မောင်မောင်စိုး - ၂၁ ရာစုပင်လုံနှင့် မိုင်ဂျာယာန် မျက်နှာစုံညီအစည်းအဝေး - အပိုင်း ၇ (နိဂုံး)


မောင်မောင်စိုး - ၂၁ ရာစုပင်လုံနှင့် မိုင်ဂျာယာန် မျက်နှာစုံညီအစည်းအဝေး - အပိုင်း ၇ (နိဂုံး)
(မိုးမခ) သြဂုတ် ၁၈၊ ၂၀၁၆


၂၁ ရာစုပင်လုံ စတင်ရန် ကြေညာခြင်း

၂၀၁၆ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်နှင့် ကာကွယ်ရေးဦးချုပ်တွေ့ဆုံပြီးနောက် ၂၁ ရာစုပင်လုံညီလာခံကို ၂၀၁၆ သြဂုတ်လ ၃၁ ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း၊ နိုင်ငံရေး မူဘောင်ဆွေးနွေးမှုအား ၂၀၁၆ သြဂုတ်လ ၁၁ ရက်နေ့တွင် နိုင်ငံရေးပါတီများနှင့်၎င်း၊ သြဂုတ်လ ၁၂ ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်၎င်း စတင်မည်ဖြစ်ပြီး UPDJC ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီအစည်းအဝေးအား ၂၀၁၆ သြဂုတ်လလယ်တွင်ပြုလုပ်သွား မည်ဟုဆိုခဲ့သည်။

ညီလာခံကျင်းပရက်သတ်မှတ်ခြင်းပေါ်အမြင်များ
ညီလာခံရက်သတ်မှတ်ခြင်းနှင့်ပတ်သက်၍ တရက်စောငြိမ်းချမ်းရေးရလျှင် ပြည်သူတွေ တရက်စော အကျိုးရှိမည်ဆိုသည့် ဒေါ်အောင်ဆန်းစုကြည်၏အမှာစကားကိုကိုးကား၍ဒေါက်တာတင်မျိုးဝင်းက ဖွင့်ဆိုပါသည်။ သို့သော် SNLD ခေါင်းဆောင် ခွန်ထွန်းဦးကတော့ ၂၁ ရာစုပင်လုံညီလာခံပြင်ဆင်မှု မလုံလောက်ဟု ဝေဖန်ခဲ့သော်လည်း ၂၁ ရာစုပင်လုံညီလာခံအောင်မြင်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်းကြရန် တိုက်တွန်းခဲ့သည်။

UNFC အဖွဲ့ဝင် KNPP ခေါင်းဆောင်ခူဦးရယ်က တိုင်းရင်းသားများအတွက် အဆင့်သင့်မဖြစ်သေးဟု ဆိုခဲ့ပါသည်။ ခူဦးရယ်ဆိုလိုသည်မှာ မိုင်ဂျာယာန်ညီလာခံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဘုံသဘောထားစုစည်းမှုမပြီးပြတ်သေးဘဲ ဆက်လက်ဆွေးနွေးရန်ကျန်ရှိနေသေးရာ မိုင်ဂျာယာန် ညီလာခံ၌ အချိန်တလခန့်ထပ်ယူရန်သဘောထားရယူခဲ့ကြပြီး ၂၁ ရာစုပင်လုံအား ၂၀၁၆ ခုနှစ် စက်တင်ဘာလ ကုန်ပိုင်းတွင် စတင်ကြရန် သဘောတူထားသည့်အခြေခံပေါ်မှပြောဆိုခဲ့ခြင်း ဖြစ်ပုံရသည်။

