဒပြသူတို့၏ကားတစ်စီးမှာ ရဲအယောက်တစ်ရာ၏ ရိုက်နှက်ကန်ကျောက်ခြင်း ခံရသဖြင့် ဘဝပျက်သွားသည်။ အဆိုပါ ကားရုပ်ကြွင်းကို ကြည့်ခြင်းအားဖြင့် ရဲတပ်ဖွဲ့ဝင်တို့ကို ဒေါသထွက်စေရန် စီစဉ်ထားမှု အထမြောက်ကြောင်း သိသာလေသည်။

● ထိရင် နာတယ်
ဆန္ဒပြပွဲဖြိုခွင်းမှုများအတွင်း ရဲတပ်ဖွဲ့က လက်သံပြောင်ပြောင် အစွမ်းပြသဖြင့် ကျောင်းသားလူငယ်တို့ ဦးခေါင်းတွင် အာလူး သီး ဆယ်လုံးစီ အနည်းဆုံးရ၊  ဘာမှမဖြစ်ဘူးဟု ယူဆခံရသူတို့လည်း အတွင်းဒဏ်ရာ အသီးသီး ရသွားကြသည်။ ဆန္ဒပြသူ တစ်ဦးကို ရဲဆယ်ဦးခန့် ဝိုင်းဝန်း ဆွမ်းကြီးလောင်းနေသည့် ဓာတ်ပုံများလည်း အွန်လိုင်းတွင် ပလူပျံနေဆဲဖြစ်သည်။

တရားရုံးတွင် အမှုရင်ဆိုင်စဉ် ထိုဓာတ်ပုံများနှင့် ပတ်သက်ပြီး ရဲအရာရှိကြီးတစ်ဦး၏ ရှင်းလင်းချက်မှာ မှတ်ဖွယ်မှတ်ရာပင်။
"သူတို့ကို လက်ဖျားနဲ့တောင် မထိပါဘူး။ တုတ်တွေနဲ့ရိုက်တယ်ဆိုတာလည်း အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေပါ။ တကယ် တော့ ရွယ်ရုံလေး ရွယ်တာပါ" ဟု ရဲကြီးတစ်ဦးက ခပ်တည်တည် လျှောက်လဲချက်ပေး၏။

ဒုက္ခသီရိမှ လက်သံပြောင်သော ရဲတပ်ဖွဲ့ကို သင်တန်းပေးသူတို့မှာ  အနောက်နိုင်ငံအစိုးရများဖြစ်သည်။  နောက်ဆက်တွဲ ရလဒ်အဖြစ် ဒုက္ခသီရိ ရဲတပ်ဖွဲ့သည် ယခု ဆယ်စုနှစ်အတွက် ဥရောပရွှေနံပါတ်တုတ်ဆု ရနိုင်ချေရှိသည်ဟု သတင်းထွက် လျက်ရှိသည်။

ရဲတို့အကြမ်းဖက်ရိုက်နှက်ခြင်းကို မကျေနပ်သဖြင့် ကျောင်းသားများတရားပြန်စွဲသမျှမှာလည်း ပယ်ချခံနေရဆဲဖြစ်သည်။ ကျောင်းသားဆန္ဒပြသတင်းလိုက်ယူသည့် သတင်းထောက်မှာမူ ရဲကို လက်သီးတစ်လုံးကျွေးမှုဖြင့် ထောင်ချခံလိုက်ရလေ သည်။ ဤအမှုကြောင့်လည်း ရဲတပ်ဖွဲ့ အထင်သေးခံရပြန်လေ၏။

● ရက် ၁ဝဝ စီမံကိန်း
ဒုက္ခသီရိအစိုးရသစ်၏ ပထမ ရက် ၁ဝဝ အစီအစဉ်သည် ရဲတပ်ဖွဲ့ထံသို့လည်း ရောက်လာသည်။ မည်သည့်ရဲမဆို ရက် ၁ဝဝ အတွင်း  အမှု ၁ဝဝ ရှာဖွေရမည်ဟု ရုံးတွင်း ညွှန်ကြားချက် ထွက်လာလေရာ ရဲကိုကို ရဲမမတို့ အလုပ်များကြလေကုန်၏။ ရဲတပ်ဖွဲ့ထဲရောက်ခါစ ရဲအသစ်များ ဒုက္ခလှလှ တွေ့ကြသော်လည်း ရဲရည်လည်သူများအတွက်မူ အမှု ၁ဝဝ ကိစ္စမှာ ထမင်း စား၊ ရေသောက်သကဲ့သို့ လွယ်ကူလှသည်။

