ဂါမဏိ ● ၁ ၃ ၅

ဂါမဏိ ● ၁ ၃ ၅
၂ ၁ ရာ စု ပ င် လုံ စာ စ ဉ် ( ၃ ၁ )
(မိုးမခ) သြဂတ်စ် ၃၀၊ ၂၀၁၆

နအဖဟာ အရင်အစိုးရအဆက်ဆက်နဲ့ လမ်းခွဲထွက်လာတာဖြစ်တယ်၊ အရင်အစိုးရတွေထက်သာတယ်လို့ ဝါကြွားနေပေမဲ့ ဦးနုအစိုးရလုပ်ခဲ့တဲ့ ကမ္ဘာအေးလှိုဏ်ဂူ၊ နေဝင်းလုပ်ခဲ့တဲ့ မြန်မာစာသတ်ပုံမှာ တစ်ခု-တစ်ယောက် စသဖြင့် သုံးစွဲရေး၊ စောမောင်ထွင်ခဲ့တဲ့ မြန်မာနိုင်ငံတိုင်းရင်းသား ၁၃၅ မျိုး၊ ခင်ညွန့်ထွင်ခဲ့တဲ့ မြန်မာအစ-ပုံတောင်ပုံညာက၊ လူသားအစ-မြန်မာက ဆိုတဲ့ ပေါကြောင်ကြောင်အယူအဆတွေကို ဆက်ကျင့်သုံးနေပါတယ်။ အခုဆောင်းပါးမှာတော့ မြန်မာပြည်မှာ တိုင်းရင်း သား ၁၃၅ မျိုးတကယ်ရှိမရှိကို ဆန်းစစ်ဖော်ထုတ်သွားပါမယ်။

ပထဆုံး ကချင်လူမျိုးတွေကိုကြည့်ရင် နဝတ-နအဖက ကချင်လူမျိုး ၁၂ မျိုး လို့ဖော်ပြထားရာမှာ လူမျိုးတမျိုး ထဲက ဆွေမျိုးစုကွဲ၊ ဘာသာစကားလေယူလေသိမ်းကွဲတွေကို သီးခြားလူမျိုးအဖြစ် ဇွတ်အတင်းပြထားပါတယ်။ ဒါ့အပြင် ကချင်ဆို တဲ့နာမယ်နဲ့ လူမျိုးတမျိုး သီးသန့်ပြထားသလို ဂျင်းဖောနာမယ်နဲ့လည်း ပြထားပြန်တယ်။ တကယ်တော့ ကချင်ဆိုတာ အားလုံးကိုခြုံခေါ်တဲ့နာမယ်ဖြစ်မှန်း လူတိုင်းသိပေမဲ့ နအဖဟာ လူမျိုးအရေအတွက် ဖောင်းပွစေချင်လွန်းအားကြီးလို့ သီးသန့် လူမျိုးမဟုတ်တာကို အဟုတ်ကြီးလုပ်ထည့်တာဖြစ်တယ်။

နအဖ စာရင်းထဲက ဂေါ်ရီ၊ ခခူ နဲ့ ဒူးလန်းတို့ဟာ ဂျင်းဖောအနွယ်ကွဲတွေသာဖြစ်ပြီး သီးခြားလူမျိုးစုတွေ မဟုတ်ပါဘူး။ ခခူနဲ့ဒူးလန်းဆိုရင် မျိုးနွယ်ကွဲတခုတည်းကိုဘဲ နာမယ်နှစ်မျိုး ခေါ်ထားတာဖြစ်ပါတယ်။ ကချင် ၁၂ မျိုးထဲက တမျိုးအဖြစ်ပြ ထားတဲ့ တရုမ်းနဲ့ ဒလောင် ဆိုတာလည်း ရဝမ် မျိုးနွယ်ကွဲဖြစ်ပါတယ်။ ဒါကြောင့် နအဖပြောတဲ့ ကချင် ၁၂ မျိုးဟာ လက်တွေ့မှာ ၁ မျိုးဘဲဖြစ်ပြီး မျိုးနွယ်စုတွေအဖြစ် ဂျိန်းဖော (မရစ်၊ မရမ်၊ အင်ခွန်၊ လဖိုင်၊ လထော်၊ မဂေါင်၊ ဒူလင်း-ခခူ၊ ဂေါ်ရီ-ဂျဆင်း၊ လေပဲယာ၊ ငှခုပ်)၊ ရဝမ် (ဒရု၊ လွန်မီ၊ မတ်ဝမ်၊ ထလု၊ ထရုံ စသည်များ)၊ မရူ-လောင်ဝေါ်၊ အဇီး-ဇိုင်ဝါး၊ လရှီ-လချိတ်၊ လီဆူး-လီရှော ဆိုတဲ့ မျိုးနွယ်စု ၆ စုဘဲရှိပါတယ်။