အရပ်သားအစိုးရသစ်အနေနှင့် ညီလာခံစောလျှင်မြန်စွာ စတင်ခြင်းသည် ပြဿနာများစွာဖြေရှင်းရန် ကျန်နေသေးသည် အသိမှတ်ပြုသော်လည်း ထိုပြဿနာကိုဖြေရှင်းရင်း ၂၁ ရာစုပင်လုံ နောက်ဆုတ် သွားမည်ကိုလိုလားပုံမရဘဲ ညီလာခံကျင်းပရင်း ပြဿနာများကို ဖြေရှင်းသွားလိုပုံရသည်ဟုယူဆရ
သည်။ ညီလာခံကျင်းပရင်း တဆင့်ပြီးတဆင့် တိုင်းရင်းသားအဖွဲ့များအားလုံးကို တဆင့်ပြီး ပါဝင် အောင်ကြိုးစားသွားလိုပုံရသည်။ သို့သော် ဖြေရှင်းရမည့် အကြပ်အတည်းများရှိသည်က အမှန်ပင် ဖြစ်သည်။

ညီလာခံကိုစောလျှင်စွာကျင်းပလိုခြင်းနှင့်ပတ်သက်၍ UNFC ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က စက္ကန့်ပိုင်းတွင်း ထွက်ပေါ်လာသောသေနတ်တချက်ကြောင့် ငြိမ်းချမ်းရေး ပျက်စီးသွားနိုင်ကြောင်း၊ မြန်မာပြည်၌ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ရန်လိုအပ်နေသည်မှာ ကြာမြင့် နေပြီဖြစ်ကြောင်း၊ သူမတို့အနေနှင့် ကမူးရှူးထိုးလုပ်နေခြင်းမဟုတ်ကြောင်း၊ ယခင်လုပ်ငန်းစဉ်များ ပေါ်တွင်လည်း အခြေခံထားကြောင်း၊ တိုင်းရင်းသားခေါင်းဆောင်များဘက်မှလည်း အချက်အလက် အားလုံး သေချာမှလုပ်မည်ဆိုသည်ထက် တွက်ချက်စွန့်စားမှု Caculated risk ရယူလုပ်ဆောင် စေလိုကြောင်း ပြောဆိုခဲ့သည်။

သူမ၏သဘောထားကိုကြည့်လျှင် မကြေလည်မှုညှိနှိုင်းမရမှုတို့ကြောင့် သေနတ်သံပြန်ထွက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မပျက်စီးစေလိုဘဲငြိမ်းချမ်းရေးလုပ်ငန်းစဉ်စတင်ရင် မကြေလည်မှုများကို ညှိနှိုင်းဖြေရှင်းလိုသည့်သဘောထားရှိသည်ဟု ဆိုရမည်။

နိုင်ငံရေးမူဘောင်ဆွေးနွေးခြင်း

နိုင်ငံရေးမူဘောင်ဆွေးနွေးမှု ၂၀၁၆ သြဂုတ် ၁၁ ရက်နေ့က နိုင်ငံရေးပါတီများနှင့် ဆွေးနွေးမှု စတင်ခဲ့ ပြီး သြဂုတ်လ ၁၂ ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးပွဲစတင်မည်ဟု ဆိုသည်။ NCA လက်မှတ်ထိုးထားသောအဖွဲ့များနှင့် မထိုးထားသောအဖွဲ့များမခွဲဘဲ ဘုံသဘောထား တရပ်အောက်တွင် ဆွေးနွေးမည်ဟု ဆိုသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေနှင့် အဆင်သင့်မဖြစ်သေးသော်လည်း အစိုးရနှင့်ဆက်ဆံရေးမပျက်စေခြင်းအလို့ငှာ NCA လက်မှတ် ထိုးထားသောအဖွဲ့များနှင့် မထိုးသေးသောအဖွဲ့များမှ DPN ငြိမ်းချမ်းရေးဆွေးနွေးမှုဆိုင်ရာ ကိုယ်စား လှယ်အဖွဲ့ တက်ရောက်မည်ဟုဆိုသည်။ NDAA မိုင်းလားအဖွဲ့လည်း တက်ရောက်မည်ဟုအကြောင်း ပြန်ထားပြီး ကျန်သူများထံမှ အကြောင်းပြန်ကြားချက်မရသေးဟု ငြိမ်းချမ်းရေးကော်မရှင် တာဝန်ရှိသူတဦးမှ သြဂုတ် ၁၁ ရက်နေ့က ဆိုပါသည်။

