မောင်မောင်စိုး - မိုင်ဂျာယာန်ညီလာခံသုံးသပ်ချက်အကျဉ်း



မောင်မောင်စိုး - မိုင်ဂျာယာန်ညီလာခံသုံးသပ်ချက်အကျဉ်း 
(မိုးမခ) သြဂုတ် ၂၊ ၂၀၁၆

၁။ မိုင်ဂျာယာန် ညီလာခံကို 26/7/2016 မှ 30/7/2016 အထိ ၅ ရက်ကြာကျင်းပခဲ့သည်။ ၎င်းညီလာခံကျင်းပနိုင်ရေးကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ခွင့်ပြု ချက်ပေးခဲ့ပြီး အစိုးရပိုင်း အောက်ခြေ တာဝန်ရှိသူအဆင့်ဆင့်မှ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ဆိုပါသည်။ မြန်မာစစ်ဖက်ခေါင်းဆောင်များကတော့ သူတို့၏စိုးရိမ်ပူပန်မှုကိုဖော်ပြခဲ့သည်။

၂။ မိုင်ဂျာယာန်ညီလာခံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၈ ဖွဲ့မြို့ပေါ် တိုင်းရင်းသားပါတီ တပ်ပေါင်းစုများဖြစ်သည့် ညီညွတ်သောတိုင်းရင်းသား ပါတီများမဟာမိတ် ( UNA) ညီနောင် တိုင်း ရင်းသား ပါတီများဖက်ဒရေးရှင်း (NBF) နှင့် အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၉၆ ယောက်၊ နယ်ပယ်အသီးသီးမှ လေ့လာသူ ၁၁၀ ယောက်၊ စုစုပေါင်း ၂၀၆ ယောက် တက်ရောက်ခဲ့သည်။ UN ကိုယ်စားလှယ် မစ္စတာနမ်ဗီးယား တရုတ်ကိုယ်စားလှယ် မစ္စတာဆွန်ကော့ရှန်တို့လည်း တက်ရောက် ခဲ့ကြသည်။

၃။ ဤညီလာခံသည် ၂၁ ရာစုပင်လုံညီလာခံတက်ရောက်ရေး ဦးတည်ချက်ဖြင့် ၂၁ ရာစု ပင်လုံ ညီလာခံတွင် ဆွေးနွေးတင်ပြကြမည့် နိုင်ငံရေးပြဿနာများ အခြေခံသဘောထားများကို စုစည်းဆွေးနွေးကြခြင်းဖြစ်သည်။

၎။ ၂၀၁၅ နှစ်ကုန်ပိုင်းအတွင်း NCA လက်မှတ်ထိုးရေးနှင့်ပတ်သက်ပြီး သဘောထားကွဲပြားမှု ဖြစ်ပြီးနောက် ယခုအကြိမ်တွင် NCA လက်မှတ်ထိုး သောအဖွဲ့များရော လက်မှတ်ရေးထိုးခြင်း မရှိ သေးသောအဖွဲ့များပါ ၂၁ ရာစု ပင်လုံတွင် တူညီသောနိုင်ငံရေးသဘောထားရနိုင်သမျှ စုစည်း
နိုင်ကြရန် ကြိုးပမ်းကြခြင်းဖြစ်သည်။

၅။ ဤညီလာခံတွင် အောက်ပါ အကြောင်းများကို ဆွေးနွေးခဲ့ကြသည်။
(က) ပင်လုံလက်စွဲစာတမ်း

(ခ) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနှင့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများတို့ တွင် ပါဝင်ရမည့် အခြေခံမူများ
(ဂ) အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာအခြေခံမူများနှင့် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ဆိုင်ရာ မူဝါဒများ
(ဃ) နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာ မူဘောင်ကိစ္စရပ်များ စသည့် အချက် ၄ ချက်ဖြစ်ပါသည်။

၆။ ဆွေးနွေးပွဲကာလအတွင်း ပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြပြီးဖြည့်စွက် ပြင်ဆင်ချက်များနှင့်အတူ ဘုံသဘောထားများကို စုစည်းနိုင်ခဲ့ကြသည်။

၇။ သို့သော် ဘုံသဘောထားများကို ဆက်လက်စုစည်းရန် လိုအပ်နေသေးသည့်အတွက် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လုပ်ငန်းအဖွဲ့ ( CT ) နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့က ပူးတွဲနည်းလမ်းရှာဆောင်ရွက်သွားမည်ဟုဆုံးဖြတ်ခဲ့ကြသည်။ အချို့ယူဆသကဲ့သို့ ဥပမာ ပြည်နယ်ပြဿနာများ၌ တိကျသည့်သဘောထား ဆုံးဖြတ်ချက်ချမှတ်ခြင်း မရှိပေ။ အခြေခံမူများပေါ်မှ ဆက်လက်ဆွေးနွေးသွားကြရန်သဘောတူထားခြင်းသာ ဖြစ်သည်။ ကိစ္စရပ်အားလုံးတွင် ထို့အတူ ဖြစ်သည်။