နအဖစာရင်း အမှန်စာရင်း
၁။ ကချင် = ဂျိန်းဖော၊ မရူ၊ ရဝမ်၊ လရှီ၊ အဇီး နှင့် လီဆူး တို့ကို လွှမ်းခြုံခေါ်ဝေါ်သည့်အမည်
၂။ တရုမ်း = ရဝမ်မျိုးနွယ်စု
၃။ ဒလောင် = ရဝမ်မျိုးနွယ်စု
၎။ ဂျိန်းဖော = ဂျိန်းဖော (ဂေါ်ရီ၊ ခခူ၊ ဒူးလန်း နှင့် အခြားမျိုးနွယ်စုဝင်များပါဝင်)
၅။ ဂေါ်ရီ = ဂျိန်းဖောမျိုးနွယ်စု
၆။ ခခူ = ဂျိန်းဖောမျိုးနွယ်စု
၇။ ဒူးလန်း = ဂျိန်းဖောမျိုးနွယ်စု
၈။ မရူ (လော်ဝေါ်) = မရူမျိုးနွယ်စု
၉။ ရဝမ် = ရဝမ် သို့မဟုတ် နုံး (ဒလောင်၊ တရုမ်း နှင့် အခြားမျိုးနွယ်စုများပါဝင်) မျိုးနွယ်စု
၁ဝ။ လရှီ (လချိတ်) = လရှီမျိုးနွယ်စု
၁၁။ အဇီး = အဇီး သို့မဟုတ် ဇိုင်ဝါးမျိုးနွယ်စု
၁၂။ လီဆူး လီဆူး သို့မဟုတ် ယောယင်မျိုးနွယ်စု

နအဖရဲ့ ကယား လူမျိုးစာရင်းထဲမှာ လူမျိုး ၉ မျိုးပြထားတယ်။ ဒီထဲမှာ ဇယိမ်း၊ ကယန်း (ပဒေါင်)၊ ကဲ့ခို၊ ယင်းဘော် ဆိုတဲ့ လေးမျိုးဟာ တကယ်တော့ ကယန်း (ပဒေါင်) လူမျိုးရဲ့ မျိုးနွယ်စုတွေသာဖြစ်တယ်။ ကယားလူမျိုးထဲမှာလဲ ကယား၊ က ယော၊ မနူးမနော၊ ယင်းတလဲမျိုးနွယ်စုတွေပါဝင်ပြီး ကယားနဲ့ ကယန်းဟာ ကရင်နီလူမျိုးတမျိုးတည်းအဖြစ်လဲ ခံယူနိုင်တယ်။ ဂေဘားကတော့ တချို့က ကရင်နီမျိုးနွယ်စုအဖြစ်၊ တချို့က ကရင်မျိုးနွယ်စုအဖြစ် ပါဝင်ဖို့ ဆန္ဒရှိကြတယ်။

နအဖစာရင်း အမှန်စာရင်း
၁။ ကယား = ကယား
၂။ ဇယိမ်း = ကယန်းမျိုးနွယ်စု
၃။ ကယန်း (ပဒေါင်) = ကယန်း (ပဒေါင်၊ ကဲ့ခို၊ ယင်းဘော်၊ ဇယိမ်းတို့ပါဝင်)
၎။ ကဲ့ခို = ကယန်းမျိုးနွယ်စု
၅။ ဂေဘား = ကရင်မျိုးနွယ်စု
၆။ ဘရဲ့(ကယော) = ကယားမျိုးနွယ်စု
၇။ မနုမနော = ကယားမျိုးနွယ်စု
၈။ ယင်းတလဲ = ကယားမျိုးနွယ်စု
၉။ ယင်းဘော် = ကယန်းမျိုးနွယ်စု

နအဖရဲ့ကရင် လူမျိုး ၁၁ မျိုးစာရင်းဟာလည်း လူမျိုးတမျိုးထဲရဲ့ နာမယ်ကွဲတွေ၊ မျိုးနွယ်စုကွဲတွေကို သီးခြား လူမျိုးတွေအဖြစ် ဖန်တီးထားတယ်။ အားလုံးကိုလွှမ်းခြုံခေါ်တဲ့ ကရင်လူမျိုးကသတ်သတ်၊ စကော ပိုး ဘွဲ စတဲ့လူမျိုး ကသတ်သတ်လုပ်ထားတာ အင်မတန်ရယ်စရာကောင်းပါတယ်။ လူမျိုးတွေဖောင်းပွစေချင်လွန်းလို့ ကြံမိကြံရာလုပ်လိုက်တာ တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေတဲ့အစိုးရ အရည်အချင်းမဲ့မှုကို ပြတာလည်းဖြစ်သွားတယ်။ ကိုယ့်တိုင်းပြည်က လူမျိုးနာမယ်တောင် အမှန်အတိုင်းမသိဘဲ အစိုးရလုပ်နေရသလား၊ ဒါလောက်လေးမှ မသိဘူးလားလို့ အများမေးငေါ့စရာ ဖြစ်ကုန်ပါတယ်။ ကရင်လူမျိုးမှာ စကော၊ ပိုး၊ ပကူး၊ မိုဘွာ၊ ဘွဲ၊ ဂေဘား မျိုးနွယ်စု ၆ မျိုးဘဲရှိပါတယ်။ တလှေပွား၊ မောနေပွား ဆိုတာတွေဟာ ပကူးကရင် နာမည်ကွဲ တွေဖြစ်သလို ပလေကီး ကတော့ မိုးပွား အမည်ကွဲသာဖြစ်တယ်။ မွန်ကရင်ဆိုတာ ပိုးကရင်ဖြစ်ပြီး စာဖြူကရင်ဆိုတာကတော့ လူမျိုးကိုပြောတာမဟုတ်ဘဲ ခရစ်ယန်ဘာသာဝင်တွေကို ပြောတာဖြစ်တဲ့အတွက် နအဖရဲ့ ကလိမ်ကကျစ်လုပ်မှုကို ထင် ရှားနေစေတယ်။ ကရင်ဖြူကတော့ ကယန်းလူမျိုးထဲက အောက်ကယန်း သို့မဟုတ် ဂေခိုမျိုးနွယ်စုဖြစ်တယ်။

