ဂျော်ဒီး - မိုးမခရွာဂေဇက် (၆)



ဂျော်ဒီး - မိုးမခရွာဂေဇက် (၆)
(မိုးမခ) သြဂုတ် ၂၈၊ ၂၀၁၆

တညနေသား.. မိုးမခတရွာလုံး အုံးအုံးကျွက်ကျွက်..။
“ငလျင်လှုပ်တယ်ဟေ့..ငလျင်လှုပ်တယ်..”

သာဂိက..ရွာလည်လမ်းတလျှောက်..ပြေးရင်းလွှားရင်းအော်လိုက်သည်နှင့် ပုပုရွရွ မိုးမခရွာသူရွာသားများသည် မိမိတို့လက်ကိုင် တယ်လီဖုန်းလေးတွေကိုကိုယ်စီ ကိုင်လိုက်ကြသည်။
ထို့နောက်..သူတို့အားလုံး၏ အရှင်သခင် မစ္စတာဇူချဉ်ဖတ်၏ဖေ့စ်ဘွတ်စာမျက်နှာမှတဆင့် ငလျင် သတင်းကို သူ့ထက်ငါဦးအောင် တင်ကြလေတော့သည်။ မိမိတို့အနီးအနားတ၀ိုက်ရှိ ရေအိုးများမှ
ရေမြောင်းများမှ ရေများလျှံကြပုံ။ အိမ်တွင်း မီးချောင်းများလှုပ်ယမ်းနေပုံ..စသည်ဖြင့်.. ငလျင်သတင်း မှတ်တမ်းအဖုံဖုံကို ဓာတ်ဖမ်းကြကုန်၏။ စက္ကန့်ပိုင်းအတွင်းပင် မစ္စတာဇူချဉ်ဖတ်၏ ဖေ့စ်ဘွတ်မျက်နှာ စာအုပ်ကြီးတွင်.မိုးမခရွာ၏ အရှေ့အနောက်၊ တောင်မြောက်၊ အရပ်ဆယ်မျက်နှာရှိ ငလျင်လှုပ်ရာ အရပ်မှန်သမျှမှ သတင်းများတက်လာလေသည်။
မိုးမခရွာ ပေါက္ကာရာမအရပ်မှ ကဗျာဆရာမ ၀ါကျဖြူကသူ့ဖေ့စ်ဘွတ်စာမျက်နှာတွင် ဘုရား စေတီပုထိုးများ အုတ်ခဲမှုန်များကြားတွင် တအိအိပြိုကျနေပုံကို “တို့ယဉ်ကျေးမှု မော်လီကျူးတွေ တသိမ့်သိမ့်ကြွေလေပြီ” ဟု ကဗျာဆန်ဆန်ငိုကြွေးကာ.. စတေးတပ်ရေးတင်သည်။
မိုးမခရွာလည် ဘုံဆိုင်မှ ဘုံဝါဒသမားများကား မိုးမခရွာထွက် ချက်အရက်တန်ခိုးဖြင့် ရီဝေ ယစ်မူးစွာ ဇရက်မင်းစည်းစိမ်ခံစားနေခိုက် ရွာလည်လမ်းတလျှောက် ပြေးကြ လွှားကြ အော်ကြ ဟစ်ကြသံများကြောင့် စည်းစိမ်ပျက်ကာ သတင်းမှန်သိရန် သူတို့၏စမတ်ဖုန်းကလေးများကို ထုတ်ပြီး ဖေ့စ်ဘွတ်တွင်ကြည့်လိုက်ရာ ပေါက္ကာရာမအရပ်တွင်ငလျင်ဒဏ်ကြောင့် ရှေးယဉ်ကျေးမှု လက်ရာ ဘုရားပုထိုးစေတီများပြိုကျပျက်စီးနေပုံများကို ရင်နင့်ကြေကွဲစရာ မျက်ဝါး ထင်ထင် မြင်တွေ့လိုက်ကြသည်။
သို့နှင့် တိုးတက်သော…ဘုံဆိုင် ကဗျာဆရာမင်းညွန့်လှိုင်က.. “ငလျင်အပေါင်းကျဆုံးပါစေ” ဟု ကြွေးကြော်သံကဗျာကိုရွတ်ဆိုထားသော ဗီဒီယိုဖိုင်ကိုတင်လိုက်ရာ ဘုံဆိုင်ဆောင်းပါးရှင် တူမောင်ညို က “၂၁ရာစု ငလျင်စစ်အုပ်စု..ဘုန်းဘုန်းလဲပြိုကျသွားပါစေ” ဟု အောက်မှ ကော်မန့်ဝင်ရေးထောက်ခံ လိုက်သည်။ နောက်ကဗျာဆရာတယောက်ဖြစ်သော..ခက်ဦးမှ “ငလျင်က ဘာလို့ အပေါင်ဆုံးရတာလဲ ကွ..ဂေ့” ဟု မူးမူးနှင့်ကြားမိကြားရာ..၀င်မန့်လိုက်ပြန်သည်။

