နီဇူလိုင် ● မြို့ ကလေးကတဲ့ ပြဇာတ်

  နီဇူလိုင် ● မြို့ ကလေးကတဲ့ ပြဇာတ်
(မိုးမခ) ဇူလိုင် ၁၃၊ ၂၀၁၆
အခန်း (၁)
ရီရီဝေ
မြို့ကလေးမှာ နေပါတယ်..
ပေကျံစုတ်ချာနေတဲ့
တဲကလေးတလုံးမှာပေါ့..။

အခန်း (၂)
ရီရီဝေဟာ
မနက်စာညစာ ...
အလျဉ်မီအောင်ရှာရင်း
တ၀မ်းတခါးအတွက်..
လမ်းသလားရင်း
လင်ကောင်မပေါ်ရှာတဲ့ ကလေးတွေ
တယောက်ပြီး တယောက်မွေးခဲ့ရတယ်။

အခန်း (၃)

တနေ့တော့
မြို့ ကလေးမှာ
အနီးအနားက မြို့ရွာတွေလိုပဲ
လှုပ်လှုပ်ရွရွ ကျီးလန့်စာစားလို့ …။

ချောက်ထဲကျဖို့ လက်တ၀ါးအလိုမှာ
ဝင်ဝင်ကယ်နေကျ..
ကယ်တင်ရှင်ကြီးများဟာ
ဘွားခနဲ..
မိုးပေါ်က ကျလာတယ်...။

အခန်း (၄)
သူတို့ယာယီ စခန်းချရာ
စာသင်ကျောင်းကလေးဆီ
ရီရီဝေ ရောက်ရောက်လာတတ်တယ်..။

နေ့လည်ခင်းမှာ
ညနေခင်းမှာ
ညမှောင်ရိပ်မဲမဲတွေမှာ
ရီရီဝေဟာ ရစ်ရစ်ဝဲလို့..။

စာသင်ကျောင်းကို စာသင်ဖို့
ဘယ်တုန်းကမှ ရောက်ခွင့်မကြုံခဲ့တဲ့ရီရီဝေဟာ
ခုတော့ စာသင်ကျောင်းကလေးဆီကို
ချောင်းပေါက် မတတ်ရောက်နေရရှာတယ်။

အခန်း (၅)
အချိန်တန်လို့
ကယ်တင်ရှင်ကြီးများရဲ့ ဖုတ်ဖက်ခါ အပြန်ခရီးမှာ
ရီရီဝေဟာ
လက်ကလေးတောင် ပြခွင့်မရလိုက်ရှာဘူး..။

မြို့ ကလေးဟာ
နယ်စပ်အစွန်အဖျားက
တိုင်းရင်းသားမြို့ ရွာလေးတွေလိုပဲ
နားရွက်ကို တံတွေးဆွတ် ခံလိုက်ရတယ်..။

အခန်း (၆)
ရီရီဝေဟာ
လင်ကောင်မပေါ်ရှာတဲ့ကလေးနောက်တယောက်ကို
တိရစ္ဆာန်တကောင်လို ထပ်မွေးရဦးမယ်..။

အခန်း (၇)
သူ့အမေလိုပဲကျောင်းနဲ့ဝေး
လမ်းဘေးမှာပဲပျော်ရတဲ့ကလေးတွေဟာ
တခါတခါ ဗိုက်ဆာတော့လည်း
အလစ်သုတ်ရဲရရှာတာပေါ့။
ဘာလိုလိုနဲ့
ရီရီဝေရဲ့ သမီးဦးလေးတောင်
မြီးကောင်ပေါက်ကလေးဖြစ်လာတယ်..။

သူ့အမေလိုပဲ
လမ်းကြိုလမ်းကြားမှာ
တ၀မ်းတခါးအတွက် လမ်းသလားလျက်ပေါ့..။

အခန်း (၈)
မြို့ကလေး ကတဲ့ပြဇာတ်
တခန်းရပ်ဖို့ မိုးကလည်း မလင်းနိုင်သေး။

နီဇူလိုင်
၁၄.၉.၂၀၁၃