ကယား၊ ကယန်း၊ ဂေဘားတို့ဟာ ရင်းမြစ်အားဖြင့် ဘွဲကရင်ဖြစ်ပေမဲ့ မျက်မှောက်ကာလမှာတော့ သီးခြားလူမျိုးတွေ၊ မျိုးနွယ်စုတွေအဖြစ် ရပ်တည်သွားကြပါပြီ။ ပအိုဝ်းလူမျိုးကတော့ နဂိုမူလရင်းမြစ်အားဖြင့် ပိုးကရင် မျိုးနွယ်စုဖြစ်ပေမဲ့ အခုတော့ သီးခြားလူမျိုးလက္ခဏာ ခံယူထားပြီဖြစ်တယ်။

နအဖစာရင်း အမှန်စာရင်း
၁။ ကရင် = စကော၊ ပိုး၊ ပကူး၊ မိုဘွာ၊ ဘွဲ၊ ဂေဘားအားလုံးကို ခြုံ၍ခေါ်သောအမည်
၂။ ကရင်ဖြူ = ကယန်းမျိုးနွယ်စု
၃။ ပလေကီး = မိုဘွာမျိုးနွယ်စု
၎။ မွန်ကရင်(စာဖြူ) = ပိုးကရင်အမည်ကွဲ၊ စာဖြူဆိုသည်မှာ ခရစ်ယန်ဘာသာဝင်ကို ဆိုလို
၅။ စကော = စကောမျိုးနွယ်စု
၆ တာလှေပွား = ပကူးမျိုးနွယ်စု
၇။ ပကူး = ပကူးမျိုးနွယ်စု
၈။ ဘွဲ = ဘွဲမျိုးနွယ်စု
၉။ မောနေပွား = ပကူးမျိုးနွယ်စု
၁ဝ။ မိုးပွား = မိုးပွားမျိုးနွယ်စု
၁၁။ ရှူး (ပိုး) = ပိုးကရင်မျိုးနွယ်စု

နအဖစာရင်းထဲမှာ အဆိုးဆုံးကတော့ ချင်း လူမျိုး ၅၃ မျိုးပြထားတာပါဘဲ။ ရူးပေါပေါထုံးစံအတိုင်း ချင်း ဆိုတဲ့နာမယ်နဲ့ လူမျိုးတမျိုးလည်းပြထားပါသေးတယ်။ ၅၃ မျိုးထဲမှာ ချင်းလူမျိုးအဖြစ် အမှတ်အသားလက္ခဏာ identity မသတ်မှတ်နိုင်တဲ့ နာဂ၊ မဏိပူရတိုင်းသားကသည်း နဲ့ နီပေါတိုင်းသားလင်းဘု ကိုလည်းထည့်ထားတယ်။ ဒီကနေ့ ချင်းနိုင်ငံရေးပါတီတွေနဲ့ပညာရှင်များ လက်ခံအတည်ပြုထားတာ ချင်းမျိုးနွယ်စု ၈ မျိုးဘဲဖြစ်ပါတယ်။ လူမျိုး Race မဟုတ်တဲ့ ဆွေမျိုးစု Clan ၊ စကားဝဲအစု Dialect တွေကို ရောနှောပြထားတဲ့ ၅၃ မျိုးကို သရုပ်ခွဲလိုက်ရင် အခုလို တွေ့ရပါတယ်။

နအဖစာရင်း အမှန်စာရင်း
(၁) ချင်း = ဇိုမီး၊ ကူကီး၊ မီဇို၊ လိုင်မီး၊ မရာ၊ ချို၊ အရှို၊ ခမီး မျိုးနွယ်စု ၈ စုကို လွှမ်းခြုံ ခေါ်သော လူမျိုးအမည်
(၁ဝ) ခေါနိုး၊ ဂန်တဲ့၊ ဂွေးတဲ၊ ငွန်း၊ ဆီစာန်၊ ဆိုင်းဇန်၊ ဇို၊ တီးတိန်၊ တေဇန်၊ ဒင်မ် = ဇိုမီးချင်းမျိုးနွယ်စု
(၂) ခေါင်ဆိုင်၊ တာ့ဒိုး = ကူးကီးချင်းမျိုးနွယ်စု
(၁၅) ခွာဆင်းမ်၊ ခွန်လီ၊ ဆင်တန်၊ ဇာဟောင်၊ ဇိုဖေ၊ ဇန်ညှပ်၊ တပေါင်၊ တိုင်ချွန်း၊ တောရ်၊ မိအဲ၊ လင်တဲ၊ လောက်တူ၊ လိုင်၊ လိုင်ဇို၊ ဇိုတုံး = လိုင်မီးချင်းမျိုးနွယ်စု
(၂) မရာ၊ မတူ = မရာချင်းမျိုးနွယ်စု
(၅) ဒိုင် (ယင်ဒူး)၊ မကန်း၊ မွင်း၊ အုပု၊ ရောင်တူ = ချိုချင်းမျိုးနွယ်စု
(၇) ခမီ၊ အဝခမီ၊ ခေါင်စို၊ ပနန်း၊ လေးမြို၊ ဝါကင်းမ်၊ အနူး = ခမီးချင်း(မြို) မျိုးနွယ်စု
(၂) ဆလိုင်း၊ အရှို = အရှိုချင်းမျိုးနွယ်စု
(၃) ကလင်ကော(လူရှိုင်း)၊ လူရှိုင်း(လူရှေ)၊ ဟွာလ်ငို = မီဇိုချင်း (လူရှိုင်း) မျိုးနွယ်စု
(၄) နာဂ၊ တန်ခူး၊ မာရင်၊ အနန် = နာဂလူမျိုး
(၁) မေ့ထေး(ကသည်း) = မဏိပူရ်မျိုးနွယ်
(၁) လင်းဘု = နီပေါမျိုးနွယ်

