ရှစ်လေးလုံးနှင့် မောင်မိုးသူ


ရှစ်လေးလုံးနှင့် မောင်မိုးသူ 

(ကုမုဒြာဂျာနယ်၊ သြဂုတ် ၅၊ ၂၀၁၆) မိုးမခ၊ သြဂုတ် ၂၇၊ ၂၀၁၆
 
ဩဂုတ်လရောက်တိုင်း ရှစ်လေးလုံး အရေးတော်ပုံကြီးကို သတိရတယ်။ ရှစ် လေးလုံး အရေးတော်ပုံကြီးဟာ အလွန် ကြီးကျယ်မြင့်မြတ်ပြီး လှည်းနေလှေ အောင်း မြင်းဇောင်းမှမကျန် တစ်တိုင်း တစ်ပြည်လုံး လမ်းပေါ်ထွက်ပြီး စစ်အစိုးရကို တွန်းလှန်ခဲ့တဲ့ အရေးတော်ပုံကြီး ဖြစ်တယ်။ ရှစ်လေးလုံးအရေးတော်ပုံကြီးဟာ ခိုင်မြဲလှပြီဆိုတဲ့ စစ်အစိုးရ၊ဖဆပလအစိုးရကို ပြုတ်ကျပြိုလဲစေခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အလွန်ထင်ရှားတဲ့ သမိုင်းဝင်ဖြစ်ရပ်ကြီး ဖြစ်တယ်။

သည်ရှစ်လေးလုံးအရေးတော်ပုံကြီးကို လူငယ်ကျောင်းသားထုတွေကို လှုံ့ ဆော်တိုက်ပွဲခေါ်သံပေးခဲ့တာ ဖြစ်ပါတယ်။ ၁၉၈၈ ခု ၈ လပိုင်းဖြစ်တဲ့ ဩဂုတ်လရဲ့ ၈ ရက်နေ့မှာ လမ်းမတွေပေါ်ထွက်ပြီး ဆန္ဒ ပြကြမယ်လို့ ကျောင်းသားတွေက ဘီဘီစီအသံလွှင့်ဌာနကတစ်ဆင့်လှုံ့ ဆော်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာတစ်ပြည်လုံးက ဖြစ်မှဖြစ်ပါ့မလား၊ လှုံ့ ဆော်တဲ့အတိုင်းလုပ်မှလုပ်ဖြစ်ပါ့မလားလို့ ပူပန်ခဲ့ကြရပါတယ်။ စိတ်ထဲမှာတော့မောင်မင်းကြီးသား ကျောင်းသားသူရဲကောင်းများ သူတို့သတ် မှတ်တဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီး လုပ်ဖြစ်အောင်လုပ်ကြပါစေလို့ ကျိတ်ပြီးဆုတောင်းနေမိပါတယ်။

၁၉၈၈ ခု ဩဂုတ်လ ၈ ရက်နေ့ မနက်ရောက်လာပါတယ်။ စာရေးဆရာကြီး မောင်သော်ကက ဆူးလေဘုရားလမ်းနဲ့ အနော်ရထာလမ်းထောင့်မှာ နေတာ၊ မောင်မိုးသူက ၃၁ လမ်း အထက်လမ်းမှာ နေတယ်။ ဩဂုတ်လ ၈ ရက်နေ့မှာတော့ မောင်သော်ကနဲ့ မောင်မိုးသူ ဆူးလေ မီး ပွိုင့်မှာ ဆုံကြတယ်။ နှစ်ယောက်စလုံးက ကျီးကန်းတောင်းမှောက် ဟိုကြည့် သည် ကြည့်၊ ဟိုမျှော် သည်မျှော်နဲ့ ပေါ့။

မျှော်ရင်း စောင့်ရင်း လက်ဖက်ရည်ဆိုင်မှာ ထိုင်ဖြစ်ကြတယ်။ ၈းဝ၀ နာရီ ကျော်ကျော်က ဆုံကြတာ ၉းဝ၀ နာရီ လည်း ဘာမှမဖြစ်၊ ၁၀းဝ၀ နာရီသာ ထိုးသွားရော ဘာလှုပ်လှုပ်ရှားရှားမှ မတွေ့ တော့ စိတ်ပျက်ရမလိုလို၊ ဝမ်းနည်းရမလို လို ခံစားနေရပါတယ်။ ၁၀း၃၀ နာရီလောက် အနော်ရထာလမ်း အရှေ့ဘက် ၃၇ လမ်း လမ်းကြားထဲက မျက်နှာကို ပဝါစည်း၊ ခွပ်ဒေါင်း အလံကိုင်ထားတဲ့ ကျောင်းသား လေးတွေ ထွက်လာကြတာကို မြင်ရပါ တယ်။ ရင်ထဲမှာ သိမ့်သိမ့်တုန်ခါပြီး လက်ခုပ်ဩဘာ တီးလိုက်မိကြပါတော့တယ်။ မောင်သော်ကတို့၊ မောင်မိုးသူတို့လိုပဲ ရင်ထဲက တထိတ်ထိတ်နဲ့ အမျှော်ကြီး မျှော်ကြတဲ့ ပြည်သူအများဟာ ကျောင်း သားများထွက်တဲ့ နည်းတူ လမ်းပေါ်ထွက် လက်ခုပ်ဩဘာတီး ဂုဏ်ပြုလိုက်ကြပါ တယ်။

