K ငြိမ်းချမ်း ● သိထားသင့်တဲ့ ခရိုနီကြီးများ အကြောင်း



K ငြိမ်းချမ်း ● သိထားသင့်တဲ့ ခရိုနီကြီးများ အကြောင်း
(မိုးမခ) ဇူလိုင် ၁၃၊ ၂၀၁၆
 

စာရေးဆရာ- သန်းဝင်းလှိုင်
စာအုပ်အမည်- အာဏာရှင်နှင့် ပေါင်းစားနေသော ခရိုနီကြီးများ
အမျိုးအစား- လူပုဂ္ဂိုလ်ကောက်ကြောင်း
ထုတ်ဝေသည့်ကာလ - ပထမအကြိမ်၊ ၂၀၁၆၊ မတ်လ
ထုတ်ဝေသည့်တိုက်- အိပ်မက်အသစ် စာပေ
တန်ဖိုး- ၂၅၀၀ ကျပ်


 

သမိုင်းဆိုင်ရာ၊ အတ္ထုပ္ပတ္တိစာပေများ ရေးလေ့ရေးထရှိတဲ့ စာရေးဆရာ သန်းဝင်းလှိုင်ရဲ့ မြန်မာပြည် က နာ မည်ကျော်၊ ကမ္ဘာကျော်တဲ့ ခရိုနီ ၅ ဦးအကြောင်း ရေးသားထားတဲ့စာအုပ် ဖြစ်ပါတယ်။ အချက်အလက်ပိုင်းဆိုင်ရာ ပြည့် ပြည့်စုံစုံရှိသလို ဓာတ်ပုံများလည်း ပါဝင်ပါတယ်။

ဒီစာအုပ်မှာ ကမ္ဘာကျော်များဖြစ်တဲ့ (ကမ္ဘာကျော်ဆိုတာ ဥရောပ၊ အမေရိကတို့က စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်ထားလို့ လူသိများတာ) ဦးတေဇ၊ မက်စ်ဇော်ဇော်၊ ဇေကမ္ဘာဦးခင်ရွှေ၊ ဆာ့ဂ်ျပန်း(ခ) ဦးသိမ်းဝေ(ရိုးမဘဏ်)၊ မိုက်ကယ်မိုးမြင့်တို့ အကြောင်းများ ပါဝင်ပါတယ်။

ဗိုလ်နေ၀င်း အာဏာကုန်ခဲ့တဲ့ နောက်ပိုင်း န၀တ၊ နအဖခေါင်းကိုင်ကြီး ဗိုလ်သန်းရွှေလက်ထက်က စလို့ နိုင်ငံပိုင်သယံဇာ တတွေ၊ မြေတွေ အစစအရာရာကို အာဏာကိုင်(အာဏာကို သူတို့ပိုင်တယ် ထင်ပြီး ကိုင်ထားတဲ့) လူတန်းစာတစုနဲ့ အကျိုးတူပူးပေါင်းစီးပွားရှာခဲ့တဲ့လူတန်းစားတရပ် ပေါ်ပေါက် လာခဲ့ပါတယ်။ အဲဒါကတော့ ခရိုနီလို့ခေါ်ကြတဲ့ ခေတ်ပျက်သူဌေး တွေပါပဲ။