ကူကီး (သာဒိုး) ဟာ ရင်းမြစ်အားဖြင့် ဇိုမီးမျိုးနွယ်စုဖြစ်ပေမဲ့ အခုတော့ သီးခြားမျိုးနွယ်စုအဖြစ် ရပ်တည်နေပါပြီ။ လိုင်မီး ရင်းမြစ်ဖြစ်တဲ့ မရာ ဟာလည်း အခု သီးခြားမျိုးနွယ်စုအဖြစ် ရပ်တည်နေပါပြီ။ နအဖဟာ ခမွီးနဲ့မြို ကို ရခိုင်လူမျိုး ထဲထည့်မထားရင် ချင်း ၅၅ မျိုး ဖြစ်သွားနိုင်တယ်။ ချင်းပုန်း၊ ချင်းဘုတ် စတဲ့ နာမယ်ကွဲတွေ ထပ်ထည့်လိုက်ရင် နအဖရဲ့ ချင်းစာရင်းဟာ ၁ဝဝ နားကပ်သွားနိုင်ပါတယ်။

ချင်းပြည်နယ်ထဲကလဲမဟုတ်တဲ့ နာဂ လူမျိုးကို ချင်းလူမျိုးထဲ သတ်မှတ်ထည့်သွင်းလို့မရဘဲ သီးခြားမြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးတမျိုးအဖြစ် သတ်မှတ်ရ မှာဖြစ်ပါတယ်။ နအဖရဲ့ချင်းတွေလိုဘဲ နာဂထဲက ဆွေမျိုးစု၊ စကားဝဲအစုတွေက အနည်းဆုံး ၆၄ မျိုးရှိလို့ ချင်းထက်များပါတယ်။ နာဂလူမျိုးမှာ ပြည်နယ်မရှိလို့ ချင်းလို လူမျိုးအများကြီး ခွဲမပြတာဖြစ်ပါလိမ့်မယ်။ နို့မဟုတ်ရင် နအဖရဲ့ မြန်မာပြည် “တိုင်းရင်းသားအရေအတွက်” ၃ဝဝ ကျော်သွားနိုင်ပါတယ်။

နာဂလူမျိုးမှာတော့ လိုင်းနောင်၊ လဟယ်၊ တန်ရှန်း၊ ကွန်ညပ်၊ တန်ကွန်၊ မကူရီ၊ ပါရာ မျိုးနွယ်စုကြီး ၇ စု ရှိတယ်။

နအဖက ဗမာ (ခေါ်) မြန်မာလူမျိုးစုအရေအတွက်ကို နဝင်းကျေအောင် ၉ ခုပြထားပါတယ်။ ယော၊ ထားဝယ်နဲ့ ဘိတ် တို့ကို သီးခြားလူမျိုးတွေအဖြစ် ပြထားတယ်။ တကယ်တော့ စကားဝဲ dialect အစုကွဲသာဖြစ်တယ် လို့ မနုဿဗေဒပညာရှင်များနဲ့ ဘာသာဗေဒပညာရှင်များ သတ်မှတ်ထားတာ အားလုံးအသိပါဘဲ။ ဘိတ်နဲ့ထားဝယ်ကတော့ သီးခြားလူမျိုးသရုပ်လက္ခဏာနဲ့ ရပ်တည်လာနေပြီဖြစ်တယ်။ နအဖဟာ ရှမ်းပြည်က သီးခြားဗမာမျိုးနွယ်ဝင် ဓနု၊ တောင်ရိုးနဲ့ အင်းသားတို့ကိုလဲ ရှမ်းလူမျိုးထဲ ထည့်ထားပါတယ်။ ရှမ်းပြည်၊ ကချင်ပြည်နဲ့ စစ်ကိုင်းတိုင်းအစပ်က ရှေးဦးဗမာ Proto-Burman မျိုးနွယ်ဝင် ဖွန်းလူမျိုးကို ဗမာလူမျိုးထဲ ထည့်ထားပေမဲ့ နောက်ထပ် ရှေးဦးဗမာမျိုးနွယ်ဝင် မိုင်းသာလူမျိုးကိုတော့ ရှမ်းလူမျိုးထဲထည့်ထားတယ်။ ဒါ့အပြင် တိဘက်-ဗမာအနွယ် မဟုတ်ဘဲ မလေး၊ အင်ဒိုနီးရှား တို့လို သြစထြိုနီးရှန်းမျိုးနွယ်ကြီးထဲက ဆလုံတွေကို ဗမာလူမျိုးထဲထည့်ထားတာဟာ မနုဿဗေဒအသိ နုံ့နဲ့ရာကျပါတယ်။ စစ်ကိုင်းတိုင်းထဲက နာဂတွေကျတော့ ချင်းလူမျိုးထဲ ထည့်ထားပေမဲ့ ကဒူးကနန်းတွေကိုတော့ ဗမာလူမျိုးထဲ ထည့်ထားပြီး ကဒူးနဲ့ကနန်းကိုလည်း ခွဲပြထားတယ်။ ယဗိန်းကတော့ လူဦးရေရာဂဏန်းလောက်ဘဲ ရှိနိုင်တော့တဲ့ မျိုးတုံးလုနီးဗမာမျိုးနွယ်စု ဖြစ်ပါတယ်။ ဖွန်း၊ မိုင်းသာ နဲ့ ကဒူးကနန်းတို့ကို ရှမ်းလူမျိုးတွေကလဲ တိုင်းဖွန်း၊ ရှမ်းတရုတ် နဲ့ တိုင်းကတူး ဆိုတဲ့ ရှမ်းမျိုးနွယ်စုတွေအဖြစ် သတ်မှတ်ထားတယ်။

