မောင်မောင်စိုး - လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း ၁၉

မြသန်းတင့်ပုံတူ၊ ပန်းချီ မောင်ညိုဝင်း

မောင်မောင်စိုး - လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း ၁၉
(မိုးမခ) သြဂုတ် ၃၊ ၂၀၁၆


လှုပ်ရှားသွားလာ

ရန်ကုန်သို့ရောက်လာပြီဖြစ်သကဲ့သို့ လွတ်လပ်သောတက္ကသိုလ်ကျောင်းသားဘဝကိုလည်း ပိုင်ဆိုင်ထားပြီဖြစ်ရာ စာသင်ခန်းထက် မိမိတွေ့ဆုံလိုသည့် နိုင်ငံရေးနယ်ပယ် စာပေနယ်ပယ်မှ လူများနှင့်တွေ့ဆုံခြင်း အလေးထားမိသည်။ သူတို့၏အတွေ့အကြုံ သူတို့၏အယူအဆများ မိမိကိုယ်တိုင်ကိုယ်ကျ လေ့လာလိုသည်။ မိမိကိုထိုနယ်ပယ်မှ  လူဟောင်းများနှင့် လိုက်လံမိတ်ဆက်ပေးသည်မှာ ကိုအောင်မေသုဖြစ်သည်။

မြသန်းတင့်
ကိုအောင်မေသု လိုက်လံတွေ့ဆုံပေးသည့်တယောက်မှာ ဆရာမြသန်းတင့် ဖြစ်သည်။ သူအားမိမိက ဆရာမြဟု ခေါ်ပါသည်။ မိမိအနေနှင့်သူ၏ ဘာသာပြန်စာအုပ်များ နိုင်ငံရေး ဘာသာပြန်များအား နှစ်ခြိုက်စွဲလမ်းစွဲလမ်းစွာ ဖတ်ရှုသူတဦးဖြစ်သည်။ သူ၏ အလွန်ညက်ညောသည့်ဘာသာပြန်လက်ရာသာမက သူ၏နိုင်ငံရေးအယူအဆကိုလည်း နှစ်သက်သည်။

မိမိနှင့်ကိုအောင်မေသု သူ့အားသွားရောက်တွေ့ဆုံစဉ်က ကျွန်းတောလမ်းမပေါ်က နှစ်ထပ် သစ်သားအိမ်ကလေး၏ အပေါ်ထပ်တွင်သူတို့မိသားစုနေကြသည်။ စစ်နှင့်ငြိမ်းချမ်းရေးလို ဘာသာပြန်စာအုပ် ၁၂ တွဲ ထူထူထဲထဲကို ဘာသာပြန်ထား စာရေးဆရာကြီး၏အိမ်မှာ ခပ်နုံချာချာ ဖြစ်သည်။ သူ့ကိုစာအုပ်ပုံကြားမှာ တွေ့ရသည်။ ထိုစဉ်ဆရာမြ ကိုးကိုးကျွန်းမှ ပြန်လာပြီးမှ မွေးသည့် သားအငယ်ဆုံး ဖိုးလမင်းက လသားခန့်သာ ရှိသေးသည်။

တက္ကသိုလ်ကျောင်းသားပေါက်စမိမိအား ခင်ဗျားနှင့်ကျနော်နှင့် နှိမ့်နှိမ့်ချချပြောဆို၍ မနေတတ် မထိုင်တတ် ဖြစ်ခဲ့ရသည်။ သို့သော် တကယ်စကားပြောကြသည်မှာ ဆရာမြနှင့် ကိုအောင်မေသု ဖြစ်သည်။ မိမိကတော့သူတို့ အပြန်အလှန်ပြောကြဆိုကြဆွေးနွေးကြသည်များကို ထိုင်နားထောင် မှတ်သားသူမျှသာ ဖြစ်သည်။ မိမိက ထိုစဉ်ထွက်ရှိသည့် ရွှေတည်လျောင် ဘာသာပြန်သည့် အိုယန်ဟိုင်းတေးသံ တရုတ်ဝတ္ထုအကြောင်းမေးတော့ သူ့စာအုပ်စင်မှ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော စာအုပ်အားဆွဲထုတ်ပြီး တမျက်နှာ နှစ်မျက်နှာခန့် လက်တန်း ဘာသာပြန်ပြပြီး သူ့ဇာတ်ကြောင်းအာဘော်ကို ရှင်းပြခဲ့ဖူးသည်။

ဆရာမြနှင့်ကိုအောင်မေသု ပြောဆိုကြသည်များမှာ ကိုးကိုးကျွန်း တိုက်ပွဲကာလက ဖြစ်စဉ်များ အယူအဆများ လက်ရှိအခြေအနေများနှင့် ထိုစဉ်က အသံထွက်နေသော မိုးကြိုမုန်းတိုင်းဟူသည့် စာအုပ်ဝေဖန်ရေးစာအုပ်လည်းပါသည်။ မိုးကြိုမုန်တိုင်းစာအုပ်မှာ ဆရာမြ၏ ဓားတောင်ကိုကျော်၍
မီးပင်လယ်ကို ဖြတ်မည် ဒဂုန်တာရာ၏မေ ဗန်းမော်တင်အောင်၏ မြစ်ဧရာပေါ်ဝယ် အပါအဝင် စာအုပ် ၅ အုပ်ခန့်ကို ကိုကျော်နိုင်ခေါ် ကိုထက်မြက်အပါကျွန်းပြန်ရဲဘော် အချို့အပါ ဝေဖန်သူ ၁၄ ဦးခန့်မှ ဝေဖန်ကြခြင်းဖြစ်သည်။
ထိုစာအုပ် တရားဝင်ထုတ်ဝေခွင့်ရမရတော့ မမှတ်မိတော့ပါ။ သို့သော် ရန်ကုန်စာပေနှင့် နိုင်ငံရေး အသိုင်းတွင်တော့ ပျံ့နှံ့နေပြီဖြစ်သည်။

ထိုစဉ် မိုးကြိုမုန်တိုင်း၏စာအုပ်ဝေဖန်ရေးမှာ တရုတ်ယဉ်ကျေးမှုတော်လှန်ရေး၏ အရှိန်သြဇာ သက်ရောက်နေပြီး အယူအဆမတူကွဲလွဲသည်နှင့် တန်ပြန်တော်လှန်ရေးသမား ဖောက်ပြန်ရေး သမားဟု အလွန်အကျွံ ပုတ်ခတ်တိုက်ခိုက်သည့်သဘောထားပေါ်အခြေခံနေ၍ ပြင်းထန်လွန်းနေ သည်ဟုယူဆကြသည်။ ရန်သူနှင့်မိတ်ဆွေ မခွဲခြားဘဲ တိုက်ခိုက်ခြင်းဟု ယူဆကြသည်။ ပြည်သူလူထုတွင်းရှိ မတူကွဲပြားသည့် အမြင်များ အယူအဆများကို မှန်မှန်ကန်ကန်ဖြေရှင်းသည် ထက် ငါနှင့်မတူ ငါ့ရန်သူဟုသတ်မှတ်ကြခြင်းဟုဆိုရမည်။ သို့သော် အဆိုပါမိုးကြိုမုန်တိုင်း ထွက် ပြီး အနှစ် ၄၀ ကျော်ကြာမြင့်သည့်တိုင်အောင်လည်း ရန်သူ မိမိမိတ်ဆွေ မကွဲပြားမခွဲခြားဘဲ မိမိနှင့် အမြင်မတူသည်နှင့် ထိုးနှက်တိုက်ခိုက်ကြသည်ကိုတွေ့ရဆဲဖြစ်သည်။ ယခု အချိန်မတော့ တရုတ် ယဉ်ကျေးမှုတော်လှန်ရေး၏အရှိန်သြဇာကြောင့်ဟုပြော၍ မရတော့ပေ။ လူအဖွဲ့အစည်းကို ခွဲခြမ်း စိတ်ဖြာမှုအားနည်းကြ၍ဟုသာ ဆိုရပေမည်။

မိုးကြိုမုန်တိုင်းသာမက မောင်သာနိုးလည်း ဓားတောင်ဝတ္ထုကိုဝေဖန်သည့် စာတမ်းတစောင် ဖြန့်သေးသည်ဟု ဆရာမြကဆိုသည်။ သို့သော် သိပ်မကြာမခင် ပြန်လည်ရုပ်သိမ်းသွားသည်ဟု ဆရာမြကဆိုပါသည်။ ထိုစဉ်က ပြင်းထန်သော နိုင်ငံရေးအယူအဆအကွဲအလွဲများသည် တိုးတက် သော သရုပ်ဖော်စာပေရေးသားမှုများတွင် ပြင်းထန်စွာဂယက်ရိုက်သည့်ကာလဟု
ဆိုရပါမည်။ ထိုကာလက ဆရာမြသည် ဘာသာပြန်များအပြင် ဓားတောင်၊ မာယာဘုံ၊ ကျနော်ဆက်ရေးချင်သောဝတ္ထုများ …စသည့် စသည့်ပင်ကိုယ်ရေးများဖြင့် စာဖတ်သူတို့အား လှုပ်ခတ်စေခဲ့သည်။

နောက်ပိုင်းဆရာမြထံသို့ မိမိဘာသာလည်းရောက်တတ်သည်။ စာအုပ်များ စာရေးဆရာများနှင့် အလုပ်ရှုတ်နေသော ဆရာမြအားတွေ့ရတတ်သည်။ ၁၉၇၅ ခုနှစ်မှ စ၍မိမိလည်း အနှစ် ၂၀ ကျော် ခန့် ပြည်မနှင့် ကင်းကွာသွားခဲ့ရာ ဆရာမြနှင့်လည်းမတွေ့ဆုံနိုင်တော့။ ထိုစဉ်က ပုဂံစာအုပ်တိုက်၏
နှစ်လည်စာအုပ်အဖြစ်ထုတ်ဝေရန် ကြော်ငြာထားသော "အရှေ့တခွင်လုံးနီ" ကိုမိမိမျှော်လင့်ခဲ့ သော်လည်း ထွက်ပေါ်လာခြင်းမရှိနိုင်ခဲ့ပါ။

၁၉၉၄ နောက်ပိုင်းပြန်တွေ့ကြတော့ စကားတွေအများကြီးပြောဖြစ်ကြသည်။ မိမိတို့ကိုမိတ်ဆက်ပေးသော ကိုအောင်မေသုကတော့ ထောင်ထဲမှာ။ မိမိနှင့်ဆရာမြ ဆရာပါရဂူတို့ အတူဆုံလေ့ရှိကြသည်။ စာပေအကြောင်း နိုင်ငံရေးအကြောင်း ရောက်တတ်ရာရာ စကားဝိုင်းဖွဲ့တတ်ကြသည်။ မိမိက ဝ နယ်ပန်ဆန်း၌ ရောက်ရှိနေစဉ် "လေရူး သုန်သုန် " ကိုဖတ်ခဲ့ရကြောင်း၊ တရုတ်မြန်မာနယ်စပ်က ကြူကုတ်ပန်ဆိုင်းတွင်ရှိနေစဉ် " ပါရီ ကျဆုံးခန်း" အားဖတ်ခဲ့ရကြောင်း ကချင်ပြည်နယ် ပန်ဝါတောင်ကြားက အေးခဲသော အရပ်ရှိ မီးပုံနဘေးတွင်" ခန်းဆောင်နီအိပ်မက်" ကိုဖတ်ခဲ့ရကြောင်း ဆရာမြအားပြောပြခဲ့သည်။" ခင်ဗျားတို့တတွေကိုးဗျ အဲဒီနယ်စပ်ဘက်တွေ ကျနော့်စာအုပ်တွေ ပို့ရလို့အံ့သြနေတာ " ဟု ဆရာမြကဆိုပါသည်။ ဆရာပါရဂူက ပြုံးတုံ့တုံ့ဖြင့် " ခင်ဗျားတို့က ကိုမြသန်းစာအုပ်တွေပဲ ဖတ်တာပါဗျာ ကျနော့်စာအုပ်တွေမဖတ်ပါဘူး " ခနဲ့သည်။ သို့နှင့် ဖတ်ပါတယ်ဆရာပါ ရယ်ဟုဆို ပြီး ဆရာပါရဂူ စာအုပ်တွေအကြောင်းလည်း ဆိုခဲ့ရသည်။

တရက် မန္တလေးက မိမိမိတ်ဆွေလည်းဖြစ် ရဲဘော်ဟောင်းလည်းဖြစ်သူ ကိုမောင်မောင်မြင့် ရန်ကုန်သို့ ရောက်လာသည်။ ဆရာမြသန်းတင့် ဆရာပါရဂူတို့နှင့်ဆုံရအောင်ဟု ဆိုလာသဖြင့် ဆရာပါ ဆရာမြတို့အား ဖုန်းဆက်၍ ညနေအားမအားလှမ်းမေးပြီး သူတို့က အားသည်ဆိုသည်နှင့် ညနေလာခေါ်ပါမည်ဟု ဆရာတို့ကို အကြောင်းကြားခဲ့သည်။ ညနေစောင်းတော့ မိမိနှင့် ကိုမောင် မောင်မြင့်လည်း ကင်းဘဲလမ်းတွင်နေသော ဆရာပါကို အရင်သွားခေါ်သည်။ ထို့နောက် စမ်းချောင်း မြောင်းမြလမ်းတွင်နေသောဆရာမြအားသွားခေါ်သည်။

ဆရာမြက ထွက်လာပြီး အိမ်ရှေ့ဖိနပ်ချွတ်ရောက် ခုံပုကလေးမှာ ခဏထိုင်ပြီး တဖက်ကို သားရေဖိနပ်စီးပြီး တဖက်ကို ကျွတ်ကျွတ်အိတ်နှင့်စွပ်သည်။ ဒီတော့မှပဲ သူခြေထောက်အား မိမိသေချာကြည့်မိသည်။ ဆရာမြခြေထောက်တဖက်က ကျောက်ပတ်တီးနှင့် ဖြစ်သည်။ မနက်စောစောထ၍ လမ်းလျှောက်လေ့ရှိသော ဆရာမြ ချော်လဲ၍ ခြေသန်းရိုးအက်သွားသဖြင့် ကျောက်ပတ်တီးစည်းထားရသည်ဟု သိရသည်။ ဆရာမြကတော် ဒေါ်ဘေဘီက " မသွားပါနဲ့
ဆိုလဲ တားမရဘူး ဒီလူတွေက တခါတလေတွေ့ရတာကွ ဆိုပြီး အတင်းသွားမယ်လုပ်တာပဲ " ဟု စိတ်မသက်မသာဆိုရှာသည်။ တကယ်တော့ ဆရာမြနှင့် မိမိတို့ဆုံသည်မှာ အပြင်မှာများပြီး အိမ်သို့ တခါတလေမှရောက်၍ ဆရာမြကတော်က မိမိတို့အား မည်သူမည်ဝါတွေမှန်းမသိတော့ သိပ်မသွားစေချင်ပါ။ မိမိကတော့ မိမိတို့အား ချစ်ခင်အလေးထားမှုရှိသော ဆရာမြအား လွန်စွာအားနာမိခဲ့သည်။ ပြည်လမ်းမပေါ်ရှိ စားသောက်ဆိုင်တခုအတွင်း ကားထိုးရပ်လိုက်သောအခါ ကားပေါ်မှ ဆင်းလာသော မျက်မှန်ထူထူ ကျောက်ပတ်တီစည်းထားသော ဖြေခထောက်တဖက်ကို ကျွတ်ကျွတ်အိတ်နှင့်စွပ်ထားသော ဆရာမြအား တဆိုင်လုံးက ဝိုင်းကြည့်နေခဲ့ကြသည်။

တခါတော့ ဆရာမြ စိတ်ဆိုးနေသည်ကို တွေ့ဖူးသည်။ ထိုအချိန်က မြဝတီရုပ်မြင်သံကြား ထုတ်လွှင့်ရန် ပြင်ဆင်နေချိန်ဖြစ်သည်။ အဆိုပါဝန်ထမ်းများ ဟောပြောပေးရန် အစီအစဉ် ရေးဆွဲထားသော စာရွက်တရွက် ဆရာမြထံရောက်လာသည်။ မည်သည့်နေ့ မည်သည်အချိန်မှ အချိန်ထိ ဆရာမြသန်းတင့် ဟောပြောရန်ဟု အစီအစဉ်တပါတည်း ရေးဆွဲထားသည်။ ဆရာမြက " ဒီမှာ ကြည့်ပါအုံးဗျာ အဲဒီနေ့အားလား မအားလား ကျနော်လုပ်ပေးနိုင်လား မလုပ်ပေးနိုင်လား တခွန်းလာမေးမြန်တာ တောင်းဆိုတာညှိနှိုင်းတာမရှိဘူး။ စစ်ဗိုလ်တွေက သူတို့အမိန့်ပေးရင် အားလုံးနာခံရမယ်ထင်နေကြတာဗျ၊ ဟိုကောင်ကပွဲစားလုပ်ပြီးယူလာတာ " ဟုဆိုသည်။

ထိုစာကို မြဝတီမှ အရာရှိများ လာပို့သည်မဟုတ်။ သူတို့နှင့်ရင်းနှီးသော ဂျာနယ်လစ်တယောက် အား ဆရာမြထံပို့ ခိုင်းလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် ထိုသူအား ပွဲစားဟုဆိုလိုက်ခြင်း ဖြစ်သည်။ အဆိုပါနေ့က ဆရာမြသို့ မြဝတီရုပ်သံထုတ်လွှင့်ရန်ပြင်ဆင်နေသည့် ဗိုလ်မြသန်းစံတစ်ယောက်
ဟောပြောပွဲအတွက် အိမ်သို့လာခေါ်ချိန် ဆရာမြအိမ်မှာ မရှိ။ သူ၏ကြိုတင်အစီအစဉ်အတိုင်း ကသာဘက်သို့ ဟောပြောပွဲထွက်သွားခဲ့ပြီဖြစ်သည်။ ဆရာမြကား ဤသို့သော ဆရာမြ ဖြစ်ချေသည်။

ထို့ကြောင့်လည်း ၁၉၉၅/၉၆ လောက်က ပီကင်း(ဘေကျင်း) တွင်ပြုလုပ်သော ခန်းဆောင်နီ အိပ်မက်နှင့်ပတ်သက်၍ နိုင်ငံတကာစာတမ်းဖတ်ပွဲသို့ ဆရာမြတက်ခွင့်မရခဲ့။ ဆရာမြကား ထိုစာတမ်းဖတ်ပွဲသို့သွားတက်ရန် စာတမ်းဖတ်ရန်ပင် ပြင်ဆင်ထားခဲ့သော်လည်း ဆရာမြအား သွားခွင့်မပြုခဲ့ဘဲအစိုးရဝန်ကြီးဌာနမှ အရာရှိ ၂ ဦးစေလွှတ်ခဲ့သည်ဟု ကြားရသည်။ ထိုသူများ
သည် ခန်းဆောင်နီအိပ်မက်အား ဖတ်ဖူးကြရဲ့လောမသိတတ်။

တမနက်စောစော ပုသိမ်အိမ်က ဖခင်ဖြစ်သူမိမိထံ ဖုန်းဆက်လာသည်။
ဆရာမြသန်းတင့်ဆုံးတာ BBC ကကြေညာသွားသည့်သတင်းအား မိမိအား ပြောပြသည်။ ရန်ကုန်မှနေသော်လည်း ကိုယ့်အလုပ်ကို ရှုတ်နေသော ရေဒီယိုသတင်းနားထောင်လေ့မရှိသော မိမိလည်း ထိုအခါမှ သိရသည်။ ဆရာပါရဂူဆီ လှမ်းဖုန်းဆက်တော့ သူလည်းသွားချင်သည်ဆို၍ ဆရာပါအားသွားခေါ်ပြီး ဆရာမြအိမ်သို့သွားကြသည်။ မိမိတို့ရောက်တော့ သက်ပျောက်ဆွမ်းကပ်
နေသည်။ ထိုစဉ်က ဒုဝန်ကြီးဖြစ်နေသည့် ထီလာစစ်သူခေါ် ဦးစိုးညွန့်ရောက်နေသည်ကို တွေ့ရသည်။ စာပေနယ်မှ အတော်များများ ရောက်လာကြသည်။

ရုပ်ရှင်မင်းသားမြတ်လေးက ဆေးရုံရောက်နေသော ဆရာမြအတွက် ဗိုလ်တထောင် ဘုရားမှာ စာကလေး သက်စေ့သွားလွှတ်ရာ တကောင်ကမပျံနိုင်သည့်အတွက် စိတ်ထင့်နေခဲ့ကြောင်း ငိုသံပါနှင့် ဆိုသည်။ ချစ်ဦးညိုကတော့ ဆရာမြနဲ့ ဆရာပါတို့ဆိုတာ စာပေနယ်မှာ ကျနော့်မိဘတွေ ပါဗျာ မျက်ရည်လည်ရွဲနှင့်ဆိုနေသည်။ ဤသို့နှင့် ဆရာမြသည်အားလုံးအား နှုတ်ဆက်ထွက်ခွာ သွားတော့သည်။

" စာရေးစမ်းပါဗျဈ စာရေးတယ်ဆိုတာ အလေ့အကျင့်လည်းလိုတယ်။ အကျင့်မရှိရင်လည်း မရေးချင်ဘူး။ စာရေးတာအကျင့်ရှိရင် ရေးဖြစ်သွားပါပဲ။
ကျနော်ဆိုရင် မနက်လမ်းလျှောက်ကပြန်လာပြီး အမြဲတမ်းစာရေးတယ်။
အဲဒီအကျင့်လုပ်ထားတော့ စာကအမြဲရေးဖြစ်နေတာပေါ့ဗျ " ဆိုသည့် ဆရာမြသန်းတင့်၏ စကားကို သတိရမိသည်။

ကိုဉာဏ်ဝင်း ကိုတင်မောင်ဝင်း

ကိုအောင်မေသုနှင့်မိမိသွားရှာပြီး မတွေ့လိုက်သော ညီအကို ၂ ဦးဖြစ်သည်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားခေါင်းဆောင်ဟောင်းများဖြစ်ကြသည်။ ကိုအောင်မေသုတို့နှင့် အတူ ကိုးကိုးကျွန်းတွင် တကျွန်းကျခဲ့သူများဖြစ်သည်။ သူတို့ညီအကို ၂ ဦး အင်းစိန် အောင်သိဒ္ဓိလမ်းဘက်တွင် နေသည်ဆို၍ မိမိတို့ ၂ ဦးသွားရှာသော်လည်း မတွေ့ခဲ့ပေ။ နောင်လည်း မတွေ့ရတော့။ သူတို့ညီအကို ၂ ဦးစလုံး CPB ပဲခူးရိုးမသို့တောခိုသွားသည်ဟု သတင်းကြားရသည်။

နောက်ပိုင်းတော့ ညီအကို ၂ ယောက်စလုံး ကျသွားပြီဟု သတင်းကြားရသည်။ ညီအကို ၂ ယောက် စလုံးလား သို့မဟုတ် တယောက်ထဲပဲလားတော့ မပြောတတ် KNUP နှင့်ဆွေးနွေးပွဲတွင် အသတ်ခံလိုက်ရသည်ဟုကြားရ၏။

ပြည်တွင်းစစ်ကာလအတွင်း လက်နက်ကိုင်တပ်ဖွဲ့အချင်းချင်းပဋိပက္ခများကား အတောမသတ်နိုင်ခဲ့ကြ။ လက်နက်ကိုင်ပဋိပက္ခဖြစ်လိုက် ပြန်ပြီးတပ်ပေါင်းစုဖွဲ့လိုက်နှင့် ရှုတ်ထွေး လှသည်။ အဖွဲ့အစည်းတခုနှင့် တခုကြား တိုင်းရင်းသားအဖွဲ့အစည်းများကြား ယုံကြည်မှုတည် ဆောက်ရန်ခက်ခဲလွန်းလှသည်မှာ မြန်မာပြည်လူ့အဖွဲ့အစည်း၏ ကံကြမ္မာဖြစ်ပုံရသည်။ အကြိမ်ကြိမ်အထပ်ထပ် ကြိုးစားလုပ်ဆောင်ကျော်ဖြတ်နေရသည့် အချင်းအရာလည်း ဖြစ်ပေသည်။

ဆက်လက်ဖော်ပြပါမည်

Mg Mg Soe ( မောင်မောင်စိုး )