Rဇာနည်၊ ထွန်းအိန္ဒြာဗိုလ်နှင့် မြန်မာလူမှုထောက်ပံ့ရေးအသင်း(ကနေဒါ)တို့ ၏ပညာရေးရံပုံငွေပွဲ




Rဇာနည်၊ ထွန်းအိန္ဒြာဗိုလ်နှင့် မြန်မာလူမှုထောက်ပံ့ရေးအသင်း(ကနေဒါ)တို့ ၏ပညာရေးရံပုံငွေပွဲ
ကျော်ဟုန်း ။ (မိုးမခ)  ဇူလိုင် ၄၊ ၂၀၁၆


ဗန်ကူးဗား ဘီစီ၊ ကနေဒါနိုင်ငံက မြန်မာလူမှုထောက်ပံ့ရေးအသင်းဟာ အဆိုတော် Rဇာနည်နဲ့ ထွန်းအိန္ဒြာဗိုလ်တို့  ကို ဖိတ်ကြားပြီး ပညာရေးရံပုံငွေပွဲအတွက် ဇွန် ၂၅ ရက်နေ့ က 487 Alexander st, Japanese Language School ခန်းမ မှာ ညနေ ၅း၃၀ နာရီမှ ၉ နာရီအထိ ကျင်းပခဲ့ကြပါတယ်။

ပထမဆုံး FNG နှင့် မြန်မာမိသားစုတီးဝိုင်းက အဖွင့်တီးလုံးနဲ့ ဖြေဖျော်ပြီး အစီအစဉ်ကို စတင်ပါတယ်။ အခမ်းအနားမှူးများ အဖြစ်ပါဝင်ဆောင်ရွက်ကြတဲ့ မရွှေစင်ထွန်းနဲ့ မမေပြည့်ဖြိုးအောင်တို့ က ဧည့်ပိရိသတ်များကို ပွဲရဲ့အစီအစဉ်များကို ပဏာမ ပြောကြားအပြီး MSRO မှ ကိုဝင်းမြင့်ထွန်းက ပွဲဖြစ်မြောက်ရေးနဲ့ ရံပုံငွေပွဲလုပ်ရခြင်းရည်ရွက်ချက်ကို ရှင်းလင်းပြောကြားပါ တယ်။

ဒီနောက်မှာ R ဇာနည်နဲ့ ထွန်းအိန္ဒြာဗိုလ်တို့ ရဲ့ ပထမပိုင်းတင်ဆက်မှုစတင်ပါတယ်။ (အချစ်ခေါ်သံ၊ ရွှေလည်တိုင်၊ နေရာ-၂၊ သနပ်ခါးချစ်သူ)တေးများကို R ဇာနည်မှသီဆိုပြီး(ဒါဟာအချစ်လား၊ ရည်းစားဦး၊ အချစ်ဆိုသည်မှာ၊ ဘီလူးခေါင်းနဲ့ မင်းသားလေး)သီချင်းများဖြင့် ထွန်းအိန္ဒြာဗိုလ်က ဖြေဖျော်သွားပါတယ်။

ဒုတိယပိုင်းမစခင်မှာ အခမ်းအနားမှူးများမှ ဆုချနိုင်ရန် ပန်းကုံး၊ ပန်းစည်းများရောင်းချကြောင်း၊ စာအိတ်များအလှူခံစားပွဲ၌ လာယူနိုင်ကြောင်း၊ မိမိသဒ္ဓါသ၍ အလှူငွေထည့်ဝင်နိုင်ကြောင်း ပိရိသတ်များကို ဖိတ်ခေါ်အသိပေးပါတယ်။ ဒါ့အပြင် အဆိုတော်များကိုယ်တိုင် လက်မှတ်ရေးထိုးပေးမယ့် တီရှပ်ဆုမဲများအစီအစဉ်ကိုလည်းကြေညာပေးပြီး ဒုတိယဖြေဖျော်မှု ပြန်စပါတယ်။