လက်မှတ်မထိုးသေးသော UNFC အဖွဲ၏ DPN အဖွဲ့သည် NCA လက်မှတ်ထိုးထားသည့် အဖွဲ့၏ CT Coordination Team နှင့် ထိုင်းနိုင်ငံ ချင်းမိုင်၌ ဆွေးနွေးနေဆဲ အစိုးရနှင့်ဆက်ဆံမှုမပြတ်ရန် အလေးထားပြီး၊ ၎င်းဆွေးနွေးပွဲကိုတက်ရောက်ရန် သဘောတူလိုက်ပုံရသည်။ တက်ရောက်မည့် တိုင်း
ရင်းသားလက်နက်ကိုင်အဖွဲ့များဘက်မှ သက်တောင့်သက်သာရှိပုံမရပေ။

NCA လက်မှတ်ထိုးသောအဖွဲ့ရော မထိုးသေးသောအဖွဲ့များပါ ချင်းမိုင်၌ နိုင်ငံရေးမူဘောင်ဆိုင်ရာ ဘုံသဘောထားတရပ် စုစည်းမပြီးမီ UPDJC နှင့် ၂၁  ရာစု ပင်လုံညီလာခံ အကြို ပြင်ဆင်ရေး ကော်မတီတို့နှင့် တွေ့ဆုံပြီး နိုင်ငံမူဘောင်ဆွေးနွေးခြင်းသည် ပြီးပြတ်နိုင်ခြင်းရှိမရှိကား စိတ်ဝင်စားဖွယ်ဟု ဆိုရမည်။ မူဘောင်အား အပြီးသတ်ဆုံးဖြတ်ရန် အကန့်အသတ်ရှိဖွယ်ဟု
ဆိုရမည်။

နိုင်ငံရေးမူဘောင်များအား ပြန်လည်အချုပ်သုံးသပ် ဆုံးဖြတ်ကြမည်မှာ UPDJC ဖြစ်သည်။ သို့သော် အဆိုပါ UPDJC တွင် NCA လက်မှတ်ထိုးထားသော ၈ ဖွဲ့သာပါနေပြီး NCA လက်မှတ်ထိုးထားခြင်း မရှိသေးသည့်အဖွဲ့များ ပါဝင်ခြင်းမရှိရာ UPDJC ၏ ဆုံးဖြတ်ချက်များကို NCA လက်မှတ်မထိုးသေး သည့်အဖွဲ့များလက်ခံရန်အတွက် ညှိနှိုင်းဆောင်ရွက်ရန်လိုအပ်ပေမည်။ ထို့ပြင် ရေရှည်တွင် NCA လက်မှတ်မထိုးသေးသည့် အဖွဲ့များနှင့် UPDJC ၏ဆက်ဆံရေးကို ထိန်းညှိနိုင်ရန်ဆောင်ရွက်ဖို့ လိုသည်။ သို့မဟုတ်ပါက UPDJC တွင် မပါသော NCA လက်မှတ်ထိုးမထားသော အဖွဲ့များ၏ သဘောထား ပါဝင်မှုနှင့်ပတ်သက်ပြီး အငြင်းပွားဖွယ်ရာရှိပေသည်။ အဘယ်ကြောင့်ဆိုသော် NCA လက်မှတ်မထိုးထားသောအဖွဲ့များအနေနှင့် သူတို့မပါဝင်သော UPDJC ၏ဆုံးဖြတ်ချက်များအပေါ် လက်ခံ လက်မခံဆိုသည်မှာ အရေးကြီးသော ပြဿနာဖြစ်နေသည်။