၁၁းဝ၀ နာရီလောက်ကျတော့ ရန်ကုနတစ်မြို့လုံး ရှစ်လေးလုံးအရေးတော်ပုံကြီး ဟာ ပျံ့နှံ့ကူးစက်လို့သွားပါပြီ။ အဲသည်လို ၈ ရက်နေ့က စလိုက်တဲ့ ရှစ်လေးလုံးအရေး တော်ပုံကြီးဟာတစ်ပြည်လုံးကို လျင်မြန် စွာကူးစက်သွားပြီး ၉ ရက်၊ ၁၀ ရက်၊ ၁၁ ရက်၊ ၁၂ ရက်နေ့တွေမှာ တစ်ပြည်လုံးအနှံ့လမ်းပေါ်ကို ထွက်လာကြပါတော့တယ်။

ရှေ့နေများက ကြေညာစာတမ်းထုတ် ပြီး အရေးတော်ပုံကို ထောက်ခံကြ တယ်။

မောင်သော်ကနဲ့ ဦးဝင်းတင်ပေါင်း စည်းမိသွားပြီး စာပေနဲ့ အနုပညာရှင်တွေ စုပေါင်းကန့်ကွက်ဆန္ဒပြ လက်မှတ်ရေး ထိုးမှုကြီး လုပ်ကြမယ်ဆိုပြီး ကမာရွတ်မှာ နေတဲ့ ဘဘလတ်၊ ဒေါ်ခင်မျိုးချစ်၊ ဆရာ မင်းသုဝဏ်တို့ကို စပြီး လက်မှတ်ရေးထိုးမှု စတင်ပါတယ်။ အဲသည်စတင်တဲ့နေ့က မောင်မိုးသူ မပါသေးဘူးခင်ဗျ။ ညကျမှ ဦးဝင်းတင်က ဖုန်းဆက်ပြောလို့ ရွပိုးထိုးနေတဲ့ မောင်မိုးသူ နောက်နေ့မှာ ပါလာပါ တယ်။

တကယ့်တကယ်က မောင်မိုးသူဟာ အပေါင်းအသင်းပိုများတဲ့သူ ဖြစ်လေတော့ ဘားလမ်းက စပယ်ဦးစာပေတိုက် ကိုတင် စိုး-မသန်းသန်းတို့ရုံးခန်းမှာ အထိုင်ချ ရုံးခန်းဖွင့်ပြီး စာပေနှင့် အနုပညာရှင်များလှုပ်ရှားမှုကြီး ပြုလုပ်ဖြစ်လာပါတော့တယ်။ ကိုတင်စိုး-မသန်းသန်းတို့ရဲ့ သား တွေကလည်း လမ်းပေါ်ထွက်နေကြပြီ ဖြစ်လို့ ကိုတင်စိုးတို့ မသန်းသန်းတို့က လည်း အင်တိုက်အားတိုက် အားပေးကြပါတယ်။

အဲသည်မှာ စာရေးဆရာတွေဖြစ်တဲ့ မောင်သော်က၊ ဦးဝင်းတင်၊ မောင်မိုးသူ၊ ကိုဝင်းခက်တို့နဲ့အတူ ရှေ့နေတွေဖြစ်တဲ့ ဦးကိုယု၊ ဦးတင်ရွှေတို့လည်း ပေါင်းစည်းမိ ပါတယ်။ ဘားလမ်းမှာ ရုံးခန်းဖွင့်ထားလေ တော့ ရန်ကုန်တစ်မြို့လုံးမှာရှိတဲ့ စာပေနဲ့ အနုပညာရှင်များ လာရောက်လက်မှတ် ရေးထိုးကြပါတယ်။