သူတို့ဘုံဝါဒသမားဂရုမှာလိုပင် ရွာထောင်စုလွှတ်တော်အတွင်းမှ လူထုအသံကို ဖေ့စ်ဘွတ်မှ တဆင့်နားစွင့်နေသော..အမတ်မင်းများထံမှလည်း ငလျင်သတင်းများအပြိုင်းအရိုင်း တက်လာလေ သည်။
အမျိုးသမီးလွှတ်တော်အမတ်မင်း ဒေါ်ဂျော်ဒီးကလည်း လွှတ်တော်အတွင်းမှပင် မဆိုင်းမတွ သူ၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် အနှီကဲ့သို့ စတေးတပ်ရေးတင်လိုက်သည်။
“အို.. ဒီငလျင်ကြီးဟာ..ကျမတို့ရဲ့ ၂၂ ရာစု ပလုံပလုံ..ပျော်ပွဲရွှင်ပွဲကြီးကို.. ကြိုဆိုထောက်ခံ ပြီးလှုပ်တာပါ။ ကျမတို့ တိုင်းရင်းသားဝတ်စုံတွေဝတ်၊ ခေါင်းပေါင်းတွေဆောင်းပုဝါတွေချပြီး ပျော်ပျော် ပါးပါးလှလှပပဓာတ်ပုံတွေ ရိုက်နိုင်ခဲ့တယ်လေ။ ဒါမျိုးကို လွန်ခဲ့တဲ့ ကုက္ကိုလ်နှစ်ပင် ညီလာခံမှာလည်း နှစ်ရှည်လများဆယ်စုနှစ်နဲ့ချီပြီးလုပ်နိုင်ခဲ့တယ် ။ ဒါကြောင့် ငလျင်ကြီးသာမက.. သက်တန့်ကြီးကပါ ဂုဏ်ပြုတဲ့အနေနဲ့ ထွက်ချလာတာပါ”
မိုးမခရွာ အခြေစိုက်သတင်းမီဒီယာပေါင်းစုံမှ သတင်းသမားများကား အရင်ကလို..ဘယ်မှ
ရှည်ရှည်ဝေးဝေး ခြေညောင်းခံ သတင်းလိုက်စရာမလိုတော့ပေ။ ကွန်ပြူတာဖန်သားပြင်ပေါ်မှ
အသာစောင့်ကြည့်နေရုံသာ။

ရွာစွန်တဲကြိုတဲကြားသတင်းမှအစ ရွာဂံတော်အတိုင်ပင်ခံရုံးသတင်းအထိ ဆိုင်ရာဖေ့စ်ဘွတ်
စာမျက်နှာများကိုသွားပြီး “ ကြိုက်တယ်.” လုပ်ထားလိုက်ရုံနှင့် သတင်းများက အလုအယက် တက်လာနေသော သတင်းရွှေခေတ်ပင်တည်း။