ဒုတိယပိုင်းမှာ R ဇာနည်မှ ( ကိုယ့်အနားရှိစေချင်၊ ယဉ်ယဉ်လေးရူး၊ သူစိမ်းတွေလို နေလိုက်မယ်၊ ဂန္ဓဝင်ဆည်းဆာ၊ ရှင်းပြခွင့်ပေးပါ) သီချင်းများသီဆိုပြီး ထွန်းအိန္ဒြာဗိုလ်မှ(မိုင်ပေါင်းကုဋေ၊ ဆိုင်သူမသိတဲ့အချစ်၊ မမေ့နဲ့ နော်၊ ချစ်သူရဲ့သီချင်း၊ ကျမ ချစ်သဲ) တေးများနဲ့  မြူးမြူးကြွကြွသီဆိုခဲ့တာ ပိရိသတ်များ မနောခွေ့ စရာဖြစ်ခဲ့ပါတယ်။

တတိယပိုင်းမှာ ကံစမ်းမဲများဖောက်ပြီးပေးပါတယ်။ မရွှေစင်ထွန်း၊ မမေပြည့်ဖြိုးအောင်တို့ က အဆိုတော်များနဲ့ အတူ ဆုမဲ ဖောက် ကြေညာပေးပါတယ်။ ဆုမဲအတွက် သမီးငယ် မင်းမင်းနဲ့ ပရော်စွန်တို့ က ပေါက်မဲနှိုက်ပေးကြပါတယ်။ စတုတ္ထဆု- ဒေါ်လာ ၅၀၊ တတိယဆု- ဒေါ်လာ ၅၀ နှင့် R ဇာနည်ပုံ တီရှပ်။ ဒုတိယဆု- ဒေါ်လာ ၁၀၀ နှင့် ထွန်းအိန္ဒြာဗိုလ်ပုံ တီရှပ်။ ပထမဆု- ဒေါ်လာ ၁၅၀ နှင့် အဆိုတော် ၂ ယောက်ပုံ တီရှပ်တို့ ကို မဲပေါက်သူများထံ အမှတ်တရ လက်မှတ်ရေးထိုးပေး ကာ ချီးမြှင့်ပေးပါတယ်။ ပထမဆုရရှိသူ မသူသူပိုနဲ့ ဒုတိယဆုရရှိသူ မလေးလေးနွယ်တို့ က ဆုရငွေများကို ရံပုံငွေအတွက် ပြန်လည်လှူဒါန်းခဲ့ပါတယ်။

စတုတ္ထပိုင်းတင်ဆက်မှုမှာ Rဇာနည်မှ(ဖြတ်၊ ကြွေပါစေ၊ ကြေကွဲစရာ၊ ကိုယ်နဲ့ မင်းနဲ့ သူတို့ နဲ့ ၊ အသည်းကွဲမြို့ တော်)သီချင်းများ တင်ဆက်ပြီး ထွန်းအိန္ဒြာဗိုလ်မှ (မျက်ရည်မရှိ၊ မိုးလေးဖွဲတုန်း၊ ဘာတွေဖြစ်ဦးမလဲ၊ ချစ်ခြင်းကို မခွဲပါနဲ့ )အပြင် ပွဲသိမ်းမှာ (ခပ်မိုက်မိုက်ချစ်ကြစို့ )သီချင်းကို Rဇာနည်နဲ့ တွဲဖက်သီဆိုခဲ့ပါတယ်။

