လင်းခါး ● နိဗ္ဗာန်ရောက်ကြောင်း



လင်းခါး ● နိဗ္ဗာန်ရောက်ကြောင်း
(မိုးမခ) သြဂတ်စ် ၃၊ ၂၀၁၆

ရထားတစီး အုန်းအုန်းကျွက်ကျွက်မြည် ဖြတ်သွားတော့
သံလမ်းဂိတ်မှာ ငါဟာ ပိတ်နေ
အချိန်မသိချင်ဘဲ နာရီကိုကြည့်
နာရီက ရပ်နေတယ်
အချိန်ကိုမသိရတော့လည်း ငါ ဒေါသထွက်မိ
ကြေးရုပ်က မတ်တပ်ကြီး ရပ်နေ
ကျောက်ရုပ်ဟာ မလှုပ်နိုင်
ရေပြင်ကို ဂယက်ပေးမယ့်
သစ်ရွက်ဟာ အညှာကမလွတ်သေး တန့်နေ
အရေးပေါ်ကားဟာ အရေးပေါ်ရပ်လိုက်ရ
ရိပ်ခနဲ ရိပ်ခနဲ ရထားပြတင်းပေါက်က
ခရီးသွားတွေကို ကြည့်စမ်း
ငါ မသိတဲ့ လူတွေချည့်လား
ငါ့ အသိများ တယောက်တလေပါမလား
အေး . . .တချို့လူတွေရှိနေတာ
ငါတသက်လုံး သတိတောင်မထားမိ
နာရီက ရပ်နေပေမယ့် နာရီတွေကသွားနေဆဲ
လူတွေက စကားတွေအများကြီးပြောတာပဲ
မီးသတ်ကားဗိုက်ထဲက ရေတွေလိုပဲ
"မင့် ပါးစပ်ဟလိုက်တာနဲ့ မင့်ဗိုက်ထဲ
အူဘယ်နှခွေရှိတယ် ငါ သိတယ်တဲ့"
သင်္ချာနည်းလိုပဲ ယုတ္တိရှိသလိုပဲ
နေ့ချင်းပြန်ပြေးကြည့်ထားသလိုပဲ
ရထားက ဖြတ်မောင်းနေဆဲ
ပြတင်းပေါက်မှာ
မျက်နှာသက်သက်တွေ မြင်နေရဆဲ
ငါ့ နာရီက ရပ်နေမြဲ
သံလမ်းဂိတ်မှာ
အရေးပေါ်ကားလည်း
အရေးမပေါ်သလို ရပ်စောင့်နေရတာပဲ။   ။

လင်းခါး
၁-၈-၂၀၁၆