ယခုလည်း မိုးမခပုလင်းပြားမီဒီယာသတင်းရုံးခန်းတွင် သတင်းသမားတသိုက် လွှတ်တော် အမတ်မင်းများ၏ ဖေ့စ်ဘွတ်မှ ငလျင်ဆိုင်ရာစတေးတပ်များကိုဖတ်ရင်း..
“အိုင်ဆေး..ကိုရင်ဇာ။ လက်ရှိအစိုးရနဲ့လွှတ်တော်ကတော့ အရင်အစိုးရဟောင်းနဲ့ လွှတ်တော်ကို နှာတဖျားမက..အပြတ်အသတ်..ကျော်တက်သွားပြီဗျ”
သတင်းအယ်ဒီတာဇာနည်ဝင်းမှာ ငိုက်မြည်းနေရာမှ သာဂိ၏ အသံပြဲကြီးကြောင့် လန့်နိုး သွားလေသည်။
သူ့ခမျ အငယ်ကောင်ဂျီကျပြီး တညလုံးမအိပ်သဖြင့် ညက ကလေးကူထိန်းရလေသည်။ ထို့ကြောင့် အိပ်ရေးပျက်ပျက်ဖြင့်ငိုက်နေမိရာ..ငလျင်လှုပ်သည်ကိုတောင် မသိလိုက်ရှာပေ။
“ဘယ်သူတွေကဘယ်ကိုကျော်တက်သွားတာလဲ။ သေကုန်ပြန်ပြီလား။ ဒီတခါဘယ်နှစ်လောင်းပြိုင်လဲ” ဟုအိပ်ချင်မူးတူးနှင့်မေးလေသည်။
“ဟာ..ဖွ..ဖွ..လွဲပါစေ၊ အလိုလိုမှ ရက်ရက်စက်စက်လူသတ်မှုသတင်းတွေကြားပြီး ကျုပ်တို့လူထုမှာ နေရထိုင်ရ မလုံမခြုံ ရင်တွေတုန်ရတဲ့အထဲ။ ဒီမှာ ငလျင်သတင်းတွေဗျ။ ခုန လှုပ်သွားတဲ့ ငလျင်ကြီးက ၂၂ ရာစုပလုံပလုံ ပျော်ပွဲရွှင်ပွဲကြီးကို ကြိုဆိုထောက်ခံဂုဏ်ပြုပြီး လှုပ်သွားတာတဲ့ဗျ။ သူတို့ဂုဏ်ပြုပွဲက..သက်တန့်ကြီးတောင် ပါလိုက်သေးတယ်။ အရင်အဘတို့ အစိုးရလက်ထက် လုပ်လိုက်ရတဲ့ လူထုထောက်ခံပွဲတွေဆို..တခါမှ ဒီအစိုးရလက်ထက်လို ငလျင်တွေ သက်တန့်တွေပါ ၀င်ထောက်ခံတာမျိုး မတွေ့ဖူးဘူးဗျ။ ဒါကြောင့် ကျော်တက်သွားပြီပြောတာ..”

မောင်ရင်ငတေက....“ဟော.ဒီမှာ..ကြည့်စမ်း။ ပေါက္ကာရာမကဘုရားတွေပြိုကျပျက်စီးနေတာ ထီးတော်တွေ မြေခလို့ကွာ..။ ဟာ..ဒီမှာကြည့်ပါဦး..။ ပြိုကျနေတဲ့ စေတီတွေရဲ့ထီးတော်တွေထဲမှာ
ပလတ်စတစ်ပိုက်တွေ၊ ၀ါးလုံးတွေနဲ့ တည်ဆောက်ထားတာပါလား..”