ရဲများအမှုလိုအပ်နေချိန်တွင် အဖြည့်ခံများစွာ ရှိသည် မဟုတ်လော။  ဂေးများကို လိုက်လံဖျားယောင်းပြီး ကားထဲရောက်မှ လက်ထိပ်ခတ်ဖမ်းဆီးနိုင်သည်။ အနီးစပ်ဆုံးပုဒ်မမှာ လိင်တူခြင်းဆက်ဆံမှုဖြစ်၏။ ဒုက္ခသီရိတွင် ဤအမှုမှာ  ဧရာမ ရာဇဝတ် မှုဖြစ်၏။

ရဲတို့အတွက် ပိုမို ထင်ရှားသော ပစ်မှတ်မှာ ပြည့်တန်ဆာများပင်။ ဒုက္ခသီရိရှိ ပြည့်တန်ဆာများမှာ ရဲတို့ကို ဆက်ကြေးပေးရ၊ လိုင်းကြေး ပေးကြရသည်။ ရဲတို့မှာ ၎င်းတို့၏ အခမဲ့ ဖောက်သည်များလည်း ဖြစ်နေတတ်သည်။ ပြည့်တန်ဆာလုပ်ငန်းကြောင့် အကျိုးအမြတ် အများဆုံးရသူတို့မှာ ရဲတပ်ဖွဲ့ဝင်များ ဖြစ်နေသည်ဟု ဆိုရမည်။ အဘယ်ကြောင့်ဆိုသော် ဒုတိယအမြတ်အများဆုံး ဟူသည့် ပြည့်တန်ဆာခေါင်းတို့ကလည်း ရဲတို့ကို ဆက်ကြေးပေးနေရခြင်းကြောင့်ပင်။

မည်သို့ပင် ဆက်ကြေးပေးစေကာမူ စီမံချက်ရှိလာပါက အဖမ်းပြရလေသောကြောင့် ပြည့်တန်ဆာ အများအပြား အချုပ်ခန်း ထဲ သွားထိုင်ကြရသည်။ ပိုမို ကံဆိုးသူတို့မှာကား တရားရုံးရောက်၊ ထောင်ရောက် ဖြစ်ကြကုန်၏။

ရက် ၁ဝဝ အတွင်း ပြည့်တန်ဆာ အယောက် ၁ဝဝ,ဝဝဝ ထက် မနည်း အချုပ်ကျ၊ ထောင်ကျကြသည်။ ထို့ကြောင့် ကမ္ဘာ့ရှေး အကျဆုံးအလုပ်ကို လုပ်ကိုင်ကြသူတို့က ရဲတို့ကို ပိုမို မုန်းတီးလာကြလေကုန်၏။

● အမျိုးသား ပြည့်တန်ဆာ
ဤအတောအတွင်း ရဲတပ်ဖွဲ့ကို စွန့်ခွာသူ အများအပြား ပေါ်ပေါက်လာလေသည်။ ဒုက္ခသီရိ အစဉ်အလာအရ စစ်တပ်မှ ရဲတပ်ဖွဲ့သို့ ပြောင်းရွှေ့လာသူတို့မှာ ရာထူးကြီးကြီးနေရာများကို ရသွားတတ်ကြသည်။ ဤအခြေအနေကို ရဲအရာရှိငယ်တို့က မကျေမနပ်ဖြစ်သောကြောင့် ထွက်စာတင်ကြ၊ အငြိမ်းစားယူရန် ကြိုးပမ်းကြ၏။

ဤသို့သော အခြေအနေတွင် ဗိုလ်ချုပ်ဈေး ပြဿနာ တက်လေသည်။ ထိုပြဿနာကို အပြင်လူတို့ မသိလိုက်ပေ။  ပြဿ နာမှာ ဤသို့တည်း။

ဒုက္ခသီရိတွင် နာမည်ကျော် ဗိုလ်ချုပ်ဈေးရှိသည်။ မည်သည့်ဗိုလ်ချုပ်ကိုမျှ အမှတ်တရအဖြစ် ထိုသို့ အမည်ပေးထားခြင်း မဟုတ်ချေ။ ထိုဈေးမှ ဈေးကြီးသည့်ဆိုင်ခန်းများကို ပိုင်ဆိုင်သူတို့မှာ ဗိုလ်ချုပ်များ ဖြစ်နေတတ်သောကြောင့် ဗိုလ်ချုပ်ဈေးဟု နာမည်တွင်နေခြင်းပင်။