နိုင်ငံရေးမူဘောင်တွင် အရေးကြီးသောနောက်ပြဿနာတခုရှိသည်။
၎င်းမှာ ညီလာခံတွင် ပါဝင်မည့်သူများနှင့်ပတ်သက်၍ ဖြစ်သည်။ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက အဆိုပါညီလာခံတွင် လူ ၇၀၀ ခန့်ပါဝင်မည်ဟု ဆိုသည်။ ယခင်အစိုးရဟောင်းကာလကဲ့သို့ပင်ဖြစ်သည်ဟု ဆိုရမည်။ မိုင်ဂျာယာန်ညီလာခံတွင်ရယူထားသော ဘုံသဘောထားမှာ ၃ ပွင့် ဆိုင်ဖြစ်သည်။ အစိုးရ/လွှတ်တော်/တပ်ကတပွင့်၊ တိုင်းရင်းသားလက်နက်
ကိုင်အဖွဲ့များကတပွင့်၊ နိုင်ငံရေးပါတီများကတပွင့် ဖြစ်သည်။ လက်ရှိညီလာခံတွင် ပါဝင်ရန်ရာထား သည့်အရေအတွက်မှာ ၃ ပွင့်ဆိုင်မဟုတ်ပေရာ ညီလာခံတက်မည့်အရေအတွက်နှင့်ပတ်သက်၍ အကြပ်အတည်းတခုအား ကျော်လွှားဖွယ်ရာရှိသည်ဟု ဆိုရပါမည်။

တနိုင်ငံလုံးအပစ်ရပ်ကြေညာရေး

၂၀၁၆ ဇူလိုင်လ ၁၇ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ခေါင်းဆောင်များတွေ့ဆုံရာတွင် တနိုင်ငံလုံးအပစ်ရပ်ကြောင်း ပါဝင်သည့်ဘက်အားလုံးက ကြေညာနိုင်ရေးကို ဆွေးနွေးခဲ့ကြသော် လည်း ယနေ့တိုင်အကောင်အထည်မပေါ်နိုင်သေးပေ။

ထို့ပြင် မိုင်ဂျာယာန်ညီလာခံပြီးနောက်ပိုင်း၌ ကချင်ပြည် တနိုင်းဒေသ၊ ဖားကန့်ဒေသ၊ ဒေါ်ဖုန်းယန်ဒေသများတွင် တိုက်ပွဲများအဆက်မပြတ် ဖြစ်ပွားပြီး စစ်ရှိန်မြင့်လာသည်မှာ စိုးရိမ်ဖွယ်ဖြစ်ပြီး အပစ်ရပ်ကြေညာနိုင်ရေးအလှမ်းဝေးလျက် ရှိနေသေးသည်ဟု ဆိုရပါမည်။

တကယ်တမ်းအားဖြင့်ဆိုသော် ၂၁ ပင်လုံသည် ငြိမ်းချမ်းသော အခြေအနေတခုအောက်တွင် ကျင်းပရပါက ပို၍ကောင်းမွန်ဖွယ်ရှိသော်လည်း ယခုတော့ သေနတ်သံအမြောက်သံ ဗုံးသံများကြားမှ ၂၁ ပင်လုံကို ကျင်းပဖွယ်ရှိသည်။ ဆွေးနွေးကြရင်း စစ်ရှိန်ကို လျှော့ချနိုင်ကြရန်သာ မျှော်လင့်ရပေတော့မည်။ ၂၁ ရာစုပင်လုံအား ပို၍ဝေးကွာစေသော ကွာဟမှုများဖြစ်မလာစေဖို့ မျှော်လင့်ရပေတော့သည်။

လက်ရှိ ၂၁ ရာစု ပင်လုံညီလာခံခေါ်ဆိုခြင်းနှင့်လက်တွေ့ပြဿနာများ
၂၀၁၆ သြဂုတ်လ ၃၁ ရက်နေ့တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ( ၂၁ ရာစုပင်လုံ ) စတင် နိုင်ရေးအတွက် 11/8/2016 တွင် နိုင်ငံရေးပါတီများနှင့် မူဘောင်ဆွေးနွေးခြင်း 12/8/2016'တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ( NCA ထိုးသူရော မထိုးသူပါ) နှင့် မူဘောင်ဆွေးနွေးခြင်း 13/8/2016 တွင် နိုင်ငံရေးပါတီများရော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ပါ မူဘောင် ဆွေးနွေးခြင်းများကို ဒေါက်တာတင်မျိုးဝင်းဦးဆောင်သည့် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေး ကော်မတီမှ ဦးဆောင်ကျင်းပခဲ့သည်။