မောင်ရစ်က နဖူးပြောင်ပြောင်ကို လက်နှင့်သပ်ရင်း တွေးတွေးဆဆပြောသည်။
“ ငါတို့ရစ် (YIT) ကျောင်းတော်ကြီးမှာ အင်ဂျင်နီယာဘာသာရပ်တွေသင်ခဲ့တုန်းကတော့
သံကူကွန်ကရစ်ဆိုတာတော့ ကြားဖူးတယ်။ အခုလို ပလတ်စတစ်ကူကွန်ကရစ်တို့..၀ါးလုံးကူ ကွန်ကရစ်တို့ကိုတော့ အခုမှတွေ့ဖူးတယ်။ ဒါ ပုဂံခေတ် ဗိသုကာအတတ်တွေဖြစ်မယ်။ ဒါကြောင့်
နှစ်ထောင်ချီပြီး တည်တံ့နေတာဖြစ်မယ်”
“ ပုဂံခေတ်ဗိသုကာအတတ်မဟုတ်ဘူးဆရာရစ်ရ.။ အဘသူခိုးတို့ခေတ်က ဗိသုကာအတတ်တွေဗျ။ ထေရာဝါဒဗုဒ္ဓဘာသာ ဆိုတာ ဘုရားရွှေချရတယ်ဆိုပြီး ဘုရားမြင်သမျှ ထီးလိုက်တင် ရွှေလိုက်ချတဲ့ အဘဗိုလ်ဖင်တွန့်ခေတ်ရဲ့မဟာသူခိုးအတတ်တွေဗျ”
ထိုစဉ်..သူတို့၏ မိုးမခ ပုလင်းပြား မီဒီယာရုံးခန်းအတွင်းသို့ ပင်တိုင်ကာတွန်းဆရာတသိုက်
ဝင်လာကြသည်။ အားလုံးရဲ့ မျက်နှာများကား တစုံတရာကို အလွန်စိတ်ဝင်စားဟန်ဖြင့်…
ညီပုချေ ။ ။ ” သတင်းက..သေချာလားကွ။ ငါတော့ ဆွဲချင်နေတာ လက်ယားနေပြီ။ တချို့က ဒါအတုလည်း ပြောတယ်..”
ဆလိုင်းစွမ်းပီ ။ ။ တောက်..အဲဒီ အတုကိစ္စလည်း ကာတွန်းဆွဲရမယ်..။ တို့ရွာထောင်စုမှာ အတုပေါပုံကတော့..သတင်းတွေ..ကြေညာချက်တွေတောင်အတုလားအစစ်လား ခွဲနေရတယ်..”
ဘိရုမာ ။ ။ ထားလိုက်ပါကွာ၊ ဒီထက်အရေးကြီးတဲ့ ကာတွန်းတွေဆွဲကြတာပေါ့။ အခု တို့ရွာထောင်စု မှာ အရေးအကြီးတဲ့ မြစ်ဆုံအရေးတို့၊ ငြိမ်းချမ်းရေးတို့၊ ရေဘေးတို့၊ ငလျင်ဘေးတို့အတွက် ဆွဲစရာ ထောက်ပြစရာတွေအများကြီးပါကွာ။ ဒီအဘိုးအိုကြီးခမျာ အသက်လည်းကြီးရှာပါပြီ။ တခါတလေ သူလည်း စိတ်ဖိစီးမှုတွေ များနေတော့ ဆဲမိမှာပေါ့ကွ။ မင်းတို့သတင်းသမားတွေ ကလည်း ဘာတွေရှာရှာကြံကြံမေးမှန်းမှမသိတာ..”
မင်းတို့သတင်းသမားများဆိုသော ကာတွန်းဆရာအုပ်စုထံမှ အသံကြောင့် သတင်းသမား အုပ်စုထဲမှ တယောက်က..ခေါင်းထောင်ကြည့်ပြီး