နအဖစာရင်း အမှန်စာရင်း
၁။ ဗမာ = ဗမာ
၂။ ထားဝယ် = ထားဝယ်
၃။ ဘိတ် = ထားဝယ်စကားဝဲအစု
၎။ ယော = ဗမာစကားဝဲအစု
၅။ ယဗိန်း = ဗမာမျိုးနွယ်စု
၆။ ကဒူး = ကဒူးကနန်းမျိုးနွယ်စု
၇။ ကနန်း = ကဒူးကနန်းမျိုးနွယ်စု
၈။ ဆလုံ = ဆလုံလူမျိုး
၉။ ဖွန်း = ဖွန်းလူမျိုး

နအဖဟာ မွန်ကိုတော့ တမျိုးထဲပဲပြထားပြီး တခြားမွန်ခမာမျိုးနွယ်တွေဖြစ်တဲ့ ဝ၊ ပလောင်၊ ယင်းနက် ယင်းကျား စတာတွေကို ရှမ်းလူမျိုးတွေထဲထည့်ပြထားပါတယ်။

နအဖစာရင်း အမှန်စာရင်း
၁ မွန် = မွန်
ရခိုင် လူမျိုးကို ၇ မျိုးစာရင်းပြထားရာမှာ တကယ်တော့ ခမွီး နဲ့မြို (မရို) ဟာ ရခိုင်ပြည်မှာနေတဲ့ ခမီးချင်းတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ခမွီးနဲ့မြို ဟာ သီးခြားလူမျိုးနှစ်မျိုးမဟုတ်ဘဲ မျိုးနွယ်စုတခုတည်းအောက်က မျိုးနွယ်ကွဲတွေသာ ဖြစ်ပါတယ်။

နအဖစာရင်း အမှန်စာရင်း
၁။ ရခိုင် = ရခိုင်လူမျိုး
၂။ ကမန် = ကမန်လူမျိုး (ရခိုင်စကားပြော အစ္စလာမ်ဘာသာ ဝင်)
၃။ ခမွီး = ခမီးချင်းမျိုးနွယ်စု
၎။ ဒိုင်းနက် = ဒိုင်းနက်-ချက္ကမာလူမျိုး (ဘင်္ဂါလီစကားပြော ဗုဒ္ဓဘာသာဝင်)
၅။ မရမာကြီး = မရမာကြီး-ဘရူးဝါးလူမျိုး (ဘင်္ဂါလီစကားပြော ဗုဒ္ဓဘာသာဝင်)
၆။ မြို = ခမီးချင်းမျိုးနွယ်စု
၇။ သက် = သက်-ချက် (ရခိုင်မျိုးနွယ်စု)

နအဖစာရင်းပါ ရှမ်း ၃၃ မျိုးကတော့ ရှမ်းတင်မကဘဲ တိဘက်ဗမာမျိုးနွယ်တွေ၊ ပအိုဝ်း လို ကရင်မျိုးနွယ်တွေ၊ ဝ ပလောင်လို မွန်ခမာမျိုးနွယ်တွေစသဖြင့် ရောထွေးနေပါတယ်။ ရှမ်းကြီးနဲ့ တိုင်းလုံ ဆိုတာ တခုတည်းဖြစ်ပြီး ရှမ်းကလေးနဲ့ တိုင်းလေ့ဟာလည်း တမျိုးတည်းဖြစ်တယ်။ ခန္တီးရှမ်း နဲ့ တိုင်းလျမ် (ရှမ်းနီ) ကိုပြထားပေမဲ့ တိုင်းနူ (ရှမ်းတရုတ်)၊ တိုင်းလိ၊ တိုင်းလမ် နဲ့ ဒရယ် ကိုချန်ထားတယ်။ ကရင်၊ ချင်း တို့လိုဘဲ ထိုင်း သို့မဟုတ် တိုင်း (ရှမ်း) လူမျိုးဟာလဲ လူမျိုး တမျိုးတည်းအောက်မှာ ထိုင်းယိုင် (ထိုင်းလုံ၊ ရှမ်းကြီး)၊ ထိုင်းမော၊ ထိုင်းနူ(ရှမ်းတရုတ်)၊ ထိုင်းခွန် (ဂုံရှမ်း)၊ ထိုင်း ခမ်းတီး၊ ထိုင်းလျံ (ရှမ်းနီ)၊ ဒရယ်၊ ထိုင်းလိ (ကျိုင်းရုံးကြီးရှမ်း)၊ ထိုင်းလမ် (မုံးလမ်ရှမ်း)၊ ထိုင်းခွမ်း စတဲ့ မျိုးနွယ်စု တွေသာဖြစ်နေပြီး အိမ်နီးချင်းနိုင်ငံက ရှမ်းမျိုးနွယ်တွေဖြစ်တဲ့ ထိုင်း (ထိုင်းနွဲ့၊ ရှမ်းကလေး)၊ ထိုင်းယွန်း (ဇင်းမယ်ရှမ်း)၊ ထိုင်းလော တို့ကိုတော့ သီးခြားလူမျိုးတွေအဖြစ် သတ်မှတ်လို့ရနိုင်ပါတယ်။