ဒီစာအုပ်မှာတော့ ခရိုနီရဲ့မူလအဓိပ္ပာယ်ကို ထည့်သွင်းထားတာ တွေ့ရမှာဖြစ်ပါတယ်။

ခရိုနီ(Crony)ဆိုသည်မှာ ၁၈ရာစု တွင် လန်ဒန်မြို့၌ စတင်သုံးစွဲခဲ့သော စကားလုံးဖြစ်ပြီး Oxford Elglish အဘိဓာန်၌ Long-term ဟု အဓိပ္ပာယ်ရသည့် မူရင်း ဂရိဘာသာစကား Chronios မှ ဆင်းသက်လာသော ဝေါဟာရဖြစ်သည်လို့ ပါရှိပါတယ်။ ခရိုနီအရင်းရှင်စနစ်ဆိုတာ တရားဝင် ပါမစ်များ လက်သိပ်ထိုး ချပေးခြင်း၊ အစိုးရ၏အာမခံချက်များရရှိခြင်း၊ အထူးအခွန် ကင်း လွတ်ခွင့် များ ရရှိခြင်း၊ နိုင်ငံပိုင်အဆောက်အဦ၊ ပုဂ္ဂလိကပိုင်မြေ၊ ပြည်သူ့ဥယျာဉ်၊ ပန်းခြံ၊ အားကစားကွင်း စသည်တို့ကို ဈေး နှုန်းသက်သာစွာဖြင့် ၀ယ်ယူရရှိခြင်း၊ လွဲပြောင်းလုပ်ပိုင်ခွင့်၊ ငှားရမ်းခွင့်များ ရရှိသည့်အပြင် စီးပွားရေးတွင် အစိုးရက ၀င်ရောက်စွက်ဖက်သည့် အခြားသော ပုံသဏ္ဌာန်များ၌ အသာစီး ရရှိမှုများသည် ခရိုနီအရင်းရှင်စနစ်၏ပြယုဂ်ပင်ဖြစ်သည်လို့ ရေးထားပါတယ်။
လက်ရှိအစိုးရသစ်လက်ထက်ရောက်လာသည့်တိုင်အောင် အထက်ပါ ခရိုနီကြီးများရန်က မလွတ်ကင်းသေးတာကို တွေ့ နေမြင်နေကြားနေရပါသေးတယ်။ စီမံကိန်းဆိုပြီး အတည်ပေါက် သိမ်းယူ၊ ငြင်းဆန်ရင် တရားစွဲခံရ၊ ထောင်ချခံရ၊ လူသေတဲ့ အထိ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်။

လက်ရှိမှာလည်း ခရိုနီတွေ သိမ်းထားတဲ့မြေယာတွေအများကြီး ရှိနေပါသေးတယ်။

မင်္ဂလာဒုံမြို့နယ်ထဲက မြေသိမ်းခံရမှုနဲ့ပတ်သက်ပြီး သိမ်းယူထားတဲ့ ခရိုနီတဦးဖြစ်သူ ဇေကမ္ဘာ ဦးခင်ရွှေရဲ့စာအုပ်ထဲမှာပါတဲ့ ဖြေရှင်းချက်ကိုလည်း နားထောင်ကြည့်စေချင်ပါတယ်။

“ဘာပဲဖြစ်ဖြစ် နိုင်ငံတော်ကြီးကောင်းစားဖို့ဆိုရင် ၀ိုင်းဝန်းပြီး အနစ်နာခံကြရမယ် မဟုတ်လား။ အန်ကယ်တောင် အနစ်နာခံပြီး စက်မှုဇုံတွေ တည်ဆောက်ပေးနေတာ။ သူတို့က စိုက်ပျိုးမြေတွေ အသိမ်းခံရရုံပဲ။ လယ်မရှိရင် အိပ်နေလို့ရတယ်”။

ယခင်ဦးသိန်းစိန်လက်ထက်က ကြံ့ခိုင်ရေးပါတီမှ အမျိုးသားလွှတ်တော်အမတ်တဦးလည်း ဖြစ်ခဲ့တဲ့ ဇေကမ္ဘာဦးခင်ရွှေရဲ့ နှုတ်ထွက်စကားဟာ ထမင်းစားသူတိုင်း လက်ခံနိုင်ဖွယ်မရှိတာကြောင့် ဒီလောက်ဆင်းရဲမွဲတေနေတဲ့တိုင်းပြည်ကို အဲလောက် စေတနာမထားကြပါနဲ့လို့ သူတို့ပိုင်ဆိုင်မှု တွေကို စာအုပ်ဖတ်ရင်း ပြောချင်နေမိတယ်။ တိုင်းပြည်မွဲပြာကျနေချိန် အာဏာကိုင်စစ်ထိပ်သီးပိုင်း ပုဂ္ဂိုလ်တွေနဲ့ နီးနီးကပ်ကပ်ရှိနေပြီး မိမိအကျိုးစီးပွားအတွက် တိုင်းပြည်ကို ချနင်းဖို့ ၀န်မလေးခဲ့တဲ့ အာဂပုဂ္ဂိုလ်များပေတကား။ နိုင်ငံက အမွဲစာရင်းထဲသာဝင်သွားရရှာတယ်။ အရင် ဦးသိန်းစိန်လက် ထက်အတွင်းကို ဦးတေဇ သစ်ထုတ်ယူခွင့်ရခဲ့တာကိုလည်း ကြည့်ပါ။