အနှီဗိုလ်ချုပ်ဈေးတွင် အမျိုးသားပြည့်တန်ဆာများ ကျက်စားကြ၊ ဖောက်သည်ရှာဖွေကြ၊ ဈေးလယ်ခေါင် လူလုံးပြကြသည်။ ရင်ဘတ်တွင် ပန်းတစ်ပွင့် ထိုးထားပြီး ဈေးအတွင်း ဟိုယောင်ယောင် ဒီယောင်ယောင် လုပ်နေလျှင် ထိုသူမှာ အမျိုးသားပြည့် တန်ဆာပင်။ ဖောက်သည်မှာ အမျိုးသမီးများဖြစ်ကြသည်။

ဗိုလ်ချုပ်ဈေးတွင် အမျိုးသားပြည့်တန်ဆာဈေးကွက်ကြီး ဖြစ်နေမှန်းကို နှစ်ပေါင်း ၃ဝ အကြာတွင် ဒုက္ခသီရိရဲတပ်ဖွဲ့က စုံစမ်း သိရှိသွားလေသည်။ နောက်ကျမှ သိရခြင်းကြောင့် ရဲအရာရှိတို့ လွန်စွာ ဒေါသထွက်ကြ၏။ ထိုဈေးကွက်ကြီး၏ နှစ်ပေါင်း ၃ဝ စာ ဆက်ကြေး၊ လိုင်းကြေး ဟူသည်မှာ ဒေါ်လာ သန်းနှင့်ချီသော ငွေပမာဏဖြစ်ကြောင်း စာဖတ်သူတို့ ရိပ်စားမိကြပေမည်။ ထို့ကြောင့် သူတို့ လွန်စွာ ဒေါသထွက်နေကြခြင်းပင်။

နောက်ဆုံးတွင် အမျိုးသားပြည့်တန်ဆာ ပပျောက်ရေး စီမံချက် ဟူသည်ကို ကမန်းကတန်း အကောင်အထည်ဖော်လေသည်။ ပြည့်တန်ဆာလုပ်ငန်း မည်သို့ ပပျောက်မည်နည်း။ ကမ္ဘာဦးကတည်းက ပေါ်လာသောလုပ်ငန်း မဟုတ်လော။ အမျိုးသား ပြည့်တန်ဆာလုပ်ငန်းကရော ပပျောက်နိုင်မည်လော။ ကြည့်ကြဦးစို့။

ပြည့်တန်ဆာကို ဖမ်းဆီးရေးအတွက် အစဉ်အဆက် ကျင့်သုံးခဲ့သည့် နည်းလမ်းမှာ ရဲတစ်ဦး သို့မဟုတ် တာဝန်သိလုပ် သားပြည်သူတစ်ဦးက ဖောက်သည်အဖြစ် အသွင်ယူ၊ ပျော်ပါးပြီးသကာလ နောက်ဆုံးတွင် ရဲများ ရောက်ရှိလာကာ လက်ပူး လက်ကြပ် ဖမ်းဆီးခြင်းဖြင့် အမှုဖွင့် တရားစွဲရာတွင် အသုံးဝင်မည့်  ခိုင်မာသောသက်သေကို တည်ဆောက်ခြင်းပင်။ ဒုက္ခ သီရိတွင် အသွင်ယူသက်သေအဖြစ် တက်ကြွစွာ တာဝန်ယူလိုသူကို လွယ်လွယ်ကူကူ ရတတ်သည်ဟု  ဆိုရမည်။

● သောကြာကြယ်စစ်ဆင်ရေး
ယခု ပြည့်တာဆာအမျိုးသားတို့ကိုနှိမ်နင်းမှု စစ်ဆင်ရေးတွင်လည်း အသွင်ယူသက်သေတို့ကို အစဉ်အလာအရ အသုံးပြု လေ၏။ ဖောက်သည်အမျိုးသမီးအဖြစ် ဟန်ဆောင်ရမည့် တာဝန်မှာ ရဲမေတို့၏ပခုံးပေါ်သို့ ကျရောက်လာလေသည်။