အင်၊ စုံ၊ ဝ နဲ့ တိုင်းလွယ် တို့ဟာ တမျိုးတည်း ဖြစ်ပါတယ်။ (တိုင်းလွယ် ကိုတော့ သီးခြားမွန်ခမာလူမျိုးတခု အဖြစ် ယူလို့ရနိုင်တယ်။) ကွီ နဲ့ လားဟူ မကွာသလို ဖျင်နဲ့ အခါလည်း အတူတူပါဘဲ။ ပလေးနဲ့ပလောင် အတူတူဖြစ်သလို မြောင်ဇီး၊ ယအို (ယောင်) နဲ့ အိုက်ဆွယ် တမျိုးတည်းဖြစ်ကြပါတယ်။ နယ်ချင်းထိစပ်နေလို့ ယူနန်တရုတ်လူမျိုးကို (ယူနန်တရုတ် မဟုတ်ဘဲ လွန်ခဲ့တဲ့ နှစ် ၄၀၀ နီးပါးက မင်မင်းဆက် နောက်ဆုံးဘုရင်နဲ့အတူပြေးလာတဲ့ မြောက်ပိုင်းသား မန်ဒါရင်တရုတ် လို့လဲ တချို့သမိုင်းတွေမှာ ဆိုပါတယ်) ဗမာပြည်ရဲ့တိုင်းရင်းသား ကိုးကန့်လူမျိုး အဖြစ် သတ်မှတ်ထားတာတွေ့ရသလို ယွန်း (မြောက်ပိုင်းထိုင်း) လူမျိုး၊ ခမူ (လော) လူမျိုး၊ ရှမ်းကလေး (ဝါ) တိုင်းလေ့ (ထိုင်း) လူမျိုးတို့ကိုလည်း မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးအဖြစ် သတ်မှတ်ထားတာတွေ့ရတယ်။ ချင်းပြည်ဘက်မှာ ကသည်း (မဏိပူရ်) လူမျိုး၊ လင်းဘု (နီပေါ) လူမျိုးတို့ကို တိုင်းရင်းသားသတ်မှတ်ထားပေမဲ့ အလားတူ နယ်ချင်းစပ်နေလို့ ဗမာပြည်နယ်နိမိတ်ထဲ မျိုးဆက်များစွာနေထိုင်နေတဲ့ ထိုင်းလိ (ယူနန်)၊ ထိုင်းလမ် (ယူနန်)၊ ပသျှူး (မလေး)၊ တိဘက်၊ ဂေါ်ရခါး (နီပေါ)၊ စစ်တကောင်းဘင်္ဂါလီ-ရိုဟင်ဂျာ (ဘင်္ဂလားဒေ့ရှ်) တို့ကိုတော့ တိုင်းရင်းသား အဖြစ် ဖော်ပြထားတာမတွေ့ရပါဘူး။
နအဖစာရင်း အမှန်စာရင်း
(၃) ရှမ်း၊ ရှမ်းကြီး၊ တိုင်းလုံ = ထိုင်းလုံ (ထိုင်းယိုင်) မျိုးနွယ်စု
(၁) ဂုံ = ထိုင်းခွန် (ဂုံ) မျိုးနွယ်စု
(၁) မောရှမ်း = ထိုင်းမော မျိုးနွယ်စု
(၁) တိုင်းလျမ် = ထိုင်းလျမ် (ရှမ်းနီ) မျိုးနွယ်စု
(၁) ခန္တီးရှမ်း = ထိုင်းခမ်းတီး (ပူတာအို) မျိုးနွယ်စု
(၂) ရှမ်းကလေး၊ တိုင်းလေ့ = ထိုင်းနွဲ့ (ထိုင်း) လူမျိုး
(၁) ယွန်း = ထိုင်းယွန်း (ဇင်းမယ်ထိုင်း) လူမျိုး
(၂) ပလေး၊ပလောင် = ပလောင်လူမျိုး
(၃) ဝ၊ အင်၊ စုံ၊ တိုင်းလွယ် = ဝ လူမျိုး
(၁) ဓနု = ဓနု လူမျိုး
(၁) တောင်ရိုး = တောင်ရိုးလူမျိုး
(၁) ဓနော = ဓနောလူမျိုး
(၂) လားဟူ၊ ကြီ = လားဟူလူမ်ဳိး
(၂) ကော်၊ ဖျင် = အခါလူမျိုး
(၁) ခမူ = ခမူလူမျိုး
(၃) မြောင်ဇီး၊ ယောင်၊ အိုက်ဆွယ် = မြောင်လူမျိုး
(၁) ကိုးကန့် = ကိုးကန့်တရုတ်လူမျိုး
(၁) အင်းသား = အင်းသားလူမျိုး
(၁) ပအိုဝ်း = ပအိုဝ်းလူမျိုး
(၂) ယင်းကျား၊ ယင်းနက် = ယင်းလူမျိုး
(၁) မိုင်းသာ = မိုင်းသာလူမျိုး