တက်သုတ်ရိုက်နေသော ကော်မတီသည် သြဂုတ်လ ၃၁ ရက်၌ ကျင်းပရန်အတွက် ဖြေရှင်းရန် ကျန်နေသေးသည့် နိုင်ငံရေးပြသနာများကို ချန်လှပ်ကျော်လွှားခဲ့သည်ဟုဆိုနိုင်သည်။ ၂၁ ရာစု ပင်လုံညီလာခံတွင် အားလုံးပါဝင်ရေးကို ဆုပ်ကိုင်ထားသည် ဆိုသော်လည်း အောက်ပါ ပြဿနာများ ဖြေရှင်းရန်ကျန်ရှိနေသေးသည်။ ၎င်းအချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ ညီလာခံကို ပူးပေါင်းဦးစီးမည့် အဖွဲ့ဝင် ၄၈ ဦးပါ UPDJC ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီတွင် NCA လက်မှတ်မထိုးသေးသည့်အဖွဲ့များ ပါဝင်နိုင်ခြင်းမရှိသေးရာ " အားလုံး ပါဝင်ရေး" ကို ပုံဖော်နိုင်ရန် UPDJC တွင် NCA လက်မှတ်မထိုးသေးသည့် အဖွဲ့များပါဝင်မှုနှင့် ပတ်သက်၍ တိကျသော အဖြေတရပ်ရရှိရန်လိုသည်။ လောလောဆယ် ပါဝင်နိုင်ခြင်းမရှိပါက NCA လက်မှတ်မထိုးသည့်အဖွဲ့များနှင့် UPDJC ပူးတွဲညှိနှိုင်းသည့်အစည်းအဝေး ဝါ အခြားပုံသဏ္ဏာန် ပူးပေါင်းဆောင်ရွက်မှုများကို စဉ်းစားဖြေရှင်းရန်လိုသည်။

၂။ NCA လက်မှတ်ထိုးခြင်းနှင့် ညီလာခံတက်ရောက်ရေးကို ချိတ်ဆက်ထားပေရာ NCA လက်မှတ် မထိုးသေးသည့်အဖွဲ့များ ညီလာခံတွင်ရရှိမည့်အခွင့်အရေးနှင့်မည်သည့်အဆင့်အထိ တက်ရောက် နိုင်မည်ကို ရှင်းလင်းရန်လိုသည်။

၃။ အကယ်၍ NCA လက်မှတ်မဖြစ်မနေထိုးရန် လိုအပ်ဆိုပါက NCA နှင့်ပတ်သက်သည့် ပြဿနာကို မည့်သို့ဖြေရှင်းမည်ဆိုသည်ကို အဖြေရှာပြီး ဦးစွာရှင်းလင်းရန်လိုအပ်သည်။

၎။ နိုင်ငံရေးမူဘောင်ဆွေးနွေးခြင်းတွင် အဓိကအငြင်းပွားရာဖြစ်နေသည့် ညီလာခံတွင် ပါဝင်ခြင်းအချိုး အစား( ၃ ပွင့်ဆိုင်/၄ ပွင့်ဆိုင်/၇ ပွင့်ဆိုင်) အကြောင်းအရာနှင့် ညီလာခံတွင်ဆုံးဖြတ်ချက်ချပုံ အကြောင်းအရာများကိုရှင်းလင်းဆုံးဖြတ်ရန်လိုသည်။ UPDJC အဖွဲ့ဝင် ၄၈ ဦးကတော့ ၃ ပွင့်ဆိုင်
ဖွဲ့စည်းပုံဖြစ်သည်။

၅။ လက်ရှိ မူဘောင်ဆွေးနွေးပွဲတွင် လာမတက်သည့် UWSA/TNLA/AA/ MNDAA/NSCN(K) ၅ ဖွဲ့နှင့် ပတ်သက်၍ ဆက်လက်ဖြေရှင်းရန် လိုအပ်မည်။

