မင်းကိုနိုင် ● ဆုံးရှုံးခဲ့သော ရတနာများ

မင်းကိုနိုင် ● ဆုံးရှုံးခဲ့သော ရတနာများ
(မိုးမခ) သြဂတ်စ် ၁၅၊ ၂၀၁၆

ကိုမင်းကိုနိုင်၏ လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။

ဒီနေ့ ရှစ်လေးလုံးနှစ်ပတ်လည်ဆိုတော့ ဒေါင်းအလံတွေ နေရာအနှံ့ တွေ့ခွင့်ရပြန်သည်။ အရပ်ထဲသာမက၊ အင်တာနက် ဆိုတဲ့ ကမ္ဘာ့ရွာကြီးမကျန် ဒေါင်းအလံတွေပျံလို့။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းကလည်း မိတ်ဆွေတယောက်က အခုလို ပြောဖူးသည်။ “ဒေါင်းအလံတွေ ပြန်မြင်ရတာတော့ ၀မ်းသာစရာပေါ့။ ဒါပေမယ့် တန်ဖိုးကို တကယ်သိပြီး လေးနက်စေ ချင် တယ်” ဟု ရေရွှတ်ရာမှ အမှောင်ခေတ်ဆိုးကြီးတလျှောက် ကျပ်တည်းခဲ့ပုံများ တယောက်တခွန်း ပြောဖြစ်ကြသည်။ နိုင်ငံ ရေးအကျဉ်းသားအဖြစ် နှစ်ပေါင်းများစွာ အထီးကျန်နေခဲ့ရသူတဦးမှာ အကျဉ်းခန်းထဲ စာဖတ်ခွင့်လည်းမရ၊ အဖော်နှင့် ပြော ဆို ရယ်မောခွင့်လည်းမရှိသည့်အခြေအနေတွင် ဆေးလိပ်တိုအစီခံတွင်ပတ်ထားသော သတင်းစာစက္ကူအပိုင်းအစကို ဖတ် မိရာမှ နိုင်ငံရေးကင်းရှင်းကြောင်း ထောက်ခံစာပါရမည်ဆိုသည်ကိုတွေ့၍ ဘာအလုပ်မို့ လျှောက်တာမို့ပါလိမ့်ဟု စူးစမ်း ကြည့်ရာ မှိုစိုက်ပျိုးနည်း (၇) ရက်သင်တန်းဖြစ်နေကြောင်းတွေ့ရင်း ထိုနှစ်အတွက် အကောင်းဆုံးဟာသကိုရခဲ့၍ တဦး တည်း ရယ်မဆုံးဖြစ်ရကြောင်း ပြောပါသည်။

နောက်တဦးက ထောက်ပြသည်မှာ နှစ်ရှည်လများ အကျဉ်းချပြီးတာတောင် အားမရ၊ ပြန်လွတ်လာတော့ ဆရာဝန်ဆို ဆ/မ ခေါ် ဆေးကုသခွင့်ရုတ်သိမ်းထားတာ ပြန်မပေး။ ရှေ့နေဆိုလျှင်လည်း လိုင်စင်ပြန်မရ စသဖြင့် သက်မွေးဝမ်းကျောင်းအ လုပ်ကိုပင် ထိခိုက်နစ်နာအောင် ပိတ်ပင်ခဲ့ကြောင်း ပြောပြသည်။ ထို ဆ/မ လိုင်စင်ပြန်လိုချင်လျှင် နိုင်ငံရေးမလုပ်ပါဟူသော အချက်အပါအ၀င် ကတိက၀တ် များစွာခံပြီး အသနားခံစာတင်ရမည်ဟူ၏။

“ကျွန်တော့်အဖေဟာ အတော်ခံပြင်းခဲ့တယ်။ သူ့ယုံကြည်ချက်ကို နေ့စဉ်ထမင်းပွဲနဲ့ အလဲခိုင်းနေတဲ့ကိစ္စ။ သူကတော့ ရှင်း တယ်… အညံ့တော့ မခံဘူး။ သူ့တပည့်တပန်းတွေဆီမှာပဲ တောင်းစားတော့မယ်လို့ကြေညာပြီး အဲဒီအတိုင်း တကယ်နေ ခဲ့တာ။” ထင်ရှားသော ရှေ့နေကြီးတဦးရဲ့ သားဖြစ်သူက ဇာတ်ကြောင်းပြန်ခြင်းဖြစ်ပါသည်။
-*-*-*-