တစ်ချိန်တည်းမှာ ဆေးရုံကြီးမှာ လည်း ဆရာဝန်များ၊ သူနာ ပြုများက လည်း ဆန္ဒပြကြလို့ သပိတ်စခန်း ဖြစ်နေပါပြီ။စာပေနှင့်အနုပညာသည်များအဖွဲ့ ဟာ ဆေးရုံ ကြီးမှာစုပြီး ရန်ကုန်အနှံ့ လမ်း ပေါ်ထွက်ပြီးဆန္ဒပြကြပါတယ်။

အရေးတော်ပုံ စာစောင်တွေလည်း အလျှိုအလျှို ထွက်လာကြပါတယ်။ စာပေ လောက ကိုမျိုးညွန့်တို့၊ စိန်မျိုးမြင့်တို့၊ မျိုးမြင့်ငြိမ်းတို့က တို့အရေးစာစောင် ထုတ် မယ်ဆိုတော့ မောင်မိုးသူလည်း ငွေ ၅၀ဝ ရှယ်ယာထည့်ဝင်လိုက်ရပါသေးတယ်။

မောင်မိုးသူကိုယ်တိုင်တော့ အဲသည်အချိန်မှာ သပိတ်မှောက်ပြီး ဆန္ဒပြနေပြီ ဖြစ်တဲ့ စာပေစိစစ်ရေးမှာပဲ တရားဝင်မှတ်ပုံတင်ပြီး “ဝရဇိန်” ဆိုတဲ့ ဆိုက်ကြီးဂျာနယ် တစ်စောင်ထုတ်ပါတယ်။ အယ်ဒီတာချုပ်က မောင်မိုးသူ ဖြစ်ပါတယ်။ အယ်ဒီတာက အဲသည်တုန်းက အစိုးရသတင်းဌာန အယ် ဒီတာအဖြစ် သပိတ်မှောက်လာတဲ့ သီဟစောက အယ်ဒီတာပါ။ ထုတ်ဝေသူက ယခု မော်ဒန် ၊ကုမုဒြာကိုထုတ်ဝေတဲ့ဝီလျံ ဖြစ်ပါတယ်။ သတင်းစာနဲ့အလွန်တူပြီး သတင်း ပြည့်ပြည့်စုံစုံ ဖော်ပြနိုင်ခဲ့တဲ့ “ဝရဇိန်” ဂျာ နယ် ဖြစ်ပါတယ်။ အလွန်ရောင်းကောင်းခဲ့ ပါတယ်။

ဦးဝင်းတင် ရုံးထိုင်တဲ့ စပယ်ဦးကို ကျောင်းသားတွေဖြစ်တဲ့ ကိုကိုကြီးတို့ ရောက်လာပြီး သမဂ္ဂစာစောင်ထုတ်ဝေရာ မှာလည်း ဦးဝင်းတင်က အစအဆုံး ကူညီလုပ်ဆောင်ပေးခဲ့ပါတယ်။ မောင်ဝံသတို့ လည်း ထုတ်ကြပေါ့။

ထိုနည်းတူ မန္တလေးမှာလည်း ရှစ် လေးလုံးစာစောင်တွေ၊ အရေးတော်ပုံ စာစောင်တွေ ပလူပျံခဲ့ပြီး ရန်ကုန်မှာ မောင်သော်က၊ မောင်မိုးသူ၊ မောင်ကိုယုတို့ မအားရသလို မန္တလေးဘက်မှာလည်းကိုလေး၊ ကြည်အောင်၊ ညီပုလေးတို့ မအားကြပါဘူး။ ဟောပြောပွဲတွေ မနားတမ်း လုပ်ကြရပါတယ်။

အရေးတော်ပုံကာလကြီးမှာ နယ်ပယ် ပေါင်းစုံက လူတန်းစားပေါင်းစုံ သမဂ္ဂတွေ ဖွဲ့စည်းလာကြပါတယ်။ စာနယ်ဇင်းသမဂ္ဂကိုတော့ ဘားလမ်းမှာပဲ ဖွဲ့စည်း တည်ထောင်ကြပါတယ်။ ဥက္ကဋ္ဌက မောင်သော်က၊ ဒုဥက္ကဋ္ဌက ဦးဝင်းတင်၊ အထွေထွအတွင်းရေးမှူးက မောင်မိုးသူ၊ တွဲဖက်ကကိုဝင်းခက် ဖြစ်ပါတယ်။