ဒါကိုချုပ်ကြည့်လိုက်ရင် နအဖပြောတဲ့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးဆိုတာမှာ ၁၀၀ လောက်က စာရင်းထပ်နေတာ၊ လုပ်ကြံတည်ထွင်ထားတာနဲ့ မျိုးနွယ်စု tribe၊ ဆွေမျိုးစု clan၊ စကားဝဲအစု dialect တွေကို လူမျိုးအဖြစ်ပြထားတာဖြစ်နေပြီး လူမျိုး (၃၀) ကျော်လောက်ဘဲ တကယ့်အမှန်အကန်ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါဟာ ဗမာပြည်မှာ လူမျိုး ၃၀-၃၅ မျိုးလောက်ဘဲရှိတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ထမန်၊ ဒရယ်၊ ဗမာမူဆလင် (မြေဒူး၊ ဇေဒဘာရီ၊ မဂို၊ ပသီ၊ ကျူလီယာ၊ စူရတီ၊ ပထန်၊ ကချာ)၊ ဗမာဟိန္ဒူ၊ ပင်လယ်ရပ်ခြားတရုတ်နဲ့ နယ်စပ်ဟိုဘက်ဒီဘက်ခွနေလေ့ရှိတဲ့ တိဘက်၊ ဂေါ်ရခါး၊ ထိုင်းလိ၊ ထိုင်းနူ (ရှမ်းတရုတ်)၊ ထိုင်းလမ်၊ မလေး-ပသျှူး၊ စစ်တကောင်းသားဘင်္ဂါလီ တို့လို ဒီစာရင်းထဲမပါဘဲ ကျန်နေတဲ့ လူမျိုးတွေ ရှိပါသေးတယ်။ ဒါ့အပြင် သီးခြားလူမျိုးအဖြစ် အမှတ်လက္ခဏာသစ် ခံယူလိုတဲ့ သို့မဟုတ် မခံယူလိုတဲ့ လူမျိုးတွေ မျိုးနွယ်စုတွေလဲ ရှိနိုင်ပါသေးတယ်။ ယဗိန်း၊ ဓနော၊ ဒရယ်၊ ထမန်၊ ဖွန်း၊ တရုမ်း၊ ခမူတို့ဆိုရင် မျိုးတုံး လုဆဲဆဲ၊ သို့မဟုတ် လူဦးရေရာဂဏန်းလေးသာရှိတဲ့ လူမျိုးတွေ၊ မျိုးနွယ်စုတွေ ဖြစ်ပါတယ်။