စကားဝိုင်းက ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲတော်အကြောင်း ရောက်ပြန်သည်။

“ညောင်တုန်းဘက်မှာဗျာ - ၂၀၀၅ လောက်တုန်းကပေါ့။ နိုင်ငံရေးသမားတယောက်ကို ရုံးတင်စွပ်စွဲရာမှာ သူ့အိမ်က သိမ်း ဆည်းရမိတဲ့သက်သေခံတွေထဲ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကြီးပါ ထောင်ပြလို့။”

“ ဟာ…..၂၀၀၀ ၀န်းကျင်ခေတ်တွေက ထောင်ကထွက်လာတဲ့ကျောင်းသားတွေ အိမ်တအိမ် လူစုနေကြတယ်။ သတင်းပို့လို့ ညဘက် ဧည့်စာရင်းစစ်မယ်ဆိုပြီး ၀င်မွှေတော့ ဘာမှ မယ်မယ်ရရ မတွေ့ဘူး။ အစိုးရဆန့်ကျင်တဲ့ လှုပ်ရှားမှု စာရွက်စာတမ်း တခုမှ မမြင်လို့  အကြံအိုက်နေတုန်း ဒီမှာတွေ့ပြီ ဆိုပြီး ၀မ်းသာအားရပြလို့ ကြည့်လိုက်တော့ … ဆရာကြီးသခင်ကိုယ်တော်မှိုင်း ပုံတဲ့ဗျား။ အဲဒါနဲ့ ရုံးတင်တာပဲ”

“အမျိုးသားခေါင်းဆောင်နဲ့ ငြိမ်းချမ်းရေးဖခင်တွေခမျာ အမှုတွဲဖြစ်ရရှာတာပေါ့။”
-*-*-*-

ရှစ်လေးလုံးအရေးတော်ပုံတွင် တက်ကြွပါဝင်ခဲ့သူတဦးအားလိုက်ဖမ်းစဉ် သူ့အိမ်တွင် သိမ်းဆည်းထားသည့် တချိန်သမိုင်းဝင် လာမည့် တိုက်ပွဲဝင်စာစောင်၊ ဂျာနယ်မှအစ မှတ်တမ်းမှတ်ရာ အမှတ်တရပစ္စည်းများကို မိသားစုက မလုံခြုံဟု ခံစားရ။ အိမ် လာပြီး မွှေနောက်ယူသွားမှာစိုးသဖြင့် မိတ်ဆွေများအားတိုင်ပင်ရာ အဘိုးအိုတဦးက သူတာဝန်ခံသိမ်းပေးထားမည်ဆိုကာ ယူသွားခဲ့သည်။

လုံခြုံသည့်နေရာရချိန် ပြန်တောင်းရာ ထိုအဘိုးအို၏ အိမ်သားများက အဖေအဖမ်းခံရဲတာ အရေးမကြီးဘူး၊ သားသမီးတွေက ၀န်ထမ်းတွေ၊ အလုပ်ပြုတ်၊ ထောင်ကျတော့မခံနိုင်ဘူးဆိုကာ ဖျက်ဆီးပစ်ခဲ့ကြကြောင်း ထိုအဘိုးအိုခမျာလည်း ယုံကြည်၍ အပ်နှံထားသော ပိုင်ရှင်များကို ကြေကွဲအားနာ၊ သားသမီးများကိုလည်း ဒေါသဖြစ် အပြင်းအထန်ခံစားခဲ့ရရှာကြောင်း တဦး က ပြောသည်။

နိုင်ငံခြား ပညာတော်သင်တဦး ရန်ကုန်လေဆိပ်တွင် အဖမ်းခံခဲ့ရသည့်အကြောင်း စကားစပ်မိ ကြပြန်သည်။

ဘာကြောင့်လဲဆိုတော့ ပြည်တွင်းနိုင်ငံရေးလှုပ်ရှားမှုများအကြောင်း ရိုက်ကူးထားသည့် ဓာတ်ပုံ၊ ဗီဒီယိုဖိုင်များကို ပြည်ပရှိ အဖွဲ့အစည်းများထံ လက်ဆင့်ကမ်း သယ်ဆောင်စွန့်စားပေးရန် တာဝန်ယူခဲ့သူမို့တဲ့။

