ကောက်ရိုးမီးဖြစ်လို့ မရဘူးနော် နဲ့ ဘကြီးမိုး




ကောက်ရိုးမီးဖြစ်လို့ မရဘူးနော်  နဲ့ ဘကြီးမိုး
(ကုမုဒြာဂျာနယ်၊ ဇူလိုင် ၁၂ ထုတ်) မိုးမခ၊ သြဂုတ် ၁၈၊ ၂၀၁၆

ဘကြီးမိုးတို့ မြန်မာလူမျိုးတွေကို ကောက်ရိုးမီးလိုပဲ လောင်ကျွမ်းလွယ်တယ်၊ ပြီးငြိမ်းလွယ်တယ်လို့ သတ်မှတ်ပြောဆိုတာတွေ ရှိခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြောင်းလဲ ချိန်တန်ပြီဆိုတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်လုံးကျွတ်တစ်ခဲနက် ဆန္ဒမဲပေးကြပြီး စစ်တပ်အုပ်ချုပ်မှုသမိုင်း၊ စစ်တပ်အသါင်ပြောင်း ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ကို အပြတ်အသတ် အနိုင်ရရှိစေခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လွှတ်တော်သုံးရပ်လုံး အနိုင်ရရှိသည့်တိုင် ပြည်ထောင်စုအစိုးရဖွဲ့စည်းဖို့အရေးအချိန်အတော်ကြီးယူပြီးမှ သမ္မတဦးထင်ကျော် ဦးဆောင်တဲ့ ကျစ်လျစ်တဲ့ ပြည်ထောင်စု အစိုးရကိုဖွဲ့စည်းနိုင်ခဲ့ကြပြီး အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောင်းလဲချိန်တန်ပြီ အစိုးရကြီးဖြစ်မြောက်လာခဲ့ပါတယ်။ တစ်ချိန်တည်းမှာ တိုင်းနဲ့ပြည်နယ်အစိုးရများ၊ ဝန်ကြီးချုပ်များကိုလည်းအမျိုး သားဒီမိုကရေ စီအဖွဲ့ချုပ်က နေရာယူနိုင်ခဲ့ပါတယ်။ဒါပေမဲ့ လွှတ်တော်ထဲမှာရွေးကောက် တင်မြှောက်စရာမလိုတဲ့ တပ်မတော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်နေပြီး တပ်မတော်ရဲ့လက်အောက်မှာ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်တို့ကိုကိုင်စွဲထားဆဲ ဖြစ်ပါတယ်။ ထိုနည်းတူ ပြည်ထောင်စုအစိုးရအဖွဲ့မှာ ဒုတိယသမ္မတနေရာမှာ တပ်မှ ဦးမြင့်ဆွေ၊ တိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့တွေမှာလည်း တပ်မှတာဝန်ရှိ ပုဂ္ဂိုလ်ကြီးများ အရေးပါတဲ့နေရာမှာ ပါဝင်နေကြဆဲ ဖြစ်ပါတယ်။

အစိုးရမဖွဲ့မီကပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ အင်မတန်ကောင်းမွန်ပြီး သင့်မြတ်တဲ့ လမ်းစဉ်တွေ ချမှတ်ခဲ့ပါတယ်။ သူကိုယ်တိုင်ပါဝင်ပြီး ပြည်သူလူထုပါပါဝင်တဲ့ တစ်ပြည်လုံး အမှိုက်ကောက်အမှိုက်ရှင်းလုပ်ရပ်ကို လုပ်ဆောင်ပြသခဲ့ပါတယ်။ သည် အမှိုက်ကောက်တဲ့ အလုပ်ဟာကောက်ရိုးမီးဖြစ်လို့မရဘူးနော်။ တကယ်သန့်ရှင်းတဲ့၊ အမှိုက်ကင်းစင်တဲ့ တိုင်းပြည်ဖြစ်မြောက်ဖို့ အစိုးရ၊ ဝန်ထမ်းနဲ့ ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းဆောင် ရွက်သွားကြရမှာ ဖြစ်ပါတယ်။

နောက်တစ်ခု ကျောင်းသားဟောင်းများရဲ့ ကျောင်းသုံးစာအုပ်များကို မျှဝေခြင်း ခေါင်းစဉ်ဖြင့်အလှူခံ၊ ဖြန့်ဝေခြင်းတို့လုပ်ပြခဲ့ပါတယ်။ ဒါလည်း ကောက်ရိုးမီးမဖြစ် ရဘူးနော်။ နှစ်စဉ်နှစ်တိုင်း ဆက်လုပ်သွားကြရမှာ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖြစ်လာပြီးနောက် ပြည်သူ့အတွက် ရက် ၁၀ဝ ဆိုတဲ့ စီမံကိန်းတွေချမှတ် လုပ်ဆောင်လာတာကို တွေ့ရပါတယ်။