၈။ မိုင်ဂျာယာန်ဆွေးနွေးပွဲအခြေအနေများနှင့် ပတ်သက်၍ DPN မှ စဝ်စိုင်းထူး (SSPP) ဦးဆောင် သော အဖွဲ့မှ လာမည့်ရက်ပိုင်းအတွင်း ဒေါက်တာတင်မျိုးဝင်းဦးစီးသည့် ကော်မတီနှင့် တွေ့ဆုံ တင်ပြသွားမည်ဟု ဆိုပါသည်။

၉။ လိုင်ဇာ လော်ခီးလာ မိုင်ဂျာယာန်ညီလာခံများသည် တိုင်းရင်းသားများ၏ နိုင်ငံရေးအရ ဘုံသဘောထားများရရှိရန် ကြိုးပမ်းဆောင်ရွက်ချက်များဖြစ်သည်။ ဤအချက်သည် ပြည်တွင်း ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ တိုင်းရင်းသားများ၏ဘက်မှ အစပြုချက်ဟု ယူဆရမည်ဖြစ်သည်။

၁၀။ ဤညီလာခံများတွင် ဖက်ဒရယ်မူနှင့်ပတ်သက်၍ တိုင်းရင်းသားတို့၏ အမြင်မျိုးစုံကိုတွေ့ရသည်။ သဘာဝကျစွာပင် တိုင်းရင်းသားများ၏ အမြင်သည် တိုင်းရင်းသားအခွင့်အရေးကို ဇောင်းပေး ဆွေးနွေးကြသည်သာ ဖြစ်သည်။ သို့သော် အပြီးအပြတ်မဟုတ်၊ ဆက်လက် သယ်ဆောင်ရပေဦးမည်။

၁၁။ ထိုမှတဆင့် ၂၁ ရာစု ပင်လုံညီလာခံတွင် အရပ်သားအစိုးရသစ် မြန်မာစစ်ဖက်နှင့် တိုင်းရင်းသား အဖွဲ့တို့ ၃ ပွင့်ဆိုင် ဆက်လက်၍ ဆွေးနွေးကြရမည်ဖြစ်သည်။ ဖက်ဒရယ်နှင့် ပတ်သက်၍ တူညီသောသဘောထားတရပ် အားလုံးလက်ခံနိုင်သည့်အဖြေတရပ် ရရှိရေး ဦးတည်ဆွေးနွေး သွားရပေမည်။

၁၂။ မတူညီသောအမြင်များ ရပ်တည်ချက်များကြောင့် စစ်ပွဲဖြစ်ပွားနေခြင်းအား ရပ်တန့်ပြီး စားပွဲဝိုင်းတွင် ထိုင်ဆွေးနွေးနိုင်ရန် လုံးပမ်းအားထုတ်ရန်မှာ လက်ရှိလိုအပ်ချက်ဖြစ်သည်။ မတူညီသောအမြင်များရှိသည်က ပြဿနာမဟုတ်ပေ။ ထိုမတူသောအမြင်များကို စားပွဲဝိုင်းတွင် တင်ရန် ဖြေရှင်းရန် ကြိုးပမ်းသွားရန်သာ အရေးကြီးသည်။

၁၃။ လက်ရှိအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်အပါ ပါဝင်ပတ်သက်သူအားလုံး၏ ကြိုးပမ်းညှိနှိုင်းဆောင်ရွက်မှုများကြောင့် မကြာမီကာလအတွင်း စစ်ပွဲတွင်ပါဝင်ကြသူ ဘက်အားလုံးမှ တနိုင်ငံလုံး အပစ်ရပ်ရေးအား ကြေညာနိုင်တော့မည်ဟု သတင်းကောင်းများကြားရပါသည်။

၁၄။ လက်ရှိအချိန်တွင် အားလုံးအာရုံစိုက်ရမည့် ပြဿနာမှာ မတူကွဲလွဲသည့် အမြင်များမဟုတ်ပေ။ ထိုမတူသောအမြင်များကို စားပွဲဝိုင်းပေါ်တွင် ဆွေးနွေးအဖြေရှာရေး ၂၁ ရာစုပင်လုံညီလာခံတွင် အားလုံးပါဝင်ညှိနှိုင်းအဖြေရှာရေးသာဖြစ်ပါသည်။



Mg Mg Soe ( မောင်မောင်စိုး )