( မှတ်ချက်။ ။ ၂၀၁၆ သြဂုတ်လ ၁၅ ရက်နေ့ နေပြည်တော်တွင်ကျင်းပသော UPDJC အစည်း အဝေး တွင် DPN ကိုယ်စားလှယ်များကို ညီလာခံဖြစ်မြောက်ရေး ပူးတွဲကော်မတီတွင် ပါဝင်ခွင့်ပြုလိုက် ကြောင်း ကြားသိရသည်။ UWSA အနေနှင့် မူဘောင်ညှိနှိုင်းရာတွင် ပါဝင်ခြင်းမရှိသော်လည်း ၂၁ ရာစုပင်လုံညီလာခံတွင် တက်မည်ဟုကြားသိရသည်။ TNLA/AA/MNDAA အဖွဲ့ ၃ ဖွဲ့
နှင့်ပတ်သက်၍ ၎င်းတို့ ၃ ဖွဲ့ကြေညာချက်ထုတ်ပြန်နေသည်ကိုစောင့်နေကြောင်း အကယ်၍ မထုတ်ပြန်နိုင်ဘဲဖြစ်နေက ထပ်မံညှိနှိုင်းမှု ပြုလုပ်သွားမည်ဟု ဆိုပါသည်။ )

နိဂုံး

၂၁ ရာစု ပင်လုံသည် ၂၀၁၆ သြဂုတ်လ ၃၁ ရက်နေ့တွင်စတင်မည်။ ဖြေရှင်းစရာပြဿနာများစွာကို ဖြေရှင်းရင်း ဆက်လက် ချီတက်ရပေလိမ့်မည်။


လာမည့်ညီလာခံပထမအကြိမ်တွင် တစုံတရာဆုံးဖြတ်ချက် ချဖွယ်ရာမရှိဟုယူဆရသည်။ အဆိုပါညီလာခံသည် အားလုံးပါဝင်ရေးကိုရှေ့ရှုသည့်အခြေခံမှစတင်မှာ အားသာချက်ဖြစ်သည် ဆိုသည့်အချက်ကိုဆုပ်ကိုင်၍၎င်း၊ နိုင်ငံရေးပြဿနာကိုစားပွဲဝိုင်းတွင်ဖြေရှင်းရေးအား၊ အားလုံး ဝိုင်းကြိုးစားရန်လိုအပ်သည်ကို၎င်း၊ ဆုပ်ကိုင်၍ ပြဿနာများကိုဖြေရှင်းကျော်လွှားရန်လိုအပ်
ပေမည်။

နိုင်ငံရေးအရကွဲလွဲမှုများကို ညှိနှိုင်းရာတွင် ဘက်အားလုံးကဖြေလျော့ကြရန်လိုသည်။ တိုင်းရင်းသားများဘက်ကလည်း ၎င်းတို့ဘက်အား လျှော့ခိုင်းလွန်းသည်ဟု မြင်သည်။ မြန်မာစစ်ဖက်က သတ်မှတ်ထားသည့်မူများအတွင်း ဘောင်ဝင်ရန်သွပ်သွင်းခံနေရသည်ဟု မြင်ကြသည်။ အလားတူပင် မြန်မာစစ်ဖက်ခေါင်းဆောင်ပိုင်းကလည်း ၎င်းတို့ဘက်လျှော့ပေးရသည်က များသည်ဟုယူဆကြသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ထဲထဲဝင်ဝင်ပါဝင်နေသူ အငြိမ်းစား ဗိုလ်ချုပ်ဟောင်းတဦးက မိမိတို့လျော့ဈေးနှင့် ရောင်းနေကြောင်း၊ ဈေးလျော့နိုင်ကြောင်း၊ သို့သော် အကြွေးနှင့်တော့မရောင်းနိုင်ကြောင်း၊ သူတို့ဘက်က လိုက်လျောမှုအခြေအနေကို ဥပမာဆိုပါသည်။