တာဝန်ပေး စေခိုင်းချက် ရှိလာသောကြောင့် ရဲမေတို့လည်း အမိန့်ကို လွန်ဆန်ရန် အခက်အခဲ ဖြစ်လာသည်။ သက်သေခိုင် လုံသည့် အမှုတည်ဆောက်နိုင်ရေးအတွက်  အမျိုးသားပြည့်တန်ဆာတို့ကို ရှေ့မျက်နှာ နောက်ထားပြီး ချည်းကပ်ကြ၊ ဈေးစ ကားပြော ခေါ်ဆောင်ကြ၊ အမှုဆင်ကြရပေတော့မည်။

ဒုက္ခသီရိဗိုလ်ချုပ်ဈေးတွင် အမျိုးသားပြည့်တန်ဆာတို့ ပိုမိုကျက်စားသည့်နေ့မှာ သောကြာနေ့ ဖြစ်သည်။ ထို့ကြောင့် အသွင် ယူ ဖမ်းဆီးရေးကို သောကြာနေ့တိုင်း ပြုလုပ်ရန် စီစဉ်ထားကြပြီး ကျားပြည့်တန်ဆာ နှိမ်နင်းသည့် စစ်ဆင်ရေးကိုလည်း သောကြာကြယ်စစ်ဆင်ရေးဟု အမည်ပေးထားကြသည်။

စစ်ဆင်ရေးပထမနေ့ အသွင်ယူသက်သေတစ်ဦး၏ လှုပ်ရှားမှုကို လေ့လာကြည့်ပါ။

ကုမ္ပဏီဝန်ထမ်းယူနီဖောင်း ဝတ်ထားသော ရဲမေတစ်ဦး ဗိုလ်ချုပ်ဈေး တတိယထပ်သို့ တက်ပြီး  ရင်ဘတ်တွင် ပန်းပွင့်ထိုး ထားသော အမျိုးသားတစ်ဦးအနီးသို့ ချည်းကပ်လိုက်သည်။ ပျော်ပါးလိုကြောင်း ချည်းကပ် စကားဆိုပြီး ဈေးစကားပြောကာ ကြိုတင်သတ်မှတ်ထားသော နေရာသို့ ခေါ်ဆောင်ရန် ကြိုးစားရမည် ဖြစ်သော်လည်း လက်တွေ့တွင် ထိုသို့ ပြောမထွက်ချေ။

"အစ်မ…ဘာလိုက်ရှာနေတာလဲ"

"ဟို … ဟို  … ဟိုလေ …. ဟိုဟာ … အင်း… ဇာဘော်လီဆိုင် လိုက်ရှာနေတာ"

ရဲမေက ထိုသို့ အယောင်ယောင် အမှားမှား ဖြေလိုက်မိသည်။

"ဟိုမှာလေ… ဇေယျာလှိုင် ဇာဘော်လီဆိုင် ဆိုတာ ဒီဈေးမှာ နာမည်ကြီးပဲ။ အဲဒီမှာ ဆိုက်စုံရှိတယ်"

"သြော်…အေး… ကျေးဇူးပါပဲကွယ်"

ချည်းကပ်သည့်အဆင့်မှာပင် တစ်စခန်းရပ်သွားသည်။ ဆက်လက် ကြိုးပမ်းရန် အဆင်ပြေတော့မည်မဟုတ်ဟု သူ့ကိုယ်သူ သိလိုက်သည်။ ဖောက်သည်အဖြစ် ဆက်လက် အသွင်ယူမည့်အစား ရာဇဝင်လူဆိုးကိုဖမ်းဆီးသည့်အလုပ်သာ လုပ်လိုက် ချင်တော့သည်။

အသွင်ယူအတွေ့အကြုံမရှိသော ရဲမေ နောက်တစ်ဦး၏ ချည်းကပ်ပုံကိုလည်း ရှုစားလော့။

စကားပြောပွင့်လင်းပုံရသည့် ဤရဲမေက စတိုင်ကျသည့် လုပ်ငန်းရှင်တစ်ဦးလို ဝတ်စားလာသည်။ ပစ်မှတ်ကို ရှာသည်။ တွေ့သည်။ ရင်ဘတ်တွင် ပန်းပွင့်ထိုးထားသော အမျိုးသားများထဲမှ ဖမ်းဆီးထိန်းချုပ်ရလွယ်ကူမည့်ဟန်ရှိသူတစ်ဦးထံ တိုက်ရိုက်သွားရောက် ချဉ်းကပ်လိုက်သည်။

"နေကောင်းလား၊ မတွေ့တာကြာပြီနော်"

