နောက်ဆုံးပေါ်နည်းပညာနဲ့ တခေတ်ဆန်းလိုက်တဲ့ Pokemon-GO ပေါက်





နောက်ဆုံးပေါ်နည်းပညာနဲ့ တခေတ်ဆန်းလိုက်တဲ့ Pokemon-GO ပေါက်
(မိုးမခ) ဇူလိုင် ၁၂၊ ၂၀၁၆


ကွန်ပြူတာကစားနည်း တခုဖြစ်တဲ့ ပိုကီမွန်ဂိမ်းဟာ သက်ကြီး သက်ငယ်တွေကြား နှစ်ပေါင်းများစွာ ခေတ်စားခဲ့တဲ့ ဂိမ်းဖြစ်ပါတယ်။ ဂျပန်က နည်းပညာဂိမ်း ကုမ္မဏီတခုဖြစ်တဲ့ Nintendo ပိုင် ကုမ္မဏီခွဲဟာ ၁၉၉၀ ကတည်းက လူကြိုက်များခဲ့ပါတယ်။ ကွန်ပြူတာဖန်သားပြင်က မြေပုံပေါ်မှာ ပိုကီမွန်အရုပ်ကလေးတွေနောက် ခြေရာခံပြီး ကစားသူက လိုက်ရပါတယ်။ ပိုကီမွန်အရုပ်မျိုးစုံကို စုဆောင်းပြီးနောက် ပြိုင်ဖက်တွေ (အခြားကစားသူ(အွန်လိုင်း) သို့မဟုတ် ကွန်ပြူတာဖန်တီးတဲ့ ရန်သူ) နဲ့ ကစားနည်းထဲမှာ တိုက်ခိုက်ပြီး အမှတ်တွေစုဆောင်းရတာပါ။

ယခုရက်ပိုင်းအတွင်း ထုတ်ပြန်လိုက်တဲ့ ကစားနည်းကတော့ Pokemon-Go ဖြစ်ပါတယ်။ သင့်မိုဘိုင်း (အင်ဒရိုက်၊ အိုင်ဖုံး ၂ မျိုးစလုံး) မှာ အခမဲ့ ဒေါင်းလုပ်ဆွဲ ကစားနိုင်ပါတယ်။ အဓိကထူးခြားချက်ကတော့ ကွန်ပြူတာအွန်လိုင်းကဆင့် သင်ရောက်နေတဲ့ နေရာ (GPS location)၊ အွန်လိုင်းမြေပုံနဲ့ အချိန်နေရာကိုပါ ဖမ်းယူပြီး သင့်အနားမှာ ပိုကီမွန်အရုပ်တွေ ရောက်ရှိနေသလို ဖန်တီးလိုက်ပါတယ်။ သင့် မိုဘိုင်းဖုံး မျက်နှာပြင်မှာ သင့်နေရာကို အချိန်နဲ့ တပြေးညီ မြေပုံပေါ်မှာ ဖော်ပြလိုက်ပြီး ပိုကီမွန်တွေကတော့ ဂိမ်းစနစ်ကနေ ပေါ်ပေါက်လာအောင် ဖန်တီးပြလိုက်တာပါ။ သင့်ကင်မရာကို အွန်လိုက်ရင်တော့ ကင်မရာမှာ သင်မြင်သမျှ လက်တွေ့ ရှုခင်းထဲမှာ ပိုကီမွန်အရုပ်တွေ ရေးချယ်ပြသပါလိမ့်မယ်။ ဒါ့ကို Real World Interation – Augentmented Reality (သရုပ်မှန်အတွင်း ဟုတ်ယောင်ထင်ခြင်း) လို့ ခေါ်ပါသတဲ့။


ဂိမ်းဆိုပြီး တနေရာထဲ ထိုင်ကစားတာထက် သင်ရောက်နေတဲ့ အိမ်၊ ရုံး၊ အလုပ်၊ ဈေးထဲမှာ လမ်းလျောက်သွားလာပြီး မိုဘိုင်းဖုံးစကရင်ပေါ်က မြေပုံအစစ်ထဲမှာ ပေါ်လာတဲ့ ပိုကီမွန် (အတုအယောင်) တွေ စုဆောင်း၊(ဂိမ်းစကရင်ထဲမှာပဲ) ပြိုင်ဖက်တွေနဲ့ အရုပ်တွေ ပစ်ခတ် ကစားကြရတယ်လို့ ဆိုပါတယ်။

လက်တွေ့နဲ့ စိတ်ကူးယဉ် စနစ် ၂ခုကို တပြိုင်နက်တည်း ဆက်စပ်ပေါင်းကူး ကစားကြတာမို့ ခေတ်ပေါ် ဂိမ်းကစားသမားတွေ အလွန် နှစ်ချိုက်ကြပြီး ခေတ်စားနေတဲ့ Twitter ကိုတောင် ပရိသတ်ဦးရေ ကျော်တက်သွားတော့မယ်လို့ ဆိုကြပါသတဲ့။ လူတွေက ဈေးထဲ ကျောင်းထဲမှာ ကားမောင်းနေရင်း ကစားကြလို့ လူတွေအတွက် အန္တရာယ်တောင် ဖြစ်နိုင်မယ့် ဂိမ်းလို့ ဆိုကြပါတယ်။

နောက်ဆိုရင် ကွန်ပြူတာစကရင်ကို မျက်မှန်ပေါ် တင်ပြီး ပုံဖော်ပေးမယ့် Virtual Realty Goggle တွေထဲမှာ ဂိမ်းဆော့တာ၊ မြင်သမျှ လူတွေ ပစ္စည်းတွေကို ကွန်ပြုတာကနေတဆင့် စုံစမ်း တင်ပြခိုင်းတာတွေ လုပ်လာမှာ မကြာခင် ဖြစ်တော့မယ်လို့ ဆိုနေကြပါပြီ။