နှစ်ပေါင်း ၅၀ ကျော်ယိုယွင်းပျက်စီးလာတဲ့ အခြေအနေအရပ်ရပ်ကိုပြုပြင် ပြောင်းလဲဖို့လုပ်ဆောင်လာပါတော့တယ်။ အခြေခံတရားဖြစ်တဲ့ အဂတိလိုက်စားမှု၊ လာဘ်ပေး လာဘ်ယူမှုပပျောက်ရေးကို စတင်ဆောင်ရွက်သလို တရားစီရင်ရေးမှာလည်း အဂတိကင်းစင်ရေးတွေ စတင်လုပ်ဆောင်နေပါတယ်။

ပြည်သူ့အတွက် ရက် ၁၀ဝ စီမံကိန်းလုပ်ရပ်များဖြစ်ပါတယ်။ အဲသည်အထဲမှာ မူးယစ်ဆေးဝါးနှိမ်နင်းရေးတို့၊ ပြည်သူနဲ့ရဲ ပူးပေါင်းဆောင်ရွက်နိုင်ရေးလုပ်ရပ်တွေလည်းပါဝင် ပါတယ်။

ပြည်သူ့အတွက် ရက် ၁၀ဝ စီမံချက်တွေထဲမှာ လတ်တလောဖြေရှင်းနေရတဲ့ ပြဿနာတွေကတော့ ယခင်အစိုးရဟောင်းအာဏာမလွှဲပြောင်းမီ လပိုင်း ရက်ပိုင်း အလိုမှာခွင့်ပြု မိန့်တွေ၊ လုပ်ပိုင်ခွင့်တွေ ချမှတ်ထားတာတွေ စိစစ်ရပ်ဆိုင်းနေရခြင်း ဖြစ်ပါတယ်။

ခွင့်ပြုမိန့်၊ လုပ်ပိုင်ခွင့်ပေးခဲ့ကြတဲ့ လုပ်ရပ်တွေကလည်း တကယ့်ကိုအမြင်မတော် ဆင်တော်နဲ့ခလောက်လိုအရုပ်ဆိုးအကျည်းတန်တဲ့ လုပ်ရပ်တွေဖြစ်ပါတယ်။ ရန်ကုန်မြို့ လိုနေရာမှာ အထပ်မြင့်ဆောက်လုပ်ရေးလုပ်ငန်းပေါင်းရာကျော်ဟာ စံချိန်မမီတာတွေဖြစ်နေတဲ့အပြင် ပြည်သူအများပိုင်နေရာတွေမှာတောင်အကွက်ချရောင်းချဆောက်လုပ် နေတာတွေ တွေ့နေရပါတယ်။

မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ဘိန်းစိုက်ပျိုးရေးမှာ မြန်မာနိုင်ငံဟာ အာဖဂန်နစ္စတန် နိုင်ငံပြီးရင် ဒုတိယနေရာကရှိနေပါတယ်။ ထိုနည်းတူ ဓာတုဆေးဝါးများနဲ့ထုတ်လုပ် တဲ့ဆေးပြားများ၊ မူးယစ်ဆေးဝါးများဟာလည်း ကမ္ဘာမှာဒုတိယအများဆုံး ဖမ်းဆီးရမိ တဲ့ ဘီလျံပေါင်းများစွာတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေရဲ့သတင်းကိုဖတ်ရပါတယ်။ ဖမ်းမိတဲ့ လူစာရင်းကလည်း လွတ်မြောက်နေတာကအများစု။ တစ်နှစ်ပြည့်သည့်တိုင်း ရုံးတင်စစ်ဆေးနိုင်တာမရှိသေး။ မူးယစ်ဆေးဝါးတွေမိလိုက်ရင်လည်း များသောအားဖြင့် ထူးထူးဆန်းဆန်း ပိုင်ရှင်မဲ့တွေဖြစ်နေတာကိုတွေ့ရပါတယ်။ ပြီးတော့ ဖမ်းမိတဲ့နေရာ တွေကလည်း နိုင်ငံတကာသင်္ဘောဆိပ်၊ လေဆိပ်၊ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေနား တစ်ဝိုက်မှာ ဖြစ်နေတာတွေ့ရပါတယ်။

မူးယစ်ဆေးဝါးတွေကို ဘီလျံပေါင်းများစွာ မီးရှို့ဖျက်ဆီးတဲ့လုပ်ရပ်တွေကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီးတို့မှာ လုပ်ဆောင်ခဲ့တာတွေ တွေ့ရပါတယ်။