ကျွန်းနှင့် သစ်မာတန်ချိန် ၅၇ သိန်းကျော် ထုတ်ယူခွင့်ပေးခဲ့ရာ ဦးတေဇပိုင် “ထူး”ကုမ္ပဏီက ကျွန်းသစ်တန်ချိန်ပေါင်း ၁၂၁,၄၅၀ ထုတ်ယူခွင့်ရခဲ့ပြီး သစ်မာတန်ချိန်ပေါင်း ၁၀၄,၇၅၀ ထုတ်ယူခဲ့ ပါတယ်တဲ့။ ဒါက တရားဝင်စာရင်းများအရဖြစ်ပါ လိမ့်မယ်။ သစ်လုပ်ငန်း၊ ကျောက်မျက်ရတနာ လုပ်ငန်း၊ ရော်ဘာလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဘိလပ်မြေ၊ စက်မှု၊ ကားလုပ်ငန်း၊ လောင်စာဆီဆိုင်တွေ လုပ်ပိုင်ခွင့်ရရှိထားတဲ့ ဦးဇော်ဇော်ကတော့ အင်တာဗျူးတိုင်းမှာ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးများကို မကြာခဏ ကျေးဇူးတင်ကြောင်း ထည့်ပြောလေ့ရှိပါတယ်။

ပူဇော်ထိုက်သူမို့လို့ ပူဇော်တဲ့သဘောပေါ့လေ။ ဒီစာအုပ်မှာ တိုင်းပြည်ဆင်းရဲမွဲတေနေချိန်တောင် ဂေါက်ချန်ပီယံ တိုက်ဂါးဝုနဲ့ ဂေါက်သီးရိုက်ပြတဲ့ ဦးတေဇ၊ နိုင်ငံပိုင် အဆောက်အအုံတွေကို ကိုယ့် မိဘလက်ထက်က အမွေရခဲ့သူလို့သဘောထားပြီး စီးပွားရှာနေသူ ဦးဇော်ဇော်၊ အသံလွှင့် မီဒီယာ ကို လက်ရှိအချိန်ထိ ရေတပ်ဝင်းကြီးအပါဝင် တဦးတည်းမောင်ပိုင်စီး၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဟိုတယ်လုပ်ငန်းတွေလုပ်ကိုင်ခွင့်ရနေသူ ဇေကမ္ဘာဦးခင်ရွှေ၊ ရိုးမဘဏ်၊ သီလ၀ါ ဆိပ်ကမ်း၊ KFC ကြက်ကင်ထိ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ပြီး အခွန်တိမ်းရှောင်သူ ဦးသိမ်းဝေ၊ ရေနံသူဌေး မိုက်ကယ်မိုးမြင့်တို့အကြောင်းတွေ သိရှိရမှာဖြစ်ပါတယ်။

တချိန်ချိန် နောက်လာနောက်သားတွေ ငါတို့မြန်မာပြည် အမွဲဆုံးစာရင်းထဲဝင်သွားအောင် လုပ်လိုက်ကြတဲ့ ပူးပေါင်းဆောင် ရွက်လိုက်ကြတဲ့သူများရဲ့မှတ်တမ်းအစလို့တောင် ဆိုရမလား ပါပဲ။ စာရေးဆရာ သန်းဝင်းလှိုင်ကလည်း များစွာများစွာသော ခရိုနီတွေထဲက နောက်ထပ် ကျန်ရှိနေတဲ့ ခရိုနီ ၁၀ယောက် အကြောင်းကိုလည်း ထုတ်ဝေဦးမယ်လို့ ဆိုထားလေတော့။