ဒါကြောင့် ဗမာပြည်နယ်နိမိတ်ထဲမှာရှိတဲ့ (တိုင်းရင်းသား/ရွှေ့ပြောင်းအခြေချ)လူမျိုးတွေကို စာရင်းချုပ်လိုက်ရင် --
(၁) ကချင် (ဂျိန်းဖော၊ ရဝမ်၊ မရူ၊ အဇီး၊ လချိတ်၊ လီဆူး မျိုးနွယ်စု ၆ စု)
(၂) ကယား (ကယား၊ ကယော၊ မနုမနော၊ ယင်းတလဲ မျိုးနွယ်စု ၄ စု)
(၃) ကယန်း (လဝီ-ပဒေါင်၊ ဂေခို-ကရင်ဖြူ၊ ကငန်-ယင်းဘော်၊ ဇယိမ်း-လထ မျိုးနွယ်စု ၄ စု)
(၄) ကရင် (စကော၊ ပိုး၊ ပကူး၊ မိုဘွာ၊ ဘွဲ၊ ဂေဘား မျိုးနွယ်စု ၆ စု)
(၅) ပအိုဝ်း (ကွန်လုံ၊ ခရိုင်း၊ တတောက်၊ နန်းခေ၊ ကျန်းစန်း၊ ကောင်တန်၊ ဗလာ၊ တိယန်၊ တောင်သား မျိုးနွယ်စုများ)
(၆) ချင်း (ဇိုမီး၊ ကူကီး၊ မီဇို၊ လိုင်မီး၊ မရာ၊ ချို၊ အရှို၊ ခူမီး မျိုးနွယ်စု ၈ စု)
(၇) နာဂ (လိုင်းနောင်၊ လဟယ်၊ တန်ရှန်း၊ ကွန်ညပ်၊ တန်ကွန်၊ မကူရီ၊ ပါရာ မျိုးနွယ်စု ၇ စု)
(၈) ဗမာ (ယော၊ တောင်သား-ပျူ၊ ယဗိန်း မျိုးနွယ်စုများ)
(၉) ထားဝယ် (ထားဝယ်၊ ဘိတ် မျိုးနွယ်စုများ)
(၁၀) ဓနု
(၁၁) အင်းသား
(၁၂) တောင်ရိုး
(၁၃) ကတူးကနန်း (ကတူး၊ ကနန်း မျိုးနွယ်စု ၂ စု)
(၁၄) မော်ကင်း-ဆလုံ
(၁၅) ဖွန်း
(၁၆) မိုင်းသာ-အချန် (ရှမ်းတရုတ်)
(၁၇) ထမန်
(၁၈) မွန်
(၁၉) ပလောင်-တအာင်း (ရူကျိုင်း၊ ရူကွမ်း၊ ရူခါန်၊ ရူမိုင်း၊ ရူပိုး၊ ကတူး၊ ကွယ်ဟယ်၊ ရူဟော့၊ ရူဗရောင်း၊ ရူခုတ်၊ ရူလဲင်း မျိုးနွယ်စုများ)
(၂၀) ဝ (အင်၊ စုံ၊ လ၊ ဝ၊ ထိုင်းလွယ်၊ ဆမ်တောက် မျိုးနွယ်စုများ)
(၂၁) ယင်း (ယင်းနက်၊ ယင်းကျား မျိုးနွယ်စု ၂ စု)
(၂၂) ဓနော
(၂၃) ရခိုင် (သက်၊ မရမာ၊ ချောင်းသား၊ တောင်သား၊ ရမ်းဗြဲသား မျိုးနွယ်စုများ)
(၂၄) ဒိုင်းနက်-ချက္ကမာ
(၂၅) မရမာကြီး-ဘရူးဝါး
(၂၆) ကမန်
(၂၇) ရှမ်း (ထိုင်းလုံ-ထိုင်းယိုင်၊ ထိုင်းမော၊ ထိုင်းနူ၊ ထိုင်းခွန်၊ ထိုင်းလျံ၊ ထိုင်းခမ်းတီး၊ ဒရယ်၊ ထိုင်းလိ၊ ထိုင်းလမ်၊ ထိုင်းနေ၊ ထိုင်းခွမ်း မျိုးနွယ်စုများ)
(၂၈) လားဟူ (ကွီ၊ လားဟူနက်၊ လားဟူရှီ မျိုးနွယ်စုများ)
(၂၉) အခါ (ကော်၊ ဖျင် မျိုးနွယ်စုများ)
(၃၀) မြောင် (မြောင်ဇီး၊ ယောင်၊ အိုက်ဆွယ်၊ မြှော့မျိုးနွယ်စုများ)
(၃၁) ခမူ-ခမင်
(၃၂) ကိုးကန့်တရုတ် (မလိပါရင့်)
(၃၃) မေ့ထေး (ကသည်း)
(၃၄) လင်းဘု (နီပေါ)
(၃၅) ထိုင်း (ထိုင်းနွဲ့)
(၃၆) ထိုင်းယွန်း (ဇင်းမယ်ရှမ်း)
(၃၇) လော (ထိုင်းလော)
(၃၈) ပသျှူး (မလေး)
(၃၉) တိဘက်
(၄၀) ဂေါ်ရခါး (နီပေါ)
(၄၁) စစ်တကောင်းသား-ရိုဟင်ဂျာ
(၄၂) ဗမာမူဆလင် (မြေဒူး၊ ဇေဒဘာရီ၊ မဂို၊ ပသီ၊ ကျူလီယာ၊ စူရတီ၊ ပထန်၊ ဘင်္ဂါလီ၊ ကချာမျိုးနွယ်စုများ)
(၄၃) ဗမာဟိန္ဒူ (တမီးလ်၊ ဂူဂျာရတ်တီ၊ ဂေါ်ရင်ဂျီ၊ ပန်ချာပီ၊ မာရာဝါရီ၊ ဘင်္ဂါလီ၊ တေလဂူမျိုးနွယ်စုများ)
(၄၄) ပင်လယ်ရပ်ခြားတရုတ် (ဖူးကျင့်-လက်ရှည်၊ ကွမ်တုံ-လက်တို၊ ဟတ်ခါး၊ ယူနန်၊ ပန်းသေး၊ မုန်းဝန်းမျိုးနွယ်စုများ)
(၄၅) အခြားမျိုးနွယ်များ (ဥပမာ- ဗိုလ်မှူးချုပ်အေဘယ်လ်၊ အဆိုတော်မေဆွိကဲ့သို့ ဂျူးမျိုးနွယ်များ၊ အဆိုတော်ခင်ဝမ်း ကဲ့သို့ ဂျပန်မျိုးနွယ်များ၊ ဥရောပမျိုးနွယ်များ)

ဘယ်လိုဘဲဖြစ်ဖြစ် ဗမာပြည်ရဲ့ တိုင်းရင်းသားလူမျိုးအရေအတွက်ဟာ ၃၅ မကျော်ပါဘူး။ ဒါပေမဲ့ စစ်အုပ်စု ဟာ တိုင်းရင်း သားလူမျိုးအရေအတွက် ဆယ်ဂဏန်းမပြည့်လည်း အကြောင်းအမျိုးမျိုးပြပြီး စစ်အာဏာရှင်စနစ် ထူထောင်မှာ ပါဘဲ။ တိုင်းပြည်ပြိုကွဲမယ့်အန္တရာယ်ရှိတယ်လို့ ဆင်ခြေပေးအုံးမှာပါဘဲ။ စစ်အုပ်စုစကား၊ စစ်အုပ်စုစာရင်းတွေဟာ ဘယ်လိုမှ စိတ်ချယုံ ကြည်စရာမရှိဘူး ဆိုတာရယ်၊ ကိုယ်အုပ်ချုပ်နေတဲ့နိုင်ငံထဲက လူမျိုးတွေကိုတောင် မှန်မှန်ကန်ကန် စာရင်းကောက်နိုင်တဲ့ အရည်အချင်းနဲ့ဆန္ဒမရှိဘူးဆိုတာရယ်ကိုတော့ ၁၃၅ မျိုးစာရင်းက သက်သေခံနေပါတယ်။

ဂါမဏိ
(၂၀၀၅-၂၀၁၆)