လက်နက်ကိုင်၍ ပဋိပက္ခဖြစ်ပွားသည့်အခြေအနေမှ ပြေလည်မှုရရန် ကြိုးစားကြရန်တွင် အမြင့်ဆုံး ပဋိပက္ခအခြေအနေမှ အလျော့အတင်းလုပ်ကြရာ၌ မည်သည့်ဘက်က မည်မျှအထိ လျှော့ပေးရသည် ဆိုသည်မှာလည်း အဆက်မပြတ်ထိတွေ့ညှိနှိုင်းရမည့် ပြဿနာတရပ်အဖြစ် ရှိနေပေလိမ့်မည်။ ညှိနှိုင်းမှုအောင်မြင်ရေးသည် အလျော့အတင်းပြဿနာသာမက တဖက်နှင့်တဖက် ယုံကြည်မှု တည်ဆောက်နိုင်ရေးပြဿနာအဖြစ် ရှမြင်ဖြေရှင်းသွားကြရန် လိုပေလိမ့်မည်။

လက်ရှိ ၂၁ ရာစုပင်လုံညီလာခံအတွက် စိုးရိမ်ဖွယ်ရာတခုကတော့ ကချင်ပြည်နယ်မြောက်ပိုင်းရှိ တိုက်ပွဲများ အရှိန်မလျှော့နိုင်သေးခြင်းဖြစ်သည်။ စစ်ပွဲအရှိန်ကိုလျှော့ချနိုင်ဖို့ လိုပေလိမ့်မည်။ လက်ငင်းအာရုံစိုက်ရမည့် ပြဿနာတရပ်အဖြစ် ရှိနေသည်ဟုဆိုရပါမည်။

အရပ်သားအစိုးရသစ်သည် ယခင်အစိုးရဟောင်း၏အမွေဟောင်းများကိုပစ်ပယ်၍မရ ဆက်လက် သယ်ဆောင်ပြီး ပြုပြင်ပြောင်းလဲရန်သာ ကြိုးစားသွားရမည့်အခြေအနေဖြစ်သည်။ လက်ရှိကျင်းပမည့် ၂၁ ရာစုပင်လုံကျင်းပမည့် အခြေအနေပါဝင်မည့်ကိုယ်စားလှယ်အရေအတွက် စသည်တို့သည် ယခင်အစိုးရဟောင်းလက်ထက်က ပုံစံဟောင်းထဲတွင် ရှိနေသေးသည်။
ပုံစံဟောင်းမှထွက်၍ သစ်လွင်သည့်အခြေအနေတရပ် ဖောက်ထွက်ရန် လိုအပ်နေပေဦးမည်။

မည်သို့ဆိုစေ ၂၁ ရာစုပင်လုံညီလာခံစတင်ကျင်းပလိုက်ခြင်းသည် မိုင်ပေါင်းများစွာ လျှောက်လှမ်း ရမည့်ခရီးတခုအတွက် ပထမခြေလှမ်းဟုသာ ဆိုရပေမည်။ ခြေလှမ်းပေါင်းများစွာအချိန်ယူ၍ လျှောက်လှမ်းရပေဦးမည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် လွယ်ကူချောမွေ့တိုတောင်းလိမ့်မည်မဟုတ်သည်ကို အားလုံး သိရှိပြီး ဖြစ်သည့်အတိုင်း တတ်အားသမျှ အားလုံးဝိုင်းဝန်းကြရန် လိုအပ်ပေလိမ့်မည်။ အနှစ် ၇၀ နီးပါးခန့် ကြာမြင့်ခဲ့ပြီဖြစ်သည် လက်နက်ကိုင်ပဋိပက္ခအားဖြေရှင်းရန် လွယ်ကူလှသည်တော့မဟုတ်။ သို့သော် လည်း ဖြေရှင်းကြရန် ဆန္ဒရှိကြဖို့တော့ လိုပေသည်။

၂၀၁၆ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သောUPDJC အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်ပြောသကဲ့သို့ပင် " စစ်မှန်ခိုင်မာသည့်ပြည်ထောင်စုတည်ဆောက်မည်ဆို သည့် ဘုံသဘောတူညီချက်ရှိရန်လိုအပ်ပြီး မတူညီသောအမြင်အမျိုးမျိုးကို ညီလာခံတွင် ညှိနှိုင်းရမည် " ဖြစ်ပေသည်။

ပြီးပါပြီ

Mg Mg Soe (မောင်မောင်စိုး)

မှတ်ချက်။ ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အလျဉ်းသင့်သလို ဆက်လက်ရေးသား ဖော်ပြသွားပါမည်။