ပံ့ပိုး တီးခတ်ပေးသူများကတော့ ကီးဘုတ်- ကိုခင်စိုးက ကြီးကြပ်ပြီး လိဒ်- ကိုဇော်ဇော်နှင့် ကိုဝင်းမြင့်ထွန်း(အပုလေး)၊ ဘေ့စ်- ကိုစိုးမင်းနှင့် ဆလိုင်းလောင်းပီ၊ ရသမ်- စောကမွှီး၊ ဒရမ်-ပက်ကားရှင်း- ကိုတင်ကိုကိုနှင့်ကိုထွန်းထွန်းဦးတို့ က တာဝန်ယူတီးခတ်ပေးကြတာဖြစ်ပါတယ်။ စတိတ်ခုံအပြင်အဆင်ကို ကိုတင်နွယ်အဖွဲ့ မှ တာဝန်ယူဆောင်ရွက်ပေးပြီး မီး အလှကို မန္တလေး Shells အဖွဲ့ မှ ကိုရှဲက မေတ္တာဖြင့်ကူညီပါတယ်။ မှတ်တမ်းတင်ရိုက်ကူးထားသော လိုက်ဖ်ရှိုးခွေကိုလည်း ဗန်ကူးဗားမြန်မာမိသားစုများထံ ရံပုံငွေအဖြစ်ေ၇ာင်းချပေးရန် စီစဉ်ထားကြောင်းသိရပါတယ်။

အလှူငွေလက်ခံခြင်း၊ ပန်းကုံး၊ ပန်းစည်းများ ရောင်းချပေးခြင်းကို သမီးငယ်များဖြစ်ကြတဲ့ မြတ်ချယ်ရီဝင်း၊ အမ်မရီကျော်၊  ဂျူလိုင်ထိုက်၊ နာထာသျှာအောင်၊ စတက်ဖနီ၊ စင်သီယာတို့ မှ ကူညီဆောင်ရွက်ပေးပြီး မြန်မာလူမှုထောက်ပံ့ရေးအသင်းမှ ဂုဏ်ပြုလွှာများကိုလည်း အဆိုတော် ထွန်းအိန္ဒြဗိုလ်က သမီးငယ်များကို ပေးအပ်ခဲ့ပါတယ်။

လာရောက်အားပေးကြသူပိရိသတ် ၃၀၀ ခန့် ရှိပြီး MSRO အသင်းမှ ကြက်သားဒံပေါက်ဖြင့်ပြန်လည်ဧည့်ခံပြီး ဒံပေါက်ချက် ပေးကာ လုပ်အားဒါနပါဝင်သူများကတော့ ကိုဇော်၊ ကိုညွန့် ဝေ၊ ကိုမြင့်ဦး၊ ကိုစိန်သောင်း၊ မောင်အောင်ဦးနှင့် မလေးလေး နွယ် မိသားစုပဲဖြစ်ပါတယ်။ အချိုရည်၊ ရေသန့် နှင့် ရွှေကြည်၊ ပလောပီနံပေါင်းမုံ့ များကို ကိုသိန်းနိုင်မိသားစုက ဒါနပြုခဲ့ကြပါတယ်။

ဒီရံပုံငွေပွဲမှာ စာရင်းမချုပ်ရသေးတဲ့ခန့် မှန်းရရှိငွေပေါင်း တသောင်းကျော်ခန့် ရှိနိုင်ကြောင်း ကိုဝင်းမြင့်ထွန်းကပြောပါတယ်။ စာရင်းချုပ်ပြီးပါက ဧရာဝတီတိုင်းတွင်းရှိ ကျောင်းတကျောင်းကို ပညာရေးအတွက်လှူဒါန်းမှာဖြစ်ပြီး အလှူငွေများကိုလည်း အဆိုတော် R ဇာနည်နှင့် ထွန်းအိန္ဒြာဗိုလ်တို့ ကိုယ်တိုင် သွားရောက်လှူဒါန်းပေးမယ်လို့  သိရပါတယ်။

ထိုပညာရေးရံပုံငွေပွဲများဟာ ဗန်ကူးဗား (ဇွန်- ၂၅ )အပြင်၊ အက်ဒ်မွန်တန်( ဇူလိုင်-၃ ) ၊ တိုရွန်တို (ဇူလိုင် -၈ ) ၇က်များမှာ  ပြုလုပ်ကျင်းပသွားမှာဖြစ်ကြောင်းလည်းသိရပါတယ်။ ။