စာပေနှင့်အနုပညာရှင်များရဲ့တရားဟောစင်မြင့်ဟာ ဆေးရုံကြီး နှလုံးရောဂါဌာနရဲ့ရှေ့ ရေတိုင်ကီအဟောင်းကြီးပေါ်မှာ ဖြစ်ပါတယ်။ အဲသည် ရေတိုင်ကီအ ဟောင်းကြီးပေါ်မှာ ရှစ်လေးလုံးမှာ ထွက်လာပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး ပြည်သူလူ ထုနဲ့ တွေ့ဆုံဟော ပြောပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ကို ခေါ်ယူခဲ့ပြီး ရေတိုင်ကီပေါ်မှာအတူရပ်ခဲ့သူကမောင်သော်ကဖြစ်ပြီး ဦးဝင်းတင်တို့၊ မောင်မိုးသူ တို့က အောက်မှာ ဖြစ်ပါတယ်။

ထိုနည်းတူ မြန်မာပြည်မှာ အကြီး ကျယ်ဆုံး၊ လူထုအင်အား အများဆုံးဖြစ် တဲ့ ရွှေတိဂုံအနောက်မုခ် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဟောပြောပွဲစင်မြင့်ဟာ စာပေနှင့် စာနယ်ဇင်းရဲ့ စင်မြင့် ဖြစ်ပါတယ်။ မောင်သော်က၊ ဦးဝင်းတင်၊ မောင်ကိုယု၊ မောင်မိုးသူတို့က ဟောပြောပွဲစင်နောက် လှေကားပေါ် ထိုင်နေကြပါတယ်။ စင်ပေါ်ကို မတက်ကြဘူးလို့ ဆုံးဖြတ်ပြီး ဒေါ် အောင်ဆန်းစုကြည်နဲ့ ကျောင်းသားလေး များရဲ့ပွဲမှာအခမ်းအနားမှူးအဖြစ် မောင် မိုးသူတို့ တောင်းပန် ပန်ကြားချက်နဲ့ လေးလေး ရုပ်ရှင်မင်းသားကြီး ဦးထွန်းဝေက အခမ်းအနားမှူး ပြုလုပ်ခဲ့ပါတယ်။ အဲသည် ကျေးဇူးကြောင့် လေးလေးဦးထွန်းဝေဟာ ရုပ်ရှင်လည်း မရိုက်ရ၊ သူ့ရုပ်ရှင် ကားများလည်း မပြရတာ ခံခဲ့ရပါတယ်။ ကွယ်လွန်သည်အထိပါပဲ။

ဩဂုတ်လက စတင်ခဲ့တဲ့ ရှစ်လေးလုံး အရေးတော်ပုံကြောင့် မဆလအစိုးရ ပြုတ် ကျခဲ့ပြီး စစ်တပ်ကအာဏာသိမ်းခဲ့ပါတယ်။ အဲသည်နောက်မှာမှ ရှစ်လေးလုံးအရေး တော်ပုံကြီးက ပေါက်ဖွားလာတာဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြီး ဖြစ် ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။

ယခုတော့ မောင်သော်က၊ ဦးဝင်းတင်၊ ကိုဝင်းခက်၊ ဦးထွန်းတင်၊ ဦးတင်ရွှေ၊ မောင်ကိုယုတို့ ကွယ်လွန်သွားကြပါပြီ။

ဒီမိုကရေစီအစိုးရ၊ ပြည်သူ့အစိုးရ ဖြစ် ပေါ်လာတာကို မမြင်တွေ့လိုက်ရပါ ဘူး။ ဒီမိုကရေစီအစိုးရသစ်ရဲ့ သမµတဟာ မောင် မိုးသူတို့ရဲ့ဆရာ မင်းသုဝဏ်ရဲ့သား ဦးထင်ကျော် ဖြစ်လာပြီး နိုင်ငံတော်အ တိုင်ပင်ခံ ပုဂ္ဂိုလ်ကတော့ ဒေါ်အောင်ဆန်း စုကြည် ဖြစ်လာပါတယ်။

ဩဂုတ်လရောက်ပြီဖြစ်တော့ ရှစ် လေးလုံးအရေးတော်ပုံကြီးမှာ ပါဝင်ခဲ့၊ တိုက်ပွဲဝင်ခဲ့၊ လမ်းပေါ်မှာ ကျဆုံးခဲ့၊ စစ် ကြောရေးနဲ့ ထောင်ထဲမှာ ကွယ်လွန်ခဲ့ကြရတဲ့ ရဲဘော်အားလုံးကို သတိတရ လွမ်းဆွတ်ဂုဏ်ပြုမိပါတော့တယ်။

ရှစ်လေးလုံးနှင့် မောင်မိုးသူပါ။



မောင်မိုးသူ