တစ်လောက ထိုင်းနိုင်ငံတွင်းမှာ တန်ဖိုးများပြားတဲ့မူးယစ်ဆေးဝါးတွေ ဖမ်းဆီး ရမိတဲ့အခါ ၄င်းပုဂ္ဂိုလ်ဟာ ‘ဝ’ ခေါင်းဆောင်ဟောင်းတစ်ယောက်ဖြစ်နေလို့ ‘ဝ’ တာဝန်ရှိ သူများက ၄င်းပုဂ္ဂိုလ်ဟာ သူတို့နဲ့ပတ်သက်မှုမရှိတာ ခြောက်လကျော်ကြာပြီလို့ ကြေညာချက်တွေ ထုတ်ပြန်ခဲ့တာတွေ့ရသလို ထိုင်းနိုင်ငံတွင်း မူးယစ်ဆေးဝါးသယ် ယူလာသူ နှစ်ဦးကလည်း မြန်မာနိုင်ငံသားများဖြစ်ပြီး ပိုင်ရှင်ကတော့နိုင်ငံခြားသားတစ်ဦး လို့ဆိုပါတယ်။

အားလုံးခြုံကြည့်လိုက်ရင် မူးယစ်ဆေးဝါးတွေကို ဘယ်သူတွေကစိုက်ပျိုးပါသလဲ၊ ထုတ်လုပ်ရောင်းချနေပါသလဲလို့ စစ်ကြည့်လိုက်ရင်ရွှေသမင်ဘယ်ကထွက် မင်းကြီးတာ ကထွက်ဖြစ်နေတာကို တွေ့ရပါတယ်။

ပြည်သူ့အတွက် ရက် ၁၀ဝ စီမံကိန်းများမှာ အရင်အစိုးရလက်ထက်က သိမ်းဆည်းခဲ့တဲ့လယ်ယာမြေတွေ ပြန်ပေးဖြန့်ဝေတာမျိုးလုပ်နေရသလိုမဖြစ်သင့် မလုပ်သင့်တဲ့စီမံကိန်း များ၊ လုပ်ရပ်များကိုစိစစ်ရပ်ဆိုင်းနေရတာတွေ ရှိနေပါတယ်။ တွေ့ရပါတယ်။

ဆိုးရွားတဲ့လုပ်ရပ်တွေဟာ အများကြီး အများကြီးမို့ ပြုပြင်ပြောင်းလဲရေး စီမံချက်တွေကလည်း လုပ်ရကိုင်ရမကုန်နိုင်အောင်ရှိလှပါတယ်။

ဒါ့ကြောင့် ဘကြီးမိုး ပြောတာပေါ့။ ကောက်ရိုးမီးဖြစ်လို့ မရဘူးနော်လို့။ပြု ပြင်ပြောင်းလဲ ရေးလုပ်ရပ်တွေဟာ မကုန်နိုင်မဆုံးနိုင်ရှိနေတာမို့ ရက် ၁၀ဝမက ငါးနှစ် သက်တမ်းတစ် လျှောက်လုံးအစိုးရ၊ ဝန်ထမ်းနဲ့ ပြည်သူတွေပါ ပူးပေါင်းပြီးဆောင်ရွက်နိုင်ကြမှ ဖြစ်မြောက်နိုင်မှာပါလို့ ပြောနေရတာပါ။

တစ်ချိန်တည်းမှာ ပြည်သူ့အစိုးရလက်ထက်မှာမှ ချမှတ်လုပ်ဆောင်တဲ့စီးပွားရေးစီမံကိန်းတွေ၊ နိုင်ငံတကာနဲ့ဆက်သွယ်မှုလုပ်ရပ်တွေ စသည် စသည်ဖြင့် အကောင်အထည် ပေါ်အောင် လုပ်ဆောင်ရမှာလည်းအများကြီး ဖြစ်ပါတယ်။

ဒါ့ကြောင့် ကောက်ရိုးမီးတော့မဖြစ်ကြနဲ့ ကိုယ့်လူတို့။ တို့ဗိုလ်ချုပ်ပြောခဲ့သလို ကုန်းရုန်းလုပ်ကြမှ ဖြစ်မြောက်မှာပါ။

ပြောင်းလဲချိန်တန်ပြီဆိုပြီး ဆန္ဒမဲပေးခဲ့ကြတဲ့ ပြည်သူတွေကိုယ်တိုင်ကလည်း ပြုပြင်ပြောင်းလဲရေးမှာ ကျရာနေရာကနိုင်သမျှဝန်ကိုထမ်းပြီး ဝန်ထမ်းများလည်း တိုင်းပြည်နဲ့ လူမျိုးမျက်နှာပဲကြည့်ပြီး လုပ်ဆောင်ကြမှ အရှေ့တောင်အာရှတိုက်မှာ မြန်မာရယ်လို့ ခေါင်းပြူခေါင်းမော့လာနိုင်မှာ ဖြစ်ပါတယ်။

ကောက်ရိုးမီးဖြစ်လို့ မရဘူးနော်နှင့် ဘကြီးမိုးပါ။

ဘကြီးမိုး