“ဟ..စိတ်တိုတတ် ဆဲတတ်ရင်..ရွာလူထုပါတီကြီးရဲ့ ပြောရေးဆိုခွင့်ရှိသူလုပ်မနေနဲ့ပေါ့ကွ။ ဒီအဘဖိုးကြီး ဒီတခါမဟုတ်တော့ဘူး..။ ဒီမိုမယ်တော်ကြီးတော့ သူ့ပါတီကလူတွေ လုပ်ပုံနဲ့ခက်ပါပြီ။ ဒီနေရာအတွက် ဒီထက်သင့်တော်တဲ့သူကို တာဝန်ပေးဖို့ကောင်းနေပြီ.။ ခုတော့ ဆဲရေးဆိုခွင့်ရှိသူဖြစ်နေပြီ.”
“မရှိလို့ နေမှာပေါ့ကွာ။ နောက်ပြောရေးဆိုခွင့်ရတယောက်ကလည်း..ပါတီအာဘော်ဂျာနယ် ကနေ မြစ်ဆုံကိစ္စမှာ ပြည်သူတွေရဲ့ဆန္ဒကို လျစ်လျူရှုမယ့်အရိပ်အယောင်တွေ ပြနေပြန်တယ်။ မြစ်ဆုံအရေးမှာ ပြည်သူနဲ့ တသားတည်းမရပ်လို့ကတော့ လက်ပံတောင်းထက်ဆိုးမယ့်ရလဒ်တွေ ဖြစ်ကုန်ရင်..မကောင်းဘူး ”
“အေးကွာ… ရွာထောင်စုအစိုးရနဲ့အနိုင်ရလူထုပါတီကို တို့တွေအနှစ်နှစ်အလလ.. မျှော်လင့် အားကိုးထောက်ခံခဲ့ရတာ အဟောသိကံမဖြစ်ပါရစေနဲ့။ လူထုကို အမြဲမျက်နှာမူစေချင်တယ်ကွာ”
“အမယ်..သွားလေသူ အစိမ်းသူရဲပါတီက သမ္မတဟောင်းကြီးက မြစ်ဆုံအရေးမှာ ပြည်သူ့အသံ ကို နားထောင်ပါလို့ ခုမှ ထပြောနေသေးတယ်ကွ။ မြစ်ဆုံဆည်စဆောက်တုန်းက သူ အခုလို အမြင်မှန် ရခဲ့ရင်ကောင်းမှာကွာ..။ ခုတော့ ခမျာလည်း..နာယကကြီးဘ၀နဲ့ နွားနို့ညှစ်ပြီး ကော်ဖီဖျော်ရောင်း နေရရှာပြီကွာ”
“အေးကွ သူတို့အစိမ်းသရဲပါတီမှာလည်း..လူသစ်တန်းတွေ ရှေ့ထုတ်ကစားတော့မယ့် သဘော ကွ။ လူဟောင်းကြီးတွေကို နောက်တန်းပို့လိုက်တော့လည်း ပထမစားခွက်လုနေကြသူတွေ အမြီးလေးတွေကုပ်လို့၊ မီးတော့ သေသားနော်။ အသင်းအုပ်ချုပ်သူကြီးက စာဖတ်နေတယ်သာ ဆိုတယ်၊ သြဇာမာလကာကတော့ အရှိန်မသေသေးဘူးကွ။ စိနရွာကလူတွေတောင် မြစ်ဆုံအရေး အတွက် စာဖတ်သူကြီးကိုသွားတွေ့ရတယ်ဆိုကတည်းက စဉ်းစားစရာပေါ့ကွာ”

“လျှော်ကြေးသွားတောင်းတာ ဖြစ်မယ်ကွ..။ မြစ်ဆုံအရေးလျှော်ကြေးပေးရမယ်ဆိုရင်.. ယူတုန်းက သူတို့ယူထားတာမို့..လျှော်စရာရှိလည်း သူတို့ပဲလျှော်သင့်တာပေါ့ကွာ..။ တို့ပြည်သူတွေမှာ..ကြားကငထွားခါးနာသလို..ဖြစ်နေရတယ်.”