“ရင်းဝံ့သူနဲ့ မရင်းဝံ့သူတွေပေါ့ဗျာ။ တန်ဖိုးထားမှုတွေပဲ ကျွန်တော်တို့ဟာ အဖိုးတန်တဲ့လူတွေကိုရော သက်မဲ့ပစ္စည်းတွေဖြစ် ပေမယ့် သမိုင်းတန်ဖိုးကြီးတဲ့အရာတွေကိုရော ဆုံးရှုံးခဲ့ရတာပဲ။” ဟု တယောက်က သက်ပြင်းမောဖြင့် ကောက်ချက်ချသည်။
-*-*-*-

ဆရာဦးဝင်းတင်အပါအ၀င် သူ၏လုပ်ဖော်ကိုင်ဖက်များအား ဖမ်းဆီးစဉ်ကအကြောင်းတွေကိုလည်း နောက်ကြောင်းပြန်ဖြစ် ကြ၏။

အိမ်မှာလာခေါ်တဲ့ည (သို့မဟုတ်) နောက်တနေ့ညတွေမှာ အိမ်ရှိစာအုပ်စင်များကို မွှေနောက်ယူဆောင်သွားကြပုံများ တရားဝင်ထုတ်ထားသောစာအုပ်များဖြစ်ပါလျှက် အင်္ဂလိပ်လိုရေးထားတဲ့စာအုပ်တွေလည်း မကျန်စေနဲ့ဆိုကာ ကားတစီး ပြည့် သယ်သွားကြပုံများ ....။

ထင်ရှားသော ရှေ့နေကြီးတဦး၏သားက သူ့ဖခင်ဖမ်းဆီးခံရစဉ်အကြောင်းပြောရင်း “အဖေတသက်လုံး စုဆောင်းလာတဲ့ စာအုပ်တွေ သိပ်နှမြောတယ်ဗျာ။ ပြန်တောင်းတာလည်း မရတော့ဘူး။ အခုနေ ဘယ်သူ့ဆီပြောရမှန်းမသိဘူး။ ကျွန်တော်တို့ မိသားစုအတွက် မဟုတ်ပါဘူး။ လေ့လာချင်တဲ့လူငယ်တွေ ဖတ်နိုင်အောင်လှူချင်တာပါ” ဟု နာကျင်စွာ ရင်ဖွင့်သည်။

ထိုဖမ်းဆီးခံခဲ့ရသူများအကြောင်းကို သတင်းစာရှင်းလင်းပွဲလုပ်သောအခါ ထိုစာအုပ်ပုံကြီးများ ခင်းကျင်းလျက် ဧရာမ အ ပြစ်ကြီးသော သက်သေခံများသဖွယ် ပြခဲ့ကြောင်း အားလုံးက အမှတ်တရ ဆိုကြသည်။

“လူတင်ဖမ်းတာမဟုတ်ဘူး။ စာအုပ်တွေပါ အဖမ်းခံရတာပဲ။” တယောက်က ကြေကြေကွဲကွဲ မှတ်ချက်ပြုသည်။

“ အဲဒီထဲမှာဗျာ…ဆရာကြီး တော်စတွိုင်းရဲ့ စစ်နဲ့ငြိမ်းချမ်းရေး စာအုပ်တွဲကြီးတောင်ပါသေးတာ ကျွန်တော်ဖြင့် အံ့သြမဆုံးဘူး။ ”
“နှမြောလိုက်တာ..။ နေပါဦးဗျ….ဒါက ဘာဆိုင်လို့ ဒီစာအုပ်တွဲကြီး ပါသွားရတာလဲ။”

“မေးတယ်ဗျ…မေးတယ်…။ အဲဒီဖမ်းတဲ့သိမ်းတဲ့သူက စာအုပ်ကြီးထောင်ပြပြီး ပိုင်ပိုင်နိုင်နိုင် မျက်နှာပေးနဲ့ ဖြေတာလေ။ ဒီမှာ မမြင်ဘူးလား ခေါင်းစဉ်ကိုက “စစ်” လည်းပါတယ်၊ “ငြိမ်းချမ်းရေး” လည်း ပါတယ်လေတဲ့။

- ‪#‎မင်းကိုနိုင်‬
[ ပြည်သူ့အရေးဂျာနယ် အတွဲ-၂၊ အမှတ် ၉၆ မှ ]