သူက စတင် နှုတ်ဆက်ခြင်းမဟုတ်။ ပစ်မှတ်ဖြစ်သော အမျိုးသားက ပြီတီတီပြုံးပြပြီး နှုတ်ဆက်ခြင်းပင် မတွေ့တာကြာပြီနော် ဟု ဆိုသော်လည်း ယခင်က တွေ့ဖူးကြသည်တော့ မဟုတ်။

ဤရဲမေကလည်း အယောင်ယောင်အမှားမှား ပြောမိရာ ပြောလိုက်မိသည်။

"ဒေါ်လာ ဘယ်ဈေးလဲ"

သူက တကယ်တော့ ဒေါ်လာဈေး သိချင်သည်မဟုတ်။ ပစ်မှတ်အဖြစ် သူရွေးလိုက်သည့် အမျိုးသားကို ဈေးနှုန်း ပွင့်ပွင့်လင်းလင်းမေးပြီး ခေါ်သွားရန် စိတ်ကူးထားပြီးဖြစ်သည်။ သို့သော်လည်း လုပ်နေကျအလုပ် မဟုတ်၊ ပြောနေကျစကား မဟုတ်သဖြင့် အိုးနင်းခွက်နင်း ဖြစ်ကုန်ခြင်းပင်။

"ဟိုဘက်နားက ဆိုင်တွေမှာ လဲလို့ရတယ် မမရေ။ ဒေါ်လာဈေး ဒီနေ့တက်တယ်လို့ ကြားတယ်"

အသွင်ယူရသည်မှာ လွယ်မယောင်နဲ့ ခက်လွန်းသည်။ သူ့အပြုံးကို ဆက်မကြည့်ချင်။  သူ့စကား မဆုံးခင်မှာပင် ညွှန်ပြ လိုက်သည့် ဆိုင်ဘက်သို့ လှည့်ထွက်လိုက်မိသည်။ ပန်းတစ်ပွင့်ဆောင်ထားသော ကောင်လေးက ဆိုင်လမ်းညွှန် တင်မက နတ်လမ်းညွှန်ပါ လုပ်လိုက်သေးသည်။

"ဉာဏ်လင်း Money Changer  ဆိုတဲ့ ဆိုင်မှာတော့ သွားမလဲနဲ့ဗျို့။ အဲဒီဆိုင်က ငါးထောင်တန်အုပ်ထဲ ငါးရာတန်ထည့်လို့ နာမည်ပျက်နေတဲ့ဆိုင်"

အသွင်ယူသူမှာ စိတ်ဓာတ်ကျသွားသည်။ ဒီအလုပ်က ငါတို့မိန်းကလေးတွေနဲ့ မဖြစ်ပါဘူးဟယ်ဟု တွေးမိသည်။ စခန်းပြန် ရောက်သောအခါ ထိုသို့ပင် အစီရင်ခံလိုက်လေသည်။

သောကြာနေ့ပေါင်း ၂ဝ ကျော် ကုန်လွန်သွားသော်လည်း  သောကြာကြယ် စစ်ဆင်ရေးမှာ အောင်မြင်မှု တစ်စုံတစ်ရာ မရ သေးပေ။ အသွင်ယူသူများက ထိုအလုပ်မှာ သူတို့နှင့် မအပ်စပ်ကြောင်း၊ တခြား သင့်တော်သည့်အမှုများကိုသာ ကိုင်တွယ်လို ကြောင်း ညီညွတ်စွာ အသံထွက်ကြလေ၏။

နောက်ဆုံးတွင် ဒုက္ခသီရိရဲတပ်ဖွဲ့ဌာနချုပ်က ညွှန်ကြားချက် ထုတ်လိုက်သည်၊ အသွင်ယူမှု အသားကျပြီးသူများသာ ထိုတာ ၀န် ထမ်းဆောင်ရမည် ဟူသတည်း။

● နှစ်ထပ်ကွမ်း အသွင်ယူခြင်း
ဒုက္ခသီရိဗိုလ်ချုပ်ဈေးတွင် ပန်းပွင့်ဆောင်ပြီး စောင့်ဆိုင်းနေသူတို့ကို ကိုင်တွယ်ရန်အတွက် တာဝန်ကျသူတို့မှာ နှစ်မျိုး အသွင်ယူရမည် ဖြစ်သည်။ တစ်မျိုးမှာ အမျိုးသမီးအဖြစ် ဟန်ဆောင်ရခြင်း ဖြစ်ပြီး၊ နောက်တစ်မျိုးမှာ ဖောက်သည်အဖြစ် ဟန်ဆောင်ရခြင်းပင်။ မည်သည့်ဟန်ဆောင်မှု ပို၍ လွယ်ကူပါသနည်း။ ကဲ… ဗိုလ်ချုပ်ဈေးသို့ သွားရောက် ရှုစားကြပါစို့။

အသွင်ယူမှု အကြိမ် လေးဆယ် အတွေ့အကြုံရှိသူက ဂါဝန်ရှည်ရှည်၊ တီရှပ်ပွပွတို့ကို ဝတ်ဆင်ပြီး  ဆံပင်အတုစွပ်၊ မိတ်ကပ် လိမ်းထား၏။ ရုတ်တရက်ကြည့်လျင် ပီဘိ မိန်းကလေး။ မည်သို့ပင် အစွမ်းကုန်ပြင်ဆင်ထားစေကာမူ အသံကိုတော့ ပြင်ဆင် ၍ မရပေ။ ထို့ကြောင့် အတတ်နိုင်ဆုံး မျက်လုံးဖြင့်သာ စကားပြောရန် ဆုံးဖြတ်လိုက်သည်။

အသံမထွက်၊ မျက်ရိပ်မျက်ကဲဖြင့် ဈေးစကားပြောခြင်းမှာ အစ ပထမတွင်တော့ အဆင်ပြေဟန်ပြသည်။ သို့သော်လည်း အသွင်ယူသူ၏ လည်ပင်းက ဇလုတ်ကို ပြည့်တန်ဆာ အမျိုးသား သတိထားမိခြင်းကြောင့် ညှိနှိုင်းမှု အဆုံးသတ်လေသည်။

"ဆောရီးပါ။ ကျုပ်က ယောက်ျားတွေကိုတော့ ဝန်ဆောင်မှု မပေးနိုင်ဘူး" ဟု ထိုအမျိုးသားက တစ်ခွန်းသာ ပြောလိုက်၏။

ကဲ… သူ မအောင်မြင်တော့ နောက်တစ်ယောက်လာ။ အသွင်ယူ နောက်တစ်ယောက်က အမျိုးသမီးအများစု ဝတ်စားဆင်ယင် ပုံအတိုင်း ပြင်ဆင်သွား၏။ သူက ပုဆိုးတိုတိုသာ ဝတ်ဆင်တတ်သူဖြစ်ချင်းကြောင့် အသွင်ယူသည့်အခါတွင်လည်း တိုတို ဝတ်သွားလေသည်။

သူက အသွင်ယူမှု အလွန်ပီပြင်လွန်းသည်ဟု ကိုယ့်ကိုယ်ကိုယ် ထင်ထားသူ ဖြစ်သည်။ တကယ်လည်း အမျိုးသမီးတစ်ယောက် အလား ထင်ယောင်မှားနိုင်ပါပေ၏။

ပစ်မှတ်တစ်ခုရှိရာသို့ သူ သိသိသာသာ ချည်းကပ်သွားလိုက်သည်။ အပြုံး၊ မျက်လုံးတို့နှင့်သာ စကားပြောလိုက်သည်။

အဆင်ပြေသည်ဟု ယူဆနေစဉ်မှာပင် ပီပီပြင်ပြင် အသွင်ယူမှုကို ရုတ်တရက် အဆုံးသတ်ပေးလိုက်သည်မှာ သူ၏ နက် မှောင် သန်စွမ်းသော ခြေသလုံးမွေးများ ဖြစ်လေတော့သည်။

ထိုအမျိုးသားက ခြေသလုံးကို မြင်သည်နှင့် ခေါင်းခါတော့သည်။

လိုရင်းပြောရလျှင်…. ဝါရင့်အသွင်ယူသက်သေအားလုံး ဗိုလ်ချုပ်ဈေးသွားပြီး သောကြာကြယ်စစ်ဆင်ရေးကို ရွပ်ရွပ်ချွံချွံ ဆင်နွှဲသော်လည်း  သားကောင်မိအောင်ဖမ်းရေး အစီအစဉ်တို့ ပျက်ယွင်းခြင်းဆိုက်ကြလေသည်။

ဤသို့ဖြင့် ဒုက္ခသီရိနေပြည်တော် ဗိုလ်ချုပ်ဈေးမှ အမျိုးသားပြည့်တန်ဆာဈေးကွက်မှာ ဆက်လက် ပန်းပန်လျက် ရှိနေလေ တော့သတည်း။     ။