“တကယ်တော့ မြစ်ဆုံမှာ ဘာဆည်မှ မတည်ဆောက်သင့်ဘူးဆိုတာ သဘာဝစောင့် နတ်မင်းကြီးက ငလျင်လှုပ်ပြီး အချက်ပြလိုက်တာပဲ။ တို့ရွာထောင်စုမှာ ငလျင်ကြောကြီး ရှိနေတာမို့ အခုလို ငလျင်မျိုးမြစ်ဆုံနေရာမှာ အချိန်မရွေးလှုပ်နိုင်တယ်။ လှုပ်လို့ကတော့ တရွာလုံးရေဘေး ဒုက္ခသည်ဖြစ်ပြီကွ။ ဘယ်သူ့ဘယ်သူမှ မကယ်နိုင်တော့ဘူး။ အခုလို ရေဘေးအတွက် သီချင်းဆို၊ ပန်းချီတွေကဗျာတွေ လေလံတင်ရောင်းပြီး အလှူခံပေးမယ့်လူတွေလည်း ရေဘေး ဒုက္ခသည်ဘ၀ ရောက်နေပြီပေါ့ကွာ”

မိုးမခပုလင်းပြားမီဒီယာရုံးခန်းမအတွင်းမှ ကဗျာအယ်ဒီတာဆရာလွန်းတယောက် သတင်းသမားများ ကာတွန်းဆရာများ၏ ရွာထောင်စုအရေး ရောက်တတ်ရာရာဆွေးနွေးနေသော ဆူဆူညံညံ အသံများကြောင့်…. မိုးမခမီဒီယာ၏ကဗျာကဏ္ဍသို့ အီးမေးလ်ဖြင့်တသွယ် မတ်စိဖြင့်တမျိုး ပို့ထား သောကဗျာဆရာ ဆရာမမျာ၏ မြင့်မိုရ်တောင်လောက်မြင့်မားနေသော ကဗျာစာမူပုံကြီးကြားတွင် နစ်မြုပ်နေရာမှ ကုန်းရုန်းထကာနားစွင့်လိုက်သည်။
ထို့နောက် သူလတ်တလောကြုံတွေ့နေရသောအကြပ်အတည်းအတွက် အကြံကောင်းတချက်
လက်ခနဲ ရသွားသည်။ ပြဿနာကား မိုးမခပုလင်းပြားမီဒီယာထုတ်၊ ဘက်ဆဲလား တော့ပ်တန်းဝင် ပုလင်းပြားမဂ္ဂဇင်းကြီးမှာ ၀ါသနာယုံကြည်ချက်အရသာ ရှိစုမဲ့စုကျားကန်ရပ်တည်နေကြရပြီး သူများ တကာကဲ့သို့ ခရိုနီခရိုနက်ကျောထောက်နောက်ခံများလည်း မရှိရလေကား.. ဖွတ်ကလိဒင်္ဂါး မွဲတေ ရှားပါးမှုကြောင့်.. စာရေးဆရာများကို စာမူခပေးရန်အတော်ရုန်းကန်နေရခြင်းပင်..။
အထူးသဖြင့် သူတကာထက်ခံစားထိရှလွယ်သောကဗျာဆရာများ၏ ကဗျာအလုပ်ရုံများမှ ထုတ်လုပ်လိုက်သော ရေးအားကို စာမူခပြဿနာကြောင့် အလျင်မီအောင် ထည့်သွင်းဖော်ပြ မပေး နိုင်ပဲရှိနေရာ ကဗျာအယ်ဒီတာ ဆရာလွန်းမှကဗျာဆရာများကို အလွန်တရာပင် အားနာနေရလေ သည်။ ထို့ကြောင့် မိုးမခရွာထောင်စုအစိုးရ၏သမ္မတသစ်ကြီးမှ ပြည်သူများသို့ မကြာမကြာခွင့်လွှတ် ပါရန် တောင်းပန်နေသကဲ့သို့ ဆရာလွန်းမှာလည်း ကဗျာဆရာဆရာမအပေါင်းအား ကဗျာစာမူများ အလျဉ်မီအောင်မဖော်ပြပေးနိုင်သောကြောင့် အခါခါတောင်းပန်နေရလေသည်။
ယခုတော့ အကြံကောင်းရပြီ။ ထို့ကြောင့်..ဆရာလွန်းမှ မိတ်ဆွေကဗျာဆရာများထံ ချက်ချင်း မနှေးအီးမေးလ်သတင်းလွှာပါးလိုက်လေသည်။ သို့မှသာ..သူ့ဆီတွင် တစ်နေသော ကဗျာစာမူများ အတွက် မျက်နှာပူနေရသောအဖြစ်မှ တခြားအာရုံသို့လွှဲနိုင်မည် မဟုတ်ပေတကား။
အီးမေးလ်သတင်းလွှာတွင် ရေးသားထားသည်မှာ…

ရဲဘော်..မိုးမခပုလင်းပြား ကဗျာလောကသားတို့ ...
မိုးမခရွာထောင်စုတွင်..ယခု လတ်တလော ကြုံတွေ့လိုက်ရသော ငလျင်ဘေးအတွက် မိုးမခ ပုလင်းပြား ကဗျာဆရာများမှလည်း ကဗျာအားဖြင့် ကူညီကြစေလိုပါသည်။ ငလျင်ဘေးမတိုင်မီ ရေဘေးတုန်းက ရွာထောင်စုကဗျာဆရာသမဂ္ဂကြီးမှ ကြီးမှူးရွေ့ လက်ရေးမူကဗျာ လေလံတင်ရောင်းချပွဲကြီးကျင်းပပြီး ရန်ပုံငွေရှာသလို မိုးမခပုလင်းပြားမီဒီယာ ကဗျာဆရာဆရာမများမှလည်း ကိုယ်ပိုင် လက်ရေးမူဖြင့် ကဗျာများ လေလံတင် ရောင်းချကြပါစို့။ လေလံတင်ရောင်းရငွေကို ငလျင်ဘေး အတွက်ကူညီကြပါစို့။ သို့သော် ရှေ့ဆရာများလုပ်ဆောင်ချက်ကိုကြည့်ခြင်းအားဖြင့် လေလံတင်ရာတွင် ပရိသတ်ထံမှ ဘယ်လိုကဗျာမျိုးကို ကြိုက်နှစ်သက်တတ်သည်ကိုမူ ကဗျာဆရာအပေါင်းမှ အထူးသတိချပ်သင့်ပေသည်။ အကြောင်းမူကား ကဗျာကောင်းခြင်း မကောင်းခြင်းထက် လေလံကြေး ကောင်းကောင်းရရေးကား အဓိကသော့ချက်ပင်တည်း..။
ပုံ..သခင်ကိုယ်တော်လွန်း


++++

မိုးမခပုလင်းပြားမီဒီယာမဂ္ဂဇင်း၏ ငလျင်ဘေးအလှူ  ကဗျာလက်ရေးမူ လေလံပွဲကြီးကား မိုးမခရွာထောင်စုတခွင်လုံး အုံးအုံးကျွက်ကျွက်။ ရွာထောင်စုအတွင်းမှ ကဗျာချစ်သူများက စိတ်ဝင်တစားအားပေး လေလံဆွဲ ၀ယ်ယူကြလေသည်။ မိုးမခကဗျာဆရာဆရာမများမှာလည်း မိမိတို့လက်ရေးကဗျာ စာမူများကို ယခုကဲ့သို့ ထိုက် ထိုက်တန်တန်ဝယ်ယူအားပေးကြသော မိုးမခရွာသူရွာသား ကဗျာချစ်သူများကြောင့် အားတက်ရွှင် လန်းကာ မိုးမခမဂ္ဂဇင်းမှာ ကဗျာမပါ၍ တန်းစီစောင့်ဆိုင်းနေရသည်ကိုပင် မေ့လျော့နေကြသည်။
သို့သော်..နောက်ဆုံးပိတ်လေလံပွဲတွင် ကဗျာဆရာမကြီးနီဇူလိုင်၏ ကဗျာတပုဒ်ကို တခါမျှမကြား ဖူးသော လေလံဈေးအမြင့်ဆုံးဖြင့် ၀ယ်ယူအားပေးခံလိုက်သောအခါ မိုးမခကဗျာလောကသားများ မကျေမနပ်နားမလည်နိုင် ဖြစ်ရလေတော့သည်။ 

တကယ်တော့..ကဗျာဆရာမကြီးနီဇူလိုင်ကား ကဗျာ ဟုတ်တိပတ်တိ ရေးတတ်သူမဟုတ်ပေ။ ဖေ့စ်ဘွတ်တွင် သရော်စာရောင်ရောင်. .နိုင်ငံရေးကြွေးကြော်သံကဗျာယောင်ယောင်၊ လော်ဘီဖော်လံဖား ကဗျာယောင်ယောင်များကိုသာ ရေးတတ်သူတည်း။

သူ့ကဗျာတပုဒ်တည်းကို လေလံဈေး ၃၆၅ သိန်းပေး၍၀ယ်ယူလိုက်သောအခါ ကဗျာလောက သားအားလုံးမင်သက် အံ့သြခြင်းကြီးစွာဖြင့် စူးစမ်းကြသည်။ ကဗျာရေးရာဆောင်းပါးများကို နိုင်ငံခြား ဘာသာများမှ ဘာသာပြန်ဖော်ပြပြီး ဆရာကြီးလုပ်နေသူများမှလည်း ကဗျာဆရာမကြီးနီဇူလိုင်၏ ထိုကဗျာကို အရေးပေါ်ခွဲခြမ်းစိတ်ဖြာသုံးသပ်ကြည့်ကြသည်။

ဘာမျှမထူးခြား။ မကောင်းမွန်။
အံ့သြစရာတွေ့ရှိချက်ကာ ထိုကဗျာကို ဒီမိုမယ်တော်ကြီး၏ပါတီမှ အရေးပါသော ဆဲရေးဆိုခွင့် ရှိပုဂ္ဂိုလ်ကြီးတဦးက ဈေးကြီးပေးကာ လေလံဆွဲခဲ့ခြင်းပင်တည်း။ ထိုသတင်းထွက်ပေါ်လာသောအခါ မိုးမခရွာထောင်စုကဗျာလောကသာမက ကမ္ဘာရွာကြီးတခုလုံး၏ကဗျာလောကကိုပါ ရိုက်ခတ်သွားလေ သည်။
ဒီလောက်ဈေးကြီးပေးရင် ဒီမိုမယ်တော်ကြီးပါ ဒီကဗျာကို ကြိုက်လို့ဖြစ်မည်ဟုယူဆကာ ဆရာမကြီးနီဇူလိုင်၏ကဗျာကိုနိုင်ငံတကာမှ ဘာသာမျိုးစုံဖြင့်ပြန်ဆိုရန် မိုးမခပုလင်းပြားမီဒီယာမှ တဆင့် ကမ်းလှမ်းမှုများပင် ရှိလာလေသည်။

ထို့ကြောင့် မိုးမခပုလင်းပြားမီဒီယာပင်တိုင်ကဗျာဆရာမကြီးနီဇူလိုင်၏ကမ္ဘာကျော်တော့မည့် လေလံအောင်ကဗျာကြီးကို မိုးမခအယ်ဒီတာမင်းများအချင်းချင်း အရေးတကြီးအဆိုပြုပြီး နေ့ညမဆိုင်း မိုးမခအွန်လိုင်းတွင် တင်ပြီးဂုဏ်ပြုလိုက်လေသည်။


“အို..ပြည်သူ”

နယ်လှည့်ပါးရိုက်တာ ခံဖို့
ဖယောင်းတိုင်လေးကို ထွန်း
ထမင်းတစ်နပ်လျှော့ စားပြီး
တစ်နေ့ ၂၀၀၀ နဲ့လောက်အောင် သုံးရင်း
နွားနို့ အတင်းတိုက် ခံခဲ့ရတယ်။
သနားစရာ့ပြည်သူ
လုံးဝ... မပူနဲ့
ကယ်သူလာပြီ … ဒီမှာ
သောက်ရူး
သောက်ရူး
သောက်ရူး….. တဲ့